← Chapters

အခန်း (၉၉၆)

Vol. 67 Ch. 996

အခန်း (၉၉၆)

Vol. 67 Ch. 996

လက်သီးတစ်ချက်ဖြင့် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ပိုင်ဖျောင်ဖျောင်နှင့်စုကျဲတို့သည် ကြောက်မက်ဖွယ်မြင်ကွင်းကြောင့် လုံးလုံးလျားလျား မှင်တက်နေကြသည်။

သူမတို့သည် သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရပေ၏။ သူမတို့ မြင်တွေ့လိုက်ရသော စွမ်းအားကြောင့် ကြောက်ရွံ့စိတ်များ စွဲထင်ကျန်ရစ်ခဲ့ကာ သူမတို့ မြင်တွေ့ခဲ့ရသမျှကို မယုံကြည်နိုင်ကြတော့ချေ။

ရီဖုန်းကမူ နေရာမှာပင် ကြက်သေသေနေပြီး သူ၏လက်သီးထိုးနေသောပုံစံကိုပင် ပြန်မရုတ်သိမ်းမိဘဲ သူ၏မျက်နှာပေါ်မှအပြုံး တောင့်တင်းသွားခဲ့သည်…

အရေးပေါ်ခန်းထဲသို့ ပြောင်းရွှေ့ထားသည့်အလား တွင်းနက်ကြီးထဲတွင် လဲလျောင်းနေပြီး အသက်ငွေ့ငွေ့သာ ကျန်တော့သော ပုံရိပ်ကို ကြည့်ရင်း သူ၏နှုတ်ခမ်းထောင့် မဲ့ရွဲ့သွားသည်။

သူ၏လက်သီးချက်သည် ထိုမိန်းမလျာလေးကို ဦးတည်ခဲ့ခြင်းပင် မဟုတ်သည့်တိုင် ဤကောင်စုတ်လေးသည် ဤအတိုင်း လဲကျသွားခဲ့သလော...

ဒါက ဘယ်လိုသောက်ရေးမပါတဲ့ ကိစ္စမျိုးလဲ...

သူသည် အရှိန်အဝါနှင့် လိုက်လျောညီထွေဖြစ်အောင် ဟန်ဆောင်ပြလိုက်ရုံလေးပင်။

ဒီကောင်က ပျောက်သွားတာလား...

ရှေးဟောင်းမိသားစုရဲ့အမွေအနှစ်က ဘယ်မှာလဲ...

အကြီးမားဆုံး လျှို့ဝှက်ချက်က ဘယ်မှာလဲ...

ရီဖုန်းသည် ဤကဲ့သို့ ဖြစ်လာမည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။ သူသည် ထိုမိန်းမလျာလေးကို ဖိအားအနည်းငယ်ပေးပြီး ဒေါသထွက်စေကာ သူ့ကို တိုက်ခိုက်လာအောင် လုပ်နိုင်မည်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် သူ ဟန်ဆောင်ပန်ဆောင်တိုက်ခိုက်လိုက်ရုံမျှဖြင့် ကုချင်းချန်၏စွမ်းအား လုံးလုံးလျားလျား ကြေမွှပျက်စီးသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

အသုံးမကျတဲ့ကောင်...

နည်းနည်းလေးမှ အသုံးမကျတဲ့ကောင်ပဲ...

သူ အချိန်အတော်ကြာ တည်ဆောက်ခဲ့ရသော မျှော်လင့်ချက် အလင်းတန်းလေးသည် ဤအတိုင်း ပျောက်ကွယ်သွားခဲ့လေ၏။

ရီဖုန်းသည် ကုချင်းချန်ကို ကြည့်မိလေလေ ဒေါသထွက်လေလေဖြစ်ပြီး သူ၏မျက်လုံးများတွင် မျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်သူအား မြင်နေရသည့် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။

သူသည် သူ၏ကိုယ်နေဟန်ထားကို ရုတ်သိမ်းလိုက်ပြီး ရှေ့သို့ လျှောက်လှမ်းသွားသည်။ သူသည် အမှန်တကယ်ကို ဒေါသထွက်နေပေ၏။

.

သို့ရာတွင် သူသည် ပေပေါင်းများစွာနက်သော တွင်းနက်ကြီး၏အစွန်းတွင် မတ်တတ်ရပ်ကာ အောက်သို့ငုံ့ကြည့်လိုက်ချိန်၌...

ကုချင်းချန်သည် ပုံပျက်ပန်းပျက် ဖြစ်နေပြီး ရှေ့သွားတချို့ ကျိုးနေကာ သူ၏မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် အသက်ငွေ့ငွေ့သာ ကျန်တော့ပုံရပြီး သူ၏ ယခင်မာနထောင်လွှားမှုများ မည်သို့ ရှိနိုင်တော့မည်နည်း။

သူ၏အားနည်းပြီး နွမ်းနယ်နေသော မျက်လုံးများကို ကြောက်ရွံ့မှုက လုံးလုံးလျားလျား ဖုံးလွှမ်းထားသည်။ သူ၏အမြင်အာရုံထဲတွင် ရီဖုန်း၏ပုံရိပ်ကို မြင်လိုက်ရုံဖြင့် နတ်ဆိုးတစ်ကောင်ကို မြင်လိုက်ရသည့်အလား သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာသည်။

"ငါ.. ငါက...ကု...ကု...ကုမျိုးနွယ်ရဲ့ သားအကြီးဆုံးပဲ...မင်း ငါ့ကို သတ်လို့မဖြစ်ဘူး...မင်း ငါ့ကို သတ်လို့မဖြစ်ဘူး"

သူသည် ထိတ်လန့်ကြောက်လန့်မှုကြောင့် မျက်ရည်များပင် စီးကျလာလုနီးပါးပင်။ ဤလူသည် သူတော်စင်တစ်ဦးဖြစ်သည်ကို ယုံရခက်နေပေ၏။ သူသည် ယခုချိန်၌ သနားဖွယ်ကောင်းသော သူတောင်းစားတစ်ဦးနှင့် ပို၍တူညီနေကာ သူ၏စိတ်သည် ကြောက်မက်ဖွယ် ထိုးနှက်မှုကို ခံစားလိုက်ရပုံရသည်။

သူ ယခင်က မည်မျှထိ မာနကြီးခဲ့ပါစေ ယခုအချိန်၌ ဤမျှထိ အလွန်ဆိုးဆိုးရွားရွား ဖြစ်နေပေ၏။

သူ့ကို ကြည့်ရသည်မှာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သုညအောက်ပင် ရောက်နေလောက်လေပြီ။ သူသည် မည်သည့်အရာကို အသုံးပြု၍ ဆက်လက်၍တိုက်ခိုက်နိုင်မည်နည်း။

ပိုင်ဖျောင်ဖျောင်သည် သနားစိတ်မဝင်ချေ။ ဤအရာများအားလုံးသည် ကုချင်းချန် ကိုယ်တိုင်လုပ်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းပင်။ သို့ရာတွင် သူ၏စကားကို ကြားချိန်၌ သူမသည်လည်း ဝေခွဲရခက်လာပြီး ရီဖုန်းကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။

"ရီဖုန်း...ကုမိသားစုမှာ တကယ့်ကို ထူးခြားတဲ့ အမွေအနှစ် ရှိတယ်..."

စုကျဲကမူ ပို၍တိုက်ရိုက်ကျသည်။ သူမသည် အေးစက်စက်ခေါင်းညိတ်ကာ သဘောတူလိုက်၏။

"အမှန်ပဲ...ကုမိသားစုမှာ ပုန်းကွယ်နေတဲ့ ရှေးဟောင်းမွန်းစတားအိုကြီးတွေ အများကြီးရှိတယ်...နင်သာ သူတို့ရဲ့မျိုးဆက်ကို သတ်လိုက်ရင် အနာဂတ်မှာ ဘယ်တော့မှ ငြိမ်းချမ်းမှု ရတော့မှာ မဟုတ်ဘူး..နင့်ရဲ့ကျင့်ကြံခြင်းက နက်ရှိုင်းတယ်ဆိုရင်တောင် မရေမတွက်နိုင်တဲ့ အနှောင့်အယှက်တွေကို ခံနိုင်မှာ မဟုတ်ဘူး"

"သူက သူတော်စင်တစ်ယောက် ဖြစ်ပေမယ့် အဲဒီရှေးဟောင်းမွန်းစတားအိုကြီးတွေနဲ့ ယှဉ်ရင် ကြီးမားတဲ့ ကွာဟချက် ရှိနေတုန်းပဲ... နင်တောင်မှ သူတို့ကို ရင်ဆိုင်ဖို့ ခက်ခဲနိုင်တယ်"

ဖြောင်းဖျသောစကားလုံးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး အမျိုးသမီးနှစ်ဦးလုံး ရီဖုန်းအတွက် စိုးရိမ်နေကြသည်။

ရီဖုန်းသည်လည်း ထိုသို့သော အမွေအနှစ်ကြောင့် ဖိနှိပ်ခံလိုက်ရသည့်အလား အတွေးနက်နေပုံရသည်။

အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက်...

သူက နောက်ဆုံးတွင် စကားပြောဆိုလိုက်သည်။ သူ၏လေသံသည် အလွန်တည်ကြည်လေးနက်နေပေ၏။

"မင်းတို့ ကုမိသားစုက တကယ်ပဲ အဲဒီလောက်ထိ အထင်ကြီးစရာ ကောင်းတာလား"

ကုချင်းချန်၏အမူအယာသည် တောင့်တင်းသွားပြီးနောက် သူ၏ထိတ်လန့်နေသော မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသည်။ ထို့နောက် သူ၏အင်အားကုန်နီးပါးသုံး၍ လျင်မြန်စွာ စကားဆက်ပြောလိုက်သည်။

"ဒါ...ဒါကတော့ သဘာဝပဲ... ငါတို့ ကုမိသားစုမှာ ရှေးဟောင်းဘိုးဘေးတွေ အများကြီး ရှိတယ်... သာမန် သူတော်စင်တွေက သူတို့ရဲ့ ဖိနပ်ကို သယ်ဖို့တောင် မထိုက်တန်ဘူး.. မင်း ... လုပ်ရဲရင်"

သူ၏စကားမဆုံးခင်မှာပင် ဓားမြှောင်တစ်ချောင်းက ကုချင်းချန်၏ ရင်ဘတ်ကို ထွင်းဖောက်ဝင်ရောက်သွားသည်။ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအယာတစ်ခုသာ ကျန်ရစ်ကာ သူ၏ ခေါင်းကို ဖြည်းညင်းစွာ ငုံ့ကြည့်ရင်း တဖြည်းဖြည်း အသက်ပျောက်သွားတော့သည်…

ရီဖုန်း၏ပြတ်သားသော အမူအယာကို ကြည့်ရင်း ကုချင်းချန်၏အမြင်အာရုံ ဝေဝါးလာသည်။

သူ မသေဆုံးချိန်အထိပင် ရီဖုန်းသည် သူ့ကို အမှန်တကယ်သတ်ရဲလိမ့်မည်ဟု သူ မယုံကြည်နိုင်ခဲ့ချေ။ သူသည် မာနထောင်လွှားပြီး စည်းစိမ်ယစ်မူးသော ဘဝဖြင့် နေထိုင်လာခဲ့ရာမှ လူ့အဖွဲ့အစည်း၏ကြမ်းတမ်းမှုကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရပြီး သူ၏ အသက်ကိုပင် ပေးဆပ်လိုက်ရသည်။

ဤအဖြစ်အပျက်အားလုံးကို မြင်တွေ့လိုက်ရချိန်၌..

ပိုင်ဖျောင်ဖျောင်နှင့်စုကျဲတို့သည်လည်း အံ့အားသင့်သွားကာ သူမတို့၏မျက်နှာအမူအယာများ တည်ကြည်လေးနက်နေသည်။

ရီဖုန်းသည် အမှန်တကယ်ကို ပြတ်သားပေ၏။

သို့ရာတွင် သေချာစဉ်းစားကြည့်လျှင် ရီဖုန်း၏ လုပ်ရပ်သည် အနည်းငယ် အဆင်အခြင်မဲ့သော်လည်း သူ့ထံ၌ ရွေးချယ်စရာ များများစားစား မရှိခဲ့ပုံပင်။

အနည်းဆုံးအနေဖြင့် ဤမျှထိ ခိုင်မာသောတာအိုနှလုံးသားရှိသည့် လူတစ်ယောက်အတွက် သတ်ဖြတ်ရာတွင် ပြတ်သားခြင်းသည် ထူးဆန်းသောအရာ မဟုတ်ချေ။

အမျိုးသမီးနှစ်ဦးသည် မရေမတွက်နိုင်သော သေရေးရှင်ရေး အခိုက်အတန့်များကို မြင်တွေ့ခဲ့ဖူးသဖြင့် သူမတို့သည်လည်း တွေဝေတုံ့ဆိုင်းနေခြင်းမရှိချေ။

ရီဖုန်း သူမတို့ထံသို့ လျှောက်လှမ်းလာသည်ကိုကြည့်ပြီး ပိုင်ဖျောင်ဖျောင်က ခိုင်မာပြတ်သားစွာ ပြောဆိုလိုက်၏။

"ရီဖုန်း...ဒါက နင့်ရဲ့ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် ငါက နင်ကို အမြဲတမ်း ထောက်ခံသွားမယ်...အနာဂတ်မှာ ဘာပဲဖြစ်လာလာ ငါတို့ အတူတူ ရင်ဆိုင်ကြမယ်"

စုကျဲသည် သူမ၏ ဓားကို ကိုင်ကာ ခေါင်းညိတ်လိုက်ပြီး သူမ၏မျက်လုံးများအတွင်း၌ ဖြောင့်မတ်မှန်ကန်မှုများဖြင့် ပြည့်နှက်နေသည်။

"အမှန်ပဲ... ငါတို့ အတူတူ ရှေ့ဆက်တိုးပြီးတော့ အတူတူနောက်ဆုတ်ကြမယ်"

အမျိုးသမီးနှစ်ဦး၏ လေးနက်ပြီး ပြတ်သားသော အမူအယာကို မြင်လိုက်ချိန်၌ ရီဖုန်း၏စိတ်နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခု မြင့်တက်လာသည်။ သေရေးရှင်ရေးကို အတူတကွ ရင်ဆိုင်ရသော သူငယ်ချင်းများသည် အဖိုးတန်ဆုံးဖြစ်ပြီး အခက်အခဲများကို မျှဝေခံစားသော သူငယ်ချင်းများသည် ဤလောကတွင် အမှန်တကယ် ရှားပါးသည်ဟု ဆိုကြသည်။

သူသည် လူသတ်ခြင်းကို ရှားရှားပါးပါးသာ လုပ်ဆောင်သော်လည်း ဤကုမျိုးရိုးကောင်သည် သေသင့်ပေ၏။

သူ့အပေါ် သတ်ဖြတ်လိုစိတ် ထားသည်ကို သူ လျစ်လျှူရှု၍ရသည်။ သို့ရာတွင် သူ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများကို ခြိမ်းခြောက်ခြင်းသည် လက်ခံနိုင်ဖွယ် မရှိချေ။

ထို့ပြင် ကုချင်းချန်၏နောက်ကွယ်မှ မိသားစုသည် အလွန်အင်အားကြီးပုံရသဖြင့် သူတို့သည် အနာဂတ်အတွက် ရီဖုန်း သေလမ်းရှာနိုင်ရန် မျှော်လင့်ချက်ပင်။

သို့ရာတွင် သူသည် ဤမိန်းကလေးနှစ်ဦးကို ဒုက္ခမပေးနိုင်ချေ။

ပိုင်ဖျောင်ဖျောင်နှင့်စုကျဲတို့ကို ထွက်သွားစေရန် သူ မည်သည့်အကြောင်းပြချက်ကို ရှာရမည်နည်း...

ရီဖုန်း အတွေးနက်နေစဉ်မှာပင်...

ပိုင်ဖျောင်ဖျောင်နှင့်စုကျဲတို့သည် ရုတ်တရက် သူမတို့၏ ဆက်သွယ်ရေးကျောက်စိမ်းပြားများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ယူလိုက်ကြသည်။

သူမတို့၏ နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးပြီးနောက် လှပသော အမျိုးသမီးနှစ်ဦးလုံး၏ မျက်နှာများ ဖြူဖျော့သွားပေ၏။ သူမတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သော မျက်လုံးများအတွင်းတွင် တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။

ရီဖုန်း မေးမြန်းခြင်းမပြုမီမှာပင် ပိုင်ဖျောင်ဖျောင်က အားယူ၍ စကားပြောလိုက်သည်။ သူမ၏ အမူအယာသည် အလွန်တည်ကြည်လေးနက်နေသည်။

"ရီဖုန်း...ထျန်းရှာမဟာမိတ်အဖွဲ့က အရေးပေါ်အမိန့် ပို့လိုက်တယ်... ငါတို့ ချက်ချင်းပြန်ရမယ်"

ထိုသို့ပြောပြီးနောက် ပိုင်ဖျောင်ဖျောင်သည် တွေဝေတုံ့ဆိုင်းသွားပြီး ရှင်းပြချက်တစ်ခု ထပ်မံ၍ ဖြည့်စွက်ပြောဆိုလိုက်သည်။

"နင့်ရဲ့ ကျင့်ကြံမှုက နက်ရှိုင်းပေမယ့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီးတော့ ကိစ္စတွေအားလုံးမှာ သတိထားရမယ်"

"ငါလည်း နင်နဲ့ ဒီလိုခွဲခွာရတာမျိုးကို မလိုချင်ဘူး...ဒါပေမဲ့ ဒီကိစ္စက အနက်ရောင်နယ်မြေနဲ့ သက်ဆိုင်ပြီးတော့ နယ်ပယ်အားလုံးက သက်ရှိတွေအတွက် အန္တရာယ်ရှိနေတယ်... သူတော်စင်တွေအနေနဲ့ အစ်မစုနဲ့ငါ့မှာ တာဝန်မကင်းဘူး"

"ရီဖုန်း..."

ပိုင်ဖျောင်ဖျောင်၏ တွေဝေတုံ့ဆိုင်းနေသော အမူအယာကို မြင်ကာ သူမ၏ပြင်းထန်သော စိုးရိမ်မှုကို ခံစားလိုက်ရသဖြင့် ရီဖုန်း၏စိတ်နှလုံးသားသည် ပို၍ပင် နွေးထွေးလာကာ ဤအမျိုးသမီးအပေါ် ပို၍ဂရုစိုက်မိသွားသည်။

သူသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သူမတို့ကို နှုတ်ဆက်လိုက်၏။

"မိန်းကလေးပိုင်..မိန်းကလေးစု..မင်းတို့နှစ်ယောက်လုံး အထူးဂရုစိုက်ကြပါ.. နောက်တစ်ခါ ပြန်ဆုံတဲ့အခါကျရင်း သောက်ရင်းစားရင်း ပျော်ပွဲကျင်းပကြမယ်...မင်းတို့ ဘယ်နေရာမှာပဲ ရှိနေနေ ငါက မင်းတို့ကို တွေ့ဖို့ သေချာပေါက် လာခဲ့မယ်"

ပိုင်ဖျောင်ဖျောင်၏မျက်လုံးများတွင် မျက်ရည်များ ဝေ့သီလာပြီး သူမ၏ မခွဲခွာလိုစိတ်သည် ပို၍ပြင်းထန်လာပေ၏။ သို့ရာတွင် သူမသည် နှုတ်ခမ်းကိုက်ကာ ခေါင်းညိတ်လိုက်ပြီးနောက် လေဟာနယ်ကို ဆုတ်ဖြဲကာ စုကျဲနှင့်အတူ ချက်ချင်းပျောက်ကွယ်သွားသည်။

သူမတို့၏အလျင်စလို ပျောက်ကွယ်သွားသော ပုံရိပ်များကို ကြည့်ရင်း ရီဖုန်းသည်လည်း သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

သူထံ၌ အနည်းငယ် မခွဲခွာလိုစိတ် ရှိသော်လည်း ဤသည်မှာ အကောင်းဆုံးပင်။ အနာဂတ်တွင် ကုမိသားစုမှ လူများနှင့် တွေ့ဆုံသည့်အချိန်၌ နောက်ထပ် ဒုက္ခများ မရှိတော့ရန် သူ မျှော်လင့်နေမိသည်။ သူ၏စိတ်နှလုံးသားသည် အလွန်ပင်ပန်းနွမ်းနယ်နေလေပြီ။

သို့ရာတွင် အစောပိုင်းက ပိုင်ဖျောင်ဖျောင်၏ စကားများနှင့် သူမတို့နှစ်ဦး ရုတ်တရက် ထွက်ခွာသွားပုံကို ပြန်သတိရမိချိန်၌ ရီဖုန်းသည် ကြီးမားသော ဘေးအန္တရာယ်တစ်ခု ကျရောက်လာတော့မည့် အရိပ်အယောင်ကို ခံစားမိသည်။

သူတော်စင်များကို ဆင့်ခေါ်ရန် လိုအပ်သော ကိစ္စမျိုးသည် မည်သည့်ကိစ္စမျိုးဖြစ်သနည်း...

လောကကြီးတွင် ကြီးမားသော ဘေးအန္တရာယ်တစ်ခု ကျရောက်တော့မည်ဟု ထင်ရပေ၏။

ဤသည်မှာ စနစ်က ဖော်ပြခဲ့သော ကြီးမားသော ဘေးအန္တရာယ်နှင့်ပင် သက်ဆိုင်နိုင်လောက်သည်။

...

ဒေသအသီးသီးကို ဆက်သွယ်ထားသော အနက်ရောင်မြူခိုးများသည် နယ်နိမိတ်မရှိ အဆုံးမရှိ ဖြစ်နေသည်။

ထိုနယ်မြေအတွင်းမှ လူသူကင်းမဲ့သော ချိုင့်ဝှမ်းနက်ကြီးတစ်ခုတွင် နေ့အလင်းရောင်ကို မမြင်ရဘဲ မှောင်မိုက်မှုဖြင့် ဖုံးလွှမ်းနေသည်။ လေထုအတွင်းတွင် စူးရှသော သွေးညှီနံ့များဖြင့် ပြည့်နှက်နေပြီး နေရာတိုင်း၌ အရိုးများ ပြန့်ကျဲနေကာ အေးစက်စက်လေများ တိုက်ခတ်နေသည်။ ဤသည်မှာ ဒဏ္ဍာရီလာ ငရဲဘုံထက်ပို၍ကြောက်မက်ဖွယ်ကောင်းသည့်အလားပင်။

မြေပြင်ပေါ်တွင် အလောင်းများများ ပြန့်ကျဲနေပြီး သင်္ချိုင်းဂူများ၏နံဘေးတွင် ရှိနေသည်။ သူတို့၏အသွေးအသားများသည် တဖြည်းဖြည်း တိုက်စားခံနေရပြီး သွေးများသည် အနက်ရောင်မြေကြီးထဲသို့ စိမ့်ဝင်နေပေ၏။ ထိုအလောင်းများ၏ပေါ်မှ အဝတ်အစားများ၏ အရည်အသွေးကို ကြည့်ရုံမျှဖြင့် သူတို့သည် တစ်ချိန်က အလွန်အစွမ်းထက်ပြီး မြင့်မြတ်သော လူသားကျင့်ကြံသူများ ဖြစ်ခဲ့သည်ကို သိနိုင်သည်။

ရံဖန်ရံခါ၌ ထွက်ပေါ်လာသော သူတို့၏အရှိန်အဝါ တစွန်းတစသည်လည်း သာလွန်ထူးကဲသည်။

သို့ရာတွင် ဤအလောင်းများသည် အဆုံးမရှိသော အမှောင်ထုကြီးထဲမှ သင်္ချိုင်းဂူများကို အာဟာရဖြစ်စေသော အရာများ ဖြစ်သွားခဲ့ပေ၏။ သူတို့၏ခန္ဓာကိုယ်များ အဆက်မပြတ် ကျုံ့ဝင်သွားကာ သူတို့၏အသွေးအသားများ သိသိသာသာ ပျောက်ကွယ်သွားသည်။

ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော အနက်ရောင်ဝတ်ရုံဝတ်အရိုးစုများသည် တောင့်တင်းစွာဖြင့် အလောင်းများကို သယ်ဆောင်ပြီး အသုံးမဝင်သော အဝတ်အထည် အကြွင်းအကျန်များကို ရှင်းလင်းနေကြသည်။ သူတို့သည် သေခြင်းတရား၏အစေခံများဖြစ်ကာ နတ်ဆိုးမျိုးနွယ်၏အနိမ့်ဆုံးအဆင့် လက်အောက်ခံများ ဖြစ်ကြသည်။

ထိုသို့သော နိမ့်ကျသောအခြေအနေတွင်ပင် အနက်ရောင်အရိုးစုများထံမှ အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်ထားပေ၏။ သူတို့သည် တစ္ဆေများကဲ့သို့ တဖျပ်ဖျပ်လှုပ်ရှားနေကာ သင်္ချိုင်းဂူများမှ အသွေးအသား ချီစွမ်းအားနှင့် ကံကြမ္မာတို့ကို စုပ်ယူနေစဉ်တွင် လေးစားကြည်ညိုစွာ အမှုထမ်းနေကြသည်။

သာမန်အင်မော်တယ်တစ်ဦးသာ ဤနေရာသို့ ရောက်လာပါက ဝံပုလွေအုပ်ထဲသို့ ဝင်ရောက်လာသော သိုးငယ်တစ်ကောင်နှင့် တူနေပေလိမ့်မည်။

ဤနေရာတွင် အရာအားလုံးသည် မယုံနိုင်လောက်အောင် ထူးဆန်းနေသည်။ သက်ရှိများ၏ တားမြစ်နယ်မြေဟု ခေါ်သောနေရာများ၌ပင် ဤကဲ့သို့ ကြောက်မက်ဖွယ် မြင်ကွင်းမျိုး မရှိချေ။

"အာ့ အား...."

မကျေမနပ် သေဆုံးသွားသော အော်သံတစ်သံ ပဲ့တင်ထပ်သွားပြီး နောက်ထပ် လူငယ်ပါရမီရှင်တစ်ဦး ပျောက်ကွယ်သွားကာ သူ၏ အဝတ်အစားများသာ ကျန်ရစ်ပြီး သူ တစ်ချိန်က လောကကြီးတွင် တည်ရှိခဲ့ကြောင်း သက်သေပြနေသည်။

နေရာတိုင်းတွင် ဆွေးမြေ့နေသော သေခြင်းတရား၏အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ အစွမ်းထက်သော သူတော်စင်တစ်ဦးပင်လျှင် ဤနေရာသို့ ကျူးကျော်ဝင်လာရဲမည် မဟုတ်ချေ။ မိုးကောင်းကင်ယံတွင် အနက်ရောင်မြူခိုးများဖြင့် လွှမ်းခြုံနေပြီး အဆုံးမရှိသော သင်္ချိုင်းဂူများမှသာ ကြောက်မက်ဖွယ် အငွေ့အသက်များကို အဆက်မပြတ် ထုတ်လွှတ်နေသည်။

တစ်ခု..

နှစ်ခု...

သုံးခု ...

...

များပြားလှသော အနက်ရောင်မြူခိုးများ အဆက်မပြတ် စုစည်းလာပြီး သင်္ချိုင်းဂူများသည် တစ်ခုပြီးတစ်ခု တုန်ခါလာပေ၏။

ရှေးဟောင်းကာလမှ ဖြတ်ကျော်လာသကဲ့သို့ သို့မဟုတ် မြေကြီး၏ နက်ရှိုင်းသော အရာမှ ပဲ့တင်ထပ်လာသကဲ့သို့ အက်ရှရှအသံတစ်သံ ထွက်ပေါ်လာပေ၏။ ထိုအသံသည် အလွန်ရှေးကျပြီး လူအများကို ထိတ်လန့်တုန်လှုပ်စေနိုင်သည်။

"ဟား ဟား ဟား..."

"နောက်ဆုံးတော့ ငါ နိုးထလာခဲ့ပြီ..."

"ဒီနေ့ကို ငါက စောင့်နေခဲ့တာ.. "

"ငါ့ရဲ့ကျင့်ကြံခြင်းက အပြည့်အဝ မပြန်ကောင်းသေးလို့ တခြားနယ်မြေတွေကို ခြေမချနိုင်သေးတာကတော့ တကယ်ကို စိတ်ပျက်စရာပဲ"

...

ထိုအက်ရှရှအသံ ပို၍ပို၍ပီပြင်ရှင်းလင်းလာသည်။ သင်္ချိုင်းဂူများမှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီး အရပ်အမောင်းနှင့်အရှိန်အဝါ ကွဲပြားသော ပုံရိပ်တချို့အဖြစ် စုစည်းသွားကြသည်။ သူတို့အားလုံးသည် မယုံနိုင်လောက်အောင် အစွမ်းထက်ကြ၏။ သူတို့ ထုတ်လွှတ်လိုက်သော အရှိန်အဝါကို ခံစားမိချိန်၌ နတ်ဆိုးအစေခံများအားလုံး တညီတစ်ညွတ်တည်း ဒူးထောက်လိုက်ကြသည်။

ထိုပုံရိပ်များသည် အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြ၏။ ထိုအနက်ရောင်ဝတ်ရုံများသည် အချိန်ကာလ၏မြစ်ရေဖြင့် ဆေးကြောခံထားရပုံရပြီး သူတို့၏နံဘေးပတ်လည်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ရစ်သိုင်းလွှမ်းခြုံနေသည်။ သူတို့နှင့်နှိုင်းယှဉ်လိုက်လျှင် သူတော်စင်များသည် ပုရွက်ဆိတ်များမျှသာ ဖြစ်ပေမည်။

ထိုအနက်ရောင်အရိပ်များအနက် အပုဆုံးပုံရိပ်တစ်ခုသည် အလေးစားခံရဆုံးပင်။

ဤအနက်ရောင်အရိပ်သည် ပုံသဏ္ဌာန်အဖြစ် စုစည်းသွားပြီးနောက် စကားတစ်ခွန်းတည်းဖြင့် နတ်ဆိုးအသံများကို ချက်ချင်းတိတ်ဆိတ်သွားစေသည်။

"တိတ်တိတ်နေကြစမ်း ."

"နတ်ဆိုးသခင်ရဲ့ ကောင်းကင်ကို ဆန့်ကျင်တဲ့ နည်းလမ်းတွေသာ မရှိခဲ့ရင် ငါတို့က ဘယ်လိုလုပ်ပြီး အလင်းရောင်ကို ပြန်မြင်ခွင့်ရမှာလဲ မင်းတို့ရဲ့စကားတွေက အရမ်းကို ရိုသေမှုမရှိရာရောက်နေပြီ.. မင်းတို့ရဲ့ဝိညာဉ်တွေ ပျက်သုဉ်းသွားသင့်တယ်"

နတ်ဆိုးသခင်၏အမည်ကို ဖော်ပြလိုက်သည့်အချိန်၌ အနက်ရောင်ပုံရိပ်များအားလုံး တညီတစ်ညွတ်တည်း ဦးညွှတ်လိုက်ကြသည်။

"နတ်ဆိုးသခင်...ကျွန်တော်တို့ကို ခွင့်လွှတ်ပါ..."

ပုတုတုပုံရိပ်မှ ခေါင်းညိတ်လိုက်မှသာ နတ်ဆိုးများအားလုံး ဖြည်းညင်းစွာ ပြန်ထရဲကြသည်။ တစ္ဆေကဲ့သို့သော ပုံရိပ်များသည် အတူတကွ ထွက်ပေါ်လာပြီး သူတို့၏မျက်လုံးများအတွင်းတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေကာ နတ်ဆိုးသခင်ကို ချီးကျူးထောပနာပြုသော စကားလုံးများသည် အဆုံးမရှိ စီးဆင်းနေပေ၏။

"ဒါက အမှန်ပဲ... နတ်ဆိုးသခင်သာ မရှိခဲ့ရင် ငါတို့က ဘယ်လိုလုပ်ပြီး နိုးထခွင့်ရမှာလဲ"

"ဟုတ်တယ်...ဒီနှစ်သောင်းပေါင်းများစွာအတွင်းမှာ အရှင်နတ်ဆိုးသခင်က စေ့စေ့စပ်စပ် စီစဉ်ခဲ့လို့ ငါတို့ရဲ့ အကြွင်းအကျန်စိတ်ဝိညာဉ်တွေကို ထိန်းသိမ်းထားနိုင်ခဲ့တာ...ဒီနှစ်တွေအတွင်းမှာ မရေမတွက်နိုင်တဲ့ လူသားပါရမီရှင်တွေရဲ့ ချီစွမ်းအားနဲ့အသွေးအသားတွေကို စုပ်ယူပြီးတဲ့နောက်မှာ ငါတို့က နောက်ဆုံးတော့ ပြန်နိုးထလာနိုင်ခဲ့ပြီ"

"အရှင်နတ်ဆိုးသခင်ရဲ့ကရုဏာတော်က ဖန်ဆင်းခြင်းအသစ်တစ်ခုလိုပါပဲ... ကျွန်တော်တို့က အရှင့်အတွက် အကြိမ်တစ်သောင်း သေရလည်း နောင်တရမှာ မဟုတ်ဘူး"

"ကျွန်တော်တို့က အကြိမ်တစ်သောင်း သေရလည်း နောင်တရမှာ မဟုတ်ဘူး"

"နတ်ဆိုးမျိုးနွယ်က သေချာပေါက် ပြန်လည်ထွန်းတောက်လာမှာပဲ"

ချီးကျူးသံများကြားထဲတွင် နတ်ဆိုးပုံရိပ်များသည် သူတို့၏ပုံသဏ္ဌာန်များကို တစ်ခုပြီးတစ်ခု ဖော်ပြလိုက်ကြသည်။

နွားခေါင်းရှိသောဧရာမပုံရိပ်တစ်ခု မျက်နှာတစ်ခြမ်းပါသော ပိန်လှီလှီအရိုးစုတစ်ခု စာပေပညာရှင်နှင့်တူသော သာမန်လူတစ်ဦ မြေကြီးတွင် အမြစ်တွယ်နေသော လူပုံသဏ္ဌာန် သစ်ပင်ခြောက်တစ်ပင်…

နတ်ဆိုးများသည် ကြီးစွာသော ပျော်ရွှင်မှုဖြင့် စုဝေးနေစဉ်တွင် ပုတုတုအရိုးစုသည် ရုတ်တရက် နတ်ဆိုးအလောင်းအစအနများကို ရှာဖွေတွေ့ရှိသွားသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့်...

ဖြတ်တောက်ခံထားရသော ခြေလက်များနှင့် အကြွင်းအကျန်များသည် ခွဲခြားမရနိုင်လောက်အောင် ဖြစ်နေပြီး ကျန်ရှိနေသော နတ်ဆိုးစွမ်းအင်ကြောင့်သာ နတ်ဆိုးမျိုးနွယ်မှန်း သိနိုင်သည်။ ဤသည်မှာ သူ့ကဲ့သို့ပင် နိုးထလာသူတစ်ဦး ဖြစ်နေပေ၏။

ပုတုတုအရိုးစုသည် ဖြည်းညင်းစွာ ပျံဝဲသွားပြီး သူ၏အသားတစ်ခြမ်းပါသော မျက်နှာပေါ်တွင် အံ့အားသင့်ခြင်းနှင့် သံသယများဖြင့် ပြည့်နှက်နေသည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ထိုပုံမှန်မဟုတ်သောအဖြစ်အပျက်သည် ပတ်ဝန်းကျင်မှ နတ်ဆိုးများကို ထိတ်လန့်သွားစေပြီး သံသယသံဖြင့်ပြောဆိုနေသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

"ထူးဆန်းလိုက်တာ..."

"ငါတို့အားလုံးက နတ်ဆိုးသခင်ရဲ့ လက်အောက်မှာရှိပြီးတော့ စုစုပေါင်း တစ်ရာ့ရှစ်ယောက်ရှိတယ်...ငါတို့က နှစ်ပေါင်းတစ်သောင်းကျော် တည်ရှိခဲ့တာ...ဘယ်လိုလုပ်ပြီး တစ်ယောက်က ရုတ်တရက်ကြီး တစစီဖြစ်ပြီး သေသွားရတာလဲ"

"အမှန်ပဲ...ငါတို့က သူ့ထက် ကျင့်ကြံခြင်း ပိုအားကောင်းတယ်လို့ ဆိုနိုင်ပေမယ့် အခုမှ နိုးထလာကြတာ...သူက ဒီလောက်စောစော နိုးထပြီးတော့ တစစီကြေမွှပျက်စီးသွားတယ်ဆိုတာ တကယ်ကို ထူးဆန်းတယ်"

"သူကို လူသားကျင့်ကြံသူတွေက အတင်းအဓမ္မ နိုးထခိုင်းလိုက်တာ ဖြစ်နိုင်မလား"

"ဒါ မဖြစ်နိုင်ဘူး...လူသားတွေက မွေးရာပါ အားနည်းတယ်...ရှေးဟောင်းကာလကတည်းက သူတို့က ငါတို့ နတ်ဆိုးမျိုးနွယ်အတွက် အာဟာရပဲ ဖြစ်ခဲ့တာ...သူတို့က အနက်ရောင်နယ်မြေထဲကို ဝင်လာဖို့ လုံးဝ မဖြစ်နိုင်ဘူး... သူတော်စင်တစ်ယောက်တောင်မှ နတ်ဆိုးမြူခိုးကို တောင့်မခံနိုင်ဘူး"

...

သံသယသံများသည် မငြိမ်မသက်မှုများကို တိုးပွားစေပြီး နတ်ဆိုးများအားလုံးကို သံသယများဖြင့် လွှမ်းခြုံသွားသည်။

ပုတုတုအရိုးစုသည် မျက်မှောင်ကြုတ်လိုက်ပြီး လက်ညှိုးတစ်ချောင်းကို ညွှန်လိုက်ရာ အနက်ရောင်မြူခိုးများ လေထုအတွင်းသို့ ပျံ့လွင့်သွားသည်။

အသက်ရှူချိန်အနည်းငယ် ကြာမြင့်ပြီးနောက်....

အရိုးစုများသည် အနက်ရောင်ဒီရေလှိုင်းအလား နံဘေးပတ်ဝန်းကျင်တွင် ပေါ်ထွက်လာပြီး ပင်လယ်တစ်ခုကဲ့သို့ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားကာ သင်္ချိုင်းဂူများ၏ အပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ ဤသည်မှာ အဆုံးမရှိသော မြင်ကွင်းဖြစ်ပြီး သူတို့အားလုံးသည် အလွန်အမင်း ကြည်ညိုလေးစားစွာဖြင့် ဝပ်တွားနေကြ၏။

ပုတုတုအရိုးစုက အက်ရှရှအသံဖြင့် စကားပြောလိုက်သည်။ သူ၏စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းသည်။

"ဘာတွေဖြစ်ခဲ့တာလဲ....ငါ့ကို အတိအကျပြောစမ်း..."

All Chapters