အခန်း (၉၉၇)
Vol. 67 Ch. 997
ရှေ့ဆုံးမှ ဝတ်ရုံနက်အရိုးစုသည် ချက်ချင်း ဦးညွှတ်လိုက်ပြီး သူ၏မေးရိုးအောက်ပိုင်းသည် တုန်ယင်နေကာ တုန်တုန်ရီရီအသံတစ်သံ ထွက်ပေါ်လာသည်။
"အရှင်သခင်တို့ကို သတင်းပို့ပါတယ်..."
"ကျွန်တော်မျိုးတို့က ဒီနေရာမှာ မရေမတွက်နိုင်တဲ့ နှစ်တွေကြာအောင် အမှုထမ်းခဲ့ပေမဲ့ ဒီလိုဖြစ်ရပ်မျိုး တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါဘူး... အကြောင်းရင်းကိုလည်း မသိပါဘူး... ဒါပေမဲ့... မကြာသေးခင်က လူတစ်ယောက် လွတ်မြောက်သွားခဲ့တယ်...ဝင်္ကပါတစ်ခုက ချွတ်ယွင်းသွားခဲ့ပုံရပါတယ်"
"ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ် အရှင်သခင်တို့...ဒီဝင်္ကပါတစ်ခုတည်းမှာပဲ အပြစ်အနာအဆာ ရှိနေတာပါ...ကျွန်တော်မျိုးတို့လည်း မတတ်နိုင်ပါဘူး..."
မရေမတွက်နိုင်သော အရိုးစုများသည် ကြောက်ရွံ့တုန်လှုပ်နေကြပြီး မော့ကြည့်ရန်ပင် မဝံ့ရဲကြပေ။
နတ်ဆိုးများသည်လည်း တည်ကြည်သော အမူအယာဖြင့် နားထောင်နေကြပြီး သူတို့ကို အလွန်အကျွံ အပြစ်မတင်ကြပေ။ သူတို့၏ အမြင်တွင် ဤအမှုထမ်းအရိုးစုများသည် အရေးမပါသည့်အပြင် သူတို့၏ အကန့်အသတ်ရှိသော စွမ်းရည်များကိုလည်း မျှော်လင့်ထားပြီးသား ဖြစ်ပုံရသည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပုတုတုအရိုးစုက အေးစက်စွာ ပြောဆိုလိုက်သည်။
"လူသားတွေက အမှောင်နယ်မြေထဲအထိ ကျူးကျော်ဝင်ရောက်နိုင်လောက်အောင် နည်းနည်း ပိုသန်မာလာပုံပဲ... ဒီကိစ္စက အရမ်းထူးဆန်းတယ်... ငါကိုယ်တိုင် စုံစမ်းစစ်ဆေးမယ်..."
နိုးထလာသော နတ်ဆိုးအနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး သူ၏ကျင့်ကြံမှု ပြန်လည်ကောင်းမွန်လာသူတစ်ဦးအနေဖြင့် ပုတုတုအရိုးစုက ကျန်နတ်ဆိုးများအားလုံးကို ဦးဆောင်ထားသည်။ သူ၏မျက်လုံးများတွင် မာနထောင်လွှားသောအကြည့်မျိုးရှိနေကာ အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိပေ။ သူ၏အမြင်တွင် လူသားများသည် အမြဲတစေ အားနည်းပြီး သနားစရာကောင်းသော သတ္တဝါများသာ ဖြစ်သည်။
သူတော်စင်များကို ရင်ဆိုင်ရလျှင်ပင် နတ်ဆိုးမျိုးနွယ်သည် လွှမ်းမိုးနိုင်သော အားသာချက်ရှိသည်။
ဤတစ်ကြိမ်တွင် နတ်ဆိုးမျိုးနွယ်၏ ကြီးကျယ်သော အစီအစဉ်သာ မရှိပါက သူသည် ဤကဲ့သို့ သူကိုယ်တိုင်ကိုယ်ကျ သွားရောက်လိမ့်မည် မဟုတ်ပေ။
ဤစကားများ ပြောပြီးသည်နှင့် အခြားနတ်ဆိုးများကလည်း သဘောတူညီကြောင်း ထောက်ခံကြသည်။
"ဒီလိုဆိုရင်တော့ အရိုးစုအရှင်သခင်ကို အလုပ်ရှုပ်စေရတော့မှာပဲ"
"ကျွန်တော်တို့က အနက်ရောင်နယ်မြေကို စောင့်ရှောက်ပြီးတော့ နတ်ဆိုးသခင်ရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေပါ့မယ်"
ဧရာမနွားခေါင်းနှင့် နတ်ဆိုးပုံရိပ်ကြီးမှလွဲ၍ ကျန်နတ်ဆိုးများက သစ္စာရှိသော အမူအယာဖြင့် ပြောဆိုလိုက်၏။
"ခဏနေအုံး..."
"ငါ အပြင်လောကကို ခြေမချတာ နှစ်တွေ အများကြီး ကြာပြီ... ငါ မင်းနဲ့အတူ သေချာစုံစမ်းဖို့ လိုက်ခဲ့မယ်... ဒါက နတ်ဆိုးသခင်ရဲ့ အစီအစဉ်နဲ့ သက်ဆိုင်နေတာမို့ အမှားအယွင်း လုံးဝမရှိစေရဘူး..."
စေ့စပ်သောစကားလုံးများနှင့် ကြီးမားသော ကိုယ်လုံးကိုယ်ထည်သည် ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း နတ်ဆိုးအားလုံး၏ သဘောတူညီမှုကို ရရှိခဲ့သည်။
ပုတုတုအရိုးစုသည် အချိန်တခဏမျှ တွေဝေတုံ့ဆိုင်းသွားပေ၏။
နတ်ဆိုးသခင်၏ လောကကြီးကို တုန်လှုပ်စေမည့် အစီအစဉ်ကို ထည့်သွင်းစဉ်းစားပြီးနောက် သူသည် မလိုလားသော်လည်း သဘောတူလိုက်သည်။
"ကောင်းပြီလေ... ဒါဆိုရင် ငါတို့ အတူတူသွားပြီး အဖြေမှန်ရဖို့ သူတော်စင်နှစ်ယောက်လောက်ကို ဖမ်းခေါ်လာကြတာပေါ့..."
ခက်ထန်တင်းမာသောအသံ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
နတ်ဆိုးနှစ်ဦးသည် သူတို့၏ကျင့်ကြံစွမ်းအားကို ထုတ်ဖော်ကာ အနက်ရောင်အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲပြီး လေဟာနယ်အက်ကွဲကြောင်းထဲသို့ တိုးဝင်သွားကြသည်။ သူတို့၏ ကြောက်မက်ဖွယ် အရှိန်အဝါသည် လော့ယွင်အင်မော်တယ်နယ်မြေသို့ ဝင်ရောက်လာပြီး သူတော်စင်အဆင့် ကျင်ကြံသူတစ်ဦးကို ချက်ချင်း တုန်လှုပ်သွားစေသည်။ အဝေးမှ ခံစားရုံမျှဖြင့် သေမင်းတမန်အရှိန်အဝါသည် သူ့ကို လန့်ဖျပ်သွားစေပြီး သူ၏မျက်နှာအမူအယာကို တည်ကြည်လေးနက်သွားစေသည်။
"တကယ်ပဲ... နတ်ဆိုးတစ်ကောင် နိုးထလာပြီ..."
"ပြီးတော့ သူ့ရဲ့အရှိန်အဝါက အရမ်းအားကောင်းတာပဲ"
အဘိုးအိုက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ထျန်းရှညီလာခံမှ အမိန့်ရရှိပြီးနောက် သူသည် အနက်ရောင်နယ်မြေကို စောင့်ကြည့်ရန် တာဝန်ပေးခံခဲ့ရပြီး မမျှော်လင့်ဘဲ သူ၏စိုးရိမ်မှုများ အမှန်တကယ် ဖြစ်လာခဲ့သည်။
လော့ယွင်အင်မော်တယ်နယ်မြေ၏ အကြီးအကဲတစ်ဦးဖြစ်သော တန်ချန်ကျီသည် သူတော်စင်တစ်ဦး ဖြစ်သော်လည်း နတ်ဆိုးမျိုးနွယ်၏ စစ်မှန်သော နတ်ဆိုးကြီးများနှင့် ယှဉ်လျှင် များစွာပို၍အားနည်းသည်။ သူတို့၏အရှိန်အဝါကို ခံစားရုံမျှဖြင့် ရောက်လာသူများ မည်မျှထိ အန္တရာယ်များကြောင်း သူ သိလိုက်သည်။
တန်ချန်ကျီသည် စိုးရိမ်ထိတ်လန့်နေသော်လည်း လူသားမျိုးနွယ်အတွက် စိတ်ပိုင်းဖြတ်ထားဆဲပင်။
သူ၏နတ်ဘုရားစိတ်အာရုံကို ဆက်သွယ်ရေးကျောက်စိမ်းပြားထဲသို့ ထည့်သွင်းပြီးနောက် သူသည် ချက်ချင်းပင် လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည်။ သူသည် ကြောက်မက်ဖွယ်အရှိန်အဝါဆီသို့ ချဉ်းကပ်သွားပြီး နတ်ဆိုးနှစ်ဦးကို ဦးစွာကြားဖြတ်တားဆီးရန် ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်လိုက်၏။
သူ၏အရေးပေါ် ကြားဖြတ်တားဆီးမှု တစ်ဝက်တစ်ပျက်အရောက်တွင် သူသည် အလွန်အမင်း အစွမ်းထက်သော သူတော်စင်အရှိန်အဝါတစ်ရပ်ကို ရုတ်တရက် ခံစားမိသည်
ဤသည်မှာ အင်မော်တယ်နယ်မြေကို ဖြတ်ကျော်နေသော အကြီးအကဲတစ်ဦး ဖြစ်ပုံရသည်။
တန်ချန်ကျီ၏စိတ်နှလုံးသား တုန်ရီသွားပြီး ထိုသူတော်စင်ထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။
ထိုလူသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ထိပ်တန်းကျင့်ကြံသူတစ်ဦးဖြစ်ခဲ့သော ကုမိသားစု၏ ရှေးဘိုးဘေးတစ်ဦးဖြစ်သူ ကုထိုက်ယွမ်ဖြစ်ကြောင်း မြင်လိုက်ရချိန်၌ တန်ချန်ကျီ၏ယုံကြည်မှုသည် မြင့်တက်လာပေ၏။
တခြားအရာအားလုံးကို လျစ်လျူရှုကာ သူသည် ရှေ့သို့အလျှင်အမြန်သွားပြီး ကုထိုက်ယွမ်ကို တားဆီးကာ ဦးညွှတ်လိုက်သည်။
"စီနီယာကုကို အရိုအသေပြုပါတယ်.."
ဆံပင်ဖြူနှင့် နုပျိုသောမျက်နှာရှိသည့် အဘိုးအိုက မကျေမနပ်အမူအယာဖြင့် ကြည့်ဘေသည်။
"ဘာကိစ္စလဲ..."
တန်ချန်ကျီက တည်ကြည်လေးနက်သော အမူအယာဖြင့် အရေးတကြီး အကူအညီတောင်းခံလိုက်သည်။
"စီနီယာ...ဒီနေ့ နတ်ဆိုးတွေက ဒီနယ်မြေကို ရောက်ရှိလာတာကြောင့် ဂျူနီယာက သူတို့ကို ကြားဖြတ်တားဆီးချင်ပါတယ်...ဒါပေမဲ့ ကျွန်တော့်ရဲ့ကျင့်ကြံမှုက နိမ့်ကျတာကြောင့် အနိုင်ရဖို့ အခွင့်အရေး မရှိဘူး...စီနီယာရဲ့ကျင့်ကြံမှုကတော့ ကောင်းကင်ဘုံကိုတောင် စိန်ခေါ်နိုင်တယ်...တကယ်လို့ စီနီယာက ကူညီပေးမယ်ဆိုရင် ကျွန်တော်တို့က သူတို့ကို တစ်ချက်တည်းနဲ့ အနိုင်ယူပြီး လူသားမျိုးနွယ်အတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုကို ရယူနိုင်မှာ သေချာပါတယ်... ဒီဂျူနီယာက သေချာပေါက်…"
သူ၏စကားမဆုံးမီမှာပင် ကုထိုက်ယွမ်၏နတ်ဘုရားစိတ်အာရုံသည် ပျံ့လွင့်သွားပြီး သူ၏ဝေဝါးနေသော မျက်လုံးများ အနည်းငယ် တုန်ယင်သွားသည်။ သူသည် အေးစက်တင်းမာသော မျက်နှာဖြင့် သူ၏လက်ကို ချက်ချင်းခါပြလေ၏။
"တကယ့်ကို နတ်ဆိုးတွေ ရောက်လာတာပဲ..."
"ဒါပေမဲ့ ဒီအဘိုးကြီးမှာ ဖြေရှင်းရမယ့် သွေးကြွေးတစ်ခုရှိပြီးတော့ ဒီကိစ္စက အလွန်အရေးကြီးတယ်...ဒါ့ပြင် ဒီအဘိုးကြီးက အသက်အရွယ်အိုနေပြီမလို့ အားမတန်တော့ဘူး"
ကုမိသားစု၏ပါရမီရှင်ဖြစ်သော ကုချင်းချန် သေဆုံးသွားခဲ့ပြီး ဤကြီးမားသော လက်စားချေမှုကို မပြီးမြောက်သေးချေ။ သူသည် နတ်ဆိုးများနှင့်ပတ်သက်ရန် အချိန်မည်သို့ရှိမည်နည်း။ ထို့ပြင် ထျန်းရှအဖွဲ့အစည်းတွင် လူများစွာရှိနေသဖြင့် နတ်ဆိုးတစ်ကောင်နှစ်ကောင်သည် ပြဿနာကြီးကြီးမားမား ဖြစ်စေမည် မဟုတ်ချေ။
ထို့ပြင် နတ်ဆိုးနှစ်ကောင်၏အရှိန်အဝါများသည် အလွန်ပြင်းထန်ပြီး သူသည်လည်း ယုံကြည်ချက်မရှိပေ။ ထိုနတ်ဆိုးများအား အဆင်အခြင်မဲ့စွာ ပြဿနာရှာပါက သူ အမှန်တကယ်ကို မိုက်မဲရာကျပေမည်။
ကုထိုက်ယွမ်သည် နှစ်သန်းပေါင်းများစွာ ရှင်သန်ခဲ့ပြီး အရာရာကို ရှင်းလင်းစွာ သိမြင်ကာ အလွန်ပါးနပ်သည်။ စကားတစ်ခွန်းဖြင့် သူသည် အရာအားလုံးကို ငြင်းပယ်လိုက်ပြီး တန်ချန်ကျီကို စကားပြောခွင့် မပေးတော့ပေ။
ထို့နောက် သူသည် ရုတ်တရက် ပျောက်ကွယ်သွားပေ၏။
ဤဖြစ်စဉ်တစ်ခုလုံးသည် လျင်မြန်ကာ ပြတ်သားလှသည်။
ဤဘိုးဘေးအိုကြီး အလျင်အမြန် ရှောင်တိမ်းသွားသည်ကို ကြည့်ရင်း တန်ချန်ကျီသည် သူ၏နှုတ်ခမ်းများ ခြောက်သွေ့လာသည်ကို ခံစားမိသည်။ ထို့နောက် သူသည် လောကကြီးတွင် လူ့ကျင့်ဝတ်များ ပျက်စီးယိုယွင်းနေကြောင်း ရေရွတ်ကာ အံ့ကြိတ်ပြီး သူ၏လက်ကို ခါ၍ နောက်သို့လှည့်ထွက်လိုက်သည်။
သို့ရာတွင် သူ လှည့်ကြည့်လိုက်ချိန်၌ အနက်ရောင်ပုံရိပ်နှစ်ခု လေထုအတွင်းတွင် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
တစ်ဦးမှာ မျက်နှာတစ်ခြမ်းသာရှိသော အရိုးစုဖြစ်ပြီး အရပ်ပုသော်လည်း သူ၏နံဘေးပတ်လည်တွင် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ဝန်းရံနေသည်။ သူ့ကို မြင်ရုံမျှဖြင့် တန်ချန်ကျီသည် ကြီးမားသော ဖိအားကို ခံစားရပြီး မလှုပ်ရှားနိုင်တော့ချေ။
နောက်တစ်ဦးသည် ဧရာမနွားခေါင်းနှင့် ပုံရိပ်ကြီးဖြစ်ပြီး သူ၏ ကြီးမားသောခန္ဓာကိုယ်သည် အနည်းဆုံး ဆယ်ပေခန့်မြင့်သည်။ နွားရိုင်းနတ်ဆိုးသည် သူ့ကို စူးစိုက်ကြည့်နေပြီး အရာအားလုံးကို ထွင်းဖောက်မြင်နိုင်ကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေပုံရသည်။
မဖြစ်ဘူး...နတ်ဆိုးတွေ ဒီကိုရောက်နေပြီ...
တန်ချန်ကျီသည် ရုတ်တရက် အသိဝင်လာပြီး ကုမိသားစု၏ခွေးအိုကြီးကို အရှက်မရှိသည့်အတွက် ကျိန်ဆဲလိုက်သည်။ သူ၏စိတ်နှလုံးသားအတွင်းတွင် ကြောက်ရွံ့မှုများဖြင့် ဖုံးလွှမ်းနေသော်လည်း သူသည် နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိဘဲ သူ၏တာအိုစွမ်းအားအားလုံးကို ဒေါသတကြီး ထုတ်ဖော်လိုက်သည်။
"ဘုန်း...."
လောကကြီးကို တုန်လှုပ်စေသော အသံကြီးနှင့်အတူ မဟာတာအို၏ ထူးကဲသော စွမ်းအားသည် လုံးလုံးလျားလျား စုပ်ယူခြင်းခံလိုက်ရပြီး တန်ချန်ကျီပင်လျှင် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်။ အဝတ်တစ်စသာ လေထဲတွင် တလွင့်လွင့် ကျန်ရစ်ပြီး မဆုံးနိုင်သော နောင်တကို ချန်ထားခဲ့လေ၏။
ပုတုတုအရိုးစုက သွားကြားထိုးနေကာ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"လူသားတွေက အရင်လို အားနည်းနေတုန်းပဲ..."
နွားရိုင်းနတ်ဆိုးက မထီမဲ့မြင် ကြည့်လိုက်သည်။
"ခုဏက ငါ နောက်ထပ် သူတော်စင်တစ်ယောက်ရဲ့အရှိန်အဝါကို ခံစားမိသလိုပဲ...မျက်စိတစ်မှိတ်အတွင်းမှာ ဘယ်လိုလုပ်ပြီး ခြေရာလက်ရာမကျန်အောင် ပျောက်ကွယ်သွားတာလဲ..."
သူသည် သူ၏ကြီးမားသောမျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုနေပြီး အရာအားလုံးသည် သူ၏အမြင်အာရုံအတွင်း၌ ရှိနေသည်။
မြင့်မားသောတောင်များကြားတွင် ဘိုးဘေးစဉ်ဆက် လျှို့ဝှက်ရတနာတစ်ခုအတွင်း၌ ပုန်းအောင်းနေသော ကုထိုက်ယွမ်သည် ချွေးများရွှဲနစ်နေပြီး သေခြင်းတရားနှင့် ဤမျှနီးကပ်ခဲ့ဖူးသည်ဟု တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရဖူးချေ။
အရမ်းကြောက်ဖို့ကောင်းတယ်...
ဤနတ်ဆိုးများ၏ အရှိန်အဝါနှင့်ကျင့်ကြံမှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောကြောင့် သူသည် ရင်ဆိုင်ရန်သတ္တိပင် မရှိတော့ချေ။ သူ၏ နှစ်သန်းပေါင်းများစွာကြာအောင် ကြိုးစားကျင့်ကြံခဲ့မှုသည် ဤနတ်ဆိုးများရှေ့တွင် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေပေ၏။
ကံကောင်းစွာဖြင့်...
နတ်ဆိုးနှစ်ဦးသည် သူ့ကို မတွေ့ရှိကြပုံပင်။ ပုတုတုအရိုးစုသည် မြေပြင်ထံသို့ ကြည့်ကာ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
"တကယ့်ကို အရှိန်အဝါနည်းနည်းမှ မကျန်တော့ဘူး..."
"အမ်...နတ်ဆိုးအစေခံတစ်ယောက်က နတ်ဆိုးနယ်မြေကနေ ခိုးထွက်လာတာလား"
နွားခေါင်းနတ်ဆိုးက နေရာတစ်နေရာသို့ လှမ်းကြည့်ပြီး ပြောဆိုလိုက်သည်။
ထူထပ်သိပ်သည်းသော တောအုပ်၏အပြင်ဘက်တွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အရိုးစုတစ်စုသည် ပျော်ရွှင်စွာ လျှောက်လှမ်းနေပြီး သူ၏နောက်တွင် ထူးဆန်းသော သတ္တဝါအချို့ လိုက်ပါလာကာ နားမလည်နိုင်သော သီချင်းတစ်ပုဒ်ကို သီဆိုနေသည်။
"အရင်တုန်းက လာဆန်ဘားလေးထဲ မင်းနဲ့ငါ အတူတူ ကခဲ့တာ... ပျော်ရွှင်ခြင်းတွေ ပေးခဲ့တဲ့အချိန် အခုတော့ ငါ တစ်ယောက်တည်းပဲ..."
သူ၏အမူအယာကို ကြည့်လျှင် သူသည် ဤလူသားနယ်မြေတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး လူသားအကျင့်စရိုက်များ ကူးစက်ခံထားရသည်မှာ သိသာထင်ရှားသည်။
သူ၏ရူးသွပ်နေပုံရသော အသွင်အပြင်ကို ဘေးဖယ်ထားလျှင် သူသည် အဆင့်အတန်းနိမ့်ကျသော တခြားသတ္တဝါများနှင့် ပေါင်းသင်းနေသည်။ သူသည် နတ်ဆိုးအစေခံတစ်ဦးနှင့် လုံးလုံးလျားလျား မတူတော့ဘဲ အမှန်တကယ်ကို အလွန်မောက်မာထောင်လွှားနေပေ၏။
ရုတ်ချည်းဆိုသလိုပင် ပုတုတုအရိုးစုသည် ဒေါသဖြင့် သူ၏အရိုးလက်သီးကို ဆုပ်လိုက်သည်။
"မင်း... နတ်ဆိုးအစေခံတစ်ယောက်ဖြစ်ပြီးတော့ ဒီလောက်တောင် ပေါ်ပေါ်ထင်ထင်နေပြီး ပေါ့ဆရဲတယ်...မင်းသာ နတ်ဆိုးသခင်ရဲ့ ကြီးကျယ်ခမ်းနားတဲ့အစီအစဉ်ကို ဖျက်ဆီးခဲ့ရင် မင်းရဲ့စိတ်ဝိညာဉ်ကို ငါ အမြစ်ပြတ်ချေမှုန်းပစ်မယ်...မင်းက အပြစ်ဒဏ်ကနေ လုံးဝလွတ်ကင်းမှာ မဟုတ်ဘူး..."
နွားရိုင်းနတ်ဆိုးမှာမူ ပို၍တည်ငြိမ်နေသည်။ သူသည် ထူးဆန်းသောအရာတစ်ခုကို ချက်ချင်း ခံစားမိပြီး တည်ငြိမ်စွာဖြင့် ဖျောင်းဖျလိုက်သည်။
"ငါ့အမြင်မှာတော့ ဒီကိစ္စက ထူးဆန်းတယ်... ဒီနတ်ဆိုးအစေခံက နတ်ဆိုးနယ်မြေကနေ ဘယ်လိုခိုးထွက်လာလဲဆိုတာ ငါ မသိဘူး..ငါတို့ သူ့ကို ဖမ်းပြီး မေးမြန်းကြရအောင်..."
နတ်ဆိုးနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် လေဟာနယ်ကို ဆုတ်ဖြဲကာ မြေပြင်ပေါ်၌ သတ်ဖြတ်လိုသော အရှိန်အဝါဖြင့် ထွက်ပေါ်လာကြသည်။ နတ်ဆိုးနှစ်ဦးသည် သူတို့၏လက်များကို ပိုက်ထားပြီး ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်ကာ ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။
"မင်းက အတင့်လှချည်လား..."
"မင်းက ရာထူးကိုတောင် စွန့်ပစ်ရဲတယ်..မြန်မြန်ပြောစမ်း... မင်းကို ဘယ်သူက ဒီကိုလာခိုင်းတာလဲ.."
မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော ဟိန်းဟောက်သံကြောင့် လောကကြီးတခွင်လုံး အရောင်ပြောင်းသွားသည်။
သို့ရာတွင် ဝတ်ရုံနကမအရိုးစုသည် မသိနားမလည်သော အမူအယာဖြင့် ရှိနေပြီး သူ၏နောက်မှ ခွေးနှင့်ကင်းခြေများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ သူတို့သည် အချိန်အတော်ကြာ စူးစိုက်၍ကြည့်နေကြပြီး သူတို့အားလုံးထံတွင် လူအတစ်ယောက်ကို ကြည့်နေသကဲ့သို့ အမူအယာမျိုး ရှိနေပေ၏။
နောက်ဆုံးတွင်...
သူတို့၏နောက်သို့ လိုက်ပါလာသော ဝက်ဝံကြီးသည် လမ်းဘေးရှိ သစ်ပင်ပင်စည်တစ်ခုကို တွန်းတိုက်လာကာ အသက်ကိုအမောတကောရှုရှိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။
"အမ်...အစ်ကိုကြီး..ဒီနှစ်ယောက်က အစ်ကိုကြီးရဲ့ သူငယ်ချင်းအသစ်တွေလား..."