အခန်း (၉၉၂)
Vol. 67 Ch. 992
"ဒီထက်ပိုပြီး တောင်းဆိုစရာ မရှိတော့ဘူး....ဟုတ်လား...."
ရီဖုန်း၏စကားကို ကြားချိန်တွင် ပိုင်ဖျောင်ဖျောင်နှင့်စုကျဲတို့နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ သူမတို့၏ကြည်လင်သော မျက်လုံးများသည် တိတ်တဆိတ် အကြည့်ချင်းဆုံမိကြပြီး ရှားပါးသောအံ့အားသင့်မှုများ တစ်ချိန်တည်းမှာပင် ထွက်ပေါ်လာခဲ့သည်။
ပိုင်ဖျောင်ဖျောင်သည် ပို၍ပို၍ထိတ်လန့်တုန်လှုပ်သွားရုံသာမက ပုံမှန်အားဖြင့် တည်ငြိမ်သော စုကျဲပင်လျှင် မယုံနိုင်လောက်အောင် မျက်လုံးများပြူးကျယ်ပြီး မှင်တက်သွားခဲ့သည်။
အင်မော်တယ်ဖြစ်ရန်လမ်းကြောင်းသည် ကျယ်ပြောပြီး အဆုံးမရှိပေ။ ကျင့်ကြံသူတစ်ယောက်သည် တစ်ဘဝလုံးကျင့်ကြံလျှင်ပင် ထိုလမ်းကြောင်း၏အဆုံးသို့ရောက်ရန် မလုံလောက်ချေ။ သူတော်စင်များမှ သာမန်လူများအထိ အထွတ်အထိပ်သို့ မတက်လှမ်းနိုင်ပါက နောက်ဆုံးတွင် သက်တမ်းကုန်ဆုံးခြင်းဟူသော ရှောင်လွှဲမရသည့် ကံကြမ္မာကို ရင်ဆိုင်ရပေမည်။ ဤသည်မှာ တားဆီး၍မရနိုင်သောကံကြမ္မာဖြစ်ပြီး အင်မော်တယ်ဖြစ်ရန် ကျင့်ကြံရခြင်း၏အကြောင်းရင်းလည်း ဖြစ်သည်။ သေခြင်းတရားသည် အဆုံးမရှိသော ကြောက်ရွံ့မှုကို ကိုယ်စားပြုသည်ဟု ဆိုနိုင်ပြီး ဤစိတ်ပျက်အားငယ်မှု၏ရှေ့မှောက်တွင် သက်ရှိသတ္တဝါအားလုံး တန်းတူညီမျှပင်။
ကြီးမြတ်သောအကြောင်းတရားအတွက် သူတို့ကိုယ်သူတို့ ရဲရင့်စွာ စတေးသူများပင်လျှင် အကြွင်းမဲ့တည်ငြိမ်နေရန် ခက်ခဲသည်။
သို့ရာတွင် ယခုချိန်၌မူ....
သာမန်ဟုထင်ရသော ဤအမျိုးသားသည် သက်ရှိသတ္တဝါအားလုံးထက် ကျော်လွန်သော တည်ငြိမ်မှုနှင့်စိတ်ထားမြင့်မြတ်မှုတို့ကို ပိုင်ဆိုင်ထားသည်။ အမြင့်မြတ်ဆုံး နတ်ဘုရားကျင့်ကြံနည်းစနစ်ကို လိုက်စားရန် သူသည် သေရေးရှင်ရေးကိုပင် လျစ်လျူရှုနိုင်ပေ၏။ ဤသည်မှာ ကျင့်ကြံခြင်း၏ အဆုံးစွန်သောနယ်ပယ်သို့ ခြေချရန်အတွက်ပင်။
တစ်ခုသိထားရမည်မှာ ဤကဲ့သို့သော နတ်ဘုရားကျင့်ကြံနည်းစနစ်များတွင် အောင်မြင်ရန် အာမခံချက်မရှိချေ။
ရီဖုန်း၏မယိမ်းယိုင်သော တာအိုနှလုံးသားမျိုးကို ခေတ်အဆက်ဆက်တွင် ရှာဖွေရန် အလွန်ရှားပါးပေ၏။
ပိုင်ဖျောင်ဖျောင်၏နှလုံးသားသည် တဒိတ်ဒိတ်ခုန်နေပြီး သူမထံတွင် ရှုပ်ထွေးသော စိတ်ခံစားမှုများ ရောယှက်နေသည်။ ရီဖုန်းသည် ခြေလှမ်းတစ်ဝက်သူတော်စင်တစ်ယောက်သာ ဖြစ်လျှင်ပင် ဤအချိန်အခိုက်အတန့်တွင် သူပြသခဲ့သမျှ အရာအားလုံးသည် ကောင်းကင်ပေါ်ရှိ လမင်းကြီးမှ လောကရှိ အရာအားလုံးကို အပေါ်မှ ငုံ့ကြည့်နေသည့်အလား တခြားမည်သည့် ဖြစ်တည်မှုထက်မဆို ကျော်လွန်နေခဲ့သည်။
ဤသည်မှာ သူမ နှစ်သက်သော အမျိုးသားပင်။
စုကျဲ၏မျက်နှာအမူအယာသည် ပို၍ပင်တည်ကြည်လေးနက်လာပေ၏။ သူမတို့၏ ကဏဦးတွေ့ဆုံမှုမှစ၍ ပထမဆုံးအကြိမ်အဖြစ် သူမသည် ရီဖုန်းကို တန်းတန်းမတ်မတ်ကြည့်လိုက်သည်။ ပိုင်ဖျောင်ဖျောင် တိတ်တဆိတ်နောက်ဆုတ်သွားစဉ်တွင် စုကျဲသည် သူမ၏လက်ဝဲဘက်လက်မှ သူတော်စင်ဓားကို သူမ၏ရှေ့တွင် ထားလိုက်သည်။ ဤသည်မှာ သူမသည် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ဦးကို ရင်ဆိုင်နေရသည့်အလားပင်။
သူမသည် တည်ကြည်လေးနက်စွာ စကားပြောဆိုလိုက်ပြီး သူမ၏အသံတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
"ငါသာ ဓားတစ်ချက်နဲ့ အားကုန်ထုတ်သုံးလိုက်ရင် သူတော်စင်တစ်ပါးတောင် မယှဉ်ပြိုင်ရဲဘူး... နင်... နောက်ဆုတ်ဖို့ စိတ်ကူးရှိသေးလား"
ရီဖုန်းက ပြုံးလိုက်ပြီး သူ၏ မျက်လုံးများအတွင်းတွင် လွတ်လပ်ပေါ့ပါးသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
"ဒါက အဆင်ပြေပါတယ်..."
"ကျေးဇူးပြုပြီး အားကုန်သုံးလိုက်ပါ...ငါ အရမ်းကျေးဇူးတင်မိမှာပါ..."
ဤလူ၏တာအိုနှလုံးသားသည် မယုံနိုင်လောက်အောင် ခိုင်မာပြီး သေသည့်တိုင် နောင်တမရသည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။ ဤခေတ်ကာလတွင် မည်သူမျှ သူနှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ချေ။
သူ၏စကားများသည် စုကျဲကို အံ့အားသင့်သွားစေပေ၏။
"ကောင်းပြီလေ…"
စုကျဲသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏လက်ယာဘက်လက်ဖြင့် ဓားရိုးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ သူမ ဓားကိုဆုပ်ကိုင်လိုက်ရုံဖြင့် နှစ်ပေါင်းများစွာ ဓားအိမ်မှမထုတ်ယူခဲ့သော သူတော်စင်ဓားသည် နဂါးဟိန်းသံကဲ့သို့ တုန်ခါသွားပြီး ကောင်းကင်နှင့်မြေပြင်ကို ထိုးဖောက်သွားသည်။ ရုတ်ချည်းဆိုသလိုပင် တိမ်တိုက်များ ကြေမွှပျက်စီးသွားပြီး လရောင် ပျောက်ကွယ်သွားသည်။
ဤဓားကို ထုတ်ယူရန် ဟန်ပြင်လိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူတော်စင်နယ်မြေတစ်ခုလုံးတွင် အမြင့်မြတ်ဆုံး ဓားစိတ်ဆန္ဒဖြင့် ပျံ့နှံ့သွားပြီး ဓားချီအလင်းတန်းသည် ကြယ်တာရာများနှင့် တိမ်တိုက်များအတွင်းသို့ တန်းတန်းမတ်မတ် မြင့်တက်သွားသည်။ ဤဓားသည် ဓားအိမ်မှ မထုတ်ယူရသေးမီမှာပင် ကောင်းကင်နှင့်မြေပြင်ကို ဆုတ်ဖြဲနေပုံရပြီး ဓားချီအလင်းတန်းသည် ကြယ် လနှင့် မိုးကောင်းကင်ယံကို အေးစက်သွားစေသည်။ ထိုဓားတစ်ချက်အောက်တွင် အရာခပ်သိမ်းသည် သူတို့၏တောက်ပမှုများကို ဆုံးရှုံးသွားတော့မည့်အလားပင်။
ဤဓားချီ၏စွမ်းအားသည် လူအများ စိတ်ကူးယဥ်တွေးတောနိုင်သမျှထက်ပင် ကျော်လွန်လုနီးပါး ဖြစ်နေသည်။ သူတော်စင်အဆင့်တူခြင်းဖြစ်သော ပိုင်ဖျောင်ဖျောင်ပင်လျှင် ထိုကဲ့သို့ ဓားချီအလင်းတန်းကို မမြင်တွေ့ဖူးရုံသာမက စုကျဲ အားကုန်ထုတ်သုံးသည်ကိုလည်း မမြင်ခဲ့ဖူးချေ။
သူမသည် နံဘေးမှ စောင့်ကြည့်နေရင်း ကြီးမားသော ဖိအားကို ခံစားနေရကာ သူမ၏နူးညံချောမွတ်သောလက်ချောင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိသည်။
ထိုဓား၏ရှေ့တွင် ..
ပိုင်ဖျောင်ဖျောင်သည် သူမကိုယ်သူမ မယုံနိုင်လောက်အောင် သေးငယ်သည်ဟု ခံစားလိုက်ရသည်။ အစောပိုင်းက သူမ အားကုန်သုံးထားသော လက်ဝါးရိုက်ချက်သည် တာအိုစွမ်းအား အနည်းငယ်ကိုသာ စုစည်းနိုင်ခဲ့သည်။ ဤအစိုင်အခဲဖြစ်လုနီးပါး အဆင့်တွင်ရှိသော ဓားစိတ်ဆန္ဒနှင့် နှိုင်းယှဉ်ပါက သူမ၏လက်ဝါးရိုက်ချက်သည် ညင်သာသော လေပြေညင်းမျှသာ ဖြစ်သည်။ သူမ၏ဝှက်ဖဲများအားလုံးကို သုံးလျှင်ပင် ဤဓားချက်ကို လုံးလုံးလျားလျားတောင့်မခံနိုင်ဘဲ သူမ သေဆုံးသွားနိုင်ဖွယ်ရှိသည်။
အစစ်အမှန်သူတော်စင်တစ်ပါး၏ အင်အားအပြည့်တိုက်ခိုက်မှုသည် ကောင်းကင်နှင့်မြေပြင်ကိုပင် ဒူးထောက်စေနိုင်ပြီး အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းပေ၏။
ပိုင်ဖျောင်ဖျောင်၏မျက်လုံးများသည် ဤမြင်ကွင်းပေါ်တွင် စူးစိုက်၍ကျရောက်နေနေပြီး အဝေးတွင်ရှိနေသော သူမပင်လျှင် မယုံနိုင်လောက်အောင် မွန်းကြပ်နေသည်။ ဤဖိအားအောက်တွင် ထိုဓားချီသည် လေဟာနယ်ကို ဆုတ်ဖြဲသွားပုံရပြီး ချက်ချင်းဆိုသလိုပင် ဓားအလင်းတန်းသည် ရီဖုန်းအပေါ်သို့ တန်းတန်းမတ်မတ်ကျရောက်သွားသည်။
'အရမ်းမြန်တယ်...'
ဤသည်မှာ မိုးကြိုးပစ်သည့်အရှိန်နှုန်းထက် ပို၍လျှင်မြန်ပြီး လူသားများ၏အသိစိတ်ကို ကျော်လွန်သောအရာ ဖြစ်နေသည်။ ပိုင်ဖျောင်ဖျောင်ကဲ့သို့ သူတော်စင်အသစ်တစ်ပါးပင်လျှင် မတုံ့ပြန်နိုင်ခဲ့ပေ။ နောက်ဆုံး၌ ပြုံးနေသောအထီးကျန်ပုံရိပ်သည် ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားလှသော ဓားအလင်းရောင်များအတွင်းတွင် လုံးလုံးလျားလျား နစ်မြုပ်ပျောက်ကွယ်သွားသည်ကို သူမ ကြည့်နေခဲ့ရသည်။
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ....
ကောင်းကင်နှင့်မြေပြင်သည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားပေ၏။
ရုတ်ချည်းဆိုသလိုပင် ပိုင်ဖျောင်ဖျောင်၏ နှလုံးသားသည် မွန်းကြပ်သွားပြီး သူမ အော်ဟစ်မိတော့မတတ်ပင်။
"ဝီ...."
သူတော်စင်ဓား၏ ဟိန်းသံသည် ပဲ့တင်ထပ်သွားကာ ကောင်းကင်နှင့်မြေပြင်ကြားရှိ အရာအားလုံး ဤအချိန်အခိုက်အတန့်တွင် ရပ်တန့်သွားသည့်အလားပင်။
ပိုင်ဖျောင်ဖျောင်သည် သူမ၏အင်္ကျီလက်အတွင်းမှ သူမ၏လက်ချောင်းများကို တင်းကြပ်စွာဆုပ်ထားရာ လက်ဆစ်များပင် ဖြူဖွေးသွားသည်။ သူမသည် ကုသရေးဆေးလုံးများအားလုံးကို ထုတ်ယူထားပြီး နေ့အချိန်အလား လင်းထိန်နေသော ပျက်စီးနေသည့်ခြံဝန်းကို စူးစိုက်၍ကြည့်နေခဲ့သည်။
ရလဒ်မည်သို့ပင်ဖြစ်စေကာမူ သူမ မထိန်းချုပ်နိုင်တော့ချေ။ သူမ လုပ်နိုင်သည်မှာ အကယ်၍ တစ်စုံတစ်ခုမှားယွင်းသွားပါက ရီဖုန်းကို ကယ်တင်ရန် အကောင်းဆုံး ကြိုးစားပြီး အရာအားလုံး အဆုံးသတ်သွားမည့်အချိန်ကို စောင့်ဆိုင်းနေရုံသာဖြစ်သည်။
သူတော်စင်ဖြစ်လာပြီးနောက် ပိုင်ဖျောင်ဖျောင်သည် ပထမဆုံးအကြိမ်အဖြစ် အစွမ်းအစမဲ့မှုကို ခံစားလိုက်ရပြီး သူမ၏ သေးငယ်မှုကိုလည်း သဘောပေါက်သွားပေ၏။ ဤအချိန်အခိုက်အတန့်တွင် လောကကြီးပျက်စီးသွားသည့်အလား စိတ်ပျက်အားငယ်မှုတစ်ခုက သူမ၏စိတ်အတွင်းတွင် ပြည့်နှက်လာခဲ့သည်။
သူမ၏နှလုံးသား နာကျင်ကြေကွဲနေသော်လည်း သူမ မည်သို့ပင် ကြိုးစားနေပါစေ ထိုဓားချီအလင်းတန်း၏စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။ လင်းထိန်နေသည့် ခြံဝန်းပျက်သည် ပူပြင်းသောနေမင်းကြီးအလား အလွန်စူးရှတောက်ပနေသဖြင့် သူမကဲ့သို့ သူတော်စင်တစ်ပါးပင်လျှင် စေ့စေ့မကြည့်နိုင်ခဲ့ချေ။
လောကကြီးအတွင်းရှိ အရာအားလုံးသည် ဤအချိန်အခိုက်အတန့်တွင် ရပ်တန့်သွားပုံရသည်။ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းအလယ်တွင် ပူပြင်းသည့်နေလုံးကြီးသည် မိုးကောင်းကင်ယံမှ ရုတ်တရက် ကျရောက်လာပြီး ကောင်းကင်နှင့်မြေပြင်ကို ထိုးဖောက်သွားသည့်အလား တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်။
"ဘုန်း..."
ဤမြင်ကွင်းကို မမြင်တွေ့ရလျှင်ပင် ပိုင်ဖျောင်ဖျောင်သည် ရီဖုန်းအား ကြောက်မက်ဖွယ်ကောင်းသော ဓားချီမှထိုးဖောက်သွားပြီး သူ၏နောက်မှမြေပြင်သည် ထိုကြီးမားသော ဓားချီအလင်းတန်းကြောင့် ပျက်စီးပြိုလဲသွားမည်ကို တွေးတောကြည့်နိုင်သည်။
ပိုင်ဖျောင်ဖျောင်သည် အလွန်စိုးရိမ်နေသဖြင့် မျက်ရည်များပင်ဝဲလာပြီး သူမ၏နီမြန်းသော နှုတ်ခမ်းများကိုကိုက်ကာ ရလဒ်ကို လုံးလုံးလျားလျား မခန့်မှန်းနိုင်ဘဲ သူမ၏စိတ်နှလုံးသားအတွင်းတွင် စိုးရိမ်ပူပန်မှုများဖြင့် ပူလောင်နေခဲ့သည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်မှာပင်....
ရုတ်ချည်းဆိုသလိုပင် တဘုန်းဘုန်းမြည်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
"ဘုန်း..ဘုန်း...ဘုန်း.."
ဤသည်မှာ ရီဖုန်းကို ဓားချီအလင်းတန်းထိမှန်သွားသဖြင့် သူ လွင့်ထွက်သွားကာ ဒဏ်ရာအပြင်းအထန်ရရှိသွားခြင်း ဖြစ်ပေမည်။
ဤအတွေးထွက်ပေါ်လာသည်နှင့် ပိုင်ဖျောင်ဖျောင်သည် တခြားမည်သည့်အရာကိုမျှ ဂရုမစိုက်တော့ချေ။ သူမထံမှ သူမ၏တာအိုစွမ်းများ ပွင့်အံ့ထွက်ကာ ပေါက်ကွဲမှု၏အလယ်ဗဟိုသို့ စူးစိုက်၍ကြည့်လိုက်ပြီး လေထုအတွင်းမှနေ၍ အောက်သို့ပြေးဆင်းရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် သူမ ကြည့်လိုက်မိသောအချိန်၌...
မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအယာဖြင့် မလှုပ်မယှက် မတ်တတ်ရပ်နေသော ပုံရိပ်တစ်ခုကို သူမ မြင်လိုက်ရသည်။ သူ၏နောက်တွင် အဆုံးမရှိသော ချောက်ကြီးတစ်ခု ရှိနေသော်လည်း သူသည် လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ အဝေးသို့သာ ကြောင်ငေး၍ကြည့်နေခဲ့သည်။
'ရီဖုန်းက တကယ်ကြီး ဘာမှမဖြစ်ဘူးလား...'
'ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…'
ပိုင်ဖျောင်ဖျောင်သည် ကြက်သေသေသွားပြီး မည်သည့်အရာကိုမျှ မတုံ့ပြန်နိုင်တော့ချေ။
သူမသည် အမှုမဲ့အမှတ်မဲ့ဖြင့် သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ တခြားပုံရိပ်တစ်ခုက အနောက်သို့ အဆက်မပြတ် ပျံသန်းနေပြီး ပုံပန်းသဏ္ဌာန်ကို ဖမ်းဆုပ်ရန် ခက်ခဲနေသည်။ ထိုပုံရိပ်သည် လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ခန်းမဆောင်များနှင့်အဆောက်အအုံများကို တိုက်ခတ်သွားပြီး ဖုန်မှုန့်များနှင့်ကျောက်စကျောက်နများ လွင့်စင်ကာ တုန်ခါမှုများ ဆက်လက်၍ဖြစ်ပေါ်နေသည်။
ထိုပုံရိပ်သည် အလွန်မြန်ဆန်ပြီး ပိုင်ဖျောင်ဖျောင်သည် သူတော်စင်ဓား၏အလင်းတန်းကိုသာ ခွဲခြားသိမြင်နိုင်ခဲ့သည်။
ဤသည်မှာ စုကျဲပင်။
မည်သည်ကြောင့် ရီဖုန်းသည် မလှုပ်မယှက် မတ်တတ်ရပ်နေပြီး သူမ၏သူငယ်ချင်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် နောက်ပြန်ပျံသန်းနေရသနည်း။ ဤှသည်မှာ ရီဖုန်းသည် တိုက်ခိုက်သူ ဖြစ်နေသည့်အလားပင်။ အရာအားလုံးသည် ပြောင်းပြန်ဖြစ်နေပေ၏။
'ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ…'
ပိုင်ဖျောင်ဖျောင် လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားသည်။
ဤမယုံနိုင်ဖွယ်မြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူမသည် မည်သည့်ကိစ္စများ ဖြစ်ခဲ့သည်ကို ဆက်၍မစဉ်းစားနိုင် မတွေးတောနိုင်တော့ချေ။ သို့ရာတွင် စုကျဲသည် အစွမ်းထက်ဆုံးဓားသူတော်စင်ဖြစ်သဖြင့် ထိုကဲ့သို့သော နောက်ပြန်လွင့်ထွက်သွားမှုကြောင့် ပြင်းထန်သော ဒဏ်ရာများ ဖြစ်စေမည်မဟုတ်ချေ။ ဓားချီအလင်းတန်းသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းနေသဖြင့် သူမသည် အချိန်တခဏအတွင်း လိုက်မီရန် ခက်ခဲနေသည်။
ပိုင်ဖျောင်ဖျောင်သည် အလွန်အမင်း အံ့အားသင့်နေသော်လည်း သူမ၏ အတွေးများကို ဘေးဖယ်ပြီး ချက်ချင်းဆိုသလိုပင် ရီဖုန်း၏နံဘေးသို့ ဆင်းသက်လိုက်၏။
ထို့နောက် သူမက စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်သည်။
"ရီဖုန်း....နင် ဒဏ်ရာရသွားလား...ဘာတွေဖြစ်ခဲ့တာလဲ..."
ရီဖုန်းသည်လည်း လုံးလုံးလျားလျား ကြက်သေသေနေခဲ့သည်။
သူသည် ပိုင်ဖျောင်ဖျောင်ကို အချိန်အတော်ကြာ စူးစိုက်ကြည့်နေပြီး စကားတစ်ခွန်းမျှ မပြောနိုင်ချေ။ လောကကြီးအပေါ် သူ၏အမြင် ပျက်စီးသွားသည့်အလား သူ၏ အတွေးများကို ချက်ချင်းပြန်လည်မစုစည်းနိုင်ခဲ့ချေ။
သူသည်လည်း မည်သည့်ကိစ္စများ ဖြစ်သွားသည်ကို မသိခဲ့ချေ။
အစောပိုင်းက ရီဖုန်းထံတွင် မျှော်လင့်ချက်များ ဖြင့် ပြည့်နှက်နေပြီး ကောင်းကင်နှင့်မြေပြင်ကို ထိုးဖောက်သွားသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားချီအလင်းတန်းကို ကြည့်နေခဲ့သည်။ သူသည် အလွန်စိတ်လှုပ်ရှားနေပြီး သူ၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာတော့မည်ဟု တွေးထင်ကာ သူ၏လက်နှစ်ဖက်ကိုဖြန့်ကားပြီး သေဆုံးရန် စောင့်ဆိုင်းနေခဲ့သည်။
ထို့နောက် သူ 'ဖောက်' ဟူသော အသံကို ကြားလိုက်ရသည်။
အလွန်လျှင်မြန်စွာဖြင့်...
အရာအားလုံး ပြီးဆုံးသွားသည့်အလားပင်။ သူသည် မည်သည့်အရာကိုမျှ မခံစားလိုက်ရဘဲ တဘုန်းဘုန်းမြည်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
မည်သူ သိနိုင်မည်နည်း...
သူ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် သူသည် မည်သည့်ထိခိုက်ဒဏ်ရာမျှ မရှိဘဲ စုကျဲသာ ပျောက်ချင်းမလှ ပျောက်နေသည်။ ယခုချိန်၌ ပိုင်ဖျောင်ဖျောင်က သူ့ကို မေးမြန်းနေသဖြင့် သူသည် မည်သူ့ကို သွားမေးရမည်နည်း....
ပိုင်ဖျောင်ဖျောင်၏စိုးရိမ်ပူပန်နေသော မျက်နှာအမူအယာနှင့် သူမသည် သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် စစ်ဆေးနေသည်ကို မြင်တွေ့ချိန်တွင် ရီဖုန်းသည် သူမကို စိတ်မပူစေရန် နှစ်သိမ့်စကား ပြောဆိုလိုက်သည်။
"မိန်းကလေးပိုင်... ငါ... ဘာမှမဖြစ်ဘူးထင်တယ်... အရမ်းကြီး စိတ်မပူပါနဲ့..."
သူ ဤသို့ ပြောဆိုလိုက်သည်နှင့်....
ပိုင်ဖျောင်ဖျောင်သည် သက်ပြင်းရှည်ကြီး ရှိုက်လိုက်ပြီးနောက် ရီဖုန်းကို အနီးကပ်ကြည့်လိုက်၏။ သူမ၏မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် တဖြည်းဖြည်း ပြူးကျယ်လာပြီးနောက် အံ့အားသင့်မှုသို့ ပြောင်းလဲသွားကာ နေရာမှာပင် ကြက်သေသေပြီးမတ်တတ်ရပ်နေသည်။
'ဒါက မဖြစ်နိုင်ဘူး...'
ရီဖုန်း၏ကျင့်ကြံမှုဖြင့် သူသည် စုကျဲ၏ စွမ်စအားအပြည့်သုံးထားသောဓားချက်ကို လုံးလုံးလျားလျား တောင့်ခံနိုင်မည် မဟုတ်ချေ။ သို့ရာတွင် ယခုချိန်၌ သူသည် တစိုးတစိမျှထိခိုက်မှုမရှိသည့်အပြင် စုကျဲပင်လျှင် နောက်ပြန်လွင့်ထွက်သွားခဲ့သည်။
ရီဖုန်းက သူမ၏စွမ်းအားအပြည့် တိုက်ခိုက်မှုကို တားဆီးနိုင်သည်အား နားလည်နိုင်သော်လည်း စုကျဲ၏ကျင့်ကြံမှုနှင့် ဓားတာအိုအပေါ် နားလည်သဘောပေါက်မှုသည် သာမာန်သူတော်စင်တစ်ပါးပင် မကိုင်တွယ်နိုင်သောအရာ ဖြစ်သည်။ ရီဖုန်းသည် မည်သည်ကြောင့် အရာအားလုံး အဆင်ပြေနေသနည်း။
ရီဖုန်း၏ကျင့်ကြံဆင့်သည် အမှန်တကယ်ကို ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော နယ်ပယ်သို့ ရောက်ရှိနေသလော...
သူသည် အမှန်တကယ်ကို သူတော်စင်တစ်ပါးဖြစ်ပြီး စုကျဲ၏အပြင်းထန်ဆုံးဓားချက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့သလော.....
ဒါက...
ပိုင်ဖျောင်ဖျောင်သည် လုံးလုံးလျားလျား အံ့အားသင့်တုန်လှုပ်သွားပြီး သူမ၏စိတ်နှလုံးသားအတွင်းတွင် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားသည်။
ချောမောခန့်ညားသောအမျိုးသားနှင့် လှပချောမောသောအမျိုးသမီးတို့သည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။ သူတို့၏နှလုံးသားများသည် လှိုင်းထန်နေကာ တစ်ချိန်တည်းမှာပင် ကြောင်တောင်တောင်ဖြစ်နေသော ကလေးငယ်များအလား ပြောင်းလဲသွားပြီး နေရာမှာပင် မတုန်မလှုပ်ဖြင့်မတ်တတ်ရပ်နေကြသည်။
ဤသည်မှာ သူတို့၏ရှေ့မှ လေဟာနယ်တွင် လှိုင်းဂယက်များ ထွက်ပေါ်လာပြီး ဖုန်များဖြင့် ဖုံးလွှမ်းနေသော စုကျဲ ပြန်ပေါ်လာသည့်အချိန်အထိပင်။ သူတို့နှစ်ယောက်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး လုံးလုံးလျားလျား တိုင်ပင်မထားဘဲ တစ်ချိန်တည်းတွင် စကားပြောဆိုလိုက်ကြသည်။
"စုကျဲ...ဘာတွေဖြစ်ခဲ့တာလဲ..."
"မိန်းကလေးစု....ဘာတွေဖြစ်ခဲ့တာလဲ…"
စုကျဲသည် ဒဏ်ရာအပြင်းအထန်ရထားပုံ မပေါ်သော်လည်း သူမ၏မျက်နှာသည် ဖြူဖျော့နေကာ အခြေအနေကောင်းပုံ မရချေ။ စုကျဲသည် ရီဖုန်းကို အချိန်အတော်ကြာ စူးစိုက်၍ကြည့်နေပြီး သူမ၏မျက်လုံးများအတွင်းတွင် တည်ကြည်လေးနက်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
သူမသည် လေသံတိုးတိုးဖြင့် ပြောလိုက်ပြီး သူမ၏လေသံတွင် အလွန်အမင်း သတိထားနေသော အရိပ်အယောင်များ ထင်ဟပ်နေပေ၏။
"ငါ မထင်ထားခဲ့ဘူး… နင်က တကယ်ကို သူတော်စင်အဆင့်မှာ ရှိနေတာပဲ..."
"ပြီးတော့ နင်က အရမ်းကို အစွမ်းထက်တဲ့ သူတော်စင်တစ်ပါးပဲ...."