← Chapters

ဘက်ပေါင်းစုံကို ရှင်းလင်းခြင်း၊ မာနကြီးသော ပါရမီရှင်များကို ဆုံးမသူ !! ၃

Vol. 9 Ch. 121

ဘက်ပေါင်းစုံကို ရှင်းလင်းခြင်း၊ မာနကြီးသော ပါရမီရှင်များကို ဆုံးမသူ !! ၃

Vol. 9 Ch. 121

သို့သော် ရှုကျိုးကဲ့သို့ မိနစ်ဝက်အတွင်းမှာပင် တစ်ခြားအဖွဲ့တစ်ခုကို ဖြေရှင်းနိုင်သည့်လူကား အနည်းငယ်မျှသာလျှင် ရှိသည်။

၎င်းမှာ တိုက်ပွဲ မဟုတ်တော့ဘဲ အမဲလိုက်ခြင်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ ဆရာချောင် သင်ပေးခဲ့တဲ့ တောင်ဖြိုခွဲ ဆေဘာသိုင်းရဲ့ စတုတ္ထအဆင့်က တကယ် အစွမ်းထက်တာပဲဟ “ ရှုကျိုးမှ တွေးတော စဥ်းစားနေခဲ့သည်။

လျင်မြန်သော လှုပ်ရှားမှုနှင့်အတူ သူသည် တစ်ခြားအဖွဲ့တစ်ဖွဲ့ကို သူ၏ ဆေဘာရှည်ဖြင့် ထပ်မံ၍ ဖယ်ရှားလိုက်ပြီ ဖြစ်သည်။

ရှုကျိုး၏ မျက်လုံးများ လင်းလက်တောက်ပလာခဲ့သည် “ လှုပ်ရှားမှုတိုင်း၊ တိုက်ခိုက်မှုတိုင်းက ပွဲသိမ်းတိုက်ကွက်တွေနဲ့ ညီမျှတယ် “

ထို့ကြောင့်သာလျှင် သူသည် ပြိုင်ဘက်များကို ချက်ချင်း အနိုင်ယူတိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

တစ်ခြားလူများသည် သူတို့၏ ပွဲသိမ်းတိုက်ကွက်များကို အလွယ်တကူ အသုံးမပြုနိုင်ကြပေ၊ အဘယ့်ကြောင့်ဆိုသော် ၎င်းမှာ ချီ-သွေးနှင့် စိတ်စွမ်းအားပမာဏကို အများအပြား ကုန်ဆုံးစေသောကြောင့် ဖြစ်သည်။

သို့သော် ရှုကျိုး၏ တောင်ဖြိုခွဲ ဆေဘာသိုင်း စတုတ္ထအဆင့်သည် သာမန်မျှသာ ဖြစ်သော်လည်း ပွဲသိမ်းတိုက်ကွက်နှင့် ညီမျှသည့် စွမ်းအားကို သယ်ဆောင်ထားနိုင်ခဲ့သည်။

၎င်းသည် ချီ-သွေးစွမ်းအင်ကို များစွာ မစားသုံးပေ။

“ သတ် !!! “

ရှုကျိုးသည် ကျယ်လောင်စွာ ကြုံးဝါးလာခဲ့သည်၊ သူ၏ဆေဘာ ရောက်ရှိသွားသည့် နေရာတိုင်းတွင် အဆိုပါ ပါရမီရှင်များ၏အမူအရာများ ပြောင်းလဲသွားကြပြီး၊ ကြောက်ရွံ့မှုများဖြင့် တစ်ဦးပြီးတစ်ဦး နောက်ဆုတ်သွားကြသည်။

“ ဒီလူက တော်တော်ကြီးကို စွမ်းတယ် !! “

“ ငါ့ဆီကို မလာနဲ့ !! ငါမင်းနဲ့ မချဘူး “

“ ငါ လက်လျှော့တယ်၊ ငါအရှုံးပေးတယ်၊ ငါ့ကို လာမတိုက်နဲ့ “

ပါရမီရှင် အများအပြား နောက်ဆုတ်သွားကြသည်၊ သူတို့သည် အရူးများ မဟုတ်ကြပေ၊ ရှုကျိုးက တိုက်ပွဲကွင်းပြင်ကို လွှမ်းမိုးထားသည်ဆိုသည်ကို သူတို့အားလုံး မြင်တွေ့ထားကြသည်။

သွေးကြောမှတ် ၁၅ခုဖွင့်ထားသည့် ထိပ်တန်း ပါရမီရှင်များကပင် ရှုကျိုးလက်ထဲတွင် အကွက်အနည်းငယ်မျှ မတောင့်ခံနိုင်ခဲ့ကြပေ။

သွေးကြောမှတ် ၁၀ခုအောက်မှ လူများက သူနှင့် သွားရောက်တိုက်ခိုက်ခြင်းသည် သေကြောင်းကြံနေခြင်းသာ ဖြစ်သည်။

သူတို့အားလုံးသည် ကိုယ်ပိုင်မာနများ ရှိကြသည့် ပါရမီရှင်များ ဖြစ်ကြသည်၊ သို့သော် ၎င်းသည် သူတို့က အကဲဖြတ်မှု စာမေးပွဲကို မအောင်မြင်ချင်ဘူးဟု ဆိုလိုမနေခဲ့ပေ။

သူတို့သည် စာမေးပွဲကို အောင်မြင်ရန်အတွက် သတ်ဖြတ်ခြင်း နတ်ဘုရားဖြစ်သည့် ဤရှုကျိုးကို ရှောင်ရှားရမည် ဖြစ်သည်။ သူ့အား လုံးဝ စော်ကား၍ မရပေ။

အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲကွင်းပြင် အတွင်းတွင် ထူးခြားသည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ရှုကျိုး ဖြတ်သွားသည့် နေရာတိုင်းတွင် ပါရမီရှင်များ ပျောက်ကွယ်နေခဲ့ကြသည်။

အကြောက်အရွံ့ ကင်းမဲ့သော လူအနည်းငယ်လည်း ရှိနေသေးသည်။ ရှုကျိုး ချဥ်းကပ်လာသည်ကို မြင်လိုက်ရသောအခါတွင် သူတို့၏ တိုက်ခိုက်လိုစိတ်များ မြင့်တက်သွားခဲ့ပြီး၊ သူ့ကို ရင်ဆိုင်ရန်အတွက် သူတို့၏လက်နက်များကို အသင့်ပြင်ထားခဲ့ကြသည်။

ရလဒ်ကမူ …………

၂၃၊ ၂၄၊ ၂၅ ………..

ချက်ချင်းဆိုသလိုပင် အဖွဲ့အများအပြားသည် ရှုကျိုး၏ ရှင်းထုတ်ခြင်းကို ခံနေရတော့သည်။

…

ကောင်းကင်ယံ၌

နည်းပြဆရာ၊ ဆရာမအားလုံးသည် တိုက်ပွဲကွင်းပြင်ထဲရှိ မြင်ကွင်းကို စိုက်ကြည့်နေရင်းဖြင့် ကြောင်အမ်းအမ် ဖြစ်သွားကြသည်။

“ အဲ့ကလေးက တိုက်ရင်းခိုက်ရင်းနဲ့ ရူးသွားတာလား? “

“ သူက အချိန်တိုအတွင်းမှာပဲ အဖွဲ့ပေါင်း ၂၀ကျော်ကို ဖယ်ထုတ်ခဲ့တာလား? “

“ သွေးကြောမှတ် ၁၅ခု ဖွင့်ထားတဲ့ ကျောင်းသားအသစ်တွေကတောင် သူနဲ့ ယှဥ်မတိုက်နိုင်ဘူးလား? “

“ အဲ့ကောင်လေးရဲ့ နာမည်က ဘာလဲ? သူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် ကြမ်းနေရတာလဲ? “

ဘက်ပေါင်းစုံကို လွှမ်မိုးထားသည့် ပုံရိပ်ကို ကြည့်နေရင်းဖြင့် သူတို့အားလုံး၏ မျက်နှာများပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။

သူတို့သည် ရှုကျိုးက တစ်ခြား အဖွဲ့များကို အနိုင်ယူတိုက်ခိုက်နေရင်းဖြင့် အလယ်အလတ် ပထမအဆင့် စက်ရုပ်နှစ်ရုပ်ကိုပါ ခုခံနေရသည်ဆိုသည်ကို သိနေကြသည်။

ထိုကဲ့သို့သော ဖြစ်ရပ်သည် ယခင်နှစ်များက အကဲဖြတ်စာမေးပွဲများတွင် မဖြစ်ပေါ်လာခဲ့ဖူးချေ။

သူတို့သာလျှင် မဟုတ်ဘဲ လျူချင်းယွမ်ကပါ အဆိုပါ မြင်ကွင်းကို အံ့ဩတကြီးဖြင့် ငေးကြည့်နေလျက်ရှိသည်။

“ အဲ့ကလေး၊ သူက ပထမအဆင့်ကို လွန်ခဲ့တဲ့ တစ်လကမှ ရောက်ခဲ့တာလေ ဟုတ်တယ်မလား? “ လျူချင်းယွမ်သည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ တစ်လအတွင်းမှာပဲ သွေးကြောမှတ် အခု၂၀ ရှိတဲ့ စွမ်းအားအဆင့်အထိ ရောက်သွားတာလား? “

“ သူက ဘယ်လိုတောင် လေ့ကျင့်နေခဲ့တာလဲ? “

ထိုအချိန်၌ လျူချင်းယွမ်ကပင် အလွန် အံ့ဩသွားခဲ့သည်။

သို့ရာတွင် သူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ ဒီကလေးရဲ့ စွမ်းဆောင်ရည်က တော်တော်လေးကို ကောင်းနေတယ်၊ နောက်ကျရင် သူ့အတွက် ဒီလူတွေက ငါနဲ့ သေချာပေါက်ကို တိုက်ခိုက်လာကြမှာ “

၎င်းကို တွေးမိသွားသောအခါတွင် လျူချင်းယွမ်သည် ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားသွားရတော့သည်၊ ရှုကျိုးက ဘာလို့ ဒီလောက်တောင် တော်နေရတာလဲကွာ?

အားနည်းချင်ယောင် ဆောင်လို့မရဘူးလား?

မလှမ်းမကမ်းရှိ ကျောင်းခုန်းစုန့်မှာလည်း မျက်လုံးများ မှိတ်ကာ တွေးတော စဥ်းစားနေလျက်ရှိသည် “ ဒီလိုကလေးမျိုးကို အစစ်အမှန် သိုင်းပညာဌာနဆီကို အပါခံလို့ မဖြစ်ဘူး “

ကျိုးရှုယွင်တစ်ဦးတည်း၏ အမူအရာကသာလျှင် အေးဆေးတည်ငြိမ်နေခဲ့သည်။

ကျိုးရှုယွင်မှ အေးအေးလူလူ ပြောလာခဲ့သည် “ အကဲဖြတ်မှု စခဲ့တာ ဘယ်လောက်ကြာနေပြီလဲ? “

အနီးနားရှိ နည်းပြဆရာတစ်ဦးသည် မဆိုင်းမတွ ပြန်ဖြေလာခဲ့သည် “ မိနစ် ၅၀ပြည့်တော့မှာပါ “

၎င်းကို ကြားလိုက်ရသောအခါတွင် ကျိုးရှုယွင်သည် ခေါင်းတဆတ်ဆတ် ငြိမ့်ကာ ပြောလာခဲ့သည် “ လူသစ်လေးတွေ အကုန်လုံးက မောပန်းနေလောက်ပြီ၊ ပြင်ဆင်ကြတော့ ကျန်နေတဲ့ စက်ရုပ် ၃၀၀ကို လွှတ်လိုက်သင့်ပြီ “

ထိုအချိန်တွင် နည်းပြ ဆရာ၊ ဆရာမအားလုံး တုန်လှုပ်သွားခဲ့ကြသည်။

သူတို့သည် အောက်ဘက်သို့ ချက်ချင်း ငုံ့ကြည့်လာကြသည်။

ကျန်ရှိနေသည့် စက်ရုပ် ၃၀၀သည် တိုက်ပွဲကွင်းပြင်ထဲသို့ ဝင်လာကြတော့မည် ဖြစ်သည်။

ယခုအချိန်၌ ကျောင်းသူကျောင်းသား အားလုံးသည် ပြင်းထန်သည့် တိုက်ပွဲများကို တစ်နာရီနီးပါး ဆင်နွှဲနေခဲ့ရပြီး၊ ခြေကုန်လက်ပန်းကျလုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။

အလယ်အလတ် ပထမအဆင့် စက်ရုပ် ၆၀၀နှင့် ရင်ဆိုင်ရခြင်း၊ ၎င်းမှာ ကိုင်တွယ်ဖြေရှင်း တောင့်ခံနိုင်ရန် မဖြစ်နိုင်သော အရာဖြစ်သည်။

ဤကဲ့သို့သော အခြေအနေနှင့် အချိန်အခါမျိုးအောက်တွင် အသင်းဖော်များကို စွန့်ပစ်သည့်လူ မည်မျှ ပေါ်ပေါက်လာမည်နည်း?

လျူချင်းယွမ်အပါအဝင် နည်းပြဆရာ၊ ဆရာမအားလုံးသည် စိတ်ဝင်တစားဖြစ်နေသော အမူအရာများဖြင့် စောင့်ကြည့်နေကြသည်။

ပြဇာတ်အစစ်သည် စတင်တော့မည် ဖြစ်သည်။

…

တိုက်ရင်းခိုက်ရင်းဖြင့် မိနစ်အနည်းငယ်ခန့် ကုန်ဆုံးသွားခဲ့သည်။

ယခုလက်ရှိ အချိန်တွင် ရှုကျိုးသည် အဖွဲ့ပေါင်း ၃၆ခြောက်ဖွဲ့ကို ဖယ်ရှားထားခဲ့ပြီးပြီ ဖြစ်သည်။

“ ဟူးးး “

ရှုကျိုးသည် တစ်ခဏခန့် ရပ်တန့်သွားခဲ့ပြီး၊ အနည်းငယ် မောပန်း ပင်ပန်းနေသကဲ့သို့ ခံစားရသည့်အတွက် အသက်ကို ရှူသွင်း ရှူထုတ် ပြုလုပ်နေခဲ့သည်။

တိုက်ခိုက်ရသည့်အတွက် ပင်ပန်းနေခြင်း မဟုတ်ဘဲ စိန်ပြေးလိုက်တမ်း ကစားနေခဲ့ရသည့်အတွက် ပင်ပန်းနေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပါရမီရှင်များသည် သူ့ကို မြင်သည်နှင့် အဝေးသို့ ချက်ချင်း ပြေးသွားခဲ့ကြသည်။

ဘယ်လို အခြေအနေကြီးလဲကွာ?

“ တကယ်လို့ အဲ့တာက အလုပ်မဖြစ်တော့ဘူးဆိုရင် ငါက မိန်းကလေးတွေဘက်ကို သွားလိုက်သင့်လား? “ ရှုကျိုးမှ စဥ်းစားတွေးတောနေတော့သည်၊ သူသည် မိန်းကလေးများကို မတိုက်ခိုက်ချင်ပေ၊ သို့သော် ယောကျာ်းလေးများဘက်၌ သူနှင့်တိုက်ခိုက်မည့်လူ မည်သူမှ မရှိတော့ပေ။

ရှားဟောက်ချန်းနှင့် ကျောက်ချီဖုန်းတို့ကဲ့သို့ ထိပ်တန်းပါရမီရှင်များကပင် သူနှင့် မတိုက်ခိုက်ချင်ကြပေ။

သူသည် ထိုလူများက သွေးကြောမှတ် ၁၅ခုထပ် ပိုဖွင့်ထားသည်ဆိုသည်ကို သတိပြုမိနေခဲ့သည်၊ အထူးသဖြင့် သွေးကြောမှတ် အခု၂၀ ဖွင့်ထားသော ရှားဟောက်ချန်း ဖြစ်သည်။

သို့သော် ထိုလူများကပင် သူနှင့် မတိုက်ချင်ကြပေ။

ရှုကျိုးသည် ထိုကဲ့သို့ ဖြစ်နေရခြင်း၏ အကြောင်းပြချက်ကို သိနေခဲ့သည်။

“ ပေါ်မလာသေးတဲ့ စက်ရုပ် ၃၀၀ ရှိနေသေးတယ် “ ရှုကျိုးသည် သူ၏ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့သည် “ ဒီလူတွေ အကုန်လုံးက သူတို့ရဲ့ ခွန်အားတွေကို ချွေတာနေကြတာ “

“ အစ်ကိုရေ “ နောက်ဘက်ရှိ လီတျယ်သည် သူ့ကို လိုက်မှီလာခဲ့ကာ ပြောလာခဲ့သည် “ ဆက်လုပ်ဦးမှာလား? “

လီတျယ်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အရိုးသားဆုံး ပြောရမည်ဆိုပါက သူသည် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်သို့ ရောက်လာခဲ့စဥ်အချိန်က ပထမနေရာကို ရလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မမျှော်မှန်းထားခဲ့ဖူးချေ။

ထို့အစား ၎င်းသည် အလွယ်တကူ ဖြစ်ပေါ်လာခဲ့သည်။

သူဌေးကြီးတစ်ဦး၏ နောက်သို့ လိုက်နေရသည့် ခံစားချက်ကား အမှန်ပင် ကောင်းမွန်လွန်းလှသည်။

လီတျယ်၏ စကားကိုကြားလိုက်ရသောအခါတွင် ရှုကျိုးသည် တစ်ခဏခန့် တွေးတောနေခဲ့ကာ စကားပြောရန် ပြင်လိုက်သည်။

“ ဝှီ ဝှီ ဝှီ “

ရုတ်တရက်ဆိုသလိုပင် လေတိုးသံများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် မကြာခင်မှာပင် များပြားသော အရိပ်များသည် တိုက်ပွဲကွင်းပြင်၏ အလယ်ဗဟိုတွင် ပေါ်ထွက်လာခဲ့သည်။

ရှုကျိုး၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည် “ ကျန်နေတဲ့ စက်ရုပ် အခု၃၀၀ ပေါ်လာပြီပဲ “

“ အကဲဖြတ်မှုက ဆယ်မိနစ်ပဲ ကျန်တော့တယ် !! “

ကောင်းကင်ယံမှ ကျိုးရှုယွင်သည် အေးစက်စွာ အော်ပြောလာခဲ့သည်။

………………………………………………………………………………………………………………….

All Chapters