← Chapters

လီရို့ရှီ၏ ထူးခြားသော စွမ်းရည်၊ အစစ်အမှန် သိုင်းပညာဌာန၏ လျှို့ဝှက်ချက်များ ၃

Vol. 9 Ch. 129

လီရို့ရှီ၏ ထူးခြားသော စွမ်းရည်၊ အစစ်အမှန် သိုင်းပညာဌာန၏ လျှို့ဝှက်ချက်များ ၃

Vol. 9 Ch. 129

ထိုအချိန်တွင် တစ်ချို့သော ကျောင်းသူကျောင်းသား အသစ်များကလည်း အကျိုးပြုအမှတ်များ လာရောက်စုဆောင်းနေလျက်ရှိသည်။

ကျောင်းသူကျောင်းသား အသစ်များအပြင် ပြန်ရောက်လာကြသော စီနီယာ ကျောင်းသားကျောင်းသူများနှင့် နည်းပြဆရာ၊ ဆရာမများပါ ရှိနေခဲ့သည်။

ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရှိ လူများသည် ဤနေရာတွင် ကျင့်ကြံရေး အရင်းအမြစ်များ လှဲလှယ်နိုင်မည် ဖြစ်သည်။

ရှုကျိုးနှင့် လီတျယ်တို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် သူတို့သည် လူအုပ်ကြီး၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။

“ အဲ့တာက ထိပ်တန်းကျောင်းသား အသစ်လေးပဲ “

“ အတော်လေး ချောတယ်လေ၊ ဟုတ်တယ်မလား? ဒီနှစ်ထိပ်တန်းကျောင်းသား အသစ်တွေက မိသားစုကြီးတွေရဲ့ တိုက်ရိုက်မျိုးဆက်တွေ မဟုတ်တဲ့ပုံပဲ “

လူတိုင်း ဆွေးနွေးပြောဆိုနေကြသည်။

ရှုကျိုးကား တည်တည်ငြိမ်ငြိမ်သာ ရှိနေခဲ့သည်၊ သို့သော် လီတျယ်ကမူ အနည်းငယ် စိတ်တိုသွားခဲ့သည်။

ငါကလည်း ထိပ်တန်း ကျောင်းသားပဲလေ၊ ငါ့ကိုရော ဘာလို့ အာရုံမစိုက်ကြရတာလဲ?

လူတိုင်းက ရှုကျိုးကိုပဲ အာရုံစိုက်နေကြတယ်။

သူက ပိုချောနေလို့လား?

ရုပ်ချောတာက အဲ့လောက် အထင်ကြီးဖို့ ကောင်းလို့လားဟ?

လီတျယ်သည် အနည်းငယ် မနာလို ဖြစ်သွားခဲ့သည်၊ သို့သော် သူသည် လူအများ၏ အာရုံများကို ဆွဲဆောင်နိုင်ခြင်းက ကောင်းသော အရာမဟုတ်ဘူးဆိုသည်ကို လျင်မြန်စွာ နားလည်သွားခဲ့သည်။

“ သူက အစစ်အမှန် သိုင်းပညာဌာနကို ဝင်သွားတာက နှမြောစရာပဲ “

“ မကြာခင်မှာပဲ လျူမိသားစုက လူတွေက သူ့ကို ပြဿနာ လာရှာကြတော့မှာ “

သတင်းအချက်အလက် စုံလင်သည့် ကျောင်းသားကျောင်းသူတစ်ချို့မှ တီးတိုးပြောဆိုနေလျက်ရှိသည်။

သူတို့သည် အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာနကြားရှိ ပဋိပက္ခကို သတိပြုမိထားကြသည်။

ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရှိ လူအများစုသည် ၎င်းကို သတိမပြုမိကြပေ၊ နတ်သိုင်းဌာနမှ တစ်ချို့သော ပါရမီရှင်များကသာလျှင် အတွင်းပိုင်း ဇာတ်လမ်း အနည်းငယ်ကို သိထားကြသည်။

ထိုအချိန်တွင် လူတစ်ချို့သည် ဆော့ကစားလို‌သော အမူအရာများဖြင့် ရှုကျိုးကို ကြည့်နေလျက်ရှိသည်။

…

ရှုကျိုးသည် ထိုလူများ၏ အကြည့်ကို လျစ်လျူရှုထားကာ၊ လူတန်းထဲတွင် တိတ်တဆိတ် တန်းစီနေခဲ့သည်။

မကြာခင်မှာပင် သူတို့အလှည့်သို့ ရောက်ရှိလာခဲ့သည်။

“ အခန်းကဒ် ပေးပါ “ သက်လတ်ပိုင်းလူကြီးသည် မော့မကြည့်ဘဲ ပြောလာခဲ့သည်။

ရှုကျိုးနှင့် လီတျယ်တို့သည် သူတို့၏ အခန်းကဒ်များကို အမြန် လွှဲပေးလိုက်သည်။

သက်လတ်ပိုင်း လူကြီးသည် အခန်းကဒ်များကို ယူကာ အနီးအနားရှိ စက်တစ်ခုထဲသို့ ထည့်လိုက်ပြီး ထို့နောက်တွင် ကွန်ပျူတာကို ကြည့်လိုက်သည်။

“ လီတျယ်၊ ကျောင်းသား နံပါတ် ၂၁၇၅၆၃၊ အကျိုးပြုအမှတ် …… “

သူသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်၊ ထို့နောက်တွင် အံ့ဩတကြီးဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ အကျိုးပြုအမှတ် ၁၈၆မှတ်လား? “

“ ၁၈၆မှတ်လား? “ ရှုကျိုးမှာလည်း အနည်းငယ် အံ့ဩသွားခဲ့သည်။

ဌာနမှူးရဲ့ ရှင်းပြချက်အရ အဖွဲ့တစ်ဖွဲ့ကို ရှင်းထုတ်နိုင်မယ်ဆိုရင် အကျိုးပြုအမှတ် ၁မှတ်ရမှာလေ။

ငါတို့က ၃၆ဖွဲ့ကို ဖယ်ထုတ်ခဲ့တာလေ၊ အဲ့တော့ ၁၃၆မှတ်ပဲ ဖြစ်သင့်တာမဟုတ်ဘူးလား?

၁၈၆မှတ်လား?

အပို ၅၀က ဘယ်ကနေ ရောက်လာတာလဲ?

သူ အံ့ဩသွားခဲ့သည်၊ သို့သော် သက်လတ်ပိုင်း လူကြီးသည် ပို၍ပင် အံ့အားသင့်နေခဲ့သည်။

သူသည် လီတျယ်ကို မော့ကြည့်ကာ စကားပြောလာခဲ့သည် “ မင်းက ဒီနှစ်ရဲ့ ထိပ်တန်းကျောင်းသား အသစ်လား? “

လီတျယ်သည် ချောင်းဟန့်၍ ရှုကျိုးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည် “ ကြိုးစားအားထုတ်မှု အများစုကတော့ ကျွန်တော့်ရဲ့ အသင်းဖော်က လုပ်ခဲ့တာပါ “

၎င်းကို ကြားလိုက်ရသောအခါတွင် သက်လတ်ပိုင်း လူကြီးသည် ရှုကျိုး၏ အခန်းကဒ်ကို စက်ထဲသို့ အမြန် ထိုးထည့်လိုက်သည်။

“ ရှုကျိုး …….. “ သက်လတ်ပိုင်း လူကြီးသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောလာခဲ့သည် “ အံ့ဩစရာ မရှိတော့ပါဘူး၊ ဒီနှစ် ကျောင်းသားကျောင်းသူအသစ်တွေရဲ့ ဘုရင်အသစ်လား? “

ရှုကျိုးသည် ထိုဆရာက သူ၏အမည်ကို ကြားဖူးနေလိမ့်မည်ဟု မထင်ထားသောကြောင့် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

သက်လတ်ပိုင်း လူကြီးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်း၍ ချီးကျူးလာခဲ့သည် “ မဆိုးပါဘူး၊ ၁၈၆မှတ်၊ အဲ့တာက အရင်နှစ်တွေက ထိပ်တန်းကျောင်းသားကျောင်းသူ တော်တော်များများထပ် သာတယ် “

ယခင်နှစ်များက လူသစ်အကဲဖြတ်မှု စာမေးပွဲများတွင် အပိုအမှတ်များသည် သေချာသော စည်းမျဥ်းစည်းကမ်းများအောက်မှ ပေးအပ်ခြင်း ဖြစ်သည်။

သို့သော် ၁၈၆မှတ်အထိ ရောက်ခြင်းကား အတော်လေး ရှားပါးလွန်းခဲ့သည်။

သူ့အရှေ့ရှိ ကျောင်းသားလေးမှာ အတော်လေး ထူးချွန်ထက်မြက်နေမည်ဟု သူမှန်းဆမိနေခဲ့သည်။

ရှုကျိုးသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေးမြန်းလိုက်သည် “ ဆရာ၊ အပိုအမှတ် ၅၀က ဘာလို့ ရှိနေရတာလဲဗျ? “

“ ကျောင်းသူကျောင်းသား အသစ်တိုင်းက အကျိုးပြုအမှတ် ၅၀ကို ဆုကြေးအဖြစ် ရတယ်လေ “ သက်လတ်ပိုင်းလူကြီး၏ သဘောထားသည် သိသိသာသာ ကောင်းမွန်လာခဲ့သည်။

ရှုကျိုး နားလည် သဘောပေါက်သွားပြီ ဖြစ်သည်။

အကယ်၍ စာမေးပွဲ ကျရှုံးမည်ဆိုပါက အကျိုးပြုအမှတ် ၅၀အနှုတ်ခံရမည် ဖြစ်သည်၊ ၎င်းမှာ ဆုကြေး အမှတ် ၅၀ကို ဖယ်ရှားလိုက်ခြင်းပင် ဖြစ်သည်။

၎င်းမှာ ကျောင်းကို အကြွေးတင်ထားသည်ဟု ဆိုလိုမနေဘဲ၊ သူတို့က တစ်ခြားလူများထပ် လျော့နည်းသည့် အမှတ်ဖြင့် ကျောင်းစတက်ရမည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

မကြာခင်မှာပင် လီတျယ်သည် သူ၏အမှတ် ၁၈၆မှတ်ကို ရရှိသွားခဲ့သည်။

ရှုကျိုးသည် သက်လတ်ပိုင်း လူကြီးကို ကြည့်ကာ မေးမြန်းလိုက်သည် “ ကျွန်တော်တို့က အကျိုးပြုအမှတ်တွေနဲ့ ဘာတွေကို လဲလှယ်လို့ရလဲဗျ? “

“ ရွေးချယ်စရာ အများကြီး ရှိတာပေါ့ “ သက်လတ်ပိုင်း လူကြီးသည် ပြုံးပြ၍ ပြောလာခဲ့သည် “ အကျိုးပြုအမှတ်တွေက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ တစ်ခုတည်းသော ငွေကြေးပဲ “

“ မင်းက အဲ့တာကို အဆင့်မြင့် ကျင့်ကြံရေး ဆေးရည်၊ သားရဲအူတိုင်တွေလိုမျိုး ကျင့်ကြံရေး အရင်းအမြစ်တွေအတွက် လဲလှယ်လို့ရတယ် “

“ လက်နက်တွေ၊ ချပ်ဝတ်တန်တာတွေနဲ့ တစ်ခြားအရာတွေအတွက်လည်း လဲလို့ရတယ်။ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှာ ရှိနေသရွေ့ မင်းအလိုရှိတဲ့ အရာအများစုကို လဲလှယ်လို့ရတယ် “

“ တကယ်လို့ မင်းမှာသာ အကျိုးပြုအမှတ် အလုံအလောက် ရှိနေမယ်ဆိုရင်၊ မင်းရဲ့ တာဝန်တွေ ပြီးမြောက်အောင် ကူညီပေးဖို့အတွက် စီနီယာတွေ ဒါမှမဟုတ် နည်းပြဆရာ၊ ဆရာမတွေကိုတောင် ငှားလို့ရတယ် “

သက်လတ်ပိုင်းလူကြီးမှ ပြုံးပြ၍ ပြောလာခဲ့သည် “ တိုတိုတုတ်တုတ် ပြောရရင်တော့ အကျိုးပြုအမှတ်ဆိုတာက သိုင်းပညာ တက္ကသိုလ်က အဖွဲ့ဝင်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အဖိုးတန် အရာတစ်ခုပဲ “

ရှုကျိုးသည် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည်။

အကျိုးပြု အမှတ်တွေနဲ့ဆိုရင် နည်းပြဆရာ၊ ဆရာမတွေကိုတောင် အကူအညီ တောင်းလို့ရတာလားဟ?

သူသည် အဆိုပါ နည်းပြဆရာ၊ ဆရာများက အနိမ့်ဆုံးအနေဖြင့် ပဥ္စမအဆင့် (သို့) ဆဌမအဆင့် ပညာရှင်များ ဖြစ်နေပြီဆိုသည်ကို သိနေခဲ့သည်။

ရှုကျိုး၏ အမြင်တွင် သူတို့သည် အင်အားကြီး အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ထိုကဲ့သို့သော လူများကို သူ့အတွက် အလုပ်များ ကူလုပ်ပေးခိုင်းနိုင်ခြင်းမှာ အံ့ဩဖွယ်ကောင်းလွန်းလှပေသည်။

“ ဒါပေါ့ “ သက်လတ်ပိုင်းလူကြီးမှ အပြုံးဖြင့် ပြောလာခဲ့သည် “ တကယ်လို့ နည်းပြဆရာ ဆရာမတွေကို အကူအညီတောင်းချင်တယ်ဆိုရင်၊ အနည်းဆုံးအနေနဲ့ အကျိုးပြုအမှတ် ၅၀၀၀လောက် ကုန်လိမ့်မယ် “

“ အကျိုးပြုအမှတ် ၅၀၀၀လား? “ ရှုကျိုး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

အကျိုးပြုမှတ် ၁မှတ်သည် ယွမ်၁သောင်းနှင့် ညီမျှသည်။ အကျိုးပြုအမှတ် ၅၀၀၀ဆိုသည်မှာ ယွမ်သန်း ၅၀ပင်ဖြစ်သည် !!

ရှုကျိုးသည် နည်းပြဆရာ (သို့) ဆရာမကို ငှားရမ်းကာ သူ့အတွက် လက်ဖက်ရည်နှင့် ရေနွေးကြမ်းတို့ကို ဖျော်ခိုင်းပြီး၊ ချမ်းသာကြွယ်ဝသည့် သခင်လေးကဲ့သို့သော ဘဝမျိုးကို ခံစားမည်ဟု တွေးနေခဲ့ခြင်းဖြစ်သည်။

သို့သော် ယခု၌ ၎င်းမှာ …………

မေ့လိုက်ပါတော့ကွာ !!

ဘေးတစ်ဖက်ရှိ လီတျယ်မှ မေးမြန်းလာခဲ့သည် “ ဆရာ၊ လဲလှယ်နိုင်မဲ့ ပစ္စည်းစာရင်းရှိလားဗျ? “

“ ရှိတယ် “ သက်လတ်ပိုင်း လူကြီးမှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ တက်ဘလက်ကို ထုတ်၍ မျက်နှာပြင်အား လေထဲသို့ တိုက်ရိုက် လွှင့်တင်လိုက်သည်။

( ပရောဂျက်တာ သဘောမျိုးပေါ့ဗျာ၊ ဖွင့်လာတာနဲ့ အလင်းတန်းတွေ ပေါ်လာပြီး ကိုယ်ကြည့်ချင်တာကို ကျယ်ကျယ်ဝန်းဝန်း ကြီးကြီးမားမား ကြည့်လို့ရတာမျိုးပါ )

[ အဆင့်မြင့် ကျင့်ကြံရေး ဆေးရည် : တစ်ပုလင်းလျှင် အကျိုးပြုအမှတ် ၈မှတ် ]

[ ပထမအဆင့် အဆင့်၄ သားရဲအူတိုင် : တစ်ခုလျှင် အကျိုးပြုအမှတ် ၁မှတ် ]

[ ပထမအဆင့် အဆင့်၅ သားရဲအူတိုင် : တစ်ခုလျှင် အကျိုးပြုအမှတ် ၃မှတ် ]

[ ပထမအဆင့် အဆင့်၆ သားရဲအူတိုင် : တစ်ခုလျှင် အကျိုးပြုအမှတ် ၆မှတ် ]

…

[ Eအဆင့် ၄၀၀အမျိုးအစား တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ : အကျိုးပြုအမှတ် ၈၀ ]

[ Eအဆင့် ၅၀၀အမျိုးအစား တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ : အကျိုးပြုအမှတ် ၁၀၀ ]

…

[ Eအဆင့် ၄၀၀အမျိုးအစား လက်နက် : အကျိုးပြုအမှတ် ၆၀ ]

[ Eအဆင့် ၅၀၀အမျိုးအစား လက်နက် : အကျိုးပြုအမှတ် ၈၀ ]

…

လဲလှယ်နိုင်သည့် စာရင်းဇယားသည် အလွန်ကြီးမား ကျယ်ပြန့်နေခဲ့ပြီး ရှုကျိုးနှင့် လီတျယ်တို့သည် ပစ္စည်း တော်တော်များများကို မြင်တွေ့သွားကြသည်။

မကြာခင်မှာပင် ရှုကျိုးသည် တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့သည် “ အဆင်မြင့် ကျင့်ကြံဆေးရည် တစ်ပုလင်းကို အကျိုးပြုအမှတ် ၈မှတ်ပေးရတာလား? “

၎င်းမှာ ယွမ် ၈သောင်း ဖြစ်သည်။

………………………………………………………………………………………………………………

All Chapters