ရှေ့ဆက်လျှောက်ရန် ကံပါသည့် ဦးဆောင်လမ်းဖောက်သူများ !!
Vol. 9 Ch. 135
ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်တွင် စုစုပေါင်းအနေဖြင့် အဓိက ဌာနကြီး လေးခုရှိသည်။
နတ်သိုင်းဌာန၊ အစစ်အမှန် သိုင်းပညာဌာန၊ သားရဲထိန်းချုပ် ဌာနနှင့် အထူးပြုဌာနတို့ပင် ဖြစ်သည်။
ဌာနကြီး လေးခုထဲမှ တစ်ခုဖြစ်သည့် အစစ်အမှန် သိုင်းပညာဌာနသည် ဟတ်တာ ၅၀၀ ကျယ်ဝန်းသည်။
အတေးမှ လှမ်းကြည့်လိုက်မည်ဆိုပါက ထူးခြားသော စွမ်းအင်များ ထုတ်လွှင့်နေသည့် မြေပြင်ပေါ်မှ ထိုးထွက်နေသည့် အနက်ရောင် ဓားပုံသဏ္ဍာန် အဆောက်အအုံတစ်ခုကို မြင်တွေ့ရမည် ဖြစ်သည်။
ဤနေရာသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ဧည့်ကြိုခန်းမဆီသို့ တန်းသွားလိုက်သည်။
ကောင်တာရှိ အကြီးအကဲတစ်ဦးသည် ရှုကျိုး၏ အထောက်အထားကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ပြောပြလာခဲ့သည် “ မင်းရဲ့ နည်းပြဆရာက ပညာရှင် လျူချင်းယွမ်ပဲ၊ တိုက်နံပါတ် ၅မှာရှိတယ်၊ ဒါက မင်းရဲ့ တံဆိပ်ပြား “
ရှုကျိုးသည် ၎င်းကို အမြန်ယူလိုက်သည်။
ယခင်က တံဆိပ်ပြားကဲ့သို့ပင် အရှေ့ဘက်တွင် အစစ်အမှန် သိုင်းပညာဆိုသည့် စကားလုံးရှိနေခဲ့ကာ နောက်ဘက်တွင် အမှန်တရားကို ရှာဖွေခြင်းဆိုသည့် စာသားရှိနေခဲ့သည်။
“ ဒီတံဆိပ်ပြားက တော်တော်လေး အရေးကြီးတယ် “ အကြီးအကဲမှ သတိပေးလာခဲ့သည် “ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနရဲ့ အမှတ်အသားတစ်ခုပဲ။ ဒီတံဆိပ်ပြားကို ကိုင်ထားတာက မင်းက အစစ်အမှန် သိုင်းပညာဌာနဲ့ သက်ဆိုင်တယ်လို့ ဆိုလိုနေတာပဲ ”
“ နောင်အနာဂတ်မှာ ကျောင်းပြင်ပကို ရောက်နေတဲ့အချိန်ကျရင် ဒီတံဆိပ်ပြားကို ပြလိုက်တာနဲ့ ရန်ပြည်ထောင်မှာရှိတဲ့ အကျိုးအမြတ်နဲ့ အခွင့်အလမ်းအမျိုးမျိုးကို ခံစားရလိမ့်မယ် “
ရှုကျိုးမှ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည် “ ဘယ်လို အကျိုးအမြတ်တွေနဲ့ အခွင့်အလမ်းတွေလဲဗျ? “
အကြီးအကဲသည် အလေးအနက်ထား၍ ပြောပြလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနက ရန်ပြည်ထောင်ရဲ့ လျှို့ဝှက်ချက်ပဲ၊ ဆိုတော့ အဲ့တာရဲ့ ကျောင်းသူကျောင်းသားတွေကလည်း လျှို့ဝှက်ချက်တွေပဲ။ အဲ့လူတွေကို နိုင်ငံတော်က အဓိကထား ကာကွယ်ပေးမှာ “
“ ဥပမာအနေနဲ့ဆိုရင် ကျန်းမာရေး၊ ပညာရေး အဲ့လို ကဏ္ဍမျိုးတွေမှာ သာမန်လူတွေနဲ့ မတူတဲ့ ရက်ရောတဲ့ အကျိုးအမြတ်တွေ ရလိမ့်မယ် “
“ ဘွဲ့ရပြီးတဲ့နောက်မှာ မင်းရဲ့ အလုပ်က ဘယ်လိုအလုပ်ပဲဖြစ်နေဖြစ်နေ လစာများများ ရလိမ့်မယ် “
ရှုကျိုး၏ စိတ်နှလုံးသား အနည်းငယ် လှုပ်ခတ်သွားခဲ့ကာ ပြောလိုက်သည် “ ကျွန်တော်က ကျွန်တော့်ရဲ့နေရာမှာ တံဆိပ်ပြားတစ်ခု ရှာတွေ့ခဲ့ပါတယ်။ အဲ့တာက စီနီယာတစ်ယောက်ယောက်က ကျန်နေခဲ့တာလား မသိဘူး? “
အကြီးအကဲကြီးသည် အနည်းငယ် မှင်သက်သွားခဲ့ပြီး၊ ထို့နောက်တွင် ခေါင်းခါပြ၍ ပြောလာခဲ့သည် “ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနက ထွက်သွားတဲ့ လူပဲဖြစ်သင့်တယ်။ မနက်ဖြန်ကျရင် အဲ့တာကို ငါ့ဆီကို ယူလာခဲ့ပေး “
“ အစစ်အမှန် သိုင်းပညာဌာနကနေ ထွက်သွားတာလား? “ ရှုကျိုးမှာလည်း မှင်သက်သွားခဲ့သည်။
ကျောင်းထွက်သွားတာလားဟ?
အကြီးအကဲသည် ထိုကိစ္စနှင့် ပတ်သက်သည့် မည်သည့်အရာကိုမှ ထပ်မပြောလာတော့ဘဲ ပြုံးပြလာခဲ့သည် “ ကောင်းပြီလေ၊ မင်းက သတင်းသွားပို့သင့်နေပြီ၊ ပညာရှင်လျူက မင်းကို စောင့်နေလောက်တယ် “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ အကြီးအကဲကို နှုတ်ဆက်ကာ ထွက်သွားတော့သည်။
ရှုကျိုးထွက်သွားသည့်နောက်တွင်
အကြီးအကဲသည် တံခါးအပြင်ဘက်ကို ကြည့်ကာ ငြင်သာစွာ သက်ပြင်းချနေတော့သည် “ လူသစ်ဘုရင်လား? ဒီတစ်ခါမှာလည်း သူတို့က ဒီနေရာမှာ ဘယ်လောက်ကြာကြာ နေနိုင်မလဲ မသိဘူး? “
“ အစစ်အမှန် သိုင်းပညာဌာနက ပိုပိုပြီးတော့ ကျရှုံးလာပြီ “
ဧည့်ခန်းမကို ကြည့်နေရင်းဖြင့် အကြီးအကဲကြီး၏ မျက်လုံးများထဲတွင် အထီးကျန်နေသည့် အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
အတိတ်တစ်ချိန်က ဤနေရာသည် လူအများဖြင့် စည်ကားသိုက်မြိုက်နေခဲ့ဖူးသည်။
…
ဧည့်ခန်းမထဲမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် အစစ်အမှန် သိုင်းပညာဌာနထဲသို့ တရားဝင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
အတွင်းဘက်ရှိ အဆောက်အဦးအများစုသည် ခရမ်းနက်ရောင် ဖြစ်နေခဲ့ပြီး၊ ပြတင်းပေါက်နှင့် တံခါးများကို အလုံပိတ်ထားကြကာ လုံးဝတိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ရှုကျိုးမှာလည်း ၎င်းကို ခံစားမိနေခဲ့သည်။
တော်တော်ကြီးကို တိတ်ဆိတ် ငြိမ်သက်နေတာပဲဟ။
တစ်နေရာလုံးက တကယ်ကြီးကို တိတ်ဆိတ်နေတာပဲ !!
“ အဲ့ဒီ အဆောက်အဦးတွေထဲမှာ ဘာတွေ ဖွက်ထားတာများလဲ? “ ရှုကျိုးသည် အနည်းငယ် သိချင်သွားခဲ့သည်။
သူသည် အဆိုပါ အဆောက်အဦးများထဲတွင် လျှို့ဝှက်ချက်များစွာ ရှိနေမည်ဟု ခံစားမိနေခဲ့သည်။
သို့ရာတွင် သူသည် သတင်းပို့ရဦးမည် ဖြစ်သောကြောင့် ထိုကဲ့သို့ ပြုလုပ်ရန် အချိန်ရမည် မဟုတ်ပေ။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌
ရှုကျိုးသည် အကြီးအကဲ၏ လမ်းညွှန်ချက်အတိုင်း လျှောက်လာခဲ့ပြီး၊ တိုက်နံပါတ် ၅ဆီသို့ ရောက်ရှိလာခဲ့သည်။
ဝင်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ဤအဆောက်အဦးကလည်း လွန်စွာ တိတ်ဆိတ်နေသည်ကို သိရှိသွားခဲ့သည်။
မြေညီထပ်တစ်ခုလုံးတွင် အရိပ်တစ်ခုတစ်လေပင် မရှိချေ။
ဒုတိယအထပ်သို့ ရောက်လာခဲ့သောအခါ၌ ရှုကျိုးသည် ကျယ်ဝန်းသော အခန်းထဲရှိ ကျောင်းသူကျောင်းသားတစ်ချို့ကို စတင်၍ မြင်တွေ့လာခဲ့ရသည်။
ရှားဟောက်ချန်း၊ ရှားရှီယောက်နှင့် ကျန်းလန်တို့အားလုံး ရောက်ရှိနေကြပြီ ဖြစ်ပြီး၊ လေ့ကျင့်ရေး အခန်းထဲတွင် တိတ်တဆိတ် ထိုင်နေလျက်ရှိသည်။
သိပ်မဝေးသော နေရာ၌ စီနီယာကျောင်းသူကျောင်းသားများဟု ယူဆရသည့် လူတစ်ချို့လည်း ရှိနေခဲ့သည်။
သို့ရာ၌ ထိုအချိန်တွင် ထိုလူများ၏ အမူအရာများသည် အနည်းငယ် မှုန်ကုပ်နေကြသည်။
“ အာ၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ သနားဖို့ကောင်းတဲ့ နေ့ရက်တွေက ပိုပိုပြီးတော့ ခက်ခဲလာတာပဲ “
“ မစ်ရှင်တွေ၊ အကျိုးပြု အမှတ်တွေ မရှိဘူးဆိုရင်၊ ငါတို့က ဘယ်လိုလုပ် ကျင့်ကြံရတော့မှာလဲ? “
“ အဲ့ဒီ သောက်ကျိုးနည်း နတ်သိုင်းဌာနကကောင်တွေ၊ ငါ တတိယအဆင့် ရောက်သွားတဲ့အချိန်အထိ စောင့်နေလိုက်ကြ၊ မင်းတို့ကို ဆုံးမပေးမယ် “
“ တတိယအဆင့်ကို ထိုးဖောက်မှာလား? ချင်ဖုန်းကတောင် ဒုတိယအဆင့် အထွတ်အထိပ်မှာ ပိတ်မိနေတာလေ၊ မင်းက ထိုးဖောက်နိုင်မယ်လို့ ထင်နေတာလား? “
“ အမှန်ပဲ၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ လမ်းကြောင်းက တော်တော်ကြီးကို ခက်တယ်ကွာ၊ ငါတို့က ရှေ့ဆက်လုပ်နိုင်ပါ့မလားဟ? “
“ ငါတို့က ဆက်ပြီးတော့ တောင့်ခံထားသင့်လား? ငါက အစစ်အမှန် သိုင်းပညာဌာနကနေ ထွက်ဖို့ စဥ်းစားနေတာ …… “
တစ်ချို့သော တီးတိုးပြောဆိုမှုများသည် သူ၏နားအတွင်းသို့ ရောက်ရှိလာခဲ့သည်။
ရှုကျိုးသည် လေ့ကျင့်ရေး အခန်းဘက်သို့ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူတို့တွေက စီနီယာတွေထင်တယ်၊ သူတို့ရဲ့ ပုံစံတွေကို ကြည့်ရတာတော့ အခြေအနေ သိပ်မကောင်းတဲ့ပုံပဲ။
မလှမ်းမကမ်းရှိ ရှားဟောက်ချန်းနှင့် တစ်ခြားလူများသည် ထိုစကားများကို ကြားသွားကာ အမူအရာများ ဆက်တိုက် ပြောင်းလဲသွားခဲ့သည်။
အစစ်အမှန် သိုင်းပညာဌာနမှ သူတို့ကို ပေးလာခဲ့သော အထင်အမြင်များသည် သူတို့တွေးထင်ထားသလောက် ကောင်းမွန်မနေခဲ့ပေ။
“ မင်းကရော ဒီရောက်နေတာလား? “
ထိုအချိန်တွင် အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရှုကျိမှ သူ၏ခေါင်းကိုလှည့်ကြည့်ကာ ပြောလိုက်သည် “ စီနီယာအစ်ကိုချင် “
ချင်ဖုန်းသည် ရှုကျိုးကို ကြည့်ကာ ပြောလာခဲ့သည် “ မင်းက လျူမိသားစုရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်တာလား? “
“ စီနီယာ အစ်ကိုချင်က သိပြီးသွားပြီလား? “ ရှုကျိုး အနည်းငယ် အံ့ဩသွားခဲ့သည်။
“ နတ်သိုင်းဌာနက တာဝန်တစ်ခု ထုတ်ပေးလာခဲ့တယ် “ ချင်ဖုန်းမှ ပွင့်ပွင့်လင်းလင်း ပြောဆိုလာခဲ့သည် “ မင်းကို အနိုင်တိုက်နိုင်ရင် ဆုလဒ်အဖြစ် အကျိုးပြုအမှတ် ၃၀ပေးမယ်တဲ့ “
ရှုကျိုး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
နတ်သိုင်းဌာနက အဲ့လောက်တောင် ချမ်းသာနေတာလားဟ?
“ အစစ်အမှန် သိုင်းပညာဌာနမှာရော အဲ့လိုမျိုး တာဝန်တွေ ရှိလား? “ ရှုကျိုးသည် မျှော်လင့်ချက်များဖြင့် မေးမြန်းလိုက်သည်။
ချင်ဖုန်းမှ ခေါင်းငြိမ့်ပြ၍ ပြောလာခဲ့သည် “ ရှိတယ်၊ ဒါပင်မဲ့ အဲ့တာတွေ အကုန်လုံးက အဆင့်မြင့် မစ်ရှင်တွေချည်းပဲ “
“ အဆင့်တူ တစ်ခုမှ မရှိဘူးလား? “
“ မရှိဘူး “ ချင်ဖုန်းမှ ပြောပြလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ ကျောင်းသူကျောင်းသားတွေက အဆင့်တူမှာ ပြိုင်ဘက်ကင်းတယ်၊ အဆင့်ပိုမြင့်တဲ့ လူတွေကို တိုက်ခိုက်တာကမှ မစ်ရှင်ပဲ “
“ အဆင့်တူမှာ ပြိုင်ဘက်ကင်းတာလား? “ ရှုကျိုး အံ့ဩတုန်လှုပ်သွားခဲ့သည်။
တကယ်လို့ သူတို့က အဲ့လောက်တောင် သန်မာအားကောင်းတယ်ဆိုရင်၊ နတ်သိုင်းဌာနက ဖိနှိပ်တာကို ဘာလို့ ခံနေရတာလဲ?
ချင်ဖုန်းသည် ထိုအကြောင်းအရာကို ဆက်မပြောလာခဲ့ဘဲ အရင်က အကြောင်းအရာကိုသာ ပြန်ပြောလာခဲ့သည် “ မင်းက ကျောင်းကို အခုမှ ရောက်လာပြီးတော့ ပထမအဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့ လူတစ်ယောက်နဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲတောင် လုပ်နေပြီပေါ့၊ အဲ့တာက ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးနော် “
“ မင်းမှာ ယုံကြည်ချက်ရှိလား? “
“ အခုတော့ မရှိဘူး၊ နောက်တစ်လဆိုရင်တော့ ရှိကောင်းရှိလာနိုင်တယ် “ ဟုရှုကျိုးမှ ပြန်ဖြေလိုက်သည်။
“ မရှုံးစေနဲ့ “ ချင်ဖုန်းသည် ခေါင်းငြိမ့်ပြ၍ အေးအေးလူလူ ပြောလာခဲ့သည် “ အပြင်မှာ ရပ်မနေနဲ့ အထဲကို လာခဲ့ “
ထို့နောက်တွင် သူသည် လေ့ကျင့်ရေး အခန်းထဲသို့ ဝင်သွားတော့သည်။
ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ နောက်မှ အမြန်လိုက်သွားတော့သည်။
…………………………………………………………………………………………………………….