မေးခွန်းထုတ်စရာ မလိုသော နံပါတ် ၁ !! ၂
Vol. 9 Ch. 124
ဆန့်ကျင်ဘက် အနေဖြင့် သူတို့အားလုံးသည် ခေါင်းများကို မြင့်မြင့်မော့ထားကြသည်။
အကဲဖြတ်မှုကို အောင်မြင်ထားခဲ့ပြီဖြစ်သောကြောင့် ခေါင်းမော့ထားသည်မှာလည်း သဘာဝကျလှပေသည်။
…
မကြာခင်မှာပင် ကျောင်းသူကျောင်းသားအားလုံး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
စင်ပေါ်၌ ကျိုးရှုယွင်၊ လျူချင်းယွမ်၊ ကျောင်းခုန်းစုန့်နှင့် တစ်ခြားလူများသည် အမူအရာကင်းမဲ့နေသော မျက်နှာထားများဖြင့် ကျောင်းသူကျောင်းသား အသစ်များကို ကြည့်နေခဲ့သည်။
အားလုံး စုံသွားသည့်နောက်တွင် ကျိုးရှုယွင်မှ တည်တည်ငြိမ်ငြိမ် ပြောဆိုလာခဲ့သည် “ တကယ်လို့ အသင်းဖော်တွေက ဖယ်ရှားခံလိုက်ရမယ်ဆိုရင်၊ အဲ့တာကို စာမေးပွဲ မအောင်မြင်ဘူးလို့ သတ်မှတ်တယ်၊ အကျိုးပြုမှတ် အမှတ်၅၀ အနှုတ်ခံရမယ် “
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် အဖွဲ့သားများကို စွန့်ပစ်ခဲ့ကြသည့် လူများ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
အသင်းဖော်တွေ အထုတ်ခံလိုက်ရတာက စာမေးပွဲ မအောင်ဘူးလား?
ပြီးတော့ အမှတ် ၅၀ပါ အလျှော့ခံရဦးမယ်ပေါ့?
စာမေးပွဲကျတာအတွက်ပါ အမှတ် ၅၀ပေးရမယ်ဆိုတော့၊ အမှတ် ၁၀၀တောင် အကြွေးတင်နေပြီပေါ့?
၁သန်း !!
ငါတို့က ကျောင်းကို ရောက်ခါလာစပဲရှိသေးတယ်လေ၊ အကြွေး ၁သန်း တင်နေပြီလား?
ရှုကျိုးပင် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်၊ ဌာနမှူးရဲ့ လုပ်ရပ်တွေက မကြမ်းလွန်းဘူးလားဟ?
လူအုပ်ထဲရှိ ကျောက်ချီဖုန်း၏ အမူအရာသည် အလွန်ရုပ်ဆိုးသွားခဲ့သည်၊ သူသည် မိသားစုကြီးတစ်ခု၏ တိုက်ရိုက်မျိုးဆက်တစ်ခုဖြစ်သော်လည်း ငွေကို ထိုကဲ့သို့ မသုံးစွဲနိုင်ပေ။
“ ဌာနမှူး !! “
အဆုံးတွင် ကျောက်ချီဖုန်းသည် မနေနိုင်တော့ဘဲ အော်ပြောလာခဲ့သည် “ အရင်က စာမေးပွဲတွေမှာ အဖွဲ့သားတစ်ယောက်က အောင်ရင် တစ်ဖွဲ့လုံး အောင်တယ်လို့ သတ်မှတ်ခဲ့တယ်လေ။ ဒီတစ်ခါမှ ဘာလို့ ပြောင်းလဲသွားရတာလဲဗျ? “
“ ဒီတစ်ခါ စည်းမျဥ်းစည်းကမ်းတွေက အရင်တုန်းကနဲ့ တူနေလိမ့်မယ်လို့ မင်းကို ဘယ်သူက ပြောတာလဲ? “
ကျိုးရှုယွင်သည် သူ့ကို ကြည့်ကာ အော်ငေါက်လာခဲ့သည်။
ကျောက်ချီဖုန်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ သူသည် မည်သည့်စကားမှ ထပ်မပြောတော့ပေ။
စာမေးပွဲ စည်းမျဥ်းစည်းကမ်းများကို ကျောင်းမှ ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ကျောင်းသူကျောင်းသားများသည် ၎င်းတို့ကို မေးခွန်းထုတ်ရန် အဆင့်မမှီပေ။
ဒါပင်မဲ့၊ ဒါပင်မဲ့ …..
ကျောက်ချီဖုန်းသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေလျက်ရှိသည်၊ သို့သော် သူသည် မည်ကဲ့သို့ စကားပြောရမလဲဆိုသည်ကို မသိပေ။
သူသာလျှင် မဟုတ်ဘဲ စာမေးပွဲမအောင်မြင်သည့် ကျောင်းသားကျောင်းသူ အကုန်လုံးသည် အံတကြိတ်ကြတ်ဖြင့် မပျော်မရွှင် ဖြစ်နေကြသည်။
“ လူတော်တော်များများက မကျေနပ်ဘူးဆိုတာကို ငါသိတယ် “
စင်ပေါ်ရှိ ဌာနမှူးသည် ထပ်မံ၍ စကားပြောလာခဲ့သည် “ ဒါပင်မဲ့ စည်းမျဥ်းစည်းကမ်းတွေ၊ အစောကြီးထဲက မင်းတို့က ငါသတိပေးခဲ့တယ်လေ “
“ စာမေးပွဲမစခင်ထဲက ငါပြောခဲ့ပါတယ် “
“ မင်းတို့က မင်းတို့ရဲ့အဖွဲ့သားတွေကို သေခြင်းရှင်ခြင်း ရဲဘော်ရဲဘက်တွေလို့ သဘောထားရမယ်လို့ “
ကျိုးရှုယွင်သည် ဒဏ်ရာကင်းမဲ့နေသည့် လူများကို ကြည့်၍ အေးစက်စွာ ပြောလိုက်သည် “ မင်းတို့ရဲဘော်ရဲဘက်တွေ အရိုက်ခံနေရတဲ့အချိန်မှာ မင်းတို့တွေက ဘာလုပ်နေခဲ့ကြလဲ? “
“ ထွက်ပြေးသွားကြတာလေ “
“ စစ်မြေပြင်မှာဆိုရင် အဲ့တာကို တပ်ပြေးလို့ခေါ်တယ် “
“ တပ်ပြေးတွေ ဘာဖြစ်လဲဆိုတာကို မင်းတို့ သိကြလား? “
“ တပ်ပြေးတွေက စစ်ခုံရုံးနဲ့ ရင်ဆိုင်ရတယ် “
ထိုအချိန်၌ ကျိုးရှုယွင်၏ လေသံသည် အလွန်တင်းမာနေခဲ့သည်။
သူသာလျှင် မဟုတ်ဘဲ လျူချင်းယွမ်၊ ကျောင်းခုန်းစုန့်နှင့် တစ်ခြားသော နည်းပြဆရာ၊ ဆရာမများမှာလည်း အမူအရာများ လေးနက်နေခဲ့သည်။
ကျိုးရှုယွင်၏ စကားများ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ကျောက်ချီဖုန်း အပါအဝင် အသင်းဖော်များကို စွန့်ပစ်ခဲ့ကြသည့် လူများသည် မျက်နှာများ နီမြန်းသွားခဲ့သည်။
တပ်ပြေးဟူသည့် ဂုဏ်ပုဒ်ကား လွန်စွာ ပြင်းထန်နေခဲ့ပြီ ဖြစ်သည်။
“ ဌာနမှူးခင်ဗျ “ ကျောင်းသားအသစ်တစ်ဦးသည် မနေနိုင်တော့ဘဲ စကားပြောလာခဲ့သည် “ ဒါက စာမေးပွဲလေးတစ်ခုပဲလေ၊ စစ်မြေပြင်မှ မဟုတ်တာ၊ အဲ့လောက်ကြီး လေးနက်ဖို့ လိုလို့လားဗျ? “
ကျိုးရှုယွင်သည် သူ့ကို ကြည့်ကာ ပြောလာခဲ့သည် “ ဒီနေ့စာမေးပွဲမှာ အသင်းဖော်တွေကို စွန့်ပစ်တာက မနက်ဖြန် တိုက်ပွဲမှာ ရဲဘော်ရဲဘက်တွေကို စွန့်ပစ်မှာလို့ ဆိုလိုနေတာပဲ “
“ စစ်ပွဲက မင်းနဲ့ ဝေးနေတယ်လို့ မထင်လိုက်နဲ့ “
“ အခုလက်ရှိ ငြိမ်းချမ်းရေးဆိုတာက ရှေ့တန်းမှာရှိတဲ့ မရေမတွက်နိုင်တဲ့ စစ်သည်တော်တွေရဲ့ အသက်တွေ သွေးတွေနဲ့ ယူထားခဲ့ရတာ “
“ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ထဲကို ဝင်လာခဲ့တဲ့အချိန်ကတည်းက မင်းတို့က စစ်မြေပြင်မှာ ခြေချပြီးတော့ စစ်ပွဲကို တိုက်ရဖို့အတွက် သတ်မှတ်ပြီးသွားပြီ “
“ ဘယ်တော့မှ မစွန့်ပစ်နဲ့၊ ဘယ်တော့မှ လက်မလျှော့နဲ့ !! အဲ့တာက ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကနေ မင်းတို့ကိုသင်ပေးတဲ့ ပထမဦးဆုံး သင်ခန်းစာပဲ “
လူတိုင်း တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
လူအများစုသည် အံ့အောမှင်သက်သွားကြသည်။
စစ်မြေပြင်မှာ ခြေချရမှာလား?
စစ်ပွဲထဲမှာ ပါရမှာလား?
စစ်မြေပြင်က ဘယ်မှာလဲ?
စစ်ပွဲက ဘယ်မှာလဲ?
ထိုအချိန်၌ ရှားဟောက်ချန်း၊ ကျောက်ချီဖုန်းနှင့် ကျန်းလန်တို့ကဲ့သို့သော မိသားစုကြီးများ၏ တိုက်ရိုက်မျိုးဆက်များကပင် တအံ့တဩဖြစ်သွားကြသည်။
ရန်ပြည်ထောင်က တည်ငြိမ်အေးချမ်းနေတာ မဟုတ်ဘူးလား?
တားမြစ်နယ်မြေ အကုန်လုံးကို နှိမ်နင်းပြီးတော့ ဖိနှိပ်ထားတယ်လေ၊ ကမ္ဘာကြီးက ငြိမ်းချမ်းနေတယ်လေ။
စစ်ပွဲက ဘယ်မှာလဲ?
တစ်စုံတစ်ဦးသည် မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ သားရဲဧကရာဇ် ထပ်ပြီးတော့ ပေါ်လာတာလားဗျ? “
သားရဲဧကရာဇ်ဆိုသည်မှာ နဝမအဆင့် ဗီဇပြောင်းသားရဲကို ညွှန်းဆိုခြင်း ဖြစ်သည်။
သို့သော် အကယ်၍ သားရဲဧကရာဇ် ပေါ်လာမည်ဆိုလျှင်တောင်မှ ယနေ့ခေတ် လူသားပညာရှင်တို့၏ ထိပ်တန်းတိုက်ခိုက်ရေး စွမ်းရည်များကြောင့် သူတို့သည် လုံးဝအဖိနှိပ်ခံလိုက်ရမည် ဖြစ်သည်။
အကယ်၍ သားရဲဧကရာဇ် မဟုတ်ဘူးဆိုပါက …………… လူသားမျိုးနွယ်စုအတွက် တစ်ခြားသော အန္တရာယ် တစ်ခုခု ကျရောက်နေပြီဟု အဓိပ္ပါယ်သက်ရောက်နေခြင်းပင် ဖြစ်သည်။
…
ကျိုးရှုယွင်သည် အဆိုပါ အကြောင်းအရာကို ဆက်မပြောခဲ့ပေ။
သူသည် ဘေးတစ်ဖက်ရှိ နည်းပြဆရာတစ်ဦးကို လှည့်ကြည့်၍ ပြောလိုက်သည် “ အဆင့်တွေကို ကြေညာလိုက်ပါ “
ထိုနည်းပြဆရာသည် ခေါင်းငြိမ့်ပြကာ ချက်ချင်း ရှေ့ထွက်ရပ်လာခဲ့သည်။
“ ပထမ၊ ရှုကျိုး၊ လီတျယ်။ အဖွဲ့ ၃၆ဖွဲ့ကို ဖယ်ထုတ်ခဲ့သည်၊ အကျိုးပြုအမှတ် : 36မှတ် “
“ ဒုတိယ၊ ရှားဟောက်ချန်း၊ ကျန်းရီ။ အဖွဲ့ ၁၈ဖွဲ့ကို ဖယ်ထုတ်ခဲ့သည်၊ အကျိုးပြုအမှတ် : ၁၈မှတ် “
“ တတိယ၊ ဟွမ်ဝမ်လုံ၊ …………. “
…
မကြာခင်မှာပင် အဆိုပါ နည်းပြဆရာသည် ရလဒ်များကို ကြေညာပေးလာခဲ့သည်။
သူ၏စကားလုံးများ ထွက်ကျလာသည်နှင့်အမျှ ပရိတ်သတ်တစ်အုပ်လုံး ရုတ်ရုတ်ရဲရဲ ဖြစ်သွားတော့သည်။
ပထမနေရာနှင့် ဒုတိယနေရာကြားရှိ ကွာဟချက်မှာ နှစ်ဆဖြစ်သည်။
လူအများစုသည် ရှုကျိုး၏ အမည်ကို ယခင်က တစ်ကြိမ်တစ်ခါမှ မကြားဖူးထားခဲ့ပေ။
“ ရှုကျိုးလား? သူက ဘယ်သူလဲ? တစ်ခါမှ မကြားဖူးဘူး “
“ သူက အရှေ့ပိုင်း ပြည်နယ် ရှုမိသားစုကလား? “
“ အရှေ့ပိုင်းပြည်နယ် ရှုမိသားစုမှာ အဲ့လိုလူ မရှိပါဘူး “
“ သူက ဘယ်သူလဲ? သူက ဘယ်ကရောက်လာတာလဲ? “
လူအုပ်ကြီးသည် တအံ့တဩဖြင့် စကားများ ပြောဆိုနေကြသည်။
တစ်ချို့သော လူများသည် သူတို့ထပ်ပင် ပို၍ အံ့ဩတုန်လှုပ်သွားကြသည်။
တစ်ချိန်တည်းမှာပင် အဆင့်များအကြောင်းကို ကြားသိလိုက်ရပြီးသည့်နောက်တွင် လူအုပ်အစွန်ဘက်ရှိ လျူယောင်တုန်၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားခဲ့သည်။
“ ရှုကျိုးလား? သူက တကယ်ကြီးကို ရှုကျိုးဖြစ်နေခဲ့တာလား? “
“ ဒါက ….. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? “
လျူယောင်တုန်သည် အဆင့်များ ကြေညာနေသည့် နည်းပြဆရာအား တအံ့တဩဖြစ်နေသော အမူအရာဖြင့် ငေးကြည့်နေတော့သည်။
တစ်ခြားလူများမှာ ရှုကျိုးကို သိနိုင်မည် မဟုတ်သော်လည်း၊ သူသည်ကား ရှုကျိုးကို အသေအချာသိနေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် မကြာသေးခင် အချိန်များအတွင်းက လျူမိသားစု၏ တိုက်ရိုက်မျိုးဆက်များ စကားဝိုင်းတွင် ရေပန်းစားနေခဲ့သည်မှာ ထိုလူ၏ အကြောင်း ဖြစ်နေသောကြောင့် ဖြစ်သည်။
လျူယောင်တုန်မှ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်သို့ ရောက်လာရသည့် အကြောင်းပြချက်ကား ရှုကျိုးနှင့် တွေ့ဆုံပါက ဆုံးမရန်ပင် ဖြစ်သည်။
လျူယောင်တုန်သည် ရှုကျိုးရှိသည့် နေရာအား မလိုလားမှုများ၊ ဝမ်းနည်းမှုများနှင့် ရောထွေးနေသော စိတ်ခံစားချက်တို့ဖြင့် ကြည့်နေတော့သည်။
…
ယောကျာ်းလေးများနှင့် ယှဥ်လိုက်မည်ဆိုပါက မိန်းကလေးများမှာ ပို၍ပင် အံ့အားသင့်သွားခဲ့သည်။
“ ပထမနေရာလား? အဖွဲ့ပေါင်း ၃၆ဖွဲ့ကို ဖယ်ရှားခဲ့တာလား? “
“ ငါက ၅ဖွဲ့တည်းကို အနိုင်ယူနိုင်ခဲ့တာလေ၊ သူတို့က အဲ့တာကို ဘယ်လိုလုပ်နိုင်ခဲ့တာလဲ? “
ယောကျာ်းလေးများနှင့် မိန်းကလေးတို့၏ နေရာသည် အတော်လေး လှမ်းနေခဲ့သည်။
မိန်းကလေးအများစုသည် တစ်စုံတစ်ဦးက ယောကျာ်းလေးများဘက်တွင် မင်းမူခဲ့သည်ကိုသာ သိထားကြပြီး၊ ထိုလူက မည်သူလဲဆိုသည်ကို မသိကြပေ။
အဆင့်များကို ကြားခဲ့ရပြီးသည့်နောက်တွင် မိန်းကလေးများသည် တအံ့တဩဖြင့် အော်ပြောမိသွားကြသည်။
“ အဲ့ကောင်က ပထမနေရာရသွားတာလား? “ လီရို့ရှီပင် အံ့အားသင့်သွားပြီး၊ ယောကျာ်းလေးများ ရှိရာဘက်သို့ ငေးကြည့်မိသွားခဲ့သည်။
ဤစာမေးပွဲတွင် သူမသည် ကံကောင်းထောက်မစွာဖြင့် ထိပ်ဆုံး ၁၀ဦးအဆင့်ထဲသို့ ဝင်နိုင်ခဲ့ကာ အဆင့်၉ချိတ်ခဲ့သည်။
သို့သော် ရှုကျိုးကမူ ပထမနေရာကိုပင် ရရှိသွားခဲ့သည်။
လီရို့ရှီသည် ရှုကျိုးက အတော်လေး စွမ်းသည်ဆိုသည်ကို သိနေခဲ့သော်လည်း၊ ထိုသတင်းကြောင့် မှင်သက်သွားရစဲ ဖြစ်သည်။
တစ်ခြားတစ်ဖက်၌
“ ရှုကျိုးလား? ပထမလား? “ ကျန်းလန်၏ လှပသော မျက်လုံးလေးများသည် အံ့ဩတကြီးဖြင့် ပြူးကျယ်သွားခဲ့သည်။
သူမဘေးနားရှိ ရှားရှီယောက်သည် ပို၍ပင် အံ့ဩတုန်လှုပ်သွားခဲ့သည် “ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါ့အစ်ကိုက ဒုတိယပဲရတာလား? “
“ အဲ့ဒီရှုကျိုးက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား? “ ရှားရှီယောက်သည် မယုံကြည်နိုင် ဖြစ်နေလျက်ရှိသည်။
ရှားရှီယောက်၏ စိတ်ထဲတွင် သူမ၏ အစ်ကိုကသာ အကောင်းဆုံးဖြစ်သည်။
၎င်းမှာလည်း တစ်မျိုးတစ်ဖုံ မှန်ကန်နေခဲ့သည်၊ ယခုနှစ် ကျောင်းသူကျောင်းသားအသစ်များကြားတွင် ရှားဟောက်ချန်းသည် သွေးကြောမှတ် အခု၂၀ ဖွင့်ထားခဲ့ပြီး၊ အသန်မာဆုံးဖြစ်သည်ဟု ယူဆ၍ ရပေသည်။
ယခုတွင်ကား …….
သူနှင့် ရှုကျိုးတို့ကြားရှိ အမှတ်ကွာဟချက်သည် နှစ်ဆတိတိ ဖြစ်နေခဲ့သည်။
“ လီတျယ်လား? “ ထိုအချိန်တွင် ရှားရှီယောက်သည် ရှုကျိုးနောက်တွင် ကြားရသည့် အမည်ကို သတိပြုမိသွားခဲ့သည်။
“ သူက လီမိသားစုက တိုက်ရိုက်မျိုးဆက်မလား? “ ရှားရှီယောက်မှ ရေရွတ်ပြောဆိုနေလျက်ရှိသည် “ ငါသိသလောက်အရဆိုရင်တော့ သူ့မှာ ချိတ်ပိတ်နိုင်တဲ့ စွမ်းရည်ရှိနေတဲ့ပုံပဲ။ အဲ့တာကို ဖြည်လိုက်တာနဲ့ သူ့ရဲ့ အစွမ်းက အများကြီး တိုးလာမှာလေ “
“ လီတျယ်ကြောင့်များလား? “ သူမမှ ခန့်မှန်းတွက်ချက်နေတော့သည်။
သူမဘေးနားရှိ ကျန်းလန်းမှာလည်း မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည် “ လီတျယ်လား? သူ့ကြောင့်လား? “
မိန်းကလေးနှစ်ဦးစလုံးသည် သိလိုစိတ်များဖြင့် ယောကျာ်းလေးများရှိရာဘက်သို့ ငေးကြည့်နေကြတော့သည်။
…
“ ရှုကျိုးရေ၊ မိုက်တယ်ဟေ့ “ လီတျယ်သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လာခဲ့ပြီး၊ သူ၏လက်သီးများကို ဝေ့ရမ်းနေတော့သည်။
သူသည် အမှန်တကယ် ရင်ခုန် စိတ်လှုပ်ရှားနေခဲ့သည်။
သူသည် ဤစာမေးပွဲတွင် ထိပ်ဆုံး ၁၀နေရာသို့ပင် မရောက်နိုင်ဘူးဟု ထင်ထားခဲ့သော်လည်း ပထမနေရာဖြင့် အဆုံးသတ်နိုင်ခဲ့လေသည်။
လီတျယ်သည် ရှုကျိုးအား ကိုးကွယ်ပူဇော်လိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
လီတျယ်၏ အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် ကူရာကယ်ရာမဲ့သွားခဲ့သည်။
“ ချိတ်ပိတ်ထားကို ဖြည်လိုက်ပြီးတဲ့နောက်မှာ မင်းတစ်ယောက်တည်းလည်း ပထမရနိုင်ပါတယ် “ ဟု ရှုကျိုးမှ ပြောလာခဲ့သည်။
၎င်းကို ကြားလိုက်ရသောအခါ၌ လီတျယ်၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ချက်ချင်းပေါ်ပေါက်လာခဲ့သည်။
ရှုကျိုးပြောသည်မှာ မှန်ကန်နေခဲ့သည်။ ချိတ်ပိတ်ထားခြင်းကို ဖြည်လိုက်ပြီးသည့်နောက်တွင် သူသည် သွေးကြောမှတ် အခု၂၀နှင့် ယှဥ်နိုင်သည့် စွမ်းအားကို အသုံးပြုနိုင်ခဲ့သည်။
သို့သော် တစ်ခါမျှ ဖြည်လိုက်သည်နှင့် တစ်ပြိုင်နက် အမြင့်ဆုံး သွေးကြောမှတ်ကို ထပ်မံ၍ ကျင့်ကြံနိုင်တော့မည် မဟုတ်ပေ။
သူ၏အမူအရာကို မြင်လိုက်ရသည့် အခါတွင် ရှုကျိုးမှာလည်း တစ်စုံတစ်ခုကို နားလည်သွားခဲ့သည် “ အဲ့တာက ထပ်လုပ်လို့ မရတော့ဘူးလား? “
“ ဘယ်လိုလုပ် ရတော့မှာလဲ “ လီတျယ်မှ ခေါင်းခါပြလာခဲ့သည် “ သွေးကြောမှတ်တွေက ဖွင့်ပြီးသွားပြီလေ၊ ပြန်ပြီး ချိတ်ပိတ်ဖို့ဆိုတာက တော်တော်ခက်သွားပြီ “
ရှုကျိုးပါ ပြောစရာစကားမဲ့သွားတော့သည်။
အဲ့တာဆိုရင် တကယ်ကြီးကို ကံဆိုးလွန်းတာပဲဟ။
အဆင့်များ ကြေညာပြီးသည့်နောက်တွင် ကျိုးရှုယွင်သည် ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားခဲ့သည်။
ထို့နောက်၌ သူသည် လူအုပ်ထဲရှိ ရှုကျိုးကို ကြည့်ကာ ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက ဘယ်ဌာနကို ရွေးချယ်ချင်လဲ? “
ထိုစကားလုံးများ ထွက်ပေါ်လာသည်နီင့် တစ်ပြိုင်နက် ပရိတ်သတ်အားလုံး၏ အာရုံများ စုစည်းသွားခဲ့သည်။
ပထမရသူသည် အစွမ်းထက် ဌာနကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်လေသည်။
ကျန်းလန်နှင့် ရှားရှီယောက်တို့၏မျက်လုံးလေးများထဲတွင် မယုံကြည်နိုင် ဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။
ကျိုးရှုယွင် စကားပြောလာသည်နှင့် တစ်ပြိုင်နက် သူသည် လီတျယ်အစား ရှုကျိုးကို အရင်ဦးဆုံး မေးမြန်းလိုက်သည်၊ ၎င်းမှာ အဓိပ္ပါယ်ပေါင်းများစွာ ပါနေခဲ့ပြီ ဖြစ်သည်။
ရှုကျိုး၏ အစွမ်းကို ဌာနမှူးကပင် ပွင့်ပွင့်လင်းလင်း အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။
……………………………………………………………………………………………………………..