လျှို့ဝှက် ဆန်းကြယ်သော အစစ်အမှန် သိုင်းပညာဌာန !!
Vol. 9 Ch. 125
ကျိုးရှုယွင်သည် ရှုကျိုးအား အပြုံးဖြင့်ကြည့်ကာ မေးမြန်းလာခဲ့သည် “ တကယ်လို့ မင်းက သားရဲထိန်းချုပ်ဌာနကို ဝင်ချင်တယ်ဆိုရင်၊ ချွင်းချက်တစ်ခု ထားပြီးတော့ မင်းကို ငါ့တပည့်အဖြစ် လက်ခံပေးမယ် “
ထိုစကားလုံးများ ထွက်ကျလာသည်နှင့်တစ်ပြိုင်နက် လူသစ်အားလုံးသည် အံ့အားသင့်သွားသည့် အမူအရာများကို ဖော်ထုတ်ပြလာခဲ့သည်။
သားရဲထိန်းချုပ်ဌာနက သားရဲထိန်းချုပ်တာနဲ့ဆိုင်တဲ့ စွမ်းရည်ပိုင်ရှင်တွေကိုပဲ ခေါ်ခဲ့တာလေ၊ အခုတော့ ချွင်းချက်ပါ ထားတော့မှာလား?
ပြီးတော့ ဌာနမှူးကိုယ်တိုင်ကိုက သူ့တပည့်အဖြစ် လက်ခံပေးမယ်လို့ ပြောနေတာလား?
သူက ရှုကျိုးကို ဘယ်လောက်တောင် တန်ဖိုးထားနေတာလဲ?
အားလုံးသည် အံ့ဩတကြီးဖြင့် ရှုကျိုးကို ကြည့်လာကြသည်။
စင်ပေါ်ရှိ နည်းပြဆရာ၊ ဆရာမများ၏ အမူအရာများမှာလည်း မည်းမှောင်သွားခဲ့သည်။
သူတို့ထဲမှ မည်သူကမှ စကားမပြောရသေးသော်လည်း သားရဲထိန်းချုပ်ဌာန၏ ဌာနမှူးက အရင်လှုပ်ရှားသွားခဲ့ပြီ ဖြစ်သည်။
သူကတောင် တပည့်အဖြစ်လက်ခံမယ်လို့ ပြောနေရင် ငါတို့ကရော ဘာလို့ စကားမပြောရမှာလဲ?
လျူချင်းယွမ်မှ မကျေမနပ်ဖြင့် ပြောဆိုလာခဲ့သည် “ ဌာနမှူးကျိုး၊ အဲ့တာကတော့ မမျှတဘူးလေ၊ ငါ့ရဲ့ အစစ်အမှန် သိုင်းပညာဌာနက ဌာနမှူးမရှိလို့ အနိုင်ကျင့်နေတာလား? “
“ အဲ့လို ပြောလိုက်တာ မဟုတ်ပါဘူးလေ “ ကျိုးရှုယွင်သည် တဝါးဝါး ရယ်မောကာ ပြောလာခဲ့သည် “ ရှုကျိုးက ဘယ်ဌာနကို ရွေးချယ်မလဲဆိုတာက သူ့ရဲ့ လုပ်ပိုင်ခွင့်လေ၊ ငါက သူ့ကို ဖိအားပေးလို့ မရပါဘူး “
ထို့နောက်တွင် သူသည် ရှုကျိုးကိုကြည့်ကာ ဆက်ပြောလာခဲ့သည် “ ဆိုတော့၊ မင်းက ငါ့ရဲ့ သားရဲထိန်းချုပ်ဌာနကို ဝင်ချင်လား? “
ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ၊ ခေါင်းခါပြလိုက်သည် “ တောင်းပန်ပါတယ်၊ ဌာနမှူးခင်ဗျာ၊ ကျွန်တော်က အစစ်အမှန် သိုင်းပညာဌာနကို သွားချင်နေတုန်းပါပဲ “
သူသည် ဤနေရာကို ရောက်မလာခင် အချိန်ကတည်းက အစစ်အမှန် သိုင်းပညာဌာနသို့ သွားရန် ဆုံးဖြတ်ထားခဲ့ပြီးပြီ ဖြစ်သည်။
ချောင်ရုံနှင့် ကျောင်းအုပ်ကြီးတို့မှ တစ်ချို့သော အရာများကို အကြံပေး ပြောကြားခဲ့လေသည်။
သို့ရာ၌ ထိုစကားများကြောင့်ပင် ရှုကျိုး၏ သန္နိဌာန်က ပို၍ခိုင်မာ အားကောင်းသွားခဲ့သည်။
ရှုကျိုး၏ စကားကို ကြားလိုက်ရသောအခါ၌ ကျိုးရှုယွင်သည် ခေါင်းခါ၍ သက်ပြင်းချနေတော့သည် “ ရှိပါစေတော့၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ ဂုဏ်သတင်းက တကယ်ကို ပိုပိုကြီးလာနေတာပဲ “
တစ်ခြားသော နည်းပြဆရာ၊ ဆရာမများမှာလည်း သက်ပြင်းတချချ ဖြစ်သွားကြသည်။
သူတို့သည် ဓားပညာဌာန၊ ဓားနည်းစနစ်ဌာနနှင့် အာကာသဌာနတို့မှ ဆရာဆရာမများ ဖြစ်သည်။
နည်းပြဆရာ၊ ဆရာမအများအပြားသည် ရှုကျိုးကို သူတို့၏တပည့်အဖြစ် ခေါ်ယူချင်ခဲ့ကြသည်။
ယခုတွင် ရှုကျိုးမှ အစစ်အမှန် သိုင်းပညာဌာနကို ရွေးချယ်လိုက်ပြီ ဖြစ်သောကြောင့် သူတို့အတွက် လမ်းဆုံးသွားခဲ့ပြီ ဖြစ်သည်။
…
တစ်ချိန်တည်းမှာပင် လူသစ်အားလုံး၏ အကြည့်များသည် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
အစစ်အမှန် သိုင်းပညာဌာန !!
ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်၏ အလျှို့ဝှက် အဆန်းကြယ်ဆုံးသော ဌာနတစ်ခု !!
လူအများအပြားသည် ထိုနေရာသို့ သွားချင်ကြသည်၊ ယခုတွင် ရှုကျိုးမှ ဦးဆောင်သွားခဲ့ပြီဖြစ်သောကြောင့် သူတို့၏ စိတ်အားထက်သန်မှုများက ပို၍ ပြင်းထန်လာခဲ့သည်။
သို့သော် ထိုအချိန်တွင် နတ်သိုင်းဌာန၏ ဒုဌာနမှူးမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ရှုကျိုး၊ အစစ်အမှန် သိုင်းပညာဌာနက မင်းနဲ့ မသင့်တော်လောက်ဘူး “
“ ဟမ်? “
ရှုကျိုးသည် တစ်ခဏခန့် မှင်သက်သွားကာ ကျောင်းခုန်းစုန့်ကို ကြည့်လိုက်သည်။
ကျောင်းခုန်းစုန့်သည် ဖြည်းညှင်းစွာ ပြောလာခဲ့သည် “အစစ်အမှန် သိုင်းပညာဌာနရဲ့ အခုလက်ရှိ အခြေအနေက သိပ်မကောင်းဘူး၊ တကယ်လို့ မင်းက အဲ့ကို သွားလိုက်မယ်ဆိုရင် မင်းရဲ့ စွမ်းရည်တွေကို အလကား ဖြုန်းတီးမိသလို ဖြစ်သွားလိမ့်မယ် “
“ ကျောင်းခုန်းစုန့် “ လျူချင်းယွမ်မှ လေသံတိုးတိုးဖြင့် ပြောလာခဲ့သည် “ မင်းရဲ့ နတ်သိုင်းဌာနက ငါ့အစစ်အမှန် သိုင်းပညာဌာနရဲ့ စွမ်းအားကို အားကျနေတယ်ဆိုရင်တောင်မှ၊ အဲ့လိုမျိုး ပုတ်ခတ်မပြောဆိုသင့်ဘူး မဟုတ်လား? “
ကျောင်းခုန်းစုန့်မှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ငါက ပုတ်ခတ်ပြောဆိုနေတာ မဟုတ်ဘူး၊ အမှန်တရားကိုပဲ ပြောနေတာ “
“ အမှန်တရားလား? “ လျူချင်းယွမ်သည် တဝါးဝါး ရယ်မောကာ ပြောလာခဲ့သည် “ ငါက ဆဌမအဆင့်၊ မင်းက သတ္တမအဆင့်။ နည်းနည်းလောက် လက်ရည်ယှဥ်ပြီးတော့ ဘယ်သူက ပိုစွမ်းလဲဆိုတာကို ကြည့်ကြမလား? “
“ မင်း !! “ ကျောင်းခုန်းစုန့်သည် ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ သို့သော် မည်သည့်စကားကိုမှ ထပ်မပြောလာတော့ပေ။
အဆိုပါ မြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် လူသစ်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ဆဌမအဆင့်ပညာရှင်က သတ္တမအဆင့် ပညာရှင်ကို စိန်ခေါ်ခြင်း !! ၎င်းမှာ အစစ်အမှန် သိုင်းပညာဌာနပင် ဖြစ်သည် !!
ထိုအချိန်၌ ကျောင်းသူကျောင်းသားများသည် လျူချင်းယွမ်အား စိတ်အားထက်သန်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လာကြသည်။
ယခင်က အစစ်အမှန် သိုင်းပညာဌာနသို့ မသွားချင်သည့် လူများကပင် စိတ်ပြောင်းသွားကြပြီ ဖြစ်သည်။
အစစ်အမှန် သိုင်းပညာဌာနက အဲ့လောက်တောင် စွမ်းတာလားဟ?
“ ဟမ့် !! “
ထိုအချိန်တွင် ကျောင်းခုန်းစုန့်သည် ပေါ့ပေါ့ပါးပါး ပြောဆိုလာခဲ့သည် “ ကိုယ်ပိုင်တိုက်ခိုက်ရေး စွမ်းအားက ဘာကောင်းနေလို့လဲ? ဒီနှစ်တွေ အတွင်းမှာ ငါ့ရဲ့ နတ်သိုင်းဌာနက အစွမ်းထက် ပုဂ္ဂိုလ်တွေ ဘယ်နှယောက် မွေးထုတ်ပေးနိုင်ခဲ့လဲ? “
“ မင်းတို့ရဲ့ အစစ်အမှန် သိုင်းပညာဌာနကရော ဘယ်နှယောက် မွေးထုတ်ပေးနိုင်ခဲ့လဲ? “
လျူချင်းယွမ်မှ အေးအေးဆေးဆေး ပြန်ပြောလာခဲ့သည် “ မင်းရဲ့ နတ်သိုင်းဌာန တည်ရှိနေတာက နှစ်ပေါင်းရာနဲ့ ချီနေပြီ မဟုတ်ဘူးလား? ငါ့ရဲ့ အစစ်အမှန် သိုင်းပညာဌာနက နှစ်လေးနည်းနည်းလောက်ပဲ ရှိသေးတာလေ “
“ ဆယ်စုနှစ်တစ်ခုကို နည်းနည်းလေးစွန်းပြီးတဲ့ နောက်မှာပဲ ငါ့ရဲ့ အစစ်အမှန် သိုင်းပညာဌာနက မင်းတို့ရဲ့ နတ်သိုင်းဌာနကို ဖိနှိပ်နိုင်ခဲ့တယ်လေ၊ အဲ့တာက လိုရင်းကို ရောက်တယ် မဟုတ်ဘူးလား? “
“ မင်း “
ကျောင်းခုန်းစုန့် ဒေါသထွက်သွားတော့သည်၊ အကြောင်းပြချက်အကြောင်း ပြောနေခဲ့သည့် အချိန်တွင် တိုက်ခိုက်ရေး စွမ်းအားဖြင့် စိန်ခေါ်ခဲ့သည်၊ တိုက်ခိုက်ရေး စွမ်းအားအကြောင်း ပြောနေသည့် အချိန်၌ အကြောင်းပြချက် ပေးလာခဲ့လေသည်။
ထိုကဲ့သို့သော စကားဝိုင်းအား မည်ကဲ့သို့ ဆက်ရမည်နည်း?
သို့သော် လျူချင်းယွမ် ပြောခဲ့သည့် စကားများမှာ မှန်ကန်နေလျက်ရှိသည်။ အစစ်အမှန် သိုင်းပညာဌာန ပေါ်ပေါက်လာခဲ့ပြီး၊ ဆယ်စုနှစ်တစ်ခုစာ အကျော်မှာပင် နတ်သိုင်းဌာနကို အသက်ရှုကြပ်လောက်အောင်အထိ ဖိအားပေးလာခဲ့သည်။
အစစ်အမှန် သိုင်းပညာဌာနသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကြောက်စရာကောင်းနေခဲ့သည်။
ကျောင်းခုန်းစုန့်သည် စိတ်ထဲတွင် ဒေါသထွက်သွားသော်လည်း လျူချင်းယွမ်နှင့် ထပ်မံ၍ ငြင်းခုန်မနေတော့ပေ။
သူသည် ရှုကျိုးကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည် “ ရှုကျိုး၊ နတ်သိုင်းဌာနက ရန်ပြည်ထောင်ရဲ့ တစ်ခုတည်းသော ရှေးရိုးစွဲဌာနပဲ။ အစစ်အမှန် သိုင်းပညာဌာနလောက် မကျော်ကြားပင်မဲ့ ငါတို့ရဲ့ အနက်ကလည်း တော်တော်လေးကို နက်တယ် “
“ တကယ်လို့ မင်းက အစစ်အမှန် သိုင်းပညာဌာနကို ရွေးချယ်လိုက်မယ်ဆိုရင် သိပ်မကြာခင် အချိန်မှာပဲ ကြီးမားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ် “
“ ငါကတော့ ငါ့အပိုင်းကို ပြောပြီးသွားပြီ၊ မင်းက လူတွေကို ဆန့်ကျင်မိမှာကို ကြောက်နေဖို့ မလိုအပ်ဘူး “
“ ငါက မင်းကို အထူးတလည် ဖိတ်ခေါ်နေပြီးတော့ မင်းက ငါ့ကို မရွေးခဲ့ဘူးဆိုရင်တောင်မှ ငါက မင်းကို အပြစ်တင်နေမှာ မဟုတ်ဘူး “
နောက်ဆုံးစကားသည် အကျိုးသက်ရောက်မှုများစွာ ရှိနေခဲ့သည်။
လျူချင်းယွမ်ကပင် ရှားရှားပါးပါး ငြင်းခုန်မလာခဲ့ပေ။
သူသည် ပျော့ပျောင်းစွာ ပြောလာခဲ့သည် “ ဘယ်ဌာနကိုပဲရွေးရွေး၊ ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာက မင်းအပေါ်မှာပဲ မူတည်တယ် “
“ အန္တရာယ်တွေ အတွက်ကတော့? ……. ငါ့ရဲ့ အစစ်အမှန် သိုင်းပညာဌာနက တကယ်ကို စွန့်စားရတယ် “
“ ဒါပင်မဲ့ အဲ့လိုလုပ်ရတာကိုက အစစ်အမှန် သိုင်းပညာဌာနရဲ့ အနှစ်သာရပဲ “
“ အန္တရာယ်တွေကို မကြောက်တာကြောင့်ပဲ ငါတို့က မြင်ရခဲတဲ့ မြင်ကွင်းတွေနဲ့ အံ့ဩဖို့ကောင်းတဲ့ လျှို့ဝှက်ချက်တွေကို ကြုံတွေ့ခဲ့ရတယ် “
“ အစစ်အမှန် သိုင်းပညာဌာနက ဌာနသပ်သပ်တင် မဟုတ်ဘူး၊ လမ်းကြောင်းတစ်ခုပဲ “
“ အစစ်အမှန် သိုင်းပညာဌာနရဲ့ အဖွဲ့ဝင်အားလုံးက ဒီလမ်းကြောင်းရဲ့ ရှေ့ဆောင်လမ်းပြတွေပဲ “
“ လမ်းမှာက အခက်အခဲတွေ၊ စွန့်လွှတ်မှုတွေနဲ့ အန္တရာယ်တွေ ရှိနေတော့ရော ဘာဖြစ်လဲ? အနည်းတော့ ငါတို့က ဒီလမ်းကြောင်းကို လျှောက်ခဲ့ဖူးပြီးတော့ အံ့ဩစရာတွေကို ကိုယ်တိုင်ကြုံတွေ့ဖူးတယ်လေ “
“ … “
ထိုစကားလုံးများသည် လူအများစု၏ စိတ်ထဲတွင် ပုန်းကွယ်နေသည့် စွဲလမ်းမှုကို နှိုးဆွပေးလာခဲ့သည်။
အထူးသဖြင့် ပြင်ပခရိုင်မှ ကျောင်းသားကျောင်းသူ အသစ်များဖြစ်ပြီး၊ သူတို့သည် လက်သီးများ ဆုပ်နေကြတော့သည်။
စိတ်လှုပ်ရှားခြင်းများ လွှမ်းခြုံလာခဲ့ပြီး သူတို့သည် အစစ်အမှန် သိုင်းပညာဌာနသို့ ဝင်ချင်သွားကြသည်။
သို့သော် အတွင်းမြို့တော်ရှိ မိသားစုကြီးများ၏ တိုက်ရိုက်မျိုးဆက်များကမူ အမူအရာများ စတင်ပြောင်းလဲသွားကြသည်။
အစစ်အမှန် သိုင်းပညာဌာနက စွန့်စားရပြီးတော့ အန္တရာယ်များတာလား?
စွန့်လွှတ်အနစ်နာခံရတာတွေပါ ရှိတယ်ပေါ့?
သူတို့သည် မြို့ကြီးများရှိ အဓိက မိသားစုကြီးများ၏ မျိုးဆက်များ ဖြစ်ကြပြီး၊ အကြီးအကဲများနှင့် အရင်းအမြစ်များ ရှိသောကြောင့် ထိုကဲ့သို့သော စွန့်စားမှုများကို မပြုလုပ်ခဲ့ရပေ။
………………………………………………………………………………………………………….