← Chapters

မိုတောက်ဂိုဏ်း

Vol. 24 Ch. 296

မိုတောက်ဂိုဏ်း

Vol. 24 Ch. 296

ကျိုးယီအင်ပါယာ၏ မိုတောက်ဂိုဏ်းသည် ကြီးမားသော ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပြီး အမြဲတစေ လူစည်ကားနေသည်။ မိုးသောက်ချိန်တွင် ကျယ်ဝန်းသောခြံဝန်းအတွင်းရှိ လေ့ကျင့်ရေးကွင်းပြင်မှ တညီတညွတ်တည်း အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ဂိုဏ်းသားသုံးရာကျော်သည် လေးထောင့်ပုံကျကျ တန်းစီနေကြပြီး သူတို့၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗလာကျင်းထားကာ မိုဓားရှည်ကြီးများကို ကိုင်ဆောင်၍ ပြင်းပြင်းထန်ထန် ဝှေ့ယမ်းနေကြသည်။

သူတို့ ခုတ်ပိုင်းလိုက်သည့် ဓားချက်တိုင်းတွင် နက်နဲသိမ်မွေ့သော လျှို့ဝှက်ချက်များ ပါဝင်နေပြီး လေထုအတွင်းတွင် ဖျော့တော့တော့ ကောင်းကင်ကံကြမ္မာစွမ်းအင်များ လှည့်ပတ်နေသည်။

ချန်းယွမ်သည် မိုဟုန်၏တပည့်ဖြစ်ကာ မိုတောက်ဂိုဏ်း၏ တတိယမျိုးဆက်ဖြစ်သော်လည်း ပါရမီထူးချွန်သူတစ်ယောက်ပင်။ သူ၏ကျင့်ကြံဆင့်သည် ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ယခင်က မိုချင်း၏ပါရမီကိုပင် ကျော်လွန်နေလေပြီ။

သူသည် ဂိုဏ်းသားများအားလုံး၏ နံနက်ခင်း လေ့ကျင့်မှုကို ဦးဆောင်နေလေ၏။

"ဒီ 'ကောင်းကင် ဗျိုင်းဖြူ' သိုင်းကွက်ကို ငါ တစ်ခါပဲ ပြမယ်...မင်းတို့ ဘယ်လောက်ထိ သင်ယူနိုင်မလဲ ဆိုတာကတော့ မင်းတို့ရဲ့ပါရမီနဲ့ နားလည်နိုင်စွမ်းအပေါ် မူတည်တယ်..."

ချန်းယွမ်သည် သူ၏ညာလက်တွင် မိုဓားရှည်ကို အားစိုက်၍ကိုင်ထားရင်း အနည်းငယ် လှုပ်ခတ်လိုက်သည်။ ထို့နောက် မိုဓားရှည်မှ တဝီဝီမြည်သံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအားတစ်ရပ်က ဓားသွား၏နံဘေးပတ်လည်တွင် လှည့်ပတ်နေပေ၏။

...

ဝှစ်...

မိုဓားရှည်သည် လေထုအတွင်းတွင် ကွေ့ဝိုက်သွားပြီး အနီးရှိ ကျောက်တုံးကြီးတစ်တုံးကို ရိုက်ခတ်လိုက်ရာ မီးပွားများ ထွက်ပေါ်လာပြီး နက်ရှိုင်းသော ဓားရာတစ်ခု ကျန်ရစ်ခဲ့သည်။

"'ကောင်းကင် ဗျိုင်းဖြူ' က မိုတောက်ဂိုဏ်းရဲ့ သိုင်းပညာတွေထဲမှာ အစွမ်းထက်ဆုံး တိုက်ခိုက်ရေးနည်းစနစ်တွေထဲက တစ်ခုပဲ....ခန္ဓာကိုယ်ရဲ့ စွမ်းအားအပြည့်အဝကို သုံးပြီးတော့ ရဲရဲဝံ့ဝံ့ ခုတ်ပိုင်းရမယ်...အောင်မြင်သွားရင် ဒီ

စိမ်းလန်း ကျောက်တုံးပေါ်မှာ ဓားရာ ချန်ထားနိုင်လိမ့်မယ်... မင်းတို့ ကောင်းကောင်းလေ့ကျင့်ကြပြီးတော့ ဒီအဆင့်ကို မြန်မြန်ရောက်အောင် ကြိုးစားကြစမ်း..."

ချန်းယွမ်က သူ၏ဓားကို ပြန်ရုတ်သိမ်းလိုက်ပြီး သက်ပြင်းမှုတ်ထုတ်ကာ အပြုံးနှင့် ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့..."

လူအများသည် စိမ်းလန်းကျောက်တုံးပေါ်ရှိ ဓားရာကို ကြည့်ပြီး စိတ်လှုပ်ရှားနေကြ၏။

ဤစိမ်းလန်းကျောက်တုံးအမျိုးအစားသည် အလွန်မာကျောပြီး သံမဏိထက် လျော့နည်းခြင်းမရှိပေ။ သူ ပေါ့ပေါ့ပါးပါး ခုတ်ပိုင်းလိုက်ရုံဖြင့် ဤကဲ့သို့ ဓားရာ ချန်ထားနိုင်သည်ဆိုလျှင် လူတစ်ယောက်ကိုသာ ထိမိပါက ချက်ချင်း သေသွားမည် မဟုတ်လော။ မိုဓားနည်းစနစ်များသည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းနေခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။

ရုတ်ချည်းဆိုသလိုပင် သူတို့၏စိတ်ထဲ၌ မိုတောက်ဂိုဏ်းအပေါ် သစ္စာရှိမှုနှင့်ဂုဏ်ယူဝံ့ကြွားမှုများ မြင့်တက်လာသည်။

လူများအားလုံး စိတ်အားထက်သန်စွာဖြင့် လေ့ကျင့်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။

"မဆိုးပါဘူး.... ဒါပေမဲ့ ဒီနည်းစနစ်မှာ အားနည်းချက်တွေ အများကြီး ရှိနေတယ်..."

ချန်းယွမ်သည် လန့်ဖျပ်သွားပြီး ဆူပူကြိမ်းမောင်းရန် ဟန်ပြင်လိုက်စဉ်မှာပင် တံခါးပေါက်မှ ဝင်လာသော အရပ်ရှည်ရှည်လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး အလျင်အမြန်ဆီးကြိုကာ နှုတ်ဆက်လိုက်၏။

"ဘိုးဘေးဆရာ..."

ဤသည်မှာ တခြားလူ မဟုတ်ဘဲ မိုတောက်ကံကြမ္မာကို တည်ထောင်ခဲ့သော အကြီးအကဲမိုပိုင်ယဲ့ပင်။

ဤအချိန်တွင် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အကြီးအကဲမိုပိုင်ယဲ့သည် ခံစားချက်ကင်းမဲ့သော မျက်နှာအမူအယာဖြင့် လျှောက်လှမ်းလာသည်။ သူသည် လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော်လည်း သူ့ထံမှ ထွက်ပေါ်လာသော ဓားစိတ်ဆန္ဒသည် လူများအားလုံး၏စိတ်ဝိညာဉ်ကို တုန်ရီသွားစေသည်။

"ဘိုးဘေးဆရာ...ဘာလို့ ဒီကို ရောက်လာတာလဲ"

ချန်းယွမ်က သိချင်စိတ်ပြင်းပြစွာဖြင့် အနားသို့ ချဥ်းကပ်သွားသည်။

ဘိုးဘေးဆရာနှင့်သူ၏ဆရာတို့သည် ကောင်းကင်ကံကြမ္မာခန်းမ၌ အစည်းအဝေး သွားတက်နေကြသည် မဟုတ်လော။ မည်သည်ကြောင့် ယခုချိန်၌ သူသည် မိုတောက်ဂိုဏ်းသို့ လာရောက်လည်ပတ်ရန် အချိန်ရသနည်း။

"ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ ပွင့်တော့မယ်....ငါက မိုတောက်ဂိုဏ်းအတွက်လည်း နေရာခွဲတမ်းရချင်တယ်...ဒါကြောင့် ငါကိုယ်တိုင် လာကြည့်တာပါ...ငါက မင်းတို့ကို လမ်းညွှန်မှုတချို့ပေးပြီးတော့ မင်းတို့ရဲ့ ကျင့်ကြံမှုကို အမြန်ဆုံးတိုးတက်အောင် ကူညီပေးမယ်....ဒါမှ မင်းတို့ နောက်ကျမကျန်ရစ်မှာ..."

မိုပိုင်ယဲ့က သူတို့ရှေ့တွင် မတ်တတ်ရပ်လိုက်ပြီး အေးစက်စက်အသံဖြင့် ပြောဆိုသည်။

"ဟုတ်ကဲ့..."

ထိုစကားကို ကြားလိုက်ချိန်၌ ချန်းယွမ်သာမက လူများအားလုံး၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာကြသည်။

မိုပိုင်ယဲ့သည် မိုတောက်ဂိုဏ်းကို တည်ထောင်ခဲ့သော်လည်း ယခင်က ဤနေရာတွင် များစွာသင်ကြားပေးခဲ့ဖူးမရှိပေ။ သူကိုယ်တိုင် လမ်းညွှန်ပေးမည်ဆိုလျှင် တပည့်များအားလုံး လျင်မြန်စွာ တိုးတက်လာမည်မှာ သေချာပေါက်ပင်။

"ချန်းယွမ် ခုဏက ပြသွားတဲ့ 'ကောင်းကင် ဗျိုင်းဖြူ' သိုင်းကွက်က နည်းစနစ်ပိုင်းဆိုင်ရာ ပြဿနာတွေ မရှိပေမယ့် အယူအဆပိုင်းမှာ အမှားတွေ အများကြီး ရှိတယ်...ဒီသိုင်းကွက်ကို နည်းလမ်းဟောင်းကြီးအတိုင်း မသုံးသင့်ဘူး အထူးသဖြင့် မိုတောက်ဓားနဲ့ဆိုရင် ဒီသိုင်းကွက်ရဲ့စွမ်းအားကို ဆက်တိုက်စီးဆင်းစေပြီးတော့ ပိုကြီးမားတဲ့စွမ်းအားကို ထုတ်လွှတ်နိုင်ရမယ်... ကောင်းပြီလေ ငါ မင်းတို့ကို တစ်ခေါက်လှုပ်ရှားပြမယ်... သေချာကြည့်ထားကြစမ်း"

မိုပိုင်ယဲ့သည် လေထုထဲသို့ လက်ဆန့်တန်းလိုက်ရာ ချန်းယွမ်၏လက်ထဲမှ မိုတောက်ဓားသည် ချက်ချင်းလွင့်ထွက်သွားပြီး သူ၏လက်ဝါးထဲသို့ ရောက်ရှိသွားသည်။ နောက်ထပ်အချိန်တခဏတွင် မိုတောက်ဂိုဏ်း၏တည်ထောင်သူသည် တင့်တယ်လှပစွာဖြင့် ချာခနဲလှည့်လိုက်ပြီး လေထုထဲသို့ ခုတ်ပိုင်းလိုက်၏။

သူ၏လှုပ်ရှားမှုသည် ချန်းယွမ်နှင့် အလွန်တူညီသော်လည်း ပို၍သန့်စင်ပြီး အားစိုက်ထုတ်ရခြင်း မရှိသည့်အလားပင်။

ဘုန်း…

မိုတောက်ဓားရှည်သည် စိမ်းလန်းကျောက်တုံး ပေါ်သို့ ကျရောက်သွားသည်။ ထိုနေရာမှ မီးပွားများ ထွက်မလာသည့်အပြင် ဓားရာလည်း မကျန်ခဲ့ချေ။ သို့ရာတွင် သူ ဓားကို ပြန်မလိုက်သည်နှင့် စိမ်းလန်းကျောက်တုံးသည် ကျယ်လောင်သော ဘုန်းခနဲအသံနှင့်အတူ အမှုန်အမွှားများအဖြစ် ပေါက်ကွဲသွားသည်။

"ဒါက..."

လူများအားလုံး ကြက်သေသေသွားပြီး သူတို့၏မျက်လုံးများ ပြူးကျယ်နေကာ စိတ်လှုပ်ရှားသွားကြသည်။

ဤသည်မှာ ဓားချီအရှိန်အဝါ၏အကူအညီဖြင့် ထွက်ပေါ်လာသော စွမ်းအားဖြစ်ပြီး ချက်ချင်းဆိုသလိုပင် စိမ်းလန်းကျောက်တုံးထဲသို့ စိမ့်ဝင်သွားကာ ကျောက်တုံးကို ကြေမွှပျက်စီးသွားစေသည်။

"ကောင်းပြီလေ....ငါ အခု မင်းတို့ကို ကောင်းကင်စွမ်းအင်လည်ပတ်ပုံ နည်းစနစ် သင်ပေးမယ်..."

တိုက်ခိုက်ရေးနည်းစနစ်များကို သရုပ်ပြပြီးနောက် မိုပိုင်ယဲ့ မည်သည့်အရာကိုမျှ ထိန်ချန်မထားဘဲ ကောင်းကင်စွမ်းအင်လည်ပတ်ပုံကို အသေးစိတ်ကျကျ ရှင်းပြလေသည်။

ချန်းယွမ်သည် အာရုံစိုက်၍ နားထောင်နေပြီးနောက် သူ၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်များ ထင်ဟပ်လာသည်။

"ဘိုးဘေးဆရာ....ဆရာရှင်းပြတာနဲ့ ဘိုးဘေးဆရာ ရှင်းပြတာကို နှိုင်းယှဉ်လိုက်ရင် တစ်ခုခု လိုနေသလိုမျိုး ကျွန်တော် ခံစားရတာက ဘာလို့လဲ"

"မိုဟုန်က ငါ့ရဲ့တပည့်ပဲ...သူက ပညာကုန် မသင်ယူရသေးဘူး... ငါ ရှင်းပြတာက အမှန်ကန်ဆုံးပဲ ...သေချာကြိုးစားပြီးတော့ လေ့ကျင့်ကြ.... ပျင်းမနေနဲ့"

မိုပိုင်ယဲ့က အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"ဟုတ်ကဲ့"

ချန်းယွမ်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"ကဲ...အခု ငါ ပြောပြထားသလိုမျိုး ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို စပြီးလှည့်ပတ်ကြတော့..."

မိုပိုင်ယဲ့၏အသံတွင် နက်နဲသိမ်မွေ့သော အရှိန်အဝါတစ်ရပ် ပါဝင်နေသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကောင်းကင်ကံကြမ္မာစွမ်းအင်များနှင့် ရောယှက်နေသော ရင်းမြစ်စွမ်းအင်စီးကြောင်းများသည် လေဟာနယ်အတွင်းမှ မျောလွင့်လာပြီး လူများအားလုံး၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ချန်းယွမ်နှင့် လက်ရှိနေရာတွင် ရှိနေသူများအားလုံး ရုတ်တရက် ခံစားလိုက်ရသည်မှာ သူတို့ကိုယ်တိုင် မလေ့ကျင့်လျှင်ပင် သူတို့၏ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် ဘိုးဘေးဆရာ၏စကားလုံးများအတိုင်း အလိုအလျောက် လည်ပတ်နေခြင်းပင်။ ဤသည်က သူတို့၏ကျင့်ကြံမှုကို ဖြည်းညှင်းစွာ တိုးတက်စေကာ ဓားနည်းစနစ်အပေါ် နားလည်သဘောပေါက်မှုကို ပို၍နက်နဲသိမ်မွေ့စေသည်။

"ကံကြမ္မာတည်ထောင်သူလို့ မျှော်လင့်ထားတဲ့အတိုင်းပဲ..."

"ဒါက တကယ့်ကို မိုတောက်နည်းစနစ်ကို လေ့ကျင့်နည်း အစစ်အမှန်ပဲ....ငါတို့ အရင်က လုပ်ခဲ့တာတွေ အကုန်လုံးက မှားနေတယ်..."

"ဒီလေ့ကျင့်နည်းနဲ့ဆိုရင် နှစ်ရက်အတွင်းမှာ ငါ အဆင့်တက်နိုင်မယ်လို့ ခံစားရတယ်"

သူတို့၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအားစုဆောင်းမှုနှုန်း ပို၍မြန်ဆန်လာသည်ကို ခံစားမိသဖြင့် လူများအားလုံး စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်လိုက်ကြ၏။

ဘိုးဘေးဆရာ သင်ပေးသော ဓားနည်းစနစ်နှင့် ကျင့်ကြံနည်းစနစ်သည် သူတို့ ယခင်က သင်ယူခဲ့သည်ထက် များစွာပို၍အစွမ်းထက်သည်။ အရေးကြီးဆုံးအချက်မှာ သူ၏အသံတွင် မှော်ဆန်သော စွမ်းရည်တစ်ခု ပါဝင်နေပြီး လူအများကို လျှင်မြန်စွာ နားလည်သဘောပေါက်စေကာ လျှင်မြန်စွာ အဆင့်တက်စေနိုင်ခြင်းပင်။

မကြာမီမှာပင် မိုပိုင်ယဲ့၏အသံ ရပ်တန့်သွားပြီး ချန်းယွမ်က မနေနိုင်တော့ဘဲ ရှေ့ထွက်လာသည်။

"ဘိုးဘေးဆရာ....ကျွန်တော် စမ်းကြည့်ချင်ပါတယ်..."

သူသည် စကားပြောပြီးသည်နှင့် မိုတောက်ဓားကို ကိုင်ဆောင်ပြီး ဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ရပ် ဖြစ်ပေါ်လာသည်။

ဓားချီအလင်းတန်းနှင့်အတူ စွမ်းအားလှိုင်းများ မရပ်မနားတုန်ခါနေပြီး သန့်စင်သော ကောင်းကင်ကံကြမ္မာ စွမ်းအင်စီးကြောင်းတစ်ခု သူ၏ခန္ဓာကိုယ်လုံးတစ်ခုလုံးအနှံ့ လှည့်ပတ်သွားသည်။ နောက်ထပ်အချိန်တခဏတွင် ဓားသွားသည် တခြားစိမ်းလန်းကျောက်တုံး တစ်တုံးပေါ်သို့ ကျရောက်သွားသည်။

ခရက်....

ကျောက်တုံးကြီးထံမှ အက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးပြီး သုံးလက်မကျော်ခန့် အက်ကွဲသွားပေ၏။

အစောပိုင်းက သူ၏ဓားချက်သည် ဓားရာတစ်ခုကိုသာ ဖြစ်ပေါ်စေနိုင်ခဲ့သော်လည်း ယခုချိန်၌မူ သုံးလက်မကျော် အက်ကွဲသွားသည်။ ဘိုးဘေးဆရာသည် ဆယ့်ငါးမိနစ်ခန့်သာ လမ်းညွှန်ပေးခဲ့သည့်တိုင် သူ၏စွမ်းအားကို ဤမျှထိ တိုးတက်စေခဲ့သလော.....

ဤသည်မှာ အမှန်တကယ်ကို အံ့အားသင့်ဖွယ်ရာပင်။

သူသည် မိုတောက်ဓားကို ပြန်သိမ်းလိုက်ပြီး သက်ပြင်းမှုတ်ထုတ်ကာ သူ၏ရှေ့မှ အဘိုးအိုကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ သူ၏မျက်လုံးများအတွင်း၌ ကြည်ညိုလေးစာမှု အရိပ်အယောင်များ ထင်ဟပ်နေပေ၏။

"မဆိုးဘူး.... မင်းက တော်တော်လေး နားလည်သဘောပေါက်သွားပြီ....ငါ သင်ပေးတဲ့ လေ့ကျင့်နည်းအတိုင်း တိတိကျကျ လိုက်နာမယ်ဆိုရင်... မိုတောက်ဓားနည်းစနစ်အပေါ် မင်းကတဟုန်ထိုး တိုးတက်လာမှာ သေချာတယ်..."

မိုပိုင်ယဲ့က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"အထွတ်အထိပ် နည်းစနစ်တွေကို သင်ပေးတဲ့အတွက် ဘိုးဘေးဆရာကို ကျေးဇူးတင်ပါတယ်"

ချန်းယွမ်က မြေပြင်ပေါ်၌ ဒူးထောက်ပြီး ကျေးဇူးတင်စကား ပြောဆိုသည်။

"အားနာမနေကြနဲ့...မင်းတို့အားလုံး ဆက်ပြီးတော့ ကောင်းကောင်း လေ့ကျင့်ကြပါ...ဒီနေ့ကစပြီးတော့ ငါ ဒီနေ့ သင်ပေးခဲ့တဲ့ နည်းစနစ်တွေအတိုင်း လိုက်နာရမယ်...တခြားဘယ်သူတွေ ဘာပြောပြော မပြောင်းလဲကြနဲ့..."

မိုပိုင်ယဲ့က လက်ဝှေ့ယမ်းလိုက်သည်။

"ဟုတ်ကဲ့"

လူများအားလုံး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

ချန်းယွမ်၏တိုးတက်မှုကို သူတို့အားလုံး မြင်တွေ့လိုက်ရပြီဖြစ်ရာ ဘိုးဘေးဆရာကိုယ်တိုင် သင်ပေးသော နည်းလမ်းများသည် သေချာပေါက် အမှန်ကန်ဆုံး ဖြစ်ပေမည်။ ထို့ကြောင့် သူတို့သည် မည်သို့မျှ မပြောင်းလဲတော့ဟု စိတ်ပိုင်းဖြတ်လိုက်ကြ၏။

"ကောင်းပြီလေ...ငါက အခု မင်းတို့ကို ပိုပြီးအဆင့်မြင့်တဲ့ စွမ်းအင်စုပ်ယူခြင်းနည်းစနစ်တစ်ခုကို သင်ပေးမယ်.... ပြီးတော့ မင်းတို့ အရင်က လေ့ကျင့်ထားတဲ့ အမှားတွေကိုလည်း ပြုပြင်ပေးမယ်..."

မိုပိုင်ယဲ့က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ရင်း သူ၏ အေးစက်စက်အသံ ထပ်မံ၍ ထွက်ပေါ်လာသည်။

All Chapters