← Chapters

မိုပိုင်ယဲ့ တန်ပြန်ဒဏ် ခံစားရခြင်း

Vol. 24 Ch. 297

မိုပိုင်ယဲ့ တန်ပြန်ဒဏ် ခံစားရခြင်း

Vol. 24 Ch. 297

ကျိုးယီမြို့၏အရှေ့ဘက်ခြမ်းရှိ ကောင်းကင်ကံကြမ္မာခန်းမ၏ ယာယီခန်းမဆောင်၌..

ခန်းမသခင်ရှစ်ယွင်ကျင်းသည် ခေါင်းဆောင်ထိုင်ခုံတွင် မတ်မတ်ထိုင်နေပြီး မိုပိုင်ယဲ့နှင့် ဒူခန်းမသခင်တချို့က ဘေးတစ်ဖက်တစ်ချက်၌ ထိုင်နေကြသည်။ အောက်ဘက်တွင် အကြီးအကဲများနှင့်တာဝန်ခံများ စုဝေးနေကြ၏။

"နတ်ဘုရားနယ်မြေရဲ့ စီးဆင်းသောအလင်းတန်းက ကျီးလန်တောင်ကြားမှာ ထွက်ပေါ်လာတယ်... ဆိုလိုတာကတော့ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူက မသေသေးတာတင်မကဘဲ ကောင်းကင်ကံကြမ္မာ နယ်မြေတစ်ခုလုံးရဲ့ ဗဟိုချက်ထဲကို ထိုးဖောက်ဝင်ရောက်သွားပြီ ဆိုတာပဲ... ဒီတစ်ခေါက် ငါတို့ ဝင်ရောက်တဲ့အချိန်မှာ ဂရုတစိုက် ကိုင်တွယ်ရမယ်...ဒီ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူကို ဖမ်းဆီးသတ်ဖြတ်ရုံတင် မကဘဲနဲ့ ငါတို့က ကျီးလန်တောင်ကြားတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ရမယ်..."

ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ရင်း ရှစ်ယွင်ကျင်း၏အသံ တည်ကြည်လေးနက်နေသည်။

"ဟုတ်ကဲ့"

လူများအားလုံး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

"ကုန်းမြေပေါ်က နာမည်ကျော်ကြားတဲ့ ကောင်းကင်ကံကြမ္မာ နယ်မြေတွေထဲမှာ အဆင့် နှစ်ဆယ့်တစ်ရှိတဲ့ ကျီးလန်တောင်ကြား ရုတ်တရက်ကြီး ပွင့်လာတာက မရေမတွက်နိုင်တဲ့ ထိပ်သီးကျင့်ကြံသူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်...မင်းတို့အားလုံး သတိထားကြပါ... အန္တရာယ်နဲ့ကြုံလာရင် ချက်ချင်းသတင်းပို့ရမယ်..."

...

ရှစ်ယွင်ကျင်းက ဆက်လက်၍ ပြောဆိုလိုက်ပြီး ဖြစ်လာနိုင်သည့် အခြေအနေများကို တည်ကြည်လေးနက်စွာ ရှင်းပြနေသည်။ သူ စကားတစ်ဝက်တစ်ပျက်သာ ပြောရသေးချိန်တွင် မိုပိုင်ယဲ့၏မျက်နှာ ရုတ်တရက် ဖြူရော်သွားပြီး အလျင်အမြန် မတ်တတ်ထရပ်လိုက်သည်။

"ဖူး...."

သူသည် သွေးတစ်လုတ်ကို ပြင်းထန်စွာ အန်ထုတ်လိုက်၏။ သူ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာဖြင့် နှစ်ကြိမ်ခန့် တုန်ရီသွားပြီး သူ၏မျက်နှာ ဖြူဖျော့သွားသည်။

"မိုပိုင်ယဲ့....ဘာဖြစ်တာလဲ"

သူ၏စကားကို ကြားဖြတ်ပြီး ဤကဲ့သို့ပုံစံ ဖြစ်သွားသည်အား မြင်လိုက်ရသဖြင့် ရှစ်ယွင်ကျင်းသည် အနည်းငယ် သဘောမကျဖြစ်သွားသော်လည်း လှမ်းကြည့်လိုက်သည်။

"ကျွန်... ကျွန်တော်... ဘာမှ မဖြစ်ပါဘူး"

မိုပိုင်ယဲ့က လက်ကာပြလိုက်သည်။ သူ စကားဆက်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏မျက်နှာအမူအယာ ထပ်မံ၍ ပျက်ယွင်းသွားပြီး နောက်ထပ် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

ထိုမျှသာမက ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အချိန်မရွေး အဆင့်တက်တော့မည့် သူ၏ကျင့်ကြံဆင့်သည် အပ်ဖြင့် ထိုးဖောက်ခံလိုက်ရသော ပူဖောင်းအလား ရုတ်တရက် လျော့နည်းသွားသည်။ သူ၏ကျင့်ကြံမှု၌ အဆင့်ငယ်များ လျင်မြန်စွာ ကျဆင်းသွားပြီး ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အစောပိုင်းသို့ ရောက်ရှိသွားသည်။

"ဒါက... ကောင်းကင်ကံကြမ္မာရဲ့ တန်ပြန်ဒဏ်လား"

ရှစ်ယွင်ကျင်းသာမက တခြားလူများသည်လည်း နားလည်သဘောပေါက်သွားပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အနည်းငယ် ကြက်သေသေသွားကြသည်။

သာမန်တန်ပြန်ဒဏ်တစ်ခု ဆိုလျှင်ပင် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်မှ နှောင်းပိုင်းအဆင့်သို့ ကျဆင်းစေခြင်းကပင် ကြောက်မက်ဖွယ် ကောင်းနေလေပြီ။ ယခု၌မူ အသက်တစ်ရှိုက်စာအချိန်အတွင်တွင် အဆင့်ငယ်အမြောက်အများ ကျဆင်းသွားလေရာ..မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း။

ရှစ်ယွင်ကျင်းသည် အချိန်တခဏကြာ စဥ်းစားတွေးတောနေပြီးနောက် မိုပိုင်ယဲ့ကိုကြည့်ပြီး မေးမြန်းလိုက်၏။

"ဒါက... မင်းရဲ့တပည့်တွေအားလုံး ပုန်ကန်သွားကြတာလား"

ဤှမျှထိပြင်းထန်သော တန်ပြန်ဒဏ်ကို ဖြစ်စေနိုင်သည်မှာ ထိုအကြောင်းအရင်း တစ်ခုတည်းသာ ရှိသည်။

"ဖူး...."

သူ၏စကား ဆုံးသည်နှင့် အကြီးအကဲများကြားတွင် ထိုင်နေသော အကြီးအကဲမိုဟုန်သည်လည်း သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ သူ၏ကျင့်ကြံမှုသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်မှ ဒုတိယအဆင့် အထွတ်အထိပ်သို့ ကျဆင်းသွားသည်...

ဤသည်မှာ ကျင့်ကြံဆင့်နယ်ပယ်ကြီးတစ်ခုလုံး တိုက်ရိုက်ကျဆင်းသွားခြင်းပင်။

ထိုမျှသာမက ကောင်းကင်ကံကြမ္မာအပေါ် သူ့၏ ထိန်းချုပ်နိုင်စွမ်းသည်လည်း အချိန်မရွေး ပြိုလဲတော့မည့်အလား မတည်မငြိမ် ဖြစ်နေသည်။

သူ ခံစားရသော တန်ပြန်ဒဏ်သည် မိုပိုင်ယဲ့ထက်ပင် ပို၍ပြင်းထန်ပေ၏။

"ဆရာ..."

မိုဟုန်၏အမြင်အာရုံ မည်းမှောင်သွားပြီး နောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။

"မိုတောက်ဂိုဏ်းမှာ တစ်ခုခု ဖြစ်နေတာ သေချာတယ်"

"အမှန်ပဲ..."

အသက်ပြင်းပြင်းရှိုက်ပြီးနောက် မိုပိုင်ယဲ့သည် အနည်းငယ် သက်သာလာကာ စိတ်မထိန်းနိုင်တော့ဘဲ သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။

ဤမျှထိ ပြင်းထန်သော တန်ပြန်ဒဏ်ကို သူတို့နှစ်ယောက်လုံး တပြိုင်နက်တည်း ခံစားရသဖြင့် ဖြစ်နိုင်ချေရှိသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ မိုတောက်ဂိုဏ်းတစ်ဂိုဏ်းလုံး ပုန်ကန်သွားခြင်းပင်။

သူကိုယ်တိုင် တည်ထောင်ခဲ့သောဂိုဏ်းက သူ့ကို လုံးလုံးလျားလျား သစ္စာဖောက်သွားမှသာ ဤ အခြေအနေမျိုးကို ဖြစ်ပေါ်စေနိုင်သည်။ သူတို့သည် ဂိုဏ်းသားများ ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာချိန်မှစ၍ ဂရုတစိုက် သွန်သင်ထားခဲ့သည်။ ထိုဂိုဏ်းသားများသည် အကြွင်းမဲ့သစ္စာမရှိလျှင်ပင် အနည်းအကျဥ်းမျှ ရှိနေသင့်သည်။

သို့ရာတွင် သူတို့သည် ဤမျှထိ တိုတောင်းသော အချိန်ကာလအတွင်း တပြိုင်နက်တည်း ပုန်ကန်သွားကြသည်မှာ...

မည်သည့်ကိစ္စများ ဖြစ်သွားခဲ့သနည်း...

"ခန်းမသခင်.... မိုတောက်ဂိုဏ်းမှာ ပြဿနာတစ်ခု ရှိနေတယ်....ဒါကြောင့် ကျွန်တော်ကိုယ်တိုင် သွားပြီးဖြေရှင်းချင်ပါတယ်..."

တန်ပြန်ဒဏ်ကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကို သည်းခံရင်း မိုပိုင်ယဲ့က သူ၏လက်ကိုပူးဆုပ်၍ ဦးညွှတ်လိုက်သည်။

"မြန်မြန် သွားကြည့်လိုက်ပါ"

ရှစ်ယွင်ကျင်းသည် အချိန်တခဏကြာခန့် စဥ်းစားပြီးနောက် ဆက်လက်၍ ပြောဆိုလိုက်သည်။

"ငါလည်း လိုက်ခဲ့မယ်..."

အမှန်အတိုင်းပြောရလျှင် သူသည်လည်း ဤကိစ္စအပေါ် သိချင်စိတ်ပြင်းပြနေသည်။

"ဟုတ်ကဲ့..."

ခန်းမသခင် လိုက်ပါလာမည်ကို မြင်တွေ့သဖြင့် မိုပိုင်ယဲ့သည် အပိုစကား မပြောတော့ဘဲ မိုဟုန် နှင့်အတူ မိုတောက်ဂိုဏ်းရှိရာသို့ လျင်မြန်စွာ ပျံသန်းသွားသည်။

နာရီဝက်အကြာတွင် သူတို့သည် ခြံဝန်းတံခါးကို တွန်းဖွင့်လိုက်ကြ၏။

"ဟိုက်ယား.."

"ကျား..."

ခြံဝန်းထဲသို့ မဝင်မီမှာပင် စည်းစနစ်ကျသော လေ့ကျင့်သံများကို ကြားလိုက်ရသည်။ စင်္ကြန်လမ်းကို ဖြတ်ကျော်ပြီးနောက် လေ့ကျင့်ရေးကွင်းပြင်တွင် စည်းကမ်းတကျ မတ်တတ်ရပ်နေသော ဂိုဏ်းသားသုံးရာကျော်ကို မြင်တွေ့လိုက်ရသည်။

သူတို့တစ်ယောက်စီတိုင်းသည် ကြီးမားလေးလံသော မိုတောက်ဓားကို ကိုင်ထားပြီး လေထုထဲတွင် ဝှေ့ယမ်းကာ ကြီးမားသောစွမ်းအားများကို ထုတ်လွှတ်နေကြသည်။

"သူတို့အားလုံးက အလေးအနက်ထားပြီး လေ့ကျင့်နေကြတာလား"

မိုပိုင်ယဲ့ ကြက်သေသေသွားသည်။

မိုတောက်ဂိုဏ်းမှ လူများအားလုံး ထွက်ပြေးသွားကြပြီဟု သူ ထင်မှတ်ခဲ့သည်။ ထိုသို့ဆိုလျှင် သူ တန်ပြန်ဒဏ်ခံစားရခြင်းကို ရှင်းပြနိုင်သည်။ သို့ရာတွင် ယခုချိန်၌ သူတို့သည် မိုတောက်ဓားနည်းစနစ်ကို လေ့ကျင့်နေဆဲဖြစ်ပြီး မည်သူမျှ ပျင်းရိမနေကြချေ။

ထိုသို့ဆိုလျှင် သူတို့သည် မည်သည်ကြောင့် တန်ပြန်ဒဏ်ကို ခံစားရသနည်း။

ထိုအချိန်မှာပင် နံဘေး၌ မတ်တတ်ရပ်နေသော မိုဟုန်က ထိုတပည့်များကိုကြည့်ကာ အနည်းငယ်တုန်ရီနေသော အသံဖြင့် ပြောဆိုသည်။

"ဆရာ... သူတို့က လေ့ကျင့်နေကြပေမယ့် သူတို့ရဲ့စွမ်းအားတွေ တိုးတက်လာတာကို ကျွန်တော် အာရုံမခံနိုင်ဘူး"

မိုပိုင်ယဲ့က ပတ်ဝန်းကျင်ကို ချက်ချင်းဆိုသလိုပင် အာရုံခံကြည့်လိုက်ရာ အမှန်တကယ်ကို မည်သည့် ကောင်းကင်ကံကြမ္မာစွမ်းအားကိုမျှ မခံစားရချေ။

ဤသည်မှာ ထိုတပည့်များသည် သူနှင့်မသက်ဆိုင်သော ကျင့်ကြံနည်းစနစ်တစ်ခုကို လေ့ကျင့်နေကြသည့်အလားဖြစ်ကာ တခြားကောင်းကင်ကံကြမ္မာတစ်ခုအလားပင်။

သို့ရာတွင် သူ့ရှေ့မှတပည့်များ လေ့ကျင့်ခဲ့သည်မှာ သူ ဖန်တီးခဲ့သော ကောင်းကင်ဗျိုင်းဖြူ မိုတောက်နည်းစနစ်ဖြစ်ကြောင်း သိသာထင်ရှားသည်။

"မဟုတ်သေးဘူး... ဒီနည်းစနစ်က တစ်ခုခုမှားနေပြီးတော့ ပိုပြီးအားကောင်းနေတယ်"

သူသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အလျင်အမြန် အာရုံခံမိလိုက်သည်။

သူ သင်ပေးခဲ့သော မိုတောက်နည်းစနစ်များသည် အားနည်းအောင် ပြုပြင်ထားသော ပုံစံများ ဖြစ်ပြီး သူတို့ ပြင်းပြင်းထန်ထန် လေ့ကျင့်နိုင်လျှင်ပင် သူ့ကို ကျော်တက်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။

သို့ရာတွင် ယခုချိန်၌ ဤတပည့်များ လေ့ကျင့်နေသော နည်းစနစ်သည် ပြီးပြည့်စုံရုံသာမက သူ ကျွမ်းကျင်ထားသည်ထက်ပင် ပို၍ထူးခြားဆန်းပြားနေသည်။ နည်းစနစ်၏ ပျောက်ဆုံးနေသော စွမ်းအားများကို ပြန်လည်ရရှိထားပြီး နက်နဲသောနားလည်မှုနှင့် ထိုးထွင်းသိမြင်မှုများရှိနေကာ ပို၍နက်ရှိုင်းပုံရသည်။

"မင်းတို့ လေ့ကျင့်နေတဲ့ ဒီနည်းစနစ်တွေက...ဘာတွေ ဖြစ်နေတာလဲ..."

မိုပိုင်ယဲ့က မနေနိုင်တော့ဘဲ မလှမ်းမကမ်းရှိ ချန်းယွမ်ဘက်သို့ လှည့်ကြည့်ကာ မေးမြန်းလိုက်၏။

ချန်းယွမ်က စိတ်လှုပ်ရှားစွာဖြင့် ပြေးလာပြီး သူ၏လက်ကိုပူးဆုပ်ကာ တုံ့ပြန်အဖြေပေးသည်။

"ဘိုးဘေးဆရာ...ဘိုးဘေးဆရာ ရှင်းပြခဲ့တဲ့ ကောင်းကင်ဗျိုင်းဖြူနည်းစနစ်က တကယ့်ကို တခြားအရာတွေထက် သာလွန်တယ်...တပည့်တွေအားလုံး တက်တက်ကြွကြွ လေ့ကျင့်နေကြတယ်....ဘယ်သူမှ ပျင်းမနေပါဘူး..."

"ငါ ရှင်းပြခဲ့တာလား"

မိုပိုင်ယဲ့ လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားသည်။

"ငါ ဘယ်တုန်းက ရှင်းပြခဲ့လို့လဲ"

"လွန်ခဲ့တဲ့ နာရီဝက်လောက်က ဘိုးဘေးဆရာက ဒီနည်းစနစ်ကို ဘယ်လို သုံးရမလဲဆိုတာ သင်ပေးရုံတင်မကဘူး...ပိုပြီးနက်နဲသိမ်မွေ့တဲ့ ကျင့်ကြံနည်းစနစ်ကိုပါ သင်ပေးခဲ့တာလေ...အခု တပည့်တွေအားလုံးရဲ့ စွမ်းအားတွေက သိသိသာသာ တိုးတက်လာပါပြီ..."

ချန်းယွမ် စိတ်လှုပ်ရှားနေသည်။

ဘိုးဘေးဆရာ သင်ပေးခဲ့သော နည်းလမ်းအတိုင်း လိုက်နာပြီးနောက် သူသည် တစ်နာရီမပြည့်မီမှာပင် ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် အစောပိုင်းသို့ အဆင့်ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။ သူသာမက လက်ရှိနေရာတွင်ရှိနေသူများအနက် လူအားလုံးနီးပါး အဆင့်တက်ခဲ့ကြသည်။

ထိုအရာတစ်ခုတည်းဖြင့်ပင် သူတို့၏ရှေ့မှ လူသည် မည်မျှထိ စွမ်းအားကြီးကြောင်း ပြသရန် လုံလောက်သည်။

ဤသို့တွေးတောရင်း သူ၏ကြည်ညိုလေးစားမှုများ ပို၍တိုးပွားလာသည်။

"တိုးတက်လာတာလား...ကျင့်ကြံနည်းစနစ်လား"

မိုပိုင်ယဲ့ လုံးလုံးလျားလျား ကြက်သေသေသွားသည်။

"ငါက ဒီအချိန်အတောအတွင်း ကောင်းကင်ကံကြမ္မာခန်းမမှာ အစည်းအဝေး လုပ်နေတာလေ.... ငါ ဒီနေရာကို ပြန်မလာခဲ့ဘူး... ဘာသိုင်းပညာနည်းစနစ် ဘာကျင့်ကြံနည်းစနစ်ကိုမှလည်း သင်မပေးခဲ့ဘူး... မင်း မမှားဘူးဆိုတာ သေချာရဲ့လား"

"ဒါက အမှန်ပဲ...ငါ ဒါကို အတည်ပြုပေးနိုင်တယ်....ဒုခန်းမသခင်မိုက ဒီအချိန် အတောအတွင်း ကောင်းကင်ကံကြမ္မာခန်းမမှာပဲ ရှိနေခဲ့တာပါ"

နံဘေးတစ်ဖက်တွင်ရှိနေသော ရှစ်ယွင်ကျင်းက ဝင်ရောက်ပြောတိုသည်။

"ဘိုးဘေးဆရာ နောက်မနေပါနဲ့... ဘိုးဘေးဆရာ မဟုတ်ရင် ဘယ်သူက ဒီလောက်ထိ နက်နဲသိမ်မွေ့တဲ့ မိုတောက်နည်းစနစ်တွေကို ကျွန်တော်တို့ကို သင်ပေးနိုင်မှာလဲ....ဘယ်သူက ဒီလောက်ထိ သန့်စင်တဲ့ ကျင့်ကြံနည်းစနစ်တွေကို သင်ပေးနိုင်မှာလဲ"

ချန်းယွမ်က အနေခက်စွာဖြင့် ပြုံးလိုက်သည်။

သူတို့ လေ့ကျင့်နေသည်မှာ အစစ်အမှန် မိုတောက်ကံကြမ္မာဖြစ်ကြောင်း သူတို့ အတည်ပြုနိုင်သည်။ သူတို့၏ကျင့်ကြံဆင့်များ တိုးတက်လာရုံသာမက မိုတောက်အပေါ် နားလည်မှုလည်း သိသိသာသာ နက်ရှိုင်းလာသည်။ ဤသည်က လိမ်ညာမှုတစ်ရပ် မဟုတ်ချေ။

"ဟုတ်တယ် ဘိုးဘေးဆရာ... ကျွန်တော်တို့ကို သင်ပေးခဲ့တာက တကယ့်ကို မိုတောက် ကံကြမ္မာပါ....ကျွန်တော်တို့ လေ့ကျင့်ခဲ့ပြီးပြီ...ဒါက လွဲမှားစရာ အကြောင်းမရှိဘူး"

"မိုတောက်ကံကြမ္မာကို ဘိုးဘေးဆရာ ဖန်တီးခဲ့တာလေ..ဘိုးဘေးဆရာ တစ်ယောက်တည်းကပဲ သင်ပေးနိုင်မှာပေါ့..."

လေ့ကျင့်နေသော တပည့်များသည် ရပ်တန့်လိုက်ကြပြီး ထိုတိုင်ပင်ဆွေးနွေးမှုကို ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ ဝင်ပြောလိုက်ကြသည်။ သူတို့၏ဆွေးနွေးသံများသည် ဆူညံသွားပေ၏။

"အဲ့ဒီလူ သင်ကြားပေးလိုက်တဲ့ မိုတောက်နည်းစနစ်က မိုတောက်ကံကြမ္မာ ကို ထိန်းချုပ်လိုက်တာပဲ..."

မိုပိုင်ယဲ့ အချိန်တခဏကြာမျှ စဥ်းစားတွေးတောလိုက်သည်။ နာမည်တစ်ခုက သူ၏စိတ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ခန္ဓာကိုယ် တောင့်တင်းသွားပေ၏။

"ဖြစ်နိုင်တာက... သူ များလား"

All Chapters