← Chapters

ဘာလို့ ဒီလို ဖြစ်ရတာလဲ

Vol. 24 Ch. 298

ဘာလို့ ဒီလို ဖြစ်ရတာလဲ

Vol. 24 Ch. 298

မင်ကျန်းထောင်နှင့်လျှူမင်ယွဲ့ တို့ နှစ်ဦးလုံးသည် မိုတောက်ကံကြမ္မာကို ကျင့်ကြံခဲ့ကြသော်လည်း မိုပိုင်ယဲ့သည် မည်သည့် အကျိုးကျေးဇူးကိုမျှရမခံစားခဲ့ရချေ။ အစပိုင်းတွင် ဤသည်က ပုံမှန်မဟုတ်သည့် ဖြစ်စဉ်တစ်ခုသာဟု သူ တွေးထင်ခဲ့သည်။ အရှုပ်အထွေးများအားလုံး ဖြစ်ပွားပြီးနောက်တွင် ထိုမိုတောက်နည်းစနစ်ကို တခြားလူများ ကျင့်ကြံနိုင်ရုံသာမက သူ၏ဂိုဏ်းခွဲတစ်ခုကိုလည်း ဖျက်ဆီးသွားခဲ့လေပြီ။

"ကျန်းရွှမ်..."

မိုပိုင်ယဲ့၏ခန္ဓာကိုယ် တုန်ရီနေပြီး သူ အံ့တင်းတင်းကြိတ်လိုက်၏။

သူသည် တစ်ဖက်လူ၏တပည့်ကို ဖမ်းဆီးပြီး ခြိမ်းခြောက်ခဲ့ရုံသာ ဖြစ်သော်လည်း တစ်ဖက်လူကမူ သူ၏မိုတောက်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ပုန်ကန်စေခဲ့သည်။

ဤပါးရိုက်ချက်သည် မြန်ဆန်ပြီး တိကျပေ၏။

သို့ရာတွင် မိုတောက်ဟူသည်မှာ သူကိုယ်တိုင် နားလည်သဘောပေါက်ထားသော ကောင်းကင်ကံကြမ္မာ မဟုတ်လော...

တစ်ဖက်လူသည် မည်သည်ကြောင့် ထိုနည်းစနစ်ကို ကျင့်ကြံနိုင်ပြီး သူ၏တပည့်တွေကိုပင် လုယူသွားနိုင်ခဲ့သလော...

...

"ဖရိုဖရဲကံကြမ္မာ ကျင့်ကြံသူ...အဲ့ဒီကျန်းရွှမ်က သေချာပေါက် ဖရိုဖရဲကံကြမ္မာကျင့်ကြံသူပဲ..."

မိုပိုင်ယဲ့၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားသည်။

လင်းပုယန် ရှုရှင်းနှင့် တခြားသူများသည် ဖရိုဖရဲကံကြမ္မာကျင့်ကြံသူများအကြောင်း များစွာမသိကြသည့်အပြင် ထွင်းဖောက်သိမြင်နိုင်ခြင်းလည်း မရှိချေ။ သို့ရာတွင် သူကမူ ထိုကိစ္စကို အသေးစိတ်ကျကျ သိရှိထားသည်။

ထိုကဲ့သို့လူများသည် မြင့်မားသောပါရမီနှင့်စွမ်းအားကို ပိုင်ဆိုင်ရုံသာမက ထိုထက်ပို၍အရေးကြီးသည်မှာ သူတို့သည် တည်ရှိနေသော ကံကြမ္မာပုံစံများကို ဖျက်ဆီးနိုင်စွမ်း ရှိကြခြင်းပင်။

ဤသည်မှာ လက်ရှိအခြေအနေမျိုးနှင့် ထပ်တူကျနေသည်။ မိုတောက်ကို ထူးခြားသော ကံကြမ္မာအခြေအနေအောက်တွင် သူ ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သူတစ်ယောက်တည်းသာ အသုံးပြုနိုင်သင့်သည်။ တခြားလူများသည် မိုတောက်ကံကြမ္မာကို သင်ယူနိုင်လျှင်ပင် သူ၏ထိန်းချုပ်မှုအောက်တွင်သာ ရှိနေရပေမည်။ ထိုသို့မဟုတ်လျှင် သူတို့သည် သူ့ထက် သာလွန်သွားရမည်။

သို့ရာတွင် တစ်ဖက်လူသည် သူ မသိအောင် ကျင့်ကြံခဲ့ရုံသာမက သူ၏တပည့်များကိုလည်း ပုန်ကန်စေခဲ့သည်။

ကျန်းရွှမ်သည် ထူးခြားသော ကံကြမ္မာစည်းမျဉ်းကို ချိုးဖောက်လိုက်လေပြီ။

ရင်းမြစ်ကမ္ဘာ၌ စည်းမျဉ်းများ ချိုးဖောက်ခြင်းကို တားမြစ်ထားသည်။ ထို့ကြောင့် ဖရိုဖရဲ ကံကြမ္မာကျင့်ကြံတစ်ဦး ထွက်ပေါ်လာသည်နှင့် ကောင်းကင်ကံကြမ္မာခန်းမဆောင်က ချက်ချင်း ဝိုင်းဝန်းတိုက်ခိုက်ကြခြင်းဖြစ်သည်။

ကျီးလန်တောင်ကြားတွင် ဖရိုဖရဒကံကြမ္မာကျင့်ကြံသူ တစ်ဦးတည်းသာ ရှိသည်ဟု သူ တွေးထင်ခဲ့သော်လည်း နောက်တစ်ဦးသည် မထင်မှတ်ဘဲ ထွက်ပေါ်လာခဲ့ပေ၏။

"ဒုခန်းမသခင်မို ဘာဖြစ်လို့လဲ"

သူ့ထံမှ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို အာရုံခံမိသဖြင့် နံဘေးတွင်ရှိနေသော ရှစ်ယွင်ကျင်းက မေးမြန်းလိုက်သည်။

"ခန်းမသခင်ကို တင်ပြပါတယ်...ကျွန်တော် အဆင်ပြေပါတယ်..."

အချိန်တခဏကြာမျှ တွန့်ဆုတ်နေပြီးနောက် မိုပိုင်ယဲ့သည် သူ၏သံသယများကို ဖွင့်ဟမပြောတော့ပေ။

ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတိုင်း မရေမတွက်နိုင်သော လျှို့ဝှက်ချက်များကို သိမ်းဆည်းထားကြသည်။ သူကိုယ်တိုင်သာ ထိုကဲ့သို့ လူတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်နိုင်ပါက သူ ရရှိနိုင်မည့် အကျိုးကျေးဇူးများ အလွန်ကြီးမားပေလိမ့်မည်။ သို့ရာတွင် သတင်းပေါက်ကြားသွားပြီး ခန်းမသခင်ရှစ်ယွင်ကျင်းကိုယ်တိုင် လှုပ်ရှားလာပါက သူ၏ကျင့်ကြံဆင့် မည်မျှထိ မြင့်မားစေကာမူ အခွင့်အရေး ဆုံးရှုံးသွားပေမည်။

ထို့ကြောင့် ယခုလောလောဆယ်တွင် သူ ထုတ်မပြောသည်မှာ အကောင်းဆုံးပင်။ အကယ်၍ သူ ကျန်းရွှမ်ကို မသတ်နိုင်မှသာ ဖွင့်ဟပြောဆိုလျှင်လည်း အချိန်နောက်မကျသေးချေ။

"အဆင်ပြေတယ်.. ဟုတ်လား.."

ရှစ်ယွင်ကျင်း ဇဝေဇဝါ ဖြစ်သွားသည်။

"ဒါဆိုရင် ဘာလို့ မင်း ခုဏက သွေးတွေ အများကြီး အန်နေရတာလဲ..."

မင်းက အဆင်ပြေနေတာတောင် သွေးအန်ပြီးတော့ ကျင့်ကြံဆင့် ကျဆင်းသွားခဲ့တာလား... မင်း ဒီထက်ပိုပြီး သင့်တော်တဲ့ဆင်ခြေမျိုး မပေးတတ်ဘူးလား...

"ဒါက ကျွန်တော် ရုတ်တရက်ကြီး လည်ပင်းယားလာလို့ပါ...ဒါက နေရခက်ပေမယ့် ကိစ္စကြီး တစ်ခု မဟုတ်ပါဘူး"

ခန်းမသခင်မှ ထပ်မံ၍မေးမြန်းမည်ကို စိုးရိမ်သဖြင့် မိုပိုင်ယဲ့သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

"ခုဏက ငါသင်ပေးလိုက်တဲ့ ဓားနည်းစနစ်ကို မေ့လိုက်ကြတော့...အရင်က သင်ပေးထားတဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေကိုပဲ ပြန်လေ့ကျင့်ကြစမ်း..."

"ဘိုးဘေးဆရာ..ကျွန်တော်တို့ မေ့လို့မရဘူး...အရင်က လေ့ကျင့်ခဲ့တဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေက အရမ်းအားနည်းလွန်းတယ်"

"ဟုတ်တယ်...အရင်က လေ့ကျင့်ခဲ့တာတွေက အမှိုက်တွေပဲ...ဘိုးဘေးဆရာ အခုသင်ပေးလိုက်တာကမှ တကယ့်ကို မိုဓားနည်းစနစ်အစစ်အမှန်ပဲ..."

တပည့်များအားလုံးက တညီတညွတ်တည်း ခေါင်းခါယမ်းလိုက်ကြသည်။

တစ်စုံတစ်ယောက်သည် ခမ်းနားထည်ဝါသော ပစ္စည်းများဖြင့် နေသားကျသွားပါက ရိုးရှင်းသော ဘဝသို့ ပြန်သွားရန် ခက်ခဲပေမည်။

ပြီးပြည့်စုံသော မိုတောက်နည်းစနစ်ကို လေ့ကျင့်ပြီးနောက် မည်သူက အားနည်းသော ပုံစံကို ပြန်လိုချင်မည်နည်း။

"မိုဟုန်... ဒီကိစ္စ မင်း တာဝန်ယူလိုက်...သူတို့ကို အရင်အခြေအနေအတိုင်း ပြန်ရောက်အောင်လုပ်စမ်း..."

တပည့်များအားလုံး၏ဆန့်ကျင်မှုကို မြင်တွေ့ချိန်၌ မိုပိုင်ယဲ့က လက်ကာပြလိုက်သည်။

"ဟုတ်ကဲ့"

ဆရာဖြစ်သူ၏ရည်ရွယ်ချက်ကို နားလည်သဖြင့် မိုဟုန်သည် တုံ့ပြန်လိုက်ပြီး တခြားသူများထံသို့ သွားလိုက်သည်။

"ဆရာပြောတာကို ကြားတယ်မလား...အခု မင်းတို့ လေ့ကျင့်နေတဲ့ မိုတောက်နည်းစနစ်နဲ့ တိုကျင့်ကြံနည်းစနစ်တွေက မှားနေတယ်...အရင်က ငါ သင်ပေးထားတာကိုပဲ ပြန်လေ့ကျင့်ကြတော့"

"ဒါပေမဲ့ ကျွန်တော်တို့ အားလုံးက ဒါက ပိုကောင်းတယ်လို့ ခံစားရတယ်.. ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ"

"အရင်က သင်ပေးထားတာတွေက မှားနေတယ်လို့ ကျွန်တော် ဘာလို့ ခံစားနေရတာလဲ"

"ဟုတ်တယ် ....အရင်က သင်ပေးထားတဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေက ရှုပ်ထွေးပြီး သုံးရခက်တယ်... အဆင်မပြေဘူး... ဒါပေမဲ့ အခု သင်ယူလိုက်တဲ့ နည်းစနစ်တွေက အရမ်း အသုံးဝင်တယ်..."

တပည့်များက ချက်ချင်းကန့်ကွက်လိုက်ကြသည်။

"မင်းတို့က....ဘယ်လိုလုပ်ပြီး..."

မိုဟုန်၏မျက်နှာ ပြာနှမ်းသွားသည်။

"ဆရာ....အမှားအမှန်ကို ထားလိုက်ပါအုံး...ကျွန်တော် သရုပ်ပြပါရစေ... ပြီးမှ ဆရာက ဆုံးဖြတ်ပေးပါ..."

လူအများ ငြင်းခုန်နေသည်ကို မြင်တွေ့ချိန်၌ ချန်းယွမ်က ရိုသေလေးစားသော မျက်နှာအမူအယာဖြင့် ရှေ့သို့ထွက်လာသည်။

"အင်း..."

မိုဟုန်က ခေါင်းညိတ်လိုက်သည်။

ချန်းယွမ်သည် သက်ပြင်းချလိုက်ပြီး သူ အစောပိုင်းက သင်ယူခဲ့သော ကောင်းကင်ဗျိုင်းဖြူနည်းစနစ်အကြောင်း အသေးစိတ် ရှင်းပြကာ သရုပ်ပြလိုက်၏။

တစ်ဖက်လူ၏ဓားနည်းစနစ်ကို ကြည့်ပြီးနောက် မိုဟုန် အတွေးနက်သွားသည်။

သူသည် မိုတောက်နည်းစနစ်များကို ဆယ်စုနှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး လှုပ်ရှားမှုတိုင်းနှင့် ဟန်ပန်တိုင်းကို ကောင်းစွာသိရှိထားသည်။ ချန်းယွမ် သရုပ်ပြလိုက်သော နည်းစနစ်များသည် ယခင်က လေ့ကျင့်စဉ်အတွင်းတွင် ရှိခဲ့သော အားနည်းချက်များကို ပြီးပြည့်စုံစွာ ပြုပြင်ပေးပြီး ပို၍ပြည့်စုံစေကာ စွမ်းအားပို၍ကြီးမားစေသည်။

ချန်းယွမ် အပါအဝင် မည်သူမျှ နည်းစနစ်အဟောင်းကို ပြန်မလေ့ကျင့်ချင်ကြသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ သူသည်လည်း ဆက်၍မလေ့ကျင့်ချင်တော့ပေ။

မိုဟုန်က သူ၏လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်နှင့် မိုတောက်ဓားတစ်လက်က သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။ ချန်းယွမ် ပြောခဲ့သည့်အတိုင်း အစစ်အမှန်စွမ်းအားများကို လှည့်ပတ်လိုက်ပြီး ရုတ်တရက် ချာခနဲလှည့်ကာ မလှမ်းမကမ်းရှိ စိမ်းလန်းကျောက်တုံးတစ်တုံးကို ခုတ်ပိုင်းလိုက်သည်။

ဝုန်း...

စိမ်းလန်းကျောက်တုံး ကွဲထွက်သွားပြီး အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားသည်။

မိုဟုန်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူ၏ခန္ဓာကိုယ် တုန်ခါသွားသည်။

ယခင်က တူညီသောနည်းစနစ်ကို သူ လုပ်ဆောင်ခဲ့သည့်တိုင် တစ်စုံတစ်ခု ပိတ်ဆို့နေသကဲ့သို့ ခံစားခဲ့ရသော်လည်း ယခုအချိန်တွင်မူ အလွန်အမင်း အဆင်ပြေချောမွေ့နေသည်။ သူသည် ဤခံစားချက်မျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံခဲ့ဖူးချေ။

"ဖူး..."

မိုပိုင်ယဲ့သည် ကျန်းရွှမ်အား မည်ကဲ့သို့ ဖမ်းဆီးရမည်ကို စဉ်းစားနေစဉ်မှာပင် သူ၏ပါးစပ်မှ သွေးများ ထပ်မံ၍အန်ထွက်လာသည်။

သူ၏ကျင့်ကြံဆင့် ထပ်မံ၍ကျဆင်းသွားပြီး ယခုအချိန်၌ ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ နောက်ဆုံးလက်ကျန်တပည့်၏ သစ္စာဖောက်မှုသည် သူ့ကို အကြီးမားဆုံး ထိခိုက်စေခဲ့ပေ၏။

“...”

မိုပိုင်ယဲ့၏အမြင်အာရုံ မည်းမှောင်သွားသည်။ သူသည် ဓားနည်းစနစ်ကို ကစားနေသော မိုဟုန်ကို ကြည့်ရင်း သူ တစ်စစီ ဆုတ်ဖြဲပစ်ချင်စိတ် ပေါက်လာသည်။

'ငါ သင်ပေးထားတဲ့ ဓားနည်းစနစ်ကို တခြားလူတွေအားလုံး လေ့ကျင့်အောင် လုပ်ခိုင်းထားတာလေ..မင်းက မျက်စိတစ်မှိတ်အတွင်း ဘာလို့ သူများဟာကို လိုက်ပြီးလေ့ကျင့်နေတာလဲ'

"ဒါက... မင်း လည်ချောင်းယားပြန်တာလား"

ရှစ်ယွင်ကျင်းက ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအယာဖြင့် မေးမြန်းလိုက်၏။

"ကျွန်တော်..."

မိုပိုင်ယဲ့၏ခန္ဓာကိုယ် တုန်ရီသွားပြီး ငိုချင်စိတ်ပေါက်လာသည်။

သူသည် အသက်ရှူမှန်အောင် အချိန်အတော်ကြာ ကြိုးစားပြီးနောက် နောက်ဆုံးတွင် သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်လိုက်ပြီး မိုဟုန်ကို စူးစိုက်ကြည့်ကာ ပြောဆိုလိုက်သည်။

"အကြောင်းပြချက်တွေကို ငါ ဂရုမစိုက်ဘူး... ငါသင်ပေးထားတဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေနဲ့ ကျင့်ကြံနည်းစနစ်တွေကိုပဲ သူတို့အားလုံး လေ့ကျင့်အောင် လုပ်ရမယ်"

"ဟုတ်ကဲ့..."

မိုဟုန်က ခေါင်းညိတ်လိုက်သည်။

သူ၏ဆရာ သင်ပေးသည့် အရာများသည် လွဲချော်နေသည်ဟု ခံစားနေရသော်လည်း တစ်ဖက်လူသည် ထိုသို့ ပြောဆိုလာသဖြင့် သူ မငြင်းဆန်ရဲချေ။

"ဒီကိစ္စကို မင်း တာဝန်ယူလိုက်တော့..."

ဤနေရာတွင်ဆက်နေပါက ခန်းမသခင်သည် ပို၍သံသယဝင်လာမည်ကို သိသဖြင့် မိုပိုင်ယဲ့က စကားဆက်မပြောတော့ပေ။ မိုဟုန်အတွက် စီစဉ်စရာရှိသည်များကို စီစဉ်ပေးပြီးနောက် ခြံဝန်းထဲမှထွက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် အဒေါ်ကြီးတစ်ဦး အလျင်အမြန် လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။

"သခင်ကြီး..."

သူမကို မြင်တွေ့ချိန်၌ မိုပိုင်ယဲ့က မျက်မှောင်ကြုတ်လိုက်သည်။

သူမသည် သူ၏တိတ်တိတ်ပုန်းချစ်သူကို စောင့်ကြည့်ရန် တာဝန်ပေးထားသော ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံသူဖြစ်သည့် အိမ်တော်ထိန်းအဒေါ်ကြီးမှလွဲ၍ တခြားလူ မဟုတ်ပေ။ သူမသည် သူ၏တိတ်တိတ်ပုန်းချစ်သူနှင့် သူ စီစဉ်ထားသော ခြုံခိုတိုက်ခိုက်မည့်သူများနှင့် အတူ ရှိနေသင့်သည် မဟုတ်လော။ သူမသည် ဤနေရာသို့ ဘာလာလုပ်သနည်း။

"ဖြစ်နိုင်တာတော့..."

မိုပိုင်ယဲ့၏မျက်လုံးများ တောက်ပသွားသော်လည်း သူ၏စိတ်ကိုတည်ငြိမ်အောင် ထိန်းထားလိုက်သည်။

သူသည် ထောင်ချောက်တစ်ခုဆင်ထားပြီး ကျန်းရွှမ် ဝင်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ ဖြစ်နိုင်သည်မှာ ကျန်းရွှမ်သည် သူ စီစဉ်ထားသော ကျင့်ကြံသူများ၏ဖမ်းဆီးခြင်းကို ခံလိုက်ရသလော။

"သခင်ကြီး.... ခုဏက အလုံးစုံသိမြင်ဂိုဏ်းက ကျင့်ကြံသူတွေ အုပ်စုလိုက်ကြီး ရုတ်တရက် ဝင်ရောက်လာပြီး အိမ်တော်ကို ဝင်စီးသွားတယ်...သူတို့က သခင်ကြီး ခေါ်လာတဲ့ ကျင့်ကြံသူတွေကို သတ်ဖြတ် ဖမ်းဆီးသွားတယ်... သခင်မလေးယွင်ကိုပါ ခေါ်သွားတယ်..."

အဘွားအိုက ငိုသံပါကြီးဖြင့် အလျင်အမြန် ပြောဆိုသည်။

"ဘာ..."

မိုပိုင်ယဲ့၏ခန္ဓာကိုယ် ဒယိမ်းဒယိုင်ဖြစ်သွားပြီး နေရာတွင် မူးမေ့လဲကျလုမတတ် ဖြစ်သွားသည်။

"အလုံးစုံသိမြင်ဂိုဏ်းက ဘာလို့... ဘာလို့ ငါ့ရဲ့လူတွေကို ဖမ်းရတာလဲ"

သူတို့သည် တစ်ဖက်လူ၏တပည့်တစ်ယောက်ကို ဖမ်းဆီးခဲ့ရုံမျှသာပင်။ သို့ရာတွင် ယခုချိန်၌ မိုတောက်ဂိုဏ်းတစ်ဂိုဏ်းလုံး ပုန်ကန်နေပြီး ခြုံခိုတိုက်ခိုက်မည့်သူများလည်း သေဆုံးခြင်း သို့မဟုတ် ဖမ်းဆီးခြင်း ခံလိုက်ရသည်။

ဘာလို့ ဒီလိုတွေ ဖြစ်ရတာလဲဆိုတာ ငါ့ကို ဘယ်သူ ပြောပြနိုင်မလဲ....

ဒီ လက်တုံ့ပြန်မှုက ပြင်းထန်လွန်းတယ်...

All Chapters