← Chapters

မိုဟုန်ကို ပြန်ပေးဆွဲခြင်း

Vol. 24 Ch. 299

မိုဟုန်ကို ပြန်ပေးဆွဲခြင်း

Vol. 24 Ch. 299

"အရှင်ကျန်း....အလုံးစုံသိမြင်ဂိုဏ်းက လူတွေ ဒီတံဆိပ်ပြားကိုမြင်တော့ လူလွှတ်ပေးရုံတင်မကဘူး.... အမဲလိုက်စာရင်းမှာ ပါတဲ့လူတွေအတွက် ဆုကြေးတစ်ဝက်ကိုပါ ခွဲဝေပေးခဲ့ပါတယ်... စုစုပေါင်း ရင်းမြစ်ဒင်္ဂါးသန်းနှစ်ရာ ရှိပြီးတော့ အဲ့ဒါတွေအားလုံးကို ဒီတံဆိပ်ပြားထဲမှာ ထည့်ပေးထားတယ်... နောက်ဆို အလုံးစုံသိမြင်ဂိုဏ်းကနေ ပစ္စည်းတစ်ခုခု ဝယ်ချင်ရင် ဒီတံဆိပ်ပြားကို အသုံးပြုလိုက်ရုံပါပဲ"

ကျန်းအိမ်တော်၏ ခြံဝန်းငယ်လေးထဲတွင် မင်ကျန်းထောင်သည် သူ၏ရှေ့မှ လူငယ်လေးကို ရိုသေလေးစားမှုအပြည့်ဖြင့် ကြည့်နေသည်။

ဂိုဏ်းခွဲသခင်ချန်က သူ့ကို ဂရုစိုက်မည် မဟုတ်ဟု တွေးထင်ခဲ့သော်လည်း အံ့အားသင့်စရာကောင်းသည်မှာ သူသည် ကျင့်ကြံသူများကို စေလွှတ်ပေးရုံသာမက ဆုကြေးများကိုပါ ခွဲဝေပေးခဲ့ခြင်းပင်။ ဤကဲ့သို့ အသိအမှတ်ပြုမှုနှင့်ဂုဏ်ပြုမှုမျိုးသည် သူ၏ဆရာ မိုပိုင်ယဲ့ပင်လျှင် မရရှိနိုင်သောအရာ ဖြစ်ပေ၏။

"မိုပိုင်ယဲ့ကို သေချာစောင့်ကြည့်ထားပြီးတော့ မမျှော်လင့်ထားတာ တစ်ခုခု ဖြစ်မလာအောင် တားဆီးရမယ်... ဆက်တိုက်ဆုံးရှုံးမှုတွေကို ကြုံပြီးတဲ့နောက်မှာ သူတို့က လျှူမင်ယွဲ့ကို ခေါ်ထုတ်လာပြီးတော့ ငါနဲ့ ပြောင်ပြောင်တင်းတင်း ရင်ဆိုင်ဖို့ ဖြစ်နိုင်ချေများတယ်"

ကျန်းရွှမ်က တံဆိပ်ပြားကိုပြန်ယူရင်း ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့"

မင်ကျန်းထောင်နှင့်စွန်းချန်တို့က တညီတညွတ်တည်း ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

နှစ်ကြိမ်ဆက်တိုက် အထိနာပြီးနောက် မိုပိုင်ယဲ့သည် စိတ်ရှည်သည်းခံနိုင်တော့မည် မဟုတ်ပေ။ ထိုသို့ ဖြစ်လာသည်နှင့် သူသည် လျှူမင်ယွဲ့ရှိရာသို့ ခြေရာခံလိုက်နိုင်ပေမည်။

...

"သခင်လေး.... ဧည့်ခန်းမှာ စောင့်နေတဲ့ ဖုမိသားစု အကြီးအကဲတွေကျတော့ရော ဘယ်လို လုပ်မလဲ"

စွန်းချန်က မေးမြန်းသည်။

သခင်လေးနှင့်မင်ကျန်းထောင်တို့ ထွက်သွားပြီးနောက် မကြာမီမှာပင် ဖုမိသားစုမှ အကြီးအကဲ လေးဦး ရောက်လာပြီး စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံးသည် အလွန်အစွမ်းထက်ပုံရပေ၏။

"မြို့အရှေ့ဘက် မိုင်သုံးဆယ်အကွာမှာ တောင်ကြားငယ်လေး တစ်ခု ရှိတယ်...သူတို့ကို အဲ့ဒီမှာ ပုန်းနေခိုင်းပြီးတော့ အမိန့်မရမချင်း စောင့်နေခိုင်းလိုက်...."

ကျန်းရွှမ်က အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့"

စွန်းချန်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

အရာအားလုံး စီစဉ်ပြီးနောက် ကျန်းရွှမ်သည် အလျင်စလို မလုပ်တော့ဘဲ သူ၏အခန်းထဲတွင် ထိုင်ကာ သတင်းစောင့်နေလိုက်သည်။

နှစ်နာရီခန့်ကြာပြီးနောက် မင်ကျန်းထောင် ပြန်ရောက်လာသည်။

"အရှင်ကျန်းကို တင်ပြပါတယ်... မိုတောက်ဂိုဏ်းကနေ ထွက်လာပြီးတဲ့နောက်မှာ ဆရာက တခြားဘယ်မှမသွားဘဲနဲ့ ကောင်းကင်ကံကြမ္မာခန်းမဆောင်ကို ပြန်သွားပါတယ်...သူက ခန်းမသခင်ရှစ်နဲ့ အစည်းအဝေး ဆက်လုပ်နေပြီးတော့ ပြန်ထွက်မလာတော့ဘူး..."

"သူ ပြန်သွားတယ်...ဟုတ်လား"

ကျန်းရွှမ် အံ့အားသင့်သွားသည်။

ထိုလူသည် အမှန်တကယ်ကို စိတ်တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်သည်။ မိုတောက်ဂိုဏ်းတစ်ဂိုဏ်းလုံး ပုန်ကန်ပြီး ခြုံခိုတိုက်ခိုက်မည့် ကျင့်ကြံသူအားလုံး အသတ်ခံလိုက်ရသည့်တိုင် သူသည် အစည်းအဝေးကို အေးအေးဆေးဆေး တက်ရောက်နိုင်ပေ၏။ ဤသည်မှာ အမှန်တကယ်ကို လေးစားဖွယ်ရာပင်။

"အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"

မင်ကျန်းထောင်က ကျန်းရွှမ်ထံသို့ လှမ်းကြည့်လိုက်သည်။

"မိုဟုန်ရော ပါသွားလား"

ကျန်းရွှမ်က မေးမြန်းသည်။

"မပါသွားဘူး...သူက မိုတောက်ဂိုဏ်းမှာပဲ ကျန်ခဲ့ပြီးတော့ တပည့်တွေကို အရင်ဓားနည်းစနစ်တွေ ပြန်သင်ပေးနေပါတယ်... ဒါပေမဲ့ သိပ်အရာမထင်ပါဘူး..."

မင်ကျန်းထောင်က တုံ့ပြန်အဖြေပေးသည်။

"သူ အဲ့ဒီမှာ ရှိနေမှတော့ ဒီအခွင့်အရေးကို အသုံးချပြီး သွားကြည့်ကြတာပေါ့"

ကျန်းရွှမ်က အပြုံးနှင့် ပြောဆိုလိုက်၏။

'မင်းက ငါ့ရဲ့တပည့်တစ်ယောက်ကို ဖမ်းထားမှတော့... ငါက မင်းရဲ့တပည့်တစ်ယောက်ကို ပြန်ဖမ်းမယ်....ဘယ်သူက ပိုပြီးတောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့'

ကျန်းအိမ်တော်မှ ထွက်ခွာပြီးနောက် သူသည် မိုတောက်ဂိုဏ်းသို့ အလျင်အမြန် ပျံသန်းသွားသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရုံဖြင့် မိုပိုင်ယဲ့အဖြစ် ရုပ်ဖျက်ပြီးသားဖြစ်သွားကာ ခြံဝန်းအတွင်းသို့ ဝင်ရောက်သွားသည်။

ဤအချိန်တွင် မိုဟုန်သည် တပည့်များကို စိတ်မရှည်သော မျက်နှာအမူအယာဖြင့် စောင့်ကြည့်နေသည်။

"ဟုတ်တယ်...အဲ့ဒီလိုပဲ ဆက်လေ့ကျင့်ကြစမ်း...မှန်တာ မှားတာကို မင်းတို့ ဝေဖန်ဖို့ မလိုဘူး....ဆရာက ဒီလိုပုံစံမျိုးကို လိုချင်မှတော့ သူ့မှာ ရည်ရွယ်ချက်တွေနဲ့အစီအစဉ်တွေ ရှိနေမှာပဲ"

"အဟမ်း..အဟမ်း...မိုဟုန်"

ကျန်းရွှမ်က လှမ်းခေါ်လိုက်သည်။

မိုဟုန်သည် လန့်ဖျပ်သွားပြီး အလျင်အမြန် လျှောက်လှမ်းလာကာ သူ၏လက်ကိုပူးဆုပ်၍ ဦးညွှတ်အရိုအသေပြုလိုက်သည်။ သူ၏မျက်လုံးများထဲတွင် ဇဝေဇဝါအရိပ်အယောင်များ ထင်ဟပ်နေပေ၏။

"ဆရာက ခန်းမသခင်နဲ့ ပြန်လိုက်သွားတာ မဟုတ်ဘူးလား"

"အင်း... ငါက ဒီနေရာကို စိတ်မချလို့ ပြန်လာခဲ့တာ"

ကျန်းရွှမ်က လက်ဝှေ့ယမ်းလိုက်ပြီး သူ့ရှေ့တွင် လေ့ကျင့်နေသူများကို ကြည့်လိုက်သည်။

"ကောင်းပြီလေ...မင်းတို့ ခဏလောက် ရပ်လိုက်ကြအုံး...ငါက မင်းတို့ကို မိုတောက်ဓားနည်းစနစ်တစ်ခု ထပ်သင်ပေးမယ်...မင်းတို့ အမြန်ဆုံး သင်ယူကြတော့"

"ဟုတ်ကဲ့"

ချန်းယွမ်နှင့်တခြားလူများက သံသယမဝင်ဘဲ ခေါင်းညိတ်လိုက်ကြသည်။

ကျန်းရွှမ်က လက်နက်စင်မှ မိုတောက်ဓားတစ်လက်ကို ယူလိုက်ပြီး လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။

ဤဓားဝှေ့ယမ်းလိုက်သော လှုပ်ရှားမှုသည် မြန်ဆန်ခြင်းမရှိသော်လည်း ဓားချီသည် ချက်ချင်းဆိုသလိုပင် ကွေ့ဝိုက်သွားသည်။ ထိုဓားချီသည် အဝေးသို့ ပျံ့လွင့်သွားကာ ပြိုင်ဘက်ကို ရှောင်တိမ်း၍မရနိုင်ဘဲ ပိတ်ဆို့ခံရသည့် ခံစားချက်ကို ပေးစွမ်းနိုင်ပေ၏။

"ဒါက... ဂျူနီယာညီလေးမင်ကျန်းထောင် လေ့ကျင့်ခဲ့တဲ့ ဓားနည်းစနစ် မဟုတ်ဘူးလား"

မိုဟုန်သည် အစပထမတွင် သံသယမခဲ့သော်လည်း ဤဓားနည်းစနစ်ကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

ဤဓားနည်းစနစ်ကို ယခင်က မင်ကျန်းထောင်နှင့် တိုက်ခိုက်စဉ်၌ သူ တွေ့ကြုံခဲ့ရပြီး ထိုအရာ၏ ကြီးမားသောစွမ်းအားကို သူ အသိအမှတ်ပြုထားသည်။ ဤသည်မှာ ကျန်းရွှမ် ဖန်တီးထားသော မိုတောက်ဓားနည်းစနစ်ပင်။ သို့ရာတွင် ယချိန်၌ ဆရာသည် ထိုဓားနည်းစနစ်ကို လူသိရှင်ကြား ထုတ်ဖော်ပြသပြီး သင်ကြားပေးနေသည်။

ဤလူသည် လူလိမ်သာ ဖြစ်မည်မှာ သံသယဖြစ်ဖွယ် မရှိတော့ချေ။

သူ၏စိတ်နှလုံးသားထဲ၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားပြီး တစ်ဖက်လူကို မသိမသာခိုးကြည့်လိုက်သည်။

ဤလူ၏ ရုပ်ရည်နှင့်ဟန်ပန်အမူအယာအပြင် မိုတောက်အပေါ် နားလည်မှုသည်လည်း ဆရာနှင့်တထပ်တည်းတူညီနေပြီး အပြစ်အနာအဆာ မရှိပေ။

ချန်းယွမ်နှင့်တခြားလူများ အပြည့်အဝ ယုံကြည်နေကြသည်မှာ အံ့အားသင့်ဖွယ် မဟုတ်တော့ချေ။ အကယ်၍ သူသာ ဤဓားနည်းစနစ်ကို ကြိုမသိခဲ့ရဘဲ အမှတ်မထင် ကြုံတွေ့ရပါက သူသည်လည်း အလိမ်ခံရနိုင်သည်။

"မဟုတ်ဘူး...ငါက ဆရာ့ဆီကို ချက်ချင်းသွားပြီးတော့ အသိပေးရမယ်..."

တစ်ဖက်လူသည် မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ ဆုတ်ခွာလိုစိတ်များ ပေါက်ဖွားလာသည်။

သူ ရှိနေကြောင်းကို သိသော်လည်း ဤကဲ့သို့ လုပ်ရဲသည်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူသည် ကြိုတင်ပြင်ဆင်ပြီး လာခဲ့ကြောင်း သိသာထင်ရှားပေ၏။

သူ ထွက်သွားရန် မည်ကဲ့သို့ အကြောင်းပြရမည်ကို စဉ်းစားနေစဉ်မှာပင် ဆရာက သူ့ကို မကျေမနပ်ပြောဆိုသည်အား ကြားလိုက်ရသည်။

"မိုဟုန်...သူတို့အားလုံး လေ့ကျင့်နေကြတာကို မင်းက ဘာလို့ မလေ့ကျင့်တာလဲ"

"ကျွန်တော်..."

မိုဟုန်က ခေါင်းကုတ်ကာ အနေခက်စွာဖြင့် ပြောဆိုလိုက်သည်။

"ကျွန်တော် အခုပဲ လေ့ကျင့်တော့မှာပါ"

တစ်ဖက်လူ၏လှုပ်ရှားမှုများကို သေချာပြန်စဉ်းစားပြီးနောက် သူသည်လည်း မိုတောက်ဓားကို ဝှေ့ယမ်းလိုက်၏။ ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ထဲသို့ ရင်းမြစ်စွမ်းအင်များ စီးဆင်းလာသည်ကို ချက်ချင်းခံစားလိုက်ရသည်။

ယခင်က သူ လေ့ကျင့်ခဲ့သော နည်းစနစ်များနှင့် နှိုင်းယှဉ်လျှင် ဤအရာသည် ပို၍အဆင်ပြေချောမွေ့ရုံသာမက ပို၍အစွမ်းထက်သည်။

"ဟူး..."

သူ တိုးညှင်းစွာ သက်ပြင်းရှိုက်လိုက်မိသည်။

တပည့်များအားလုံးသည် ဆရာ သင်ပေးသည်ထက် ဤလူ သင်ပေးသည်ကို ပို၍နှစ်သက်ကြသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ဤသည်မှာ အမှန်တကယ်ကို ပို၍သာလွန်ထူးကဲသည်။ သူပင်လျှင် ယခုနည်းစနစ်ကို လေ့ကျင့်ပြီးနောက် စွဲလမ်းသွားသကဲ့သို့ ခံစားရကာ မရပ်တန့်လိုတော့ချေ။

"ကောင်းပြီလေ...မင်းတို့အားလုံး အလေးအနက်ထားပြီးတော့ ဆက်ပြီးလေ့ကျင့်ကြတော့... မိုဟုန်က ငါနဲ့ လိုက်ခဲ့..."

လူများအားလုံး ပြန်လည်၍လေ့ကျင့်နေကြပြီး မိုပိုင်ယဲ့နှင့် လုံးလုံးလျားလျား ကံကြမ္မာပြတ်တောက်သွားပြီဖြစ်ကြောင်း ပြသနေသဖြင့် ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ဟုတ်ကဲ့"

မိုဟုန်က ခေါင်းညိတ်ပြီး သူ၏ဆရာနောက်မှ ကပ်လိုက်ကာ မိုတောက်ဂိုဏ်း၏အပြင်ဘက်သို့ ထွက်လာသည်။

"ဆရာ... တောင်းပန်ပါတယ်... ကျွန်တော်က ပစ္စည်းတစ်ခု မယူခဲ့မိဘူး.. အခုမှ အဲ့ဒါကို သတိရမိလို့ ကျွန်တော် ပြန်သွားရှာပြီး ယူလိုက်အုံးမယ်"

လမ်းမပေါ်တွင် ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် မိုဟုန်က သူ၏နဖူးကိုရိုက်ကာ မျက်နှာငယ်လေးဖြင့် ပြောဆိုလိုက်သည်။

"ပစ္စည်း ဟုတ်လား... မင်း သွားယူဖို့ မလိုဘူး... ငါနဲ့ လိုက်ခဲ့စမ်း...."

မိုဟုန်၏ရည်ရွယ်ချက်ကို ကျန်းရွှမ်က ကောင်းစွာသိရှိထားသည်။ သူသည် ထွက်ပြေးရန်အတွက် အခွင့်အရေးရှာနေခြင်းပင်။ သူသည် အနည်းငယ် ပြုံးလိုက်ပြီး သူ၏လက်ကိုလှုပ်ခတ်ကာ မိုဟုန်ကို ရိုက်နှက်လိုက်၏။

"ဆရာ...ခင်ဗျား..."

မိုဟုန်က သူ ဟန်ဆောင်ကောင်းသည်ဟု တွေးထင်ထားသော်လည်း တစ်ဖက်လူက ပြောင်ပြောင်တင်းတင်း တိုက်ခိုက်လာလိမ့်မည်ဟု မျှော်လင့်မထားသဖြင့် ထိတ်လန့်တကြား နောက်ဆုတ်လိုက်သည်။ သူသည် ကာကွယ်ရန်အတွက် မိုတောက်ဓားကိုဆွဲထုတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဆရာ၏လက်က သူ၏လက်ကောက်ဝတ်မှ သွေးကြောကို ဖမ်းဆုပ်ပြီးသား ဖြစ်နေသည်အား မြင်တွေ့လိုက်ရသည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူသည် ဓမ္မရုပ်သွင်နယ်ပယ်တွင်သာ ရှိသော ကျန်းရွှမ်နှင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။ သူ စွမ်းအားအပြည့် အသုံးပြုလျှင် ကျန်းရွှမ်ကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ပေမည်။

သို့ရာတွင် ယခုချိန်၌ သူ မတုံ့ပြန်နိုင်မီမှာပင် အဖမ်းခံလိုက်ရလေပြီ။

ဒီအင်အားနဲ့ အမြန်နှုန်းက...

'ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ်... သူက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ မြန်မြန်ဆန်ဆန် တိုးတက်လာတာလဲ...'

သူသည် တစ်ဖက်လူ၏ အင်အားအစစ်အမှန်ကို ချက်ချင်းနားလည်သဘောပေါက်သွားသည်။ မိုဟုန်သည် ခုခံလိုသော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်နေပြီး မလှုပ်ရှားနိုင်တော့ချေ။

ကျန်းရွှမ်သည် ဓမ္မရုပ်သွင်နယ်ပယ်၌ ရှိနေစဥ်ကပင် သူနှင့် တိုက်ကွက်ပေါင်း ဆယ်နှင့်ချီ၍ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သည်။ ကျန်းရွှမ်သည် ယခုချိန်၌ ဤမျှထိ တိုးတက်လာသဖြင့် သူ ယှဉ်နိုင်စွမ်း မရှိတော့သည်မှာ သိသာထင်ရှားပေ၏။

"မိုဟုန်... ဆရာနဲ့ လိုက်ခဲ့"

မိုဟုန်၏သွေးကြောကို ဆုပ်ကိုင်ထားရင်း ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"မိုပိုင်ယဲ့ရဲ့စိတ်နှလုံးသားထဲမှာ မင်းကို ဘယ်လောက်ထိ တန်ဖိုးထားလဲဆိုတာ ကြည့်ရသေးတာပေါ့"

"သန်မာလိုက်တာ..."

လမ်း၏အဆုံးတွင် ကျန်းရွှမ်နှင့်အတူ လိုက်ပါလာပြီး မိုတောက်ဂိုဏ်းထဲသို့ မဝင်သော မင်ကျန်းထောင်သည် ဤမြင်ကွင်းကို ကြည့်ပြီး ကြောက်ရွံစိတ်ကြောင့် သူ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။

'ဒီလူက သူ့ရဲ့စွမ်းအားကို တကယ်ကြီး ဖုံးကွယ်ထားတာပဲ... ကံကောင်းလို့ ငါ အရင်က မဆင်မခြင် မလုပ်မိတာ... မဟုတ်ရင် ငါလည်း လင်းပုယန်လို အလောင်းကောင် ဖြစ်သွားလောက်ပြီ'

All Chapters