အပေးအယူ လုပ်ခြင်း
Vol. 24 Ch. 300
ယာယီကောင်းကင်ကံကြမ္မာခန်းမဆောင်၏ အစည်းအဝေးနေရာတွင် မိုပိုင်ယဲ့သည် ကျီးလန်တောင်ကြားသို့ ဝင်ရောက်မည့် အစီအစဉ်ကို ကြေညာရန် ဟန်ပြင်လိုက်စဉ်တွင် သူ ယခင်က တွေ့ဖူးသော ချန်းယွမ် အပြေးရောက်လာသည်။
"ဘိုးဘေးဆရာ... ကျွန်တော်တို့ရဲ့ဆရာ ပျောက်သွားပြီ..."
မိုပိုင်ယဲ့သည် အံ့အားသင့်သွားပြီးနောက် သူ၏စိတ်ထဲသို့ ဒေါသများ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဝင်ရောက်လာသည်။
ဤသည်မှာ ကျန်းရွှမ်၏လက်ချက်ပဲ ဖြစ်ရမည်ဟု သူ စဉ်းစားနေရန်ပင် မလိုဘဲ သိလိုက်၏။
'မင်းရဲ့တပည့်တစ်ယောက်ကို ပြန်ပေးဆွဲမိတာနဲ့ မင်းက မိုတောက်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ပုန်ကန်အောင် လုပ်တယ်...ပြီးတော့ ခြုံခိုတိုက်ခိုက်မယ့် ငါ့ရဲ့လူတွေအားလုံးကို သတ်ဖြတ်ဖမ်းဆီးတယ်... အခု မင်းက ငါ့ရဲ့အယုံကြည်ရဆုံး တပည့်ကိုပါ ဖမ်းသွားပြီပေါ့...'
"ဘိုးဘေးဆရာ... အခု ဘာဆက်လုပ်ကြမလဲ"
ချန်းယွမ်က စိုးရိမ်ပူပန်သော မျက်နှာအမူအယာဖြင့် မိုပိုင်ယဲ့ကို ကြည့်လိုက်သည်။
"ဆရာ့ကို ဖမ်းသွားတာက ကျန်းယွဲ့လို့ခေါ်တဲ့ လေလွင့်ကျင့်ကြံသူ တစ်ယောက်လို့ ပြောကြတယ်..."
မိုပိုင်ယဲ့၏မျက်နှာ ရှုံ့မဲ့သွားသည်။
ကျန်းယွဲ့ ဆိုသည်မှာ သူ၏တိတ်တိတ်ပုန်းချစ်သူ အိမ်တွင် ကျန်းရွှမ်ကို ခြုံခိုတိုက်ခိုက်ရန် သူ စီစဥ်ထားခဲ့သော ထိပ်သီးကျင့်ကြံသူများအနက်မှ တစ်ယောက်ပင်။ အလုံးစုံသိမြင်ဂိုဏ်းသည် ထိုလူများအားလုံးကို ဖမ်းဆီးသတ်ဖြတ်ပြီးပြီ မဟုတ်လော။ ထိုလူသည် မိုဟုန်ကို မည်သည်ကြောင့် ဖမ်းဆီးနိုင်မည်နည်း။ ဤသည်မှာ ကျန်းရွှမ် တမင်သက်သက် လွှင့်ထားသော သတင်းမှားဖြစ်သည်မှာ သိသာထင်ရှားပေ၏။
မိုပိုင်ယဲ့က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ထားလိုက်တော့.. အဲ့ဒီကိစ္စအတွက် မင်း ဘာမှစိတ်မပူနဲ့....အဲ့ဒီကောင်က တခြားသတင်းစကား ပါးလိုက်သေးလား"
ချန်းယွမ်က ပြောဆိုသည်။
"တဖက်လူ ပြောတာက... လူကို ကယ်ချင်ရင် ဘိုးဘေးဆရာ ဖမ်းထားတဲ့လူကို အရင် လွှတ်ပေးလိုက်တဲ့...မဟုတ်ရင် ဆရာက အသက်အန္တရာယ် ရှိနိုင်တယ်တဲ့..."
"အင်း... ဒီသတင်းကို ဘယ်သူ့ကိုမှ ပေးမသိနဲ့...တခြားဘယ့်သူကိုမှ မပြောနဲ့"
မိုပိုင်ယဲ့ ချန်းယွမ်ကို အရင်ထွက်ခွာခိုင်းလိုက်ပြီး အတွေးများအတွင်း၌ နစ်မြောသွားသည်။
လျှူမင်ယွဲ့ကို လွှတ်ပေးရမည်ဟု ဆိုသလော။ ဤသည်မှာ လုံးလုံးလျားလျား မဖြစ်နိုင်ချေ။
ထိုမိန်းကလေးကို လွှတ်ပေးလိုက်သည်နှင့် ကျန်းရွှမ်ကို ခြိမ်းခြောက်ရန် နည်းလမ်းရှိတော့မည် မဟုတ်ချေ။ ထို့ပြင် သူ ကျီးလန်တောင်ကြားသို့ ဝင်ရောက်ပြီးလျှင် အကြီးမားဆုံး အကျိုးကျေးဇူးများကို ရရှိရန် ခက်ခဲပေလိမ့်မည်။
သို့ရာတွင် ထိုမိန်းကလေးကို မလွှတ်ပေးဘဲနေပါက ကျန်းရွှမ်သည် မိုဟုန်ကို သတ်လိုက်လျှင် မည်သို့ဖြစ်လာမည်နည်း...
"တပည့်တစ်ယောက်ပဲဟာ...သေရင်လည်း သေပါစေပေါ့"
သူ၏မျက်လုံးများ တောက်ပသွားသည်။
မိုဟုန်သည် သူ၏နောက်သို့ လိုက်နေသည်မှာ နှစ်ပေါင်း မည်မျှထိ ကြာပြီကို သူ မသိသော်လည်း မည်သို့ပင်ဆိုစေကာမူ အသုံးချခံတစ်ယောက်သက်သက်ပင်။ မိုဟုန် သေသွားလျှင်ပင် အရေးမကြီးချေ။
မိုဟုန်၏အသက်နဲ့ လဲပြီး သူ၏အစီအစဉ် အောင်မြင်သွားမည်ဆိုပါက ရှုံးနိမ့်သည်ဟု မဆိုနိုင်ပေ။
ထိုအတွေးနှင့်အတူ မိုပိုင်ယဲ့သည် အသက်ပြင်းပြင်းရှိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်၏။ သူ စကားဆက်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် အလုံးစုံသိမြင်ဂိုဏ်း၏ ဂိုဏ်းခွဲသခင်ချန်ယွီဟွမ် ဝင်လာသည်။
"ဂိုဏ်းခွဲသခင်ချန် ဘာကိစ္စ ရှိလို့လဲ"
ရှစ်ယွင်ကျင်းသည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် အလျင်အမြန် မတ်တတ်ထရပ်လိုက်သည်။
သူသည် ကျိုးယီအင်ပါယာ၏ ကောင်းကင်ကံကြမ္မာခန်းမသခင် ရာထူးကို ရယူထားသော်လည်း အဆင့်အတန်းနှင့်အာဏာအရ ချန်ယွီဟွမ်သည် သူ့ထက် မနိမ့်ကျပေ။ ထို့ကြောင့် သူသည် ချန်ယွီဟွမ်ကို အထက်စီးက မဆက်ဆံရဲချေ။
"ငါက ဒီနားကနေ ဖြတ်သွားရင်းနဲ့ အလုံးစုံသိမြင်ဂိုဏ်းက ခုလေးတင် ရထားတဲ့ သတင်းတစ်ခုကို အမှတ်ရသွားလို့ပါ....ငါက ဒုခန်းမသခင်မိုကို ဒီကိစ္စ ပြောပြသင့်တယ် ထင်လို့ပါ..."
ချန်ယွီဟွမ်က ရှင်းလင်းပြတ်သားစွာ ပြောဆိုလိုက်သည်။
"ဒုခန်းမသခင်မို...ဟုတ်လား"
ရှစ်ယွင်ကျင်းက မိုပိုင်ယဲ့ထံသို့ လှည့်ကြည့်လိုက်၏။
"..."
မိုပိုင်ယဲ့၏မျက်နှာ ရှုံ့မဲ့သွားပြီး မကောင်းသော ခံစားချက်တစ်ခုက သူ၏စိတ်ထဲတွင် ကြီးထွားလာသည်။
နောက်ထပ်အချိန်တခဏတွင် ချန်ယွီဟွမ်၏အသံ ထွက်ပေါ်လာသည်။
"ဟုတ်ပါတယ်.....ဒုခန်းမသခင်မိုရဲ့တပည့် မိုဟုန်ကို ကျန်းယွဲ့လို့ခေါ်တဲ့ လေလွင့်ကျင့်ကြံသူ တစ်ယောက်က ခုဏလေးတင် ဖမ်းဆီးသွားပြီးတော့ မြို့အရှေ့ဘက်ကို ခေါ်သွားပါတယ်..ဒုခန်းမသခင်မိုက သူ့ကိုကယ်ချင်ရင် အချိန်မီပါသေးတယ်..."
"ကျွန်တော်..."
မိုပိုင်ယဲ့သည် မတ်တတ်ထရပ်လိုက်ပြီး တစ်စုံတစ်ခုကို ပြောလိုသော်လည်း မည်သည့်စကားကို ပြောရမှန်းမသိ ဖြစ်နေသည်။
ယခင်က သူသည် ဤသတင်းကို ဖုံးကွယ်ထားပြီး မသိချင်ယောင်ဆောင်လို့ ရနိုင်ခဲ့ပေ၏။ နောက်ပိုင်း၌ သူ၏တပည့် သေသွားလျှင်ပင် ကိစ္စပြီးအောင် သူသည် ဟန်ဆောင်မျက်ရည် အနည်းငယ် ကျပြလိုက်ရုံပင်။ သို့ရာတွင် ယခုချိန်၌ ဂိုဏ်းခွဲသခင်ချန်မှ လူသိရှင်ကြား ဖွင့်ဟပြောဆိုခဲ့သည်။ ထိုကြောင့် အကယ်၍ သူသာ မိုဟုန်ကို သွားမကယ်လျှင် ဒုခန်းမသခင်ဆိုသည့် ရာထူးသည် မြဲတော့မည် မဟုတ်ချေ။
"ဘာလဲ...ဒုခန်းမသခင်မိုက မကယ်ချင်ဘူးလား"
ချန်ယွီဟွမ်က နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
"ဘယ်လိုလုပ်ပြီး မကယ်ဘဲ နေပါ့မလဲ... ကျွန်တော် အခုပဲ သွားတော့မယ်"
မိုပိုင်ယဲ့က ဟန်ဆောင်ပန်ဆောင်ဖြင့် ပြင်ပသို့ ထွက်သွားသည်။
ရှစ်ယွင်ကျင်းက လှမ်းအော်လိုက်သည်။
"ဒုခန်းမသခင်မိုကို ကူညီဖို့ အကြီးအကဲတချို့ကို ထည့်ပေးလိုက်ရမလား"
မိုပိုင်ယဲ့က အလျင်အမြန် ခေါင်းခါယမ်းလိုက်၏။
"ကမ်းလှမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ် ခန်းမသခင်....ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ....ကျွန်တော် ကိုယ်တိုင် ဖြေရှင်းနိုင်ပါတယ်..."
ထိုသို့ပြောဆိုပြီးသည်နှင့် အလျင်စလို ထွက်ခွာသွားပြီး သူသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
ခန်းမထဲမှ ထွက်လာပြီးနောက် မိုပိုင်ယဲ့သည် အနောက်ဘက်သို့ ဦးတည်လိုက်သော်လည်း ခြေလှမ်းအနည်းငယ် အကြာတွင် လမ်းဆုံ၌ ချန်းယွမ်၏တားဆီးခြင်းကို ခံလိုက်ရသည်။
"ဘိုးဘေးဆရာ....ဆရာ့ကို မြို့အရှေ့ဘက်ကို ဖမ်းခေါ်သွားကြတာပါ..."
"ကောင်းပြီလေ...."
မိုပိုင်ယဲ့၏မျက်နှာ ရှုံမဲ့နေကာ သူသည် မြို့အရှေ့ဘက်သို့ ပျံသန်းသွားရန်မှတပါး တခြားရွေးချယ်စရာ မရှိတော့ချေ။
နှစ်မိုင် သုံးမိုင်ခန့် ပျံသန်းပြီးနောက် ချန်းယွမ်သည် သူ့ကို မမြင်နိုင်တော့ကြောင်း သတိပြုမိသဖြင့် သူသည် မြင့်မားသော တံတိုင်းပေါ်မှ ခုန်ဆင်းပြီး ပုန်းအောင်းကာ လက်လျော့လိုက်ရန် ကြံစည်လိုက်သည်။ ထိုအချိန်မှာ တခြား မိုတောက်ဂိုဏ်းသားတစ်ယောက် အလျင်အမြန် ရောက်လာသည်။
"ဘိုးဘေးဆရာ...ဆရာ့ကို ဟိုဘက် ခေါ်သွားတာ ကျွန်တော် အခုလေးတင် တွေ့လိုက်တယ်..."
"..."
မိုပိုင်ယဲ့ စိတ်ပျက်သွားသည်။
တဖက်လူသည် သူ၏တပည့်များကို အမိန့်ပေးပြီး ဤနေရာ၌ စောင့်ခိုင်းထားတာက သူ မိုဟုန်ကို ကယ်တင်လိုခြင်းမရှိဟု တွက်ဆထား၍သာ ဖြစ်ပေမည်။
သို့ရာတွင် ယခုချိန်၌ တပည့်များက လမ်းညွှန်ပြသနေပြီဖြစ်ရာ သူ မကယ်ချင်လျှင်ပင် ရွေးချယ်စရာ မရှိတော့ချေ။
"ကျန်းရွှမ်..မင်း ဘယ်လို လှည့်ကွက်တွေ သုံးမလဲဆိုတာ ငါ တကယ်ကို ကြည့်ချင်တယ်..."
မိုပိုင်ယဲ့သည် အေးစက်စက် နှာမှုတ်လိုက်ပြီး မြို့အရှေ့ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ဆက်လက်၍ ထွက်ခွာသွားသည်။ တစ်ဆယ်ကီလိုမီတာကျော် ခရီးဆက်ပြီးနောက် သူသည် မြို့စွန်သို့ ရောက်ရှိလာပြီး အဝေးမှ တောင်တန်းကြီးများကို မြင်တွေ့လိုက်ရသည်။
သူသည် မိုတောက်ဂိုဏ်းသားတစ်ယောက်ကိုမျှ မတွေ့ရတော့သဖြင့် စိတ်သက်သာရာရသွားပြီး လိုက်မမီတော့ဟု ဆင်ခြေတစ်ခုပေးရန် စဉ်းစားလိုက်သည်။ ထိုအချိန်မှာပင် မီတာတစ်ရာခန့်အကွာအဝေး၌ သစ်ပင်ပေါ်တွင် ချည်နှောင်ခြင်း ခံထားရပြီး တွဲလောင်းကျနေသော မိုဟုန်ကို သူ တွေ့လိုက်ရသည်။ မိုဟုန်၏အထက်ရှိ သစ်ပင်ထိပ်ဖျား၌ လူငယ်တစ်ယောက်က တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေပြီး သူ့ကို အပြုံးနှင့် ငုံ့ကြည့်နေသည်။
ထိုလူငယ်၏မျက်နှာကို သေချာမမြင်ရသော်လည်း ကျန်းရွှမ်မှလွဲ၍ တခြားလူမဟုတ်ကြောင်း သူ သိလိုက်သည်။
မိုဟုန်သည် မိုပိုင်ယဲ့ကို မြင်လိုက်ရချိန်၌ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သော်လည်း သူ၏ပါးစပ်ကို ပိတ်ဆို့ခြင်းခံထားရသဖြင့် အသံမထွက်နိုင်ပေ။
တဖက်လူထံ၌ ယုံကြည်မှုအပြည့် ရှိနေသည်ကို မြင်တွေ့ချိန်၌ ခြုံခိုတိုက်ခိုက်မှု ရှိနေနိုင်ကြောင်း မိုပိုင်ယဲ့သည် သိရှိသွားပေ၏။ သူ ရှေ့သို့တိုးသင့်မတိုးသင့် စဉ်းစားနေစဉ်မှာပင် သူ၏နောက်မှနေ၍ ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
"စီနီယာအစ်ကိုမိုဟုန်ကို မြန်မြန်လွှတ်ပေးလိုက်စမ်း"
ထိုအသံသည် အလွန်ကျယ်လောင်သဖြင့် လေးကီလိုမီတာပတ်လည်ရှိ လူများအားလုံး ရှင်းလင်းစွာ ကြားနိုင်သည်။
မိုပိုင်ယဲ့၏မျက်နှာ ရှုံမဲ့သွားသည်။ အသံလာရာသို့ သူ လှည့်ကြည့်လိုက်ရာ ဒေါသထွက်နေသော မျက်နှာဖြင့် မိုဟုန် ရှိရာသို့ ပြေးလာနေသော မင်ကျန်းထောင်ကို တွေ့လိုက်ရသည်။
ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် ရုတ်တရက် သူသည် ခလုတ်တိုက်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားလေ၏။ တချိန်တည်းမှာပင် သူက အသံကုန်အော်ဟစ်လိုက်သည်။
"မကောင်းတော့ဘူး....ကျွန်တော် အဆိပ်မိသွားပြီ.....ဆရာ... စီနီယာအစ်ကိုမိုဟုန် အဖမ်းခံထားရတာက ဒီရှေ့လေးမှာတင်ပဲ...မြန်မြန် သွားကယ်ပါအုံး"
"..."
မိုပိုင်ယဲ့ ဒေါသထွက်သွားသည်။
ငါ့ဖင်ကြီးကို အဆိပ်မိပါလား....
'မင်း သစ္စာဖောက်သွားတာ တခြားလူတွေ မသိပေမယ့် ငါ ကောင်းကောင်း သိတယ်.... မိုဟုန် ရဲ့နာမည်နဲ့ ငါ့ရဲ့နာမည်ကို တမင်သက်သက် အော်ခေါ်တာ ငါ နောက်ဆုတ်သွားမှာကို ကြောက်လို့ မဟုတ်လား...'
ဖမ်းဆီးခံထားရသော တပည့်ကို သူ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ အကယ်၍ ယခုချိန်၌ သူ သွားမကယ်လျှင် သူသည် လူပုံအလယ်၌ မျက်နှာပြရဲတော့မည် မဟုတ်ချေ။
သူသည် ကစားခံနေရကြောင်းနှင့် တဖက်လူ၏ ထောင်ချောက်ထဲသို့ ဝင်ရောက်နေရကြောင်း သိသော်လည်း အံ့တင်းတင်းကြိတ်ကာ ရှေ့သို့တိုးဝင်ရန်မှတပါး တခြားရွေးချယ်စရာ မရှိတော့ပေ။
သူသည် အံ့တင်းတင်းကြိတ်ပြီး တစ်ချက်ခုန်လိုက်ကာ သူ့ရှေ့မှ လူငယ်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။ သူ လှုပ်ရှားလိုက်သည်နှင့် တဖက်လူသည် ချည်နှောင်ခံထားရသော မိုဟုန်ကို ဆွဲယူပြီး ပို၍ဝေးကွာသောနေရာသို့ ထွက်ပြေးသွားပေ၏။
ရွေးချယ်စရာ မရှိသဖြင့် မိုပိုင်ယဲ့သည် အံ့တင်းတင်းကြိတ်ကာ ထပ်ချပ်မကွာ လိုက်ပါသွားရသည်။
တစ်ယောက်ကပြေး တစ်ယောက်ကလိုက်ဖြင့် ဆယ့်ငါးမိနစ်ခန့် ပြေးလွှားပြီးနောက် လူငယ်လေးသည် တောင်ကြားတစ်ခုအရောက်တွင် ရပ်တန့်လိုက်သည်။ သူသည် ဖမ်းဆီးထားသော မိုဟုန်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ သူ၏လက်ထဲတွင် မိုတောက်ဓားတစ်ချောင်း ထွက်ပေါ်လာပြီး မိုဟုန်၏လည်ပင်းကို ထောက်ထားလေသည်။
"ဒုခန်းမသခင်မိုက ဒီနေရာအထိ လိုက်လာမှတော့ မင်းရဲ့တပည့်ကို ကယ်ချင်တယ် ဆိုတာ သိသာထင်ရှားတယ်... ဒါဆိုရင် ငါတို့ စကားပြောကြရအောင်..."
လူငယ်က အရေးမစိုက်သော အမူအယာဖြင့် မိုပိုင်ယဲ့ကို ကြည့်လိုက်သည်။
မိုပိုင်ယဲ့က သူ၏ခြေလှမ်းကို ရပ်တန့်ပြီး တဖက်လူကို ကြည့်လိုက်သည်။ ထိုလူငယ်သည် ကျန်းရွှမ်မှတပါး တခြားလူ မဖြစ်နိုင်ချေ။
"မင်းမှာ ဘာပြောစရာ ရှိလို့လဲ...မင်းက ဘာပြောချင်လို့လဲ"
မိုပိုင်ယဲ့သည် ခြုံခိုတိုက်ခိုက်သူများရှိမရှိ ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်လိုက်ပြီးနောက် အေးစက်စက် နှာမှုတ်လိုက်၏။