← Chapters

ရက်စက်သော မိုပိုင်ယဲ့

Vol. 24 Ch. 301

ရက်စက်သော မိုပိုင်ယဲ့

Vol. 24 Ch. 301

"အရမ်း ရိုးရှင်းပါတယ်"

ကျန်းရွှမ်က ပြောဆိုသည်။

"ငါ့ရဲ့တပည့်ကို လွှတ်ပေးလိုက်..ဒါဆိုရင် မင်း မိုဟုန်ကို ပြန်ခေါ်သွားလို့ ရပြီ"

ထို့နောက် သူက မိုပိုင်ယဲ့ကို ကြည့်လိုက်သည်။

"လျှူမင်ယွဲ့ က ဓမ္မရုပ်သွင်နယ်ပယ်အဆင့်ပဲ ရှိတဲ့ ကလေးမလေးပါ... သူ့ရဲ့ကျင့်ကြံမှုက မမြင့်သလို စွမ်းအားလည်း နည်းပါးတယ်.... သူ့ကို ခေါ်ထာတာက မင်းအတွက် ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး.... တဖက်မှာတော့ မိုဟုန်က မင်းရဲ့တိုက်ရိုက်တပည့်ပဲ.....သူ့ရဲ့ကျင့်ကြံမှုက ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်ကို ရောက်နေပြီ ..သူက အချိန်မရွေး အဆင့်တက်နိုင်တယ် ...ဘယ်သူက ပိုပြီးအရေးကြီးတာလဲဆိုတာ ငါ ထပ်ပြောဖို့ မလိုတော့ဘူး ထင်တယ်"

မိုပိုင်ယဲ့က သူ၏ကမ်းလှမ်းမှုကို လက်မခံဘဲ အေးစက်စက် နှာမှုတ်လိုက်သည်။

"မင်းက တစ်ယောက်တည်း လာရဲတယ်ပေါ့...ငါ က မင်းကို မသတ်ဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား"

ထိုသို့ပြောပြီးသည်နှင့် သူသည် ခြေတစ်လှမ်း တိုးလိုက်ရာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် ကျန်းရွှမ်နှင့် ဆယ်မီတာသာဝေးကွာသော နေရာသို့ ရောက်ရှိသွားသည်။

"မင်း ဘာလုပ်မလို့လဲ...မင်း ရှေ့ကိုထပ်တိုးလာတာနဲ့ ငါ သူ့ကို သတ်လိုက်မယ်..."

ကျန်းရွှမ်၏လက်ထဲမှ မိုတောက်ဓားသည် ရှေ့သို့ အားဖြင့်တိုးဝင်သွားပေ၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် မိုဟုန်၏လည်ပင်းပေါ်၌ သွေးစို့ရာတစ်ခု ထွက်ပေါ်လာသည်။

...

"သတ်ချင် သတ်လိုက်လေ..ဒါက တပည့်လေးတစ်ယောက်ပဲ.... ငါ အဆင့်တက်နိုင်သရွေ့ တပည့်တွေအားလုံး သေသွားရင်တောင် ဘာဖြစ်လာမှာ မလို့လဲ"

မိုပိုင်ယဲ့သည် ခြိမ်းခြောက်မှုကို လုံးလုံးလျားလျား ဂရုမစိုက်ဘဲ ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းလာသည်။

"ဆရာ..."

သူ၏ဆရာက အလွန်ရက်စက်ပြီး သူ၏အသက်ကို ဂရုမစိုက်သည်အား မြင်လိုက်ရသဖြင့် မိုဟုန် ၏မျက်လုံးများတွင် ပြင်းထန်သော စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားသည်။

"မိုဟုန်...ငါ မင်းကို ငယ်ငယ်ကတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့တယ်... ငါ့ရဲ့ ကျင့်ကြံနည်းစနစ်တွေ သင်ပေးခဲ့တယ်...မင်းကို စွမ်းအားနဲ့ အာဏာတွေ ပေးခဲ့တယ် အခု မင်း ငါ့ရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ အချိန်တန်ပြီ... စိတ်ချပါ မင်း သေပြီးရင် ချင်းမင်ပွဲတော်နဲ့ ဆောင်းလယ်ပွဲတော်ရောက်တိုင်း ငါက ငွေစက္ကူတွေ မီးရှို့ပေးပါ့မယ်.. မင်းကို ငါ့ရဲ့တပည့်အဖြစ် အသိအမှတ် ပြုထားတုန်းပဲ"

အေးစက်စက်နှာမှုတ်သံနှင့်အတူ မိုပိုင်ယဲ့၏လက်ထဲတွင် မိုတောက်ဓားတစ်လက် ရုတ်တရက် ထွက်ပေါ်လာပြီး မိုဟုန်ထံဦးတည်၍ ခုတ်ပိုင်းလိုက်သည်။

ဤသည်မှာ ခြိမ်းခြောက်ခံရမှုကို ရှောင်ရှားရန်အတွက် သူ၏တပည့်ရင်းကို သူကိုယ်တိုင် သတ်ဖြတ်ရန် ကြိုးစားခြင်းပင်...

"ဆရာ...ဆရာ..."

တဖက်လူသည် ဤမျှထိ ရက်စက်ပြီး ပြတ်သားလိမ့်မည်ဟု မိုဟုန် မျှော်လင့်မထားမိချေ။ မိုပိုင်ယဲ့သည် လှုပ်ရှားလိုက်သည်နှင့် အနည်းငယ်မျှ သနားညှာတာခြင်း မရှိချေ။ မိုဟုန်သည် သူ၏ကမ္ဘာကြီး ချက်ချင်းပြိုလဲကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် သေခြင်းတရားကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်စဉ်မှာပင် သူ့ကို ချည်နှောင်ထားသော စွမ်းအားများ ရုတ်တရက် ပျောက်ကွယ်သွားပြီး အားလှိုင်းတစ်ရပ်က သူ၏ခါးကို ကန်ထုတ်လိုက်သဖြင့် အဝေးသို့ လွင့်ထွက်သွားသည်။

ဘုန်း...

သူသည် ဆယ်မီတာကျော်ခန့် လွင့်ထွက်သွားပြီး သစ်ပင်ကြီးတစ်ပင်ကို ဝင်တိုက်မိလေ၏။ သူ့ဆရာ၏ဓားချက်မှ ထွက်ပေါ်လာသော ဓားချီအလင်းတန်းသည် သူ၏မျက်နှာနံဘေးမှ ဖြတ်သန်းသွားပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသော ဓားရာတစ်ခုကို ချက်ချင်းဖြစ်ပေါ်စေခဲ့သည်။

'သူက ငါ့ကို ကယ်လိုက်တာလား...'

အကယ်၍ ထိုဓားချက်သာ သူ၏ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့လျှင် နေရာတွင်ပင် သူ သေဆုံးသွားမည်ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုကြောင့် မိုဟုန်သည် မလှမ်းမကမ်းရှိ လူငယ်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်၏။

သူ၏ရန်သူသည် သူ့ကို ကယ်တင်ခဲ့ပြီး သူ၏ဆရာရင်းကမူ သူ့ကို သတ်ရန် ကြိုးစားခဲ့သည်...

အရာအားလုံးသည် ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင်။

ထိုဓားချက် လွဲချော်သွားသဖြင့် မိုပိုင်ယဲ့၏မျက်လုံးများ စူးရှတောက်ပသွားသည်။ သူသည် မိုတောက်ဓားကို မြှောက်လိုက်ပြီး အဝေးရှိ ကျန်းရွှမ်ထံသို့ ဦးတည်ကာ ဝှေ့ယမ်းလိုက်သည်။ သူ၏လှုပ်ရှားမှုသည် အလွန်မြန်ဆန်သဖြင့် ဓားမရောက်မီမှာပင် ဓားချီစွမ်းအင် ကျရောက်လာပြီး လေထုကိုထိုးခွင်းကာ တဝီဝီမြည်သံများ ထွက်ပေါ်လာသည်။

ကျန်းရွှမ်က ထိုဓားချက်ကို ကြိုတင်၍ တွက်ဆထားပုံရသည်။ သူသည် ခြေတစ်ဖက်ဆောင့်နင်းကာ ခုန်လိုက်ပြီး နောက်သို့ ဆုတ်လိုက်၏။

"မင်း လွတ်မယ်လို့ ထင်နေတာလား"

တိုက်ခိုက်မှုတစ်ခုဖြင့် လူငယ်၏ကျင့်ကြံဆင့်ကို သူ ချက်ချင်း သိလိုက်သည်။

ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ်...

ဤသည်မှာ အားနည်းသောစွမ်းအား မဟုတ်သော်လည်း သူ၏စွမ်းအားနှင့် နှိုင်းယှဉ်လျှင် အလှမ်းကွာဟနေသည်။

မိုပိုင်ယဲ့သည် ဓားကို ကန့်လန့်ဖြတ်ခုတ်ပိုင်းခြင်းမှ ထိုးနှက်ခြင်းသို့ ပြောင်းလဲလိုက်၏။ လေထုအတွင်းရှိ ကြီးမားသော မိုတောက်ဓားသည် ကွေ့ဝိုက်သွားကာ ကျန်းရွှမ်၏ခန္ဓာကိုယ် အောက်ပိုင်းသို့ လျင်မြန်စွာ တိုးဝင်သွားသည်။

သူ ဝန်ခံရမည်ဆိုလျှင် ဤတိုက်ကွက်သည် အလွန်ကောင်းမွန်ပေ၏။

ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့်တွင် ကျင့်ကြံသူတစ်ယောက်သည် မပျံသန်းနိုင်သေးချေ။ ကျန်းရွှမ်၏ ယခင်တိုက်ကွက် ပြီးဆုံးသွားပြီး လေပေါ်မှကျဆင်းလာချိန်တွင် ဤဓားချက် ရောက်ရှိလာခြင်း ဖြစ်သည်။ ထိုကြောင့် ဓားချီစွမ်းအင်နှင့် လေပေါ်မှ ကျဆင်းလာသော သူ၏ခန္ဓာကိုယ် တန်းတန်းမတ်မတ် ဖြစ်သွားပေမည်။ ဆိုလိုသည်မှာ ဤဓားချက်သည် ခန္ဓာကိုယ် အောက်ပိုင်းကို ရည်ရွယ်သော်လည်း ဓားရောက်ရှိချိန်တွင် ကျန်းရွှမ်၏နှလုံးကို တန်းတန်းမတ်မတ် ထိုးဖောက်သွားပေမည်။

မိုပိုင်ယဲ့သည် မိုတောက်ကံကြမ္မာကို တည်ထောင်သူဖြစ်ရန် အမှန်တကယ်ကို ထိုက်တန်သည်။ တိုက်ပွဲအခြေအနေအပေါ် တုံ့ပြန်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်မှုတို့တွင် သူသည် မင်ကျန်းထောင် သို့မဟုတ် မိုဟုန်ထက် အဆများစွာသာလွန်ပေ၏။

"အမ်..."

နံဘေးတွင်ရှိနေသော မိုဟုန် သည် သူ၏ဆရာ ဤမျှထိ မြန်မြန်ဆန်ဆန် လှုပ်ရှားလိမ့်မည်ဟု မျှော်လင့်မထားမိချေ။ သူ့ကို ကယ်တင်ခဲ့သော ကျေးဇူးရှင်သည် သူ၏မျက်စိရှေ့တွင် သေဆုံးတော့မည် ဖြစ်သဖြင့် သူ မနေနိုင်တော့ဘဲ ထိတ်လန့်တကြားဖြင့် အံ့အားတသင့် ရေရွတ်လိုက်သည်။ မိုဟုန်၏အသံမဆုံးမီမှာပင် လေထဲရှိ လူငယ်သည် သူ၏မိုတောက်ဓားရှည်ကို ရှေ့သို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်အား မြင်တွေ့လိုက်ရသည်။ ထိုမိုတောက်ဓားသည် စီးဆင်းနေသော အလင်းတန်းအလား တောက်ပလာပြီး မိုးပိုင်ယဲ့၏ဓားပေါ်သို့ ကျရောက်သွားသည်။

ထိုခုတ်ပိုင်းလိုက်သော အရှိန်အဟုန်ကို အသုံးပြုပြီး သူသည် လေထဲမှ နောက်ပြန်ခုန်ထွက်သွားကာ ကြွေကျလာသောသစ်ရွက်အလား ဆယ်မီတာကျော် မျောလွင်သွားပြီး မြေပြင်ပေါ်သို့ ညင်သာစွာ ကျရောက်သွားသည်။

"အမ်..."

မိုဟုန်ထံမှ အာမေဋိတ်သံတစ်သံ ထပ်မံ၍ ထွက်ပေါ်လာသည်။

"ဟမ်" ဟူသော အသံထွက်တူညီသော်လည်း ပထမအကြိမ်တွင် ထိတ်လန့်မှုနှင့်နောင်တများ ပါဝင်ပြီး ဒုတိယအကြိမ်တွင်မူ အံ့အားသင့်မှုနှင့် ဝမ်းသာမှုများ ပါဝင်သည်။ ဤအရာနှစ်ခုတွင် ခံစားချက်များ လုံးလုံးလျားလျား ကွဲပြားခြားနားပေ၏။

"မင်း တော်တော် မြန်တာပဲ... တုံ့ပြန်မှုလည်း ကောင်းတယ်... ဒါပေမဲ့ နှမြောဖို့ကောင်းတာ တစ်ခုကတော့ မင်းရဲ့ကျင့်ကြံဆင့်က အရမ်း နိမ့်လွန်းတယ်..."

မိုပိုင်ယဲ့က ဆက်လက်၍ မတိုက်ခိုက်တော့ဘဲ သူ၏ဓားကို ရုတ်သိမ်းကာ မတ်တတ်ရပ်လိုက်ပြီး ကျန်းရွှမ်ကို အေးစက်တင်းမာစွာ ကြည့်လိုက်သည်။

အဆင့်တူကျင့်ကြံသူများပင်လျှင် ရှောင်တိမ်းရန် ခက်ခဲသော သူ့၏ဆက်တိုက်တိုက်ကွက် သုံးကွက်ကို ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ်၌သာ ရှိသော ပြိုင်ဘက်က လွယ်လင့်တကူ ရှောင်တိမ်းနိုင်ခဲ့ရုံသာမက ဒဏ်ရာတစ်ချက်မျှပင် မရရှိခဲ့ပေ။ ဤတိုက်ပွဲ အာရုံခံစားနိုင်မှု တစ်ခုတည်းဖြင့်ပင် ကျန်းရွှမ်သည် အထင်ကြီးဖွယ်ကောင်းပေ၏။

သူသည် အမှန်တကယ်ကို ဖရိုဖရဲကံကြမ္မာ ကျင့်ကြံသူဖြစ်ရန် ထိုက်တန်ပြီး အလွန်ထူးခြားသည်။

"အရင်ကသာဆိုရင် မင်းရဲ့တိုက်ကွက်တွေကို ရှောင်တိမ်းဖို့ ငါ့အတွက် ခက်ခဲလိမ့်မယ်... ကံကောင်းပြီးတော့ ငါ့ရဲ့ကျင့်ကြံမှုက မကြာသေးခင်ကမှ တဟုန်ထိုး မြင့်တက်လာခဲ့တယ်... မဟုတ်ရင် ငါ သေသွားလောက်ပြီ"

ကျန်းရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"မင်း..."

မိုပိုင်ယဲ့၏မျက်နှာ ရှုံမဲ့သွားသည်။

တဖက်လူ ပြောသည်မှာ အမှန်ပင်။ သူ၏ကျင့်ကြံမှုအမွေအနှစ်ကို ကျန်းရွှမ်က "ခိုးယူ" သွားသဖြင့် တန်ပြန်ဒဏ်ဖြစ်ပေါ်ကာ သူ၏ကျင့်ကြံဆင့် ကျဆင်းသွားခဲ့ရသည်။ ထို့ကြောင့် ကျန်းရွှမ်ကို နေရာမှာတင် သတ်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ ထိုသို့မဟုတ်ပါက ပထမဓားချက်မှာပင် ကျန်းရွှမ်သည် နှစ်ပိုင်းပြတ်တောက်သွားပေလိမ့်မည်။

"ဆရာ... ခုဏက တကယ်ကြီး ကျွန်တော့်ကို သတ်ချင်ခဲ့တာလား"

ထိုအချိန်မှာပင် မိုဟုန်က ရှေ့သို့လျှောက်လှမ်းလာသည်။ သူ့မျက်လုံးများအတွင်းတွင် မယုံကြည်နိုင်မှုများ ထင်ဟပ်နေဆဲပင်။

"သတ်ချင်တော့ ဘာဖြစ်လဲ... မသတ်ချင်တော့ရော ဘာဖြစ်လဲ"

မိုပိုင်ယဲ့ သူ့ကို အေးစက်တင်းမာစွာ ကြည့်လိုက်သည်။

မိုဟုန်က ခေါင်းခါယမ်းလိုက်၏။

"ဆရာက ကျွန်တော့်ရဲ့ဆရာပါ... ကျွန်တော့်ကို ငယ်ငယ်ကတည်းက ကျွေးမွေးခဲ့တာ... ဆရာက ကျွန်တော် အလေးစားဆုံးလူပါ....ကျွန်တော် မယုံနိုင်ဘူး... ဆရာ ကျွန်တော့်ကိုသတ််ဖို့ တွေဝေမှုတောင် မရှိခဲ့ဘူးလို့ ကျွန်တော် မယုံဘူး..."

"မင်း အဲ့ဒီလိုလို တွေးထားရင် မဆိုးပါဘူး... ငါ ခုဏက တိုက်ခိုက်လိုက်တာက ခြိမ်းခြောက်ခံရတာကို ရှောင်တိမ်းဖို့နဲ့ မင်းကို ကယ်တင်ဖို့အတွက်ပဲ... အခု မင်း လွတ်မြောက်သွားပြီဆိုတော့ ငါ့ရဲ့အစီအစဉ် အောင်မြင်သွားပြီ"

မိုပိုင်ယဲ့က ခေါင်းညိတ်လိုက်သည်။

"ဒါက အမှန်လား"

မိုဟုန် တွန့်ဆုတ်နေသည်။

"ဒါပေမဲ့... ဆရာ့ရဲ့ဓားချက်က တားဆီးလို့ မရနိုင်လောက်အောင် ပြင်းထန်ခဲ့တာပါ.... အရှင်ကျန်းရွှမ်သာ တွန်းထုတ်ပေးခဲ့ရင် အခုချိန်မှာ ကျွန်တော် သေနေလောက်ပြီ..."

"ဘာလဲ....မင်းက ငါ့ကို သံသယ ဝင်နေတာလား"

မိုပိုင်ယဲ့၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။

"တပည့် မလုပ်ရဲပါဘူး..."

မိုဟုန်က သူ၏လက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်သည်။

"ဟမ့်....မင်း မလုပ်ရဲရင် အကောင်းဆုံးပဲ"

ထိုသို့ပြောဆိုပြီးသည်နှင့် မိုပိုင်ယဲ့က မိုဟုန်ထံသို့ လျှောက်လှမ်းသွားလေ၏။

"ကောင်းပြီလေ...အဓိပ္ပါယ်မရှိတာတွေ ဆက်မတွေးနဲ့တော့....မင်း မှတ်ထားရမှာက ငါက မင်းကို ငယ်ငယ်ကတည်းက ကျွေးမွေးလာတာ... မင်းကို ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ဘူး..."

"သတိထား..."

မိုဟုန်က ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခု ပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏နံဘေးမှနေ၍ အရေးတကြီး အော်ဟစ်သံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ ရုတ်ချည်းဆိုသလိုပင် ထက်ရှသော ဓားချီစွမ်းအင်တစ်ခုက သူ၏မျက်နှာထံသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

မိုဟုန်၏ခန္ဓာကိုယ်ရှိ အမွှေးအမျှင်များ ထောင်တက်သွားပြီး သူသည် စဉ်းစားတွေးတောနိုင်ခြင်း မရှိတော့ဘဲ လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။

ဝှစ်....

ဓားချီအလင်းတန်း ကျရောက်လာပြီးနောက် မိုဟုန်သည် သူ၏ညာဘက်လက်မောင်း ပြင်းထန်စွာနာကျင်လာမှုကို ခံစားလိုက်ရသည်။ ဓားချက်တစ်ချက်တည်းဖြင့် သူ၏လက်ပြတ်တောက်သွားပြီး လေထုထဲသို့ လွင့်ထွက်သွားသည်။

"ငါ့ရဲ့လက်..."

မိုဟုန်၏အမြင်အာရုံ မည်းမှောင်သွားပြီး သူ၏ ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာ တုန်ရီသွားသည်။ သူ မော့ကြည့်လိုက်ချိန်၌ တိုက်ခိုက်လိုက်သူသည် သူ၏ဆရာ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ယခုချိန်၌ မိုပိုင်ယဲ့၏အမူအယာသည် အေးစက်တင်းမာပြီး ရက်စက်ကြမ်းကြုတ်နေပေ၏။ ယခင်က သူ၏ကြင်နာမှုများ ပျောက်ကွယ်သွားပြီး သူစိမ်းတစ်ယောက်၏မျက်နှာသာ ကြွင်းကျန်တော့သည်။

"တုံ့ပြန်မှု တော်တော်မြန်တာပဲ..."

သူ၏တပည့်ကို မသတ်နိုင်သေးသည်အား မြင်တွေ့သဖြင့် မိုပိုင်ယဲ့ အေးစက်စွာ အော်ဟစ်လိုက်ပြီး မိုတောက်ဓားကို ထပ်မံ၍ဝှေ့ယမ်းကာ ကန့်လန်ဖြတ်ခုတ်ပိုင်းလိုက်သည်။

သူ တစ်ကြိမ်ရှောင်တိမ်းနိုင်ခဲ့ခြင်းသည် ကံတရားသက်သက်သာပင်။ ဤမျှထိ နီးကပ်သောအကွာအဝေးမှ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို ထပ်မံ၍ရင်ဆိုင်ရပြီး သူ ဒဏ်ရာရနေချိန်တွင် မိုဟုန်သည် မျှော်လင့်ချက် မထားတော့ချေ။ သူသည် မျက်လုံးမှိတ်ပြီး သေခြင်းတရားကို စောင့်ဆိုင်းရန် ပြင်ဆင်ထားစဉ်မှာပင် ရုတ်တရက် သူ၏နားထဲတွင် သတ္တုအချင်းချင်းရိုက်ခတ်သံများကို ဆက်တိုက်ကြားလိုက်ရသည်။

သူ အလျင်အမြန် မော့ကြည့်လိုက်ရာ မိုတောက်ဓားကို ကိုင်ထားသော ကျန်းရွှမ်အား မြင်တွေ့လိုက်ရသည်။ ကျန်းရွှမ်၏တိုက်ခိုက်မှုများသည် အနည်းငယ် ဖရိုဖရဲဖြစ်နေသော်လည်း သူ့ဆရာ၏ တိုက်ခိုက်မှုများကို ကာကွယ်နိုင်ခဲ့ပြီး သူ့ကို ထပ်မံ၍ ကယ်တင်လိုက်၏။

"မင်းကို တစ်ခါသတ်ဖို့ ကြိုးစားလိုက်တာနဲ့ မင်းက သူ့ကို သံသယ ဝင်နေပြီ...မင်းက သူ့ကို စိတ်ရင်းအတိုင်း ဆက်ဆံနိုင်တော့မှာ မဟုတ်ဘူး... အဲ့ဒီလိုဆိုမှတော့ သူက ဘယ်လိုလုပ်ပြီး မင်းကို အရှင် ထားနိုင်မှာလဲ..."

ဤအချိန်ထိ မိုဟုန်သည် မျှော်လင့်ချက် ထားနေသေးသည်ကို မြင်လိုက်ရသဖြင့် ကျန်းရွှမ်က မနေနိုင်တော့ဘဲ ဒေါသတကြီး ပြောဆိုလိုက်သည်။

"ဟုတ်သားပဲ..."

မိုဟုန် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

သူသည် ဆရာနှင့် အချိန်အကြာကြီး နေလာခဲ့သူ ဖြစ်ရာ သူ၏စရိုက်ကို မည်သည်ကြောင့် မသိဘဲ နေမည်နည်း။

သူ၏ဆရာသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ရှိနေပါက လမ်းတစ်ဝက်တွင် မည်သို့မျှ လက်လျော့မည့်သူ မဟုတ်ပေ။ ထို့ကြောင့် သူ၏ဆရာ ယခင်က ပြောဆိုခဲ့သော စကားများ အားလုံးသည် အလိမ်အညာများပင်။ မိုပိုင်ယဲ့၏ တစ်ခုတည်းသော ရည်ရွယ်ချက်သည် ဓားချက် သေချာပေါက် ထိမှန်စေရန်အတွက် သူ သတိလက်လွတ် ဖြစ်နေစေရန်ပင်။

"မင်း အခုမှ သဘောပေါက်တော့ရော ဘာထူးမှာလဲ...မင်းတို့ နှစ်ယောက်တည်းနဲ့ ငါ့ကို တားနိုင်မယ်လို့ မင်း တကယ်ကြီး ထင်နေတာလား"

မိုပိုင်ယဲ့က အေးစက်စက် နှာမှုတ်လိုက်သည်။

တန်ပြန်ဒဏ်ကြောင့် သူ၏ကျင့်ကြံမှုသည် အဆင့်ကြီးတစ်ဆင့်လုံး ကျဆင်းသွားသော်လည်း တိုက်ပွဲအပေါ် နားလည်သဘောပေါက်မှုများနှင့်ထိုးထွင်းသိမြင်မှုများ ကျန်ရှိနေဆဲပင်။ သူ၏အရည်အချင်းများသည် ကျန်းရွှမ်ထက် များစွာပို၍သာလွန်နေဆဲ ဖြစ်ပေ၏။ ထိုကြောင့် သူသည် ကျန်းရွှမ်ကို သတ်ဖြတ်ရန်မှာ အလွန်ခက်ခဲမည်မဟုတ်ပေ။

"ဘယ်သူက နှစ်ယောက်တည်းရှိတယ်လို့ ပြောလို့လဲ"

ကျန်းရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ထွက်လာခဲ့ကြ"

ရှပ်....ရှပ်...

သူ၏စကားနှင့်အတူ တောနက်ကြီးထဲမှနေ၍ လူလေးဦး ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

သူတို့သည် ဖုမိသားစုမှ ရောက်ရှိလာသော အကြီးအကဲများပင်။

All Chapters