← Chapters

နှင်းဖုံး ပန်းအသင်္ချေ

Vol. 24 Ch. 302

နှင်းဖုံး ပန်းအသင်္ချေ

Vol. 24 Ch. 302

"အကြီးအကဲ ဖုချင်းဟုန်...အကြီးအကဲ ဖုချင်းဟန်... မင်းတို့လား"

ထိုအကြီးအကဲလေးယောက်ကို မှတ်မိလိုက်သဖြင့် မိုပိုင်ယဲ့၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

"ဖုမိသားစုက အမြဲတမ်း ဘက်မလိုက်ဘဲ နေလာတာပါ... ဘယ်တုန်းကစပြီးတော့ မိုတောက်ဂိုဏ်းရဲ့ကိစ္စတွေမှာ ဝင်ပါချင်သွားတာလဲ"

ဖုမိသားစုသည် ထိမ်းမြားလက်ထပ်ခြင်းမှတဆင့် သူတို့၏အဆင့်အတန်းကို ခိုင်မာအောင် တည်ဆောက်ကြပြီး ယေဘုယျအားဖြင့် ရန်ငြိုးများနှင့်ပဋိပက္ခများတွင် ပါဝင်လေ့ မရှိသဖြင့် ဘက်မလိုက်သူများဟု သတ်မှတ်ကြသည်။

"ငါတို့ ဖုမိသားစုက ဘက်မလိုက်ပါဘူး ဒါပေမဲ့....ကိုယ့်ရဲ့တပည့်ရင်းကိုတောင် အလွတ်မပေးတဲ့ လူတစ်ယောက်အတွက်တော့ ဒီကိစ္စမှာ ငါတို့ ဘက်မလိုက်ဘဲ မနေနိုင်တော့ဘူး.... ဒီနေ့ကိစ္စက ငါ့ရဲ့သဘောဆန္ဒအရပဲ... ဖုမိသားစုနဲ့ မဆိုင်ဘူး"

အကြီးအကဲဖုချင်းဟုန်က သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါကလည်း ငါ့ရဲ့သဘောဆန္ဒအရပဲ... ဖုမိသားစုနဲ့ မဆိုင်ဘူး"

အကြီးအကဲဖုချင်းဟန်ကလည်း ခေါင်းညိတ်လိုက်၏။

ကြွင်းကျန်သည့် အကြီးအကဲနှစ်ဦးသည်လည်း ရှေ့သို့ထွက်လာပြီး အလားတူသဘောထားမျိုးကို ထုတ်ဖော်ပြောဆိုကြသည်။

...

သူမတို့သည် သခင်မလေးဖုယင်ယင်၏ အမိန့်အရ ကျန်းရွှမ်ကို ကူညီရန် ရောက်လာခြင်းဖြစ်ပြီး မိုတောက်ဂိုဏ်းနှင့် ပဋိပက္ခဖြစ်နေမည်ဟု မျှော်လင့်မထားချေ။ သို့ရာတွင် ဖုမိသားစုနှင့် ပတ်သက်မှုမရှိကြောင်း ကြေညာထားသရွေ့ ဤသည်မှာ ပြဿနာ မရှိချေ။

"မင်းတို့ရဲ့ကိုယ်ပိုင်သဘောဆန္ဒနဲ့ လှုပ်ရှားတာ ဟုတ်လား... ကောင်းပြီလေ...အရမ်းကောင်းတယ်..."

မိုပိုင်ယဲ့၏မျက်လုံးများ တောက်ပသွားပြီး ကျန်းရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"မင်း အားကိုးနေတာက ဒါလား"

"မင်းကို ဖြေရှင်းဖို့ဆိုရင် ဒါက လုံလောက်ပါတယ်"

ကျန်းရွှမ်က ပြုံးလိုက်သည်။

"ဟား...ဟား...ဟား...."

မိုပိုင်ယဲ့က ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး ပြောဆိုလိုက်၏။

"ကြည့်ရတာတော့ မင်းက ငါ့ရဲ့စွမ်းအား အကြောင်း ဘာမှ မသိဘူးပဲ...အကြီးအကဲ ဖုချင်းဟုန်နဲ့ အကြီးအကဲဖုချင်းဟန်တို့က လက်ရှိမှာ ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့်မှာ ရှိကြပေမယ့် သူတို့ ကျင့်ကြံတာက မြေခွေးညို့ငင်ကံကြမ္မာပဲ...ဒါက တိုက်ခိုက်ရေးစွမ်းရည် သိပ်မရှိဘူး... ကျင့်ကြံဆင့်နယ်ပယ်တူရုံနဲ့ ငါ့ကို ယှဉ်နိုင်မယ်လို့ မင်း တကယ်ကြီး ထင်နေတာလား"

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

အမှန်အားဖြင့် တဖက်လူပြောသည်မှာ အမှန်ပင်။

မြေခွေးညို့ငင်ကံကြမ္မာသည် ညို့ငင်စွမ်းအားတွင် အားကောင်းသော်လည်း စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်အရ သာမန်အဆင့်သာ ရှိသည်။ ထို့ပြင် သူတို့၏ကျင့်ကြံဆင့်သည် ပြိုင်ဘက်ထက် နိမ့်ကျနေပြီး မိုတောက် ကံကြမ္မာသည် တိုက်ခိုက်ရေးကို အဓိကထားသောကံကြမ္မာ ဖြစ်သည့်အတွက် အရေအတွက် သာလွန်နေလျှင်ပင် အနိုင်ရရန် မလွယ်ကူလှချေ။

ဤအတွေးများကို ဘေးဖယ်ထားလိုက်ပြီးနောက် ကျန်းရွှမ်က အကြီးအကဲဖုချင်းဟုန်နှင့် တခြားသူများဘက်သို့လှည့်ကာ သူ၏လက်ကိုပူးဆုပ်၍ ဦးညွှတ်အရိုအသေပြုလိုက်သည်။

"အကြီးအကဲတို့...ကျွန်တော်က အကြီးအကဲတို့ကိုပဲ အားကိုးရတော့မယ်..."

"ဘာမှ စိတ်မပူပါနဲ့"

"အစကတော့ ဒုခန်းမသခင်မို ဖြစ်နေလို့ ငါတို့ ဝင်မပါချင်ခဲ့ပေမယ့်... သူက ဒီလောက်တောင် ကျေးဇူးကန်းပြီး သစ္စာဖောက်နေမှတော့ ငါတို့ လက်ပိုက်ကြည့်မနေနိုင်တော့ဘူး"

အကြီးအကဲများအားလုံးက တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြပြီး ရှေ့သို့တိုးလိုက်ကြသည်။

"အကြီးအကဲတို့ကို နည်းနည်းလောက် ထပ်ပြီးဒုက္ခပေးရအုံးမယ်... ခဏနေရင် ကျွန်တော်ရဲ့ အမိန့်အတိုင်း လိုက်နာပေးပါ....ကျွန်တော်က သူ့ကို အရှင်ဖမ်းပြီးတော့ ကျွန်တော်ရဲ့တပည့်ကို ဘယ်နေရာမှာ ဖမ်းထားလဲဆိုတာ မေးချင်လို့ပါ..."

ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုသည်။

"အရှင်ဖမ်းမယ်... ဟုတ်လား... ဟား ဟား ဟား ...မင်း အိမ်မက်မက်နေတာလား"

ကျန်းရွှမ်၏စကားများသည် တီးတိုးပြောဆိုခြင်းမဟုတ်ဘဲ လူသိရှင်ကြားအော်ဟစ်ခြင်း ဖြစ်သဖြင့် ဖုအကြီးအကဲများအားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။ မိုပိုင်ယဲ့ကမူ ငတုံးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

သူတို့၏စွမ်းအားနှင့်ဆိုလျှင် အစွမ်းကုန် ကြိုးစားလျှင်ပင် မိုပိုင်ယဲ့ကို အရှင်ဖမ်းရန် မဆိုထားနှင့် အနိုင်ရရန် မဖြစ်နိုင်သလောက်နီးပါးပင်။

ထို့ပြင် ဤကဲ့သို့ကိစ္စမျိုးကို ဗြောင်ကျကျပြောဆိုသဖြင့် တိုက်ပွဲအတွင်းတွင် တစ်ဖက်လူသည် သတိကြီးစွာ ထားနေပေလိမ့်မည်။ ထိုသို့ဖြစ်နေပါက မည်သို့ တိုက်ခိုက်ကြမည်နည်း။

"သခင်လေးကျန်း...စကားပြော ဆင်ခြင်ပါ..."

အကြီးအကဲဖုချင်းဟုန်က လက်ဟန်ပြလိုက်သည်။

ကျန်းရွှမ်သည် ငယ်ရွယ်ပြီး အတွေ့အကြုံ နည်းပါးသေးပေ၏။ တိုက်ပွဲမစခင် ကိုယ်ပြုလုပ်မည့် အကြံအစည်ကို ထုတ်ဖော်ပြောဆိုခြင်းသည် အလွန်ကြီးမားသော တားမြစ်ချက်တစ်ခုပင်။

"ကိစ္စမရှိပါဘူး...တကယ်လို့ အကြီးအကဲတို့အတွက် သူ့ကို ဖမ်းရတာ လွယ်ကူလွန်းတယ်ဆိုရင်လည်း သူ့ကို နည်းနည်းလောက် ပိုပြီးဆုံးမပေးလိုက်ပါ...ဒါမှ သူ့ရဲ့အမှားကို သူ သိသွားလိမ့်မယ်"

ကျန်းရွှမ်သည် သူ ပြောဆိုသည်မှာ မလုံလောက်သေးဟု ထင်မှတ်နေပုံပင်။

"မင်းက... သေချင်နေတာပဲ"

မိုပိုင်ယဲမျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"အဟွတ် အဟွတ်..."

ဖုချင်းဟုန်၏မျက်နှာ နီမြန်းသွားပေ၏။

သူတို့သည် ကိုယ့်အင်အားကိုကိုယ် ကောင်းစွာသိရှိကြသည်။

'ဖမ်းဖို့လွယ်ကူတယ် ဟုတ်လား... ငါတို့ အစွမ်းကုန် တိုက်ခိုက်ရင်တောင် နိုင်ပါ့မလား ဆိုတာ မသေချာသေးပါဘူး'

"ကောင်းပြီလေ....အနိုင်ရဖို့ကို အရင်ပြောကြရအောင်"

တဖက်လူသည် ပိုပြီးအံ့အားသင့်ဖွယ်ကောင်းသော စကားများကို ထပ်မံ၍ပြောလာမည်အား စိုးရိမ်သဖြင့် အကြီးအကဲဖုချင်းဟုန်က သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ သူမက ရှေ့သို့စူးစိုက်ကြည့်ပြီး တခြားလူများအားလုံးကို အမိန့်ပေးလိုက်၏။

"ခဏနေရင် ဖုမိသားစုရဲ့ ပူးပေါင်းတိုက်ခိုက်ရေးဝင်္ကပါကို ဖွဲ့စည်းဖို့ ငါ့ရဲ့အမိန့်ကို နာခံကြစမ်း"

"ဟုတ်ကဲ့"

ဖုချင်းဟန်နှင့်တခြားသူများ တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။

ဖုမိသားစု၏ တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်ပြင်းထန်သော်လည်း ပေါင်းစပ်လိုက်လျှင် သန်မာအားကောင်းသည်။

ဝှစ်....

စကားဆုံးသည်နှင့် အကြီးအကဲဖုချင်းဟုန်က ရှေ့တိုးလိုက်ပြီး သူမ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ သူမ၏လက်ဝါးအတွင်းတွင် ကြာပွတ်တစ်ချောင်း ထွက်ပေါ်လာပြီး မိုပိုင်ယဲ့ထံဦးတည်း၍ ရိုက်ချလိုက်သည်။

"ဒါက..."

သူမ၏လက်နက်သည် ကြာပွတ်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ကျန်းရွှမ်က မျက်ခုံးပင့်လိုက်၏။

မြေခွေးညို့ငင်ကံကြမ္မာ ကျင့်ကြံသူပီပီ သူ့ရဲ့လက်နက်က တော်တော်လေး ဆန်းပြားတာပဲ...

"မင်းတို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"

ဖုမိသားစုအကြီးအကဲများဘက်မှ စတင်တိုက်ခိုက်ရဲသည်ကို တွေ့လိုက်ရသဖြင့် မိုပိုင်ယဲ့က အေးစက်စက်အော်ဟစ်လိုက်ပြီး သူ၏မိုဓားရှည်ကို ဝှေ့ယမ်းလိုက်သည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ လေထုအတွင်း၌ ဓားချီများဖြင့် ပြည့်နှက်သွားသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့်ကျောက်တုံးများသည် ထိုဓားချီဖြင့် ထိတွေ့မိသည်နှင့် အမှုန်အမွှားများ ဖြစ်သွားကြသည်။

ဤကဲ့သို့ အားကောင်းသည့် ဓားချီများနှင့် ရင်ဆိုင်ရချိန်တွင် အရေအတွက် အားသာချက် ရှိသော်လည်း အကြီးအကဲဖုချင်းဟုန်တို့လူစုသည် အသာစီးမရနိုင်ဘဲ အဆက်မပြတ် နောက်ဆုတ်နေရကာ ရှေ့သို့မတိုးနိုင်ကြချေ။

"ဝင်္ကပါ စတင်ဖွဲ့စည်းမယ်..."

အကြီးအကဲဖုချင်းဟုန် တီးတိုးရေရွတ်လိုက်သည်။

ထိုစကားကိုကြားချိန်တွင် တခြားအကြီးအကဲ သုံးဦးသည် သတ်မှတ်ထားသော နေရာများသို့ ချက်ချင်းရွေ့လျားလိုက်ကြသည်။ သူမတို့၏ ရွေ့လျားနေသော ပုံရိပ်များသည် ဆွဲဆောင်မှုရှိသော ကချေသည်များနှင့် တူညီနေပေ၏။

အကယ်၍ သူတို့သည် ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးများ ဖြစ်ပြီး ဤကဲ့သို့ ကပြနေမည်ဆိုပါက ကြည့်ရှုသူများကို သေချာပေါက် ဖမ်းစားနိုင်ပေမည်။ သို့ရာတွင် ဤ အကြီးအကဲများသည် အသက်ငါးဆယ်ကျော်နေကြပြီ ဖြစ်ရာ သူတို့၏ဆွဲဆောင်မှုရှိသော ကိုယ်နေဟန်ထားများသည် ကျန်းရွှမ်ကို နေရခက်စေသည်။

သူသာမက မိုပိုင်ယဲ့၏မျက်နှာပင်လျှင် စိမ်းပုပ်သွားသည်။

ရွံဖို့ကောင်းလိုက်တာ...

"ဘေးဖယ်စမ်း..."

အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာပြီး မိုတောက်ဓားမှ အေးစက်သော ဓားချီအလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ ဝင်္ကပါအား ဦးဆောင်နေသော အကြီးအကဲဖုချင်းဟုန် ထံဦးတည်၍ တိုးဝင်လာသည်။

မိုပိုင်ယဲ့၏တိုက်ခိုက်မှုသည် ဤမျှထိ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားမိချေ။ အကြီးအကဲဖုချင်းဟုန်သည် မျက်နှာပျက်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်၏။

သူမ နောက်မဆုတ်မီမှာပင် သူမတို့။နားထဲ၌ ကျန်းရွှမ်မှ အသံပေးပို့လိုက်သော စကားသံကို ကြားလိုက်ရသည်။

"နောက်မဆုတ်နဲ့....ထိပ်တိုက်ရင်ဆိုင်လိုက်..."

"ရင်ဆိုင်ရမယ် ဟုတ်လား..."

ဖုချင်းဟုန်သည် သူမ၏ရှေ့ရှိ ထက်ရှသော ဓားချီအလင်းတန်းကို ကြည့်ပြီး မျက်ခုံးလှုပ်သွားသည်။

'နင် ဘာတွေ လာနောက်နေတာလဲ... ဒါက ပြိုင်ဘက်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုလေ...ငါ ထိပ်တိုက်ရင်ဆိုင်လိုက်ရင် ငါ့ရဲ့ခေါင်း နှစ်ခြမ်းကွဲသွားမှာပေါ့...'

တဖက်လူကို ဂရုမစိုက်ဘဲ သူမက အနောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။ သို့ရာတွင် သူမ ခြေလှမ်းနှစ်လှမ်း ဆုတ်ပြီးနောက် ပြင်းထန်ပြီး ပြိုင်ဘက်ကင်းသော ဓားချီအလင်းတန်းကို သူမ ၏ဦးခေါင်းထံ ချိန်ရွယ်ထားသော မိုပိုင်ယဲ့သည် ရုတ်တရက် ဦးတည်ချက်ပြောင်းလဲပြီး သူမ၏နံဘေးမှ ဖုချင်းဟန်ထံသို့ ခုတ်ပိုင်းလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ဖုချင်းဟုန် ရှောင်တိမ်းလိုက်သောကြောင့် ဖုချင်းဟန်သည် အကာအကွယ် မရှိတော့ဘဲ သူမ၏လက်မောင်းကို ဓားချီထိမှန်သွားကာ သွေးများ ချက်ချင်းယိုစီးကျလာသည်။

"အာ..."

ဖုချင်းဟန်၏မျက်နှာ ဖြူရော်သွားပြီး တောင့်မခံနိုင်တော့ဘဲ နောက်သို့ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်သည်။ မကြာသေးမီကမှ ဖွဲ့စည်းထားသော ဝင်္ကပါသည် ချက်ချင်းပျက်စီးသွားပြီး စွမ်းအားများအားလုံး ဆုံးရှုံးသွားသည်။

ဖုချင်းဟုန်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပေ၏။

အစောပိုင်းက ပြိုင်ဘက်၏ ရက်စက်သောတိုက်ကွက်သည် ထောင်ချောက်သက်သက်သာ ဖြစ်သည်။

အကယ်၍ သူမသာ ကျန်းရွှမ်၏စကားကို နားထောင်ပြီး နောက်မဆုတ်ဘဲ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့လျှင် မိုပိုင်ယဲ့၏လှုပ်ရှားမှု ပျက်ပြားသွားမည်ဖြစ်ပြီး အကြီးအကဲဖုချင်းဟန်လည်း ဒဏ်ရာရမည် မဟုတ်ချေ။ အမှန်အားဖြင့် သူမတို့သည် အသာစီးရနိုင်မည့် အခွင့်အရေးကိုပင် ရရှိနိုင်ခဲ့သည်။

ဖြစ်နိုင်သည်မှာ ဤလူငယ်သည် ပေါက်ကရစကားများ ပြောဆိုနေခြင်းမဟုတ်ဘဲ သူမတို့ အနိုင်ရအောင် လမ်းညွှန်ပေးနေခြင်း ဖြစ်သလော...

"ဒါက တိုက်ဆိုင်တာပဲ ဖြစ်မှာပါ"

သူမသည် ခေါင်းခါယမ်းလိုက်ပြီး လက်တွေ့မကျသောအတွေးကို ဖယ်ထုတ်လိုက်သည်။

ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့်တွင်ရှိသော သူမပင်လျှင် ပြိုင်ဘက်၏လှုပ်ရှားမှုအတွင်းမှ ထောင်ချောက်ကို သတိမထားမိခဲ့ချေ။ ကျင့်ကြံသည်မှာ မကြာသေးသည့်အပြင် ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့်တွင်သာရှိသော လူငယ်သည် မည်သည်ကြောင့် နားလည်နိုင်မည်နည်း။

"ဟား ဟား ဟား ...ဒီလောက် စွမ်းအားလေးနဲ့ ငါ့ကို သတ်ချင်တာလား.... ငါ့ကို အရှင်ဖမ်းချင်တာလား"

မိုပိုင်ယဲ့က အေးစက်စက် ရယ်မောလိုက်သည်။

သူ၏ကျင့်ကြံဆင့် ရုတ်တရက် ကျဆင်းသွားသဖြင့် ဤလူလေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို အနိုင်ယူရန် အချိန်အတိုင်းအတာ တစ်ခုထိ လိုအပ်မည်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် ယခုကြည့်ရသလောက် သူသည် သူတို့ကို အထင်ကြီးလွန်းခဲ့ပုံရသည်။

သူတို့သည် လူအုပ်စုတစ်စုသက်သက်သာဖြစ်ပြီး သူ၏လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရုံဖြင့် လွယ်လင့်တကူ ဖျက်ဆီးနိုင်ပေမည်။

ဖုချင်းဟုန်က သူမ၏လက်သီးကို ဆုပ်လိုက်သည်။

ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ်တွင်သာရှိသော သခင်လေး ကျန်းသည် မိုပိုင်ယဲ့နှင့်သုံးကွက်တိတိ ယှဉ်ပြိုင်နိုင်ခဲ့ကာ ဒဏ်ရာတစ်ချက်မျှ မရရှိသည့်အပြင် မိုဟုန်ကိုလည်း ကယ်တင်နိုင်ခဲ့သည်။ သူမတို့သည် သူ့ထက် ပို၍အစွမ်းထက်သည့်တိုင် ရှုံးနိမ့်နေပေ၏။

"အကြီးအကဲ ဖုချင်းဟုန်.. ကျေးဇူးပြုပြီးတော့ ကျွန်တော် ပြောတာကို နားထောင်ပေးပါ..."

သူမတို့၏ပြဿနာကို သတိပြုမိသဖြင့် ကျန်းရွှမ် မနေနိုင်တော့ဘဲ ထပ်မံ၍ ပြောဆိုလိုက်သည်။

"မလိုပါဘူး..."

ထိုစကားကို ကြားလိုက်ရသဖြင့် ဖုချင်းဟုန်၏မျက်နှာ ပို၍ရှုံမဲ့သွားသည်။ သူမသည် သူ၏စကားကို ကြားဖြတ်ပြောဆိုလိုက်ပြီး တခြားလူများဘက်သို့ ထပ်မံ၍ လှည့်ကြည့်လိုက်သည်။

"ပန်းအသင်္ချေဝင်္ကပါကို ဖွဲ့စည်းကြစမ်း"

"ဟုတ်ကဲ့...."

ဖုချင်းဟန်တို့သည် ချက်ချင်းဆိုသလိုပင် မတူညီသော ဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ ဤတစ်ကြိမ်တွင် သူမတို့သည် ကြာပွတ်များအစား ပန်းပွင့်များကို ကိုင်ဆောင်ထားကြ၏။

ထိုအရာများသည် မည်သည့်နေရာက ရောက်လာမှန်း မသိရသော်လည်း ပန်းတစ်ပွင့်စီတိုင်းသည် လက်နက်ပုန်းများကဲ့သို့ ထက်ရှနေပုံရသည်။

ဝှစ်..

ဝင်္ကပါဖွဲ့စည်းပြီးသည်နှင့် ပန်းပွင့်အမြောက်အများသည် အလယ်တွင်ပိတ်မိနေသော မိုပိုင်ယဲ့ထံသို့ ပျံဝဲသွားသည်။

"ဟမ့်"

မိုပိုင်ယဲ့သည် ထိတ်လန့်တုန်လှုပ်ခြင်း မရှိချေ။ သူသည် မိုတောက်ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ကြီးမားသော အကာအကွယ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာသည် သူ့ထံ တိုးဝင်လာသော ပန်းပွင့်များအားလုံးကို တားဆီးထားလေ၏။

"နှင်းဖုံး ပန်းအသင်္ချေ... ပန်းအသင်္ချေဝင်္ကပါရဲ့ သတ္တမမြောက် ပုံစံကွဲ..."

ဖုချင်းဟုန်က ထပ်မံ၍ အော်ဟစ်လိုက်သည်။

ဖုချင်းဟန်တို့လူစုသည် တပြိုင်နက်တည်း ရှေ့တိုးလိုက်ကြပြီး သူမတို့၏ပန်းပွင့်များကို တစ်ချိန်တည်း ထုတ်လွှတ်လိုက်ရာ နှင်းပွင့်များကဲ့သို့ ကျဆင်းလာကြသည်။

"မြန်မြန် နောက်ဆုတ်ကြ..."

ကျန်းရွှမ်၏မျက်နှာ သုန်မှုန်သွားသည်။

"နောက်ဆုတ်ရမယ် ဟုတ်လား..."

ဖုချင်းဟုန်သည် မျက်မှောင်ကြုတ်လိုက်ပြီး မလိုလားမှုကို ခံစားလိုက်ရသည်။

နှင်းဖုံးပန်းအသင်္ချေသည် ဖုမိသားစု၏ အစွမ်းထက်ဆုံး ပူးပေါင်းတိုက်ခိုက်ရေး ဝင်္ကပါများအနက်မှ တစ်ခုပင်။ ထိုအရာကို အသက်သွင်းလိုက်သည်နှင့် ပြိုင်ဘက်ကို လုံးလုံးလျားလျား အကာအကွယ်မဲ့သွားစေပြီး ရှောင်တိမ်း၍ မရနိုင်ဖြစ်စေသည်။ ဤအချိန်တွင် အနီးကပ်တိုက်ခိုက်မှုသည် ပြိုင်ဘက်၏အကာအကွယ်ကို လွယ်လင့်တကူချိုးဖျက်ဝင်ရောက်နိုင်ပြီး အနိုင်ရလဒ်ကို ရယူနိုင်ပေမည်။

အကယ်၍ သူမတို့သည် ယခုချိန်၌ နောက်ဆုတ်လိုက်လျှင် ကြီးမားသော အားသာချက်တစ်ခုကို ဖြုန်းတီးရာ ရောက်သွားမည်မဟုတ်လော။

ဤသို့တွေးတောမိသဖြင့် သူမ၏လှုပ်ရှားမှုများသည် ရပ်တန့်မသွားတော့ချေ။ ဖုချင်းဟန် နှင့်တခြားသူများသည် ကျန်းရွှမ်၏အမိန့်ကို လိုက်နာမည်အား စိုးရိမ်သဖြင့် သူမက တင်းမာခက်ထန်သောမျက်နှာဖြင့် အော်ဟစ်လိုက်သည်။

"ဆက်ပြီး ရှေ့တိုးကြစမ်း..."

သူမ၏စကား မဆုံးမီမှာပင် ကျယ်လောင်သော အော်ဟစ်ရယ်မောသံကြီး ထွက်ပေါ်လာသည်။

"ဟား ဟား ဟား....မင်းတို့ အရူးလုပ်ခံလိုက်ရပြီ"

ထိုအချိန်တွင် ခံစစ်အနေအထား ယူထားသော မိုပိုင်ယဲ့သည် ရုတ်တရက် တိုက်ခိုက်မှုကို စတင်လိုက်ပြီး သူ၏မိုတောက်ဓားသည် လေထုကို ပြင်းထန်စွာ ထိုးခွင်းသွားသည်။

ဝှစ်...ဝှစ်...ဝှစ်...ဝှစ်...

အသံလေးသံ ဆက်တိုက်ထွက်ပေါ်လာပြီး အကြီးအကဲလေးဦးလုံး တပြိုင်နက်တည်း ဒဏ်ရာရသွားကြသည်။

"အား..."

သူမတို့၏ရင်ဘတ် လက် ခြေထောက်နှင့် တခြားနေရာများရှိ မိုတောက်ဓားကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများကိုကြည့်ရင်း အကြီးအကဲလေးဦးလုံး၏မျက်နှာများ ဖြူဖျော့သွားကြသည်။

ဒဏ်ရာများသည် အလွန်ပြင်းထန်ခြင်း မရှိသော်လည်း သူမတို့၏ ပူးပေါင်းဝင်္ကပါဖြင့်ပင် အနိုင်ရလဒ်ကို ရယူနိုင်ခြင်းမရှိကြောင်း သက်သေပြလိုက်ခြင်းပင်။

မိုပိုင်ယဲ့သည် အမှန်တကယ်ကို ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ရန် ထိုက်တန်ပေ၏။ သူ၏စွမ်းအားသည် အမှန်တကယ်ကို အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

"မဟုတ်သေးဘူး ... တကယ်လို့ ငါတို့သာ ခုဏက ကျန်းရွှမ် ပြောတာကို နားထောင်ပြီးတော့ တန်းပြီးနောက်ဆုတ်လိုက်ရင် ဒီလိုအခြေအနေမျိုးကို ရောက်မှာမဟုတ်လောက်ဘူး"

ရုတ်တရက် ဖုချင်းဟန်၏ တီးတိုးရေရွတ်သံ ထွက်ပေါ်လာသည်။

သူမသည် ပြိုင်ဘက်၏မိုတောက်ဓားဖြင့် နှစ်ကြိမ်တိုင်တိုင် ခုတ်ပိုင်းခံခဲ့ရသဖြင့် နာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားနေရသည်။

All Chapters