တစ္ဆေ
Vol. 24 Ch. 303
"ဒါက..."
ဖုချင်းဟုန် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ပထမအကြိမ်သည် ကံကောင်းခြင်းကြောင့် ဖြစ်နိုင်သော်လည်း ဒုတိယအကြိမ်တွင် တဖက်လူ၏ ထောင်ချောက်ကို ကြိုတင်သိရှိခဲ့ခြင်းက ကျန်းရွှမ်ထံတွင် အမှန်တကယ်ကို အစစ်အမှန်ရည်အချင်းရှိကြောင်း သက်သေပြနေသည်။
"ဝင်္ကပါကို ပြန်ပြီးဖွဲ့စည်းကြတော့... ဒီတစ်ကြိမ်မှာ ကျန်းရွှမ် ပြောတဲ့အတိုင်း လိုက်နာမယ်"
ဖုချင်းဟုန်က အချိန်ကြာကြာ စဥ်းစားတွေးတောမနေတော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူမတို့ စမ်းကြည့်ရပေမည်။
"ဟုတ်ကဲ့"
တခြားအမျိုးသမီးများအားလုံး တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။
...
"အခု မင်းတို့ နားလည်သဘောပေါက်သွားရင်တောင် နောက်ကျသွားပြီ..."
မိုပိုင်ယဲ့က မျက်ခုံးပင့်လိုက်သည်။ ထို့နောက် သူသည် သူမတို့ကို ဝင်္ကပါအား ဖွဲ့စည်းခွင့် မပေးတော့ချေ။ သူသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးကာ မိုတောက်ဓားကို လေထဲတွင် ဝှေ့ယမ်းပြီး သူမတို့၏ခေါင်းပေါ်သို့ ခုတ်ပိုင်းလိုက်သည်။
ဖုချင်းဟုန်သည် ထိတ်လန့်သွားပြီး သူမ၏ကြာပွတ်ဖြင့် အလျင်အမြန် ကာကွယ်လိုက်၏။ ဤကြာပွတ်၏လက်ကိုင်ကို သန့်စင်သော သံမဏိဖြင့် ပြုလုပ်ထားသော်လည်း အားပြင်းသော မိုတောက်ဓားကို တားဆီးနိုင်ခြင်း မရှိပေ။
ဒေါင်...
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကြာပွတ်လက်ကိုင်သည် နှစ်ပိုင်းပြတ်သွားပြီး ကျန်ရှိနေသော ဓားချီစွမ်းအင်သည် ရှေ့သို့ ဆက်လက်၍ တိုးဝင်သွားကာ ဖုချင်းဟုန်၏ရင်ဘတ်ကို ထိမှန်သွားသည်။
ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ဖုချင်းဟုန် နောက်သို့ လွင့်ထွက်သွားသည်။ သူမသည် လေထုအတွင်း၌ ရှိနေစဉ်မှာပင် သူမ၏ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး မလှုပ်ရှားနိုင်တော့ချေ။
သူမသည် တိုက်ကွက်တစ်ကွက်တည်းဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားပေ၏။
"အကြီးအကဲ ချင်းဟုန်..."
မိုပိုင်ယဲ့၏တိုက်ခိုက်မှု ဤမျှထိ လျင်မြန်မည်ဟု မျှော်လင့်မထားမိသဖြင့် ဖုချင်းဟန်နှင့်တခြားလူများသည် ပြန်လည်၍ တုံ့ပြန်ချိန် မရလိုက်ပေ။ သူမတို့သည် ပန်းပွင့်များကို ဝှေ့ယမ်းရန် ဟန်ပြင်လိုက်စဉ်မှာပင် မိုပိုင်ယဲ့ က ရှောင်တိမ်းခြင်းမရှိဘဲ ရှေ့သို့ဆက်တိုးလာကာ ထပ်မံ၍ခုတ်ပိုင်းလိုက်သည်။
ဤဓားချက်သည် ယခင်ထက် ပို၍ရက်စက်သည်။ သူမထက် ကျင့်ကြံဆင့် ပို၍မြင့်မားသော ဖုချင်းဟုန်ပင်လျှင် မတားဆီးနိုင်ခဲ့သဖြင့် သူမသည်လည်း တားဆီးနိုင်မည် မဟုတ်ချေ။
"မကောင်းတော့ဘူး...သူက အားနည်းချက်ကို တွေ့သွားပြီ..."
ကျန်းရွှမ်၏မျက်နှာ ဖြူရော်သွားသည်။
အကယ်၍ ဖုချင်းဟုန်တို့သည် အစောပိုင်းက သူ၏စကားကို နားထောင်ခဲ့လျှင် နိုင်လုနီးပါး ဖြစ်ခဲ့မည်ဖြစ်ပြီး ယခုကဲ့သို့ သနားဖွယ်ကောင်းသော အခြေအနေသို့ ရောက်ခဲ့မည် မဟုတ်ပေ။
ယခုချိန်၌ တိုက်ကွက်နှစ်ကွက်ကို မြင်တွေ့ပြီးနောက် ဖုမိသားစုအကြီးအကဲများ၏ နည်းစနစ်များ ဆန်းပြားသော်လည်း တိုက်ခိုက်နိုင်စွမ်း အားနည်းကြောင်း မိုပိုင်ယဲ့ နားလည်သဘောပေါက်သွားသည်။ သူမတို့ကို နှိမ်နင်းရန်အတွက် သူသည် လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်အားကို အသုံးပြုရုံဖြင့် လုံလောက်သဖြင့် ရလဒ်သည် မရေရာတော့ချေ။
"အကြီးအကဲချင်းဟန် မရှောင်နဲ့...ကြာပွတ်ကို သုံးပြီးတော့ မိုပိုင်ယဲ့ ရဲ့ဘယ်ဘက်ခြေထောက်ကို ရိုက်လိုက်..."
ဖုချင်းဟုန်မရှိဘဲ သူမတို့သုံးယောက်သည် အနိုင်ရရန် မဖြစ်နိုင်ကြောင်း သိသဖြင့် ကျန်းရွှမ်က အသံပေးလိုက်သည်။ တချိန်တည်းမှာပင် သူသည် ရှေ့သို့ ပြေးဝင်သွားပြီး သူ၏လက်ထဲမှ မိုတောက်ဓားဖြင့် ခုတ်ပိုင်းလိုက်၏။
ဒေါင်...
ဓားနှစ်လက် ထိပ်တိုက်ထိခတ်မိသွားသည်။ လင်းပုယန်ဆီမှ ရရှိထားသော ကျန်းရွှမ်၏လက်ထဲမှ မိုတောက်ဓားရှည် သာမန်အရည်အသွေးသာ ရှိသဖြင့် တစ်ချက်တည်းနှင့် နှစ်ပိုင်းပြတ်တောက်သွားသည်။
သို့ရာတွင် ဤဟန့်တားမှုသည် ဖုချင်းဟန်ထံသို့ ကျရောက်လာသော ဓားချီစွမ်းအင်ကို ရပ်တန့်သွားစေသည်။
တိုက်ကွက်လွဲချော်သွားသဖြင့် မိုပိုင်ယဲ့သည် ထပ်မံ၍ မတိုက်ခိုက်တော့ဘဲ နောက်သို့ဆုတ်လိုက်၏။
ကျန်းရွှမ်က သုန်မှုန်နေသော မျက်နှာအမူအယာဖြင့် နံဘေးမှ အကြီးအကဲဖုချင်းဟန်ကို လှမ်းကြည့်လိုက်သည်။
"ခင်ဗျားကို သူ့ရဲ့ဘယ်ဘက်ခြေထောက်ကို ရိုက်ခိုင်းတာလေ... ဘာလို့ မလုပ်တာလဲ"
သူ၏ဓားချက်ကို ကာကွယ်လိုက်သဖြင့် မိုပိုင်ယဲ့ ၏ခါးအောက်ပိုင်းသည် အကာအကွယ်မဲ့ ဖြစ်နေခဲ့သည်။ အစောပိုင်းက သူ ပြောခဲ့သော တိုက်ကွက်ကိုသာ အသုံးပြုခဲ့လျှင် သေချာပေါက် ထိမှန်ပေလိမ့်မည်။ အကယ်၍ သူမသာ ဒဏ်ရာရမည်ကို မကြောက်ဘဲ အားကုန်သုံးခဲ့လျှင် သူ ပြန်လည်တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို ရရှိနိုင်ပေလိမ့်မည်။
ဤသည်မှာ အခွင့်အရေးကောင်းတစ်ခုကို ဖြုန်းတီးလိုက်ခြင်းပင်။
တစ်ခါ ငြင်းတယ်....နှစ်ခါ ငြင်းတယ်... အခု သုံးခါရှိပြီ... ဒါတောင် နားမထောင်ကြသေးဘူး...
ဖုမိသားစုထံ၌ ထိပ်သီးကျင့်ကြံသူ အမြောက်အများရှိသော်လည်း လက်ထပ်ပြီး မဟာမိတ်ဖွဲ့ခြင်းဖြင့်သာ သူတို့၏အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။ ဤအကြီးအကဲများ၏ စွမ်းအားမှုနှင့် လိုက်လျောညီထွေပြုမူတတ်မှုတို့သည် အမှန်တကယ်ကို မကောင်းချေ။
"သူတို့လောက်နဲ့ ငါ့ကို နိုင်မယ်လို့ မင်း ထင်နေတာလား....ကျန်းရွှမ် မင်းက ဉာဏ်ကောင်းတာလား တုံးတာလားဆိုတာ ငါ မသိတော့ဘူး"
ကျန်းရွှမ်၏ကိုးရိုးကားယားဖြစ်နေမှုကို မြင်လိုက်ရသဖြင့် မိုပိုင်ယဲ့က လှောင်ပြောင်လိုက်သည်။
"မြေခွေးညို့ငင်ကံကြမ္မာကို ကျင့်ကြံတဲ့ ဖုမိသားစုအမျိုးသမီးတွေက ငယ်ငယ်ကတည်းက လွတ်လပ်ပြီးတော့ သန်မာဖို့ ယောကျာ်းတွေရဲ့ အမိန့်ကို မနာခံဖို့ သွန်သင်ခံထားရတာ..... မင်း စကားနည်းနည်း ပြောလိုက်ရုံနဲ့ သူတို့ ယုံကြည်သွားမယ်လို့ မင်း တကယ်ကြီး ထင်နေတာလား....အိမ်မက် မက်နေလိုက်စမ်း"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
ဤသည်မှာ အံ့အားသင့်ဖွယ်ရာ မရှိတော့ချေ။
ဖုမိသားစုခေါင်းဆောင် ဖြစ်စေ အကြီးအကဲများ ဖြစ်စေ သူမတို့အားလုံးသည် အမျိုးသမီးများ ဖြစ်ကြပြီး အဆင့်အတန်း မြင့်မားကြသည်။ သူမတို့သည် ယောကျာ်းများ၏ဦးဆောင်မှုကို မနှစ်သက်ကြသည်မှာ သဘာဝကျသောကိစ္စပင်။ သူစိမ်းတစ်ယောက်ဖြစ်သော သူ၏အမိန့်ကို သူတို့ နာခံလျှင်သာ ထူးဆန်းနေပေမည်။
ဤအမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မရှိပါက သူ့တစ်ယောက်တည်းအားဖြင့် မိုတောက်ကံကြမ္မာတည်ထောင်သူကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
"ဒီလို အခြေအနေနဲ့ မင်းက ငါ့ကို သတ်ချင်သေးတယ်ပေါ့... မင်းတို့အားလုံး သေကြစမ်း"
ကျန်းရွှမ်ကို ပြင်ဆင်ချိန်မပေးဘဲ မိုပိုင်ယဲ့က ရှေ့သို့ ထပ်မံ၍တိုးဝင်လာသည်။ သူသည် မိုတောက်ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားလေပြင်းများ တဝီဝီမြည်ဟီးနေသည်။
သူ၏စွမ်းအား အကန့်အသတ် ရှိကြောင်းနှင့် မိုတောက်ဓားရှည် ရှိလျှင်ပင် မိုပိုင်ယဲ့ကို အနိုင်မရနိုင်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။ ထိုကြောင့် ကျန်းရွှမ်က သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ အေးစက်ငရဲဓားက သူ၏လက်ထဲတွင် ထွက်ပေါ်လာပြီး ရှေ့သို့ထိုးစိုက်လိုက်သည်။
"ဓားသိုင်းပညာလား...မင်းက ဓားကံကြမ္မာကိုလည်း ကျင့်ကြံထားတာလား"
ကျန်းရွှမ်၏ ကျွမ်းကျင်ပိုင်နိုင်သော ဓားနည်းစနစ်ကို မြင်လိုက်ရပြီး အကွက်ပေါင်းများစွာ ကြာသည်အထိ အနိုင်မရနိုင်သေးသဖြင့် မိုပိုင်ယဲ့ ထပ်မံ စိတ်လှုပ်ရှားလာသည်။
ဤကောင်စုတ်လေးတွင် တခြားကောင်းကင်ကံကြမ္မာများကို ကျင့်ကြံနိုင်သော နည်းလမ်းများ အမှန်တကယ် ရှိနေပေ၏။ ကံကောင်းထောက်မစွာဖြင့် ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာခန်းမဆောင်၌ ဤကံကြမ္မာများကို ထုတ်ဖော်အသုံးမပြုခဲ့ချေ။ ထိုသို့မဟုတ်လျှင် ဤကဲ့သို့ ရတနာမျိုးကို တခြားလူများ အရင်လုယူသွားလောက်လေပြီ။
"အတူတူ တိုက်ကြရအောင်..."
ကောင်းကင်ဘုံသောက ဓားနည်းစနစ်ကို ထုတ်သုံးလိုက်သော်လည်း မိုပိုင်ယဲ့ကို အချိန်တခဏသာ တားဆီးနိုင်မည်ဖြစ်ကြောင်း ကျန်းရွှမ် သိရှိထားသည်။ သူ ကြာရှည်တောင့်ခံနိုင်မည် မဟုတ်ပေ။ သူသည် ဆက်လက်၍ တောင့်မခံနိုင်တော့သဖြင့် နောက်ဘက်ရှိ ဖုချင်းဟန်တို့လူစုကို လှည့်ကြည့်လိုက်သည်။
"ဘယ်သူမဆို ဝင်ကူရဲရင် ဖုချင်းဟုန်လို ဖြစ်သွားမယ်..."
မိုပိုင်ယဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ငါတို့..."
ဖုချင်းဟန်၏မျက်နှာ ဖြူရော်သွားပြီး သူမတို့အားလုံး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကြသည်။
တိုက်ကွက်အနည်းငယ်သာ ယှဉ်ပြိုင်ရသေးသော်လည်း သူမတို့အားလုံး ဒဏ်ရာရရှိခဲ့သည်။ သူမတို့အတက် အစွမ်းထက်ဆုံးဖြစ်သော ဖုချင်းဟုန်ပင်လျှင် မြေပြင်ပေါ်၌ လဲကျနေပြီး ပြန်မထနိုင်တော့သဖြင့် သူမတို့အားလုံး ထိတ်လန့်ကြောက်ရွံ့နေကြ၏။
"ဒါက..."
ကျန်းရွှမ် ခေါင်းကိုက်သွားသည်။
'ပါးစပ်ကတော့ ယောကျာ်းတွေကို အစားထိုးမယ် ယောကျာ်းတွေကို အထင်သေးတယ် လို့ ပြောနေကြပြီး တကယ်တမ်း အန္တရာယ် ကြုံလာတော့ ဘယ်သူ့ထက်မဆို ပိုမြန်မြန် ထွက်ပြေးကြတယ်... ဒီလို လက်ဝှေ့သမားနဲ့တူတဲ့ အမျိုးသမီးတွေက တကယ့်ကို ခေါင်းကိုက်စရာပဲ...'
"ဟား ဟား ဟား... သူတို့ကို မင်းနဲ့ ပူးပေါင်းစေချင်တာလား...မင်း နောက်ဘဝကျမှပဲ မျှော်လင့်လိုက်တော့"
ဤကဲ့သို့ ဖြစ်လာမည်ဟု ခန့်မှန်းထားသဖြင့် မိုပိုင်ယဲ့က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ ထို့နောက် သူသည် မိုတောက်ဓားကို လေထုထဲတွင် ဝှေ့ယမ်းကာ ဆက်တိုက်ခုတ်ပိုင်းလိုက်သည်။
ကျန်းရွှမ်၏လက် ထုံကျင်သွားပြီး အဆက်မပြတ် နောက်ဆုတ်နေရသည်။
"ထားလိုက်ပါတော့... ကမ္ဘာသစ်ကို လောင်ကျွမ်းပြီး သူ့ကို သတ်လိုက်တော့မယ်..."
ကျန်းရွှမ်က မျက်မှောင်ကြုတ်ပြီး သူ ဒဏ်ရာရမည့် အန္တရာယ်ကို ရင်ဆိုင်ကာ ကမ္ဘာသစ်ကို လောင်ကျွမ်းပြီး ကြီးမားသောစွမ်းအားကို ထုတ်လွှတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် အတွေးတစ်ခုက ရုတ်တရက် ဝင်ရောက်လာသည်။
ဖုချင်းဟန်တို့လူစုကို သူ၏အမိန့်အတိုင်း နာခံပြီး ဝင်္ကပါကို ဖွဲ့စည်းခိုင်းရန် ခက်ခဲသည်။ အကယ်၍ သူသည် သူမတို့ကို ညှို့ငင်ဖမ်းစားလိုက်လျှင် မည်သို့ဖြစ်လာမည်နည်း။
သူ အောင်မြင်သွားသည်နှင့် သူမတို့သည် သူ၏အမိန့်ကို လိုလိုလားလား နာခံကြမည် မဟုတ်လော...
ဖုချင်းချင်းနှင့်ဖုယင်ယင်တို့ပင်လျှင် သူ၏အမိန့်ကို အကြွင်းမဲ့နာခံနေခဲ့သည် မဟုတ်လော...
'ဒါပေမဲ့... အသက်ငါးဆယ်ကျော်နေတဲ့ အမျိုးသမီးတွေကို ညှို့ငင်ဖမ်းစားရမှာက... တကယ်ကို ငါ ခံရခက်လိုက်တာ...'
'ထားလိုက်တော့...အဲ့ဒါတွေကို စိတ်ပူနေဖို့ အချိန်မရှိတော့ဘူး...ငါ သူ့ကို အရင် သတ်ရမယ်'
ဤအတွေးဖြင့် ကျန်းရွှမ်သည် တွန့်ဆုတ်မနေတော့ဘဲ မြေခွေးညို့ငင်ကံကြမ္မာကို ထုတ်ဖော်လိုက်၏။ ရုတ်ချည်းဆိုသလိုပင် လူအများ၏မျက်လုံးများထဲတွင် သူ၏ပုံရိပ် ပြောင်းလဲသွားသည်။ သူသည် မိုတောက်ဓားချက်များကို အသည်းအသန်ခုခံနေသော လူတစ်ယောက် မဟုတ်တော့ချေ။ ထိုအစား သူ၏ပုံရိပ်သည် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ကျက်သရေရှိကာ ခန့်ညားထည်ဝါသော အထီးကျန်သူရဲကောင်းတစ်ယောက် အသွင်သို့ ပြောင်းလဲသွားသည်။
"သူ... သူက အရမ်း ခန့်ညားတာပဲ..."
ဒဏ်ရာရနေသော ဖုချင်းဟုန်၏မျက်လုံးများ ပထမဆုံး တောက်ပလာသည်။
ထို့နောက် အားနည်းသောအကြီးအကဲနှစ်ဦးနှင့် နောက်ဆုံးတွင် ဖုချင်းဟန်တို့ပင်။
မြေခွေးညို့ငင်ကံကြမ္မာအပေါ် ကျန်းရွှမ်၏ကျွမ်းကျင်မှုသည် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ကွယ်လွန်သွားသော ဖုမိသားစု ဘိုးဘေးထက် အဆပေါင်းများစွာ သာလွန်သည်။ သူ အစွမ်းကုန် ထုတ်သုံးလိုက်ချိန်၌ ဖုမိသားစု၏ အကြီးအကဲလေးဦးလုံး ချက်ချင်းညှို့ငင်ဖမ်းစားခံလိုက်ရပြီး သူမတို့ထံတွင် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်သွားသည်။
"ဒီတစ်ခါတော့ သူတို့တွေ ငါနဲ့ ချောချောမွေ့မွေ့ ပူးပေါင်းလောက်ပြီ..."
ကျန်းရွှမ် စိတ်သက်သာရာ ရသွားပြီး ရန်သူကို တိုက်ခိုက်ရန် အကြီးအကဲများအား အမိန့်ပေးရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် သူ့အား ဆက်တိုက်ခုတ်ပိုင်းနေသော မိုတောက်ဓားချက်များ အလွန်အားပျော့သွားသည်ကို ခံစားလိုက်ရသည်။
သူ မနေနိုင်တော့ဘဲ မော့ကြည့်လိုက်ရာ အရပ်ရှည်ပြီး သန်မာထွားကျိုင်းသော မိုပိုင်ယဲ့သည် ပန်းရောင်သမ်းနေသော ပါးပြင်များ ပိုးသားကဲ့သို့ နူးညံ့ညင်သာသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်အား မြင်တွေ့လိုက်ရသည်။
"အချစ်ရေ..."
"....."
ကျန်းရွှမ် ဆွံ့အသွားသည်။
'တောက်... ငါ အားစိုက်ထုတ်တာ များသွားလို့ ဟိုဘက်က ယောကျာ်းကြီးကိုပါ ညှို့ငင်ဖမ်းစားမိသွားပြီ...'