← Chapters

ကောင်းကင်ကံကြမ္မာ လော့ကျမ်းစာ

Vol. 24 Ch. 304

ကောင်းကင်ကံကြမ္မာ လော့ကျမ်းစာ

Vol. 24 Ch. 304

ကျန်းရွှမ်၏မျက်နှာ ဖြူရော်သွားပြီး ပျို့အန်ချင်သကဲ့သို့ ခံစားလိုက်ရသည်။

မိန်းမလှတစ်ယောက်မှ ထိုကဲ့သို့ အော်ခေါ်လျှင် သူ ကျေနပ်မိမည် ဖြစ်သော်လည်း အရပ်နှစ်မီတာနီးပါးရှိကာ ရင်ဘတ်မွှေးဗရပျစ်နှင့် သားသတ်သမားကဲ့သို့ လူထွားကြီးတစ်ယောက်၏ ခေါ်ခြင်းကို ခံရသည်မှာ...

ငါ သေချင်စော် နံ့လိုက်တာ...

"နောက်တစ်ခါ ငါ ဒါကို မသုံးတော့ဘူး..."

ကျန်းရွှမ် ငိုချင်စိတ်ပေါက်သွားသည်။

'တောက်.... ဒီလို ဖြစ်လာမယ်မှန်းသိရင် ငါ ကမ္ဘာသစ်ကို လောင်ကျွမ်းပြီး သူ့ကို တန်းသတ်လိုက်မှာပဲ...ဒါဆိုရင် ငါ ဒီလိုမျိုး အရှက်ကွဲတော့မှာမဟုတ်ဘူး'

"သေလိုက်တော့"

ဤသည်မှာ ရွံရှာဖွယ် ကောင်းနေသော်လည်း ပြိုင်ဘက်ကိုသတ်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်ကြောင်း သိသဖြင့် သူသည် မြေခွေးညို့ငင်ကံကြမ္မာကို ချက်ချင်းရုတ်သိမ်းလိုက်ပြီး သူ၏ဓားဖြင့် လျှင်မြန်စွာ ထိုးစိုက်လိုက်၏။

ဝှစ်...

မြေခွေးညို့ငင်ကံကြမ္မာ ၏ လွှမ်းမိုးမှုမှ လွတ်မြောက်သွားပြီးနောက် မိုပိုင်ယဲ့က အလျင်အမြန် ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့ရာတွင် သူ နောက်ကျသွားသဖြင့် ဘယ်ဘက်လက်မောင်းကို ဓားဖြင့်ထိုးစိုက်ခံလိုက်ရကာ သွေးများက မြေပြင်ပေါ်သို့ ယိုစီးကျသွားသည်။

"ဒါက ဘာမိစ္ဆာပညာရပ်လဲ"

မိုပိုင်ယဲ့က အလျင်အမြန် နောက်ဆုတ်လိုက်ပြီး ချွေးစေးများပြန်လာသည်။

တဖက်လူ၏ဓားသည် သူ၏လည်ပင်းကို ထိုးဖောက်သွားလျှင်ပင် သူ ဤမျှထိ ကြောက်လန့်မိမည် မဟုတ်ချေ။ မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိရသော်လည်း အစောပိုင်းက ကျန်းရွှမ်သည် အလွန်ဆွဲဆောင်မှုရှိသည်ဟု သူ ခံစားမိပြီး သူတို့နှစ်ယောက်ကြားတွင် တစ်စုံတစ်ခု ဖြစ်လာဖို့ သူ မျှော်လင့်ခဲ့မိသည်။ သူသည် ကလေးနာမည်ကိုပင် စဉ်းစားမိပေ၏။

သူ၏မျက်လုံးထဲ၌ ရမ္မက်ဆန္ဒများသာ ရှိနေခဲ့သည်။

ဒါက အရမ်းကြောက်ဖို့ကောင်းတာပဲ...

သူသည် "မထောင်မတ်နိုင်" သို့မဟုတ် "သင်းကွပ်ခံထားရသည့်" တပည့်များကဲ့သို့ သာမန်လူများနှင့် မတူသည့် အကြိုက်မျိုးရှိသူ မဟုတ်ချေ။ သူသည် သံမဏိကဲ့သို့ မာတောင်နေသော ယောကျာ်းစစ်စစ်ကြီးပင်။

သူ တွေးလေလေ ဒေါသထွက်လေလေပင်။

"ကံကောင်းလို့ ညှို့ငင်ဖမ်းစားမှု မအောင်မြင်ခဲ့တာ..."

မိုပိုင်ယဲ့၏တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် ကျန်းရွှမ် သက်ပြင်းချလိုက်သည်။

ဤကိစ္စ မအောင်မြင်ခဲ့သည်ကို သူ ကျေးဇူးတင်ရပေမည်။ ထိုသို့မဟုတ်ရင် ဤမျက်နှာကြီးနှင့် အပြေးရောက်လာပါက ကျန်းရွှမ် မည်ကဲ့သို့ ပြုလုပ်ရမည်ကို သိမည်မဟုတ်ချေ။

"အတူတူ တိုက်ကြမယ်"

ဤလူသည် ညှို့ငင်ဖမ်းစားခြင်း မခံရသော်လည်း တခြားဖုအကြီးအကဲများကမူ ကျဆုံးသွားပြီဖြစ်ရာ ကျန်းရွှမ်ကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ယခင်က သူတို့သည် သူ့၏စကားများကို သံသယဝင်ခဲ့လျှင်ပင် ယခုချိန်၌ လုံးလုံးလျားလျား ယုံကြည်သွားလေပြီ။

"ဟုတ်ကဲ့..."

အော်ဟစ်သံနှင့်အတူ အကြီးအကဲသုံးဦးသည် တိုက်ခိုက်လိုစိတ် ပြင်းထန်စွာဖြင့် သူ့ကို ဝိုင်းရံလိုက်ကြသည်။ ပြင်းထန်စွာ ဒဏ်ရာရနေသော ဖုချင်းဟုန်ပင်လျှင် တွားသွားပြီး ရောက်လာကာ ကျန်းရွှမ်က သူမကို အထင်သေးသွားမည်အား စိုးရိမ်သဖြင့် ကူညီချင်နေသည်။

"ခင်ဗျား အဲ့ဒီမှာပဲ နေပါ..."

ဖုချင်းဟုန် ရောက်ရှိလာလျှင် ရှုပ်ထွေးကုန်မည်ကို သိသဖြင့် ကျန်းရွှမ်က လက်ဝှေ့ယမ်းကာ ဟန့်တားလိုက်ပြီး မိုပိုင်ယဲ့ကို ထပ်မံ၍တိုက်ခိုက်လိုက်၏။ တချိန်တည်းမှာပင် သူက အော်ဟစ်လိုက်သည်။

"အကြီးအကဲချင်းဟန် သူ့ရဲ့ဘယ်လက်ကို တောငန်းရိုင်းဆောင်းလေဦး သိုင်းကွက်နဲ့ တိုက်ခိုက်...အကြီးအကဲချင်းရွှယ် သူ့ညာလက်ကို မဟာမြစ်နေဝင်ချိန် သိုင်းကွက်နဲ့ တိုက်ခိုက်..."

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကျန်းရွှမ်သည် သူမတို့ တိုက်ခိုက်ရမည့် နေရာများကို စီစဉ်ပေးရုံသာမက အသုံးပြုရမည့် သိုင်းကွက်များကိုလည်း ပြောပြလိုက်သည်။

ဖုချင်းဟန် ဖုချင်းရွှယ်နှင့် တခြားသူများသည် သူ၏အမိန့်ကို နာခံလျှင်ပင် မိုတောက်ဂိုဏ်းချုပ်ကို အနိုင်ရရန် ခက်ခဲလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့ရာတွင် အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် တိုက်ကွက်နှစ်ကွက် အပြီးတွင် မိုပိုင်ယဲ့၏နည်းစနစ်များ ဖရိုဖရဲဖြစ်လာပြီး စွမ်းအားများ ကျဆင်းသွားသည်ကို တွေ့လိုက်ရသည်။

"ကျန်းရွှမ်က မိုပိုင်ယဲ့ရဲ့နည်းစနစ်တွေထဲက အားနည်းချက်တွေနဲ့ ချို့ယွင်းချက်တွေကို တွေ့သွားတာလား"

တခြားသူများသည် တိုက်ခိုက်ရာတွင် အာရုံရောက်နေသဖြင့် သတိမထားမိသော်လည်း နံဘေးမှကြည့်နေသော ဖုချင်းဟုန်က ချက်ချင်းနားလည်သဘောပေါက်လိုက်၏။

ကျန်းရွှမ် ညွှန်ကြားလိုက်သော နေရာများနှင့် သိုင်းကွက်များသည် မိုပိုင်ယဲ့၏လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းနိုင်ရုံသာမက သူ၏နည်းစနစ်မှ ဟာကွက်များကိုလည်း ပစ်မှတ်ထားသည်။ သူ၏လှုပ်ရှားမှုတိုင်းသည် ပြီးပြည့်စုံစွာ တန်ပြန်တိုက်ခိုက်နေပေ၏။ မိုပိုင်ယဲ့သည် မည်မျှထိ အစွမ်းထက်ပါစေ ယခုအချိန်၌ သူ အတင်းအကြပ် ဖိအားပေးခြင်းကို ခံနေရသည်။

"ငါ ဒါကို အစကတည်းက ကြိုသိခဲ့ရင် သူ့ရဲ့စကားကို နားထောင်ခဲ့ပါတယ်..."

ဖုချင်းဟုန်၏မျက်နှာ ရှက်ရွံမှုကြောင့် နီမြန်းသွားသည်။

ယခင်က ကျန်းရွှမ်သည် အလွန်ငယ်ရွယ်သည်ဟု တွေးထင်ကာ သူမသည် ခေါင်းမာစွာဖြင့် သူ၏စကားကို နားမထောင်ခဲ့ချေ။ ရလဒ်အနေနှင့် သူမတို့သည် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး တိုက်ပွဲကိုရှုံးနိမ့်လုနီးပါး ဖြစ်စေခဲ့သည်။ အကယ်၍ သူ၏စကားကို နားထောင်ခဲ့လျှင် မိုပိုင်ယဲ့ သေဆုံးနေပြီဖြစ်ပြီး ယခုကဲ့သို့ ရုန်းကန်နေရမည် မဟုတ်ပေ။

"ဟူး..."

ကျန်းရွှမ်ကို ကြည်ညိုလေးစားစွာ ကြည့်နေသော သူမ၏မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။ တဖက်တွင်မူ မိုပိုင်ယဲ့သည် ရူးသွပ်လုနီးပါး ဖြစ်နေပေ၏။

မိုတောက်ဓားသည် အကွာအဝေးတစ်ခု လိုအပ်သော ရှည်လျားသည့်လက်နက်တစ်ခုပင်။ ယခုချိန်၌ ကျန်းရွှမ်၏လမ်းညွှန်မှုအောက်တွင် ဖုချင်းဟန်နှင့် တခြားဖုအကြီးအကဲနှစ်ဦးသည် အရိုးထဲတွင်စွဲကပ်နေသော အဆိပ်အလား သူ၏အနီးသို့ ချဥ်းကပ်နေသည်။ ဤသည်မှာ တစ်မီတာထက် ပိုမဝေးသဖြင့် သူ့၏ အစွမ်းထက်သော တိုက်ကွက်များ အားလုံး အရာမထင် ဖြစ်နေသည်။ သူ တိုက်ခိုက်လေလေ ပို၍ခက်ခဲလာလေလေပင်။

ယခုအချိန်တွင် သူ့ကို အရှင်ဖမ်းမည်ဟူသော ကျန်းရွှမ်၏စကားသည် ခြိမ်းခြောက်မှု သက်သက် မဟုတ်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။

သူ့ထက် ကျင့်ကြံဆင့်နိမ့်ပါးသော အကြီးအကဲသုံးဦးသည် သူ့ကို ဤအခြေအနေထိ ရောက်အောင် တိုက်ခိုက်နိုင်ခဲ့သည်။ အကယ်၍ ဖုချင်းဟုန်သာ ယခင်က သူမ၏ဆန္ဒအတိုင်း မလုပ်ခဲ့လျှင် သူ အမှန်တကယ်ကို အရှင်ဖမ်းခံရနိုင်သည်။

ဝှစ်...ဝှစ်...ဝှစ်...

သူ၏စိတ်များ ရှုပ်ထွေးနေပြီး သူ ရှောင်တိမ်းချင်သော်လည်း မလွတ်မြောက်နိုင်ပေ။ အေးစက်စက်ဓားချက်များသည် သူ၏ရင်ဘတ် ပေါင် ပခုံးနှင့်တင်ပါးတို့ကို ထိုးစိုက်မိသွားပြီး သွေးများယိုစီးကျလာသည်။

ကံကောင်းသည်မှာ သူ၏ဒဏ်ရာများသည် ပြင်းထန်ခြင်း မရှိချေ။ ထိုသို့မဟုတ်လျှင် သူသည် သေခြင်းတရားကို စောင့်ဆိုင်းနေရလောက်လေပြီ။

"ကျန်းရွှမ်....ငါ မင်းကို တကယ်ကြီး လျှော့တွက်ခဲ့မိတယ်.. ဒါပေမဲ့ မင်း ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား...အိမ်မက်မက်နေလိုက်..."

ဤတိုက်ပွဲကို ဆက်လက်၍တိုက်ခိုက်လျှင် သူ အမှန်တကယ် သေဆုံးသွားနိုင်ကြောင်း သိလိုက်ရသဖြင့် မိုပိုင်ယဲ့ အေးစက်စက် အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ သူ၏လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ထိုအရာကို ညင်သာစွာ ခြေမွှလိုက်ပြီး ဖုချင်းဟန်တို့ထံသို့ ပစ်ပေါက်လိုက်သည်။

ဘုန်း....

ကျောက်စိမ်းပြားသည် ရုတ်တရက် ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော ဓားချီအလင်းတန်းများ အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားကာ နတ်မိမယ်အပျိုစင်များ ပန်းကြဲသည့်အလားပင်။

"မြန်မြန် နောက်ဆုတ်ကြ..."

ကျန်းရွှမ်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။ သူသည် ရှေ့သို့တိုးလိုက်ပြီး သူ၏ဓားသည် မရပ်မနားလှုပ်ရှားနေကာ ညအမှောင်ထုထဲရှိ ပုလဲရောင်အလင်းတန်းများအလား တောက်ပနေပေ၏။

ဒေါင်...ဒေါင်...ဒေါင်...ဒေါင်...

ကြေးမောင်းကို မိုးရေစက်များ ရိုက်ခတ်သကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ ကျန်းရွှမ်၏ဓားသည် မိုတောက်ဓားချီအလင်းတန်းများများအားလုံးကို တားဆီးလိုက်သဖြင့် ဖုချင်းဟန်တို့လူစု ပွတ်ကာသီကာလေး လွတ်မြောက်သွားကြသည်။

ထိုအချိန်တွင် မိုပိုင်ယဲ့သည် အခွင့်ကောင်းယူကာ တိုက်ပွဲထဲမှ ခုန်ထွက်သွားပြီး သူနှင့် တခြားသူများအကြား၌ မီတာသုံးဆယ်ကျော် ကွာဝေးသွားစေသည်။

"ဒါက 'ကောင်းကင်ကံကြမ္မာ လော့ကျမ်းစာ' ပဲ...နင်က ဒါကို တကယ်ကြီး လုပ်ထားတာလား..."

ဖုချင်းဟုန်က အော်ဟစ်လိုက်သည်။

"ကောင်းကင်ကံကြမ္မာ လော့ကျမ်းစာ... ဟုတ်လား"

ကျန်းရွှမ်က နားမလည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။

ဤနာမည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

သူ့၏ဇဝေဇဝါဖြစ်နေမှုကို မြင်တွေ့သဖြင့် ဖုချင်းဟုန်က ရှင်းပြသည်။

"ကောင်းကင်ကံကြမ္မာ လော့ကျမ်းစာ ဆိုတာက လူတစ်ယောက်ရဲ့ ကောင်းကင်ကံကြမ္မာ စွမ်းအား တစ်စိတ်တစ်ပိုင်းကို သော့ခတ်သိမ်းဆည်းထားတဲ့ အထူးပစ္စည်းတစ်ခုပဲ... အန္တရာယ်ကြုံလာရင် အဲ့ဒီပစ္စည်းကို အသက်သွင်းပြီးတော့ ကိုယ့်ရဲ့အသက်ကို ကယ်တင်နိုင်တယ် ဒါမှမဟုတ် အန္တရာယ်ကို တွန်းလှန်နိုင်တယ်..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ဤသည်မှာ သူ၏အတိတ်ဘဝရှိ ဝတ္ထုများထံမှ အသက်ကယ်ကျမ်းစာလိပ်များနှင့် တူသယောင်ယောင်ပင်။ ပါမောက္ခကုန်းမြေ၌လည်း အလားတူပစ္စည်းများ ရှိပေ၏။

သို့ရာတွင် ဤကောင်းကင်ကံကြမ္မာ လော့ကျမ်းစာ သည် တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်ရုံသာမက ကောင်းကင်ကံကြမ္မာစွမ်းအားကို ဆွဲဆောင်နိုင်သော ပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်သည်။

ကောင်းကင်ကံကြမ္မာ စွမ်းအားကို ယခင်ဘဝက ပဲ့ထိန်းဒုံးကျည်နှင့် နှိုင်းယှဉ်မည် ဆိုပါက ကောင်းကင်ကံကြမ္မာ လော့ကျမ်းစာ သည် တိုက်လေယာဉ်မှ ထုတ်လွှတ်သော မီးတောက်ဒုံးကျည်ဖြင့် တူညီပေမည်။

"ဒီအရာကို သန့်စင်ဖို့ အရမ်း ခက်ခဲတယ်... အောင်မြင်ဖို့အတွက် ကောင်းကင်ကံကြမ္မာ တစ်စိတ်တစ်ပိုင်းကို ဖမ်းယူဖို့ လိုအပ်တယ်... ပြီးတော့ သူ့ရဲ့ကောင်းကင်ကံကြမ္မာကို ကြည့်ရတာ အရမ်းပြီးပြည့်စုံနေပြီးတော့ အပြစ်အနာအဆာ တစ်ခုမှ မရှိဘူး..."

ဖုချင်းဟုန်က တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ငါထင်တာ မမှားဘူးဆိုရင် သူက သူရဲ့တပည့်တွေကို သတ်ပြီးတော့ သူတို့ရဲ့ကောင်းကင်ကံကြမ္မာကို ထုတ်ယူပြီး ဒါကို ပြုလုပ်ထားတာပဲ ဖြစ်ရမယ်..."

"တပည့်တွေကို သတ်တာလား"

ကျန်းရွှမ်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပေ၏။

"အမှန်ပဲ.... ကောင်းကင်ကံကြမ္မာ လော့ကျမ်းစာမှာ ကံကြမ္မာစွမ်းအားတွေ ပါဝင်တဲ့အတွက် လူတွေရဲ့အသက်စွမ်းအားတွေ လိုအပ်တာ သဘာဝပဲ....တကယ်လို့ သူ့ရဲ့ကံကြမ္မာကို ထုတ်ယူမယ် ဆိုရင် မပြည့်စုံတဲ့ ကံကြမ္မာ ဖြစ်သွားပြီးတော့ နောက်ပိုင်းကျရင် မိုတောက်ကံကြမ္မာ စတုတ္ထအဆင့်ကို တက်လှမ်းဖို့က မဖြစ်နိုင်သလောက်နီးပါး ဖြစ်သွားလိမ့်မယ်...ဒါကြောင့် အဲ့ဒီလိုပြဿနာ မဖြစ်အောင်လို့ သူက သူ့ရဲ့တပည့်တွေဆီကနေပဲ ထုတ်ယူလိမ့်မယ်..."

ဖုချင်းဟုန်က ဆက်လက်၍ ပြောဆိုသည်။

"ဒါကြောင့်လည်း ထိပ်သီးမိသားစုတွေနဲ့ အင်အားစုတွေက တပည့်တွေကို မွေးထုတ်ကြတာပေါ့..."

ကျန်းရွှမ်၏မျက်နှာ ဖြူရော်သွားသည်။

ကောင်းကင်ဧကရာဇ်ခုန်းရှီသည် ဤကမ္ဘာသို့ ရောက်လာပြီး မကြာမီမှာပင် မည်သည်ကြောင့် သရုပ်မှန် အလျင်အမြန် ပေါ်လွင်သွားရသည်ကို သူ အပြည့်အဝ နားလည်သွားလေပြီ။

သူသည် ခွဲခြားမှု မရှိဘဲ သင်ကြားပေးပြီး အသိပညာများကို ရိုးသားစွာ မျှဝေခဲ့သည်။ သူ၏တပည့်များကို အသုံးချခံပစ္စည်းများ အဖြစ် တစ်ကြိမ်တစ်ခါမျှ သဘောမထားခဲ့ချေ။ ဤသည်မှာ ဤရင်းမြစ်ကမ္ဘာရှိ ဆရာတပည့် ဆက်ဆံရေးနှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက် ဖြစ်နေပြီး သူ့ကို ထူးခြားသောတည်ရှိမှုကြီးတစ်ခု ဖြစ်စေသည်။ သူ့ကို စောစောစီးစီး မတွေ့ရှိခဲ့လျှင်ပင် ထူးဆန်းနေပေလိမ့်မည်။

All Chapters