← Chapters

နောက်ကျသွားသော နောင်တ

Vol. 24 Ch. 305

နောက်ကျသွားသော နောင်တ

Vol. 24 Ch. 305

"မင်း သိတယ်ဆိုတော့ရော ဘာဖြစ်လဲ... ဘယ်အင်အားစုက ဒါမျိုး မလုပ်ဖူးလို့လဲ... ဖုချင်းဟုန် ဟန်ဆောင်မနေနဲ့...မင်းတို့ ဖုမိသားစုမှာ ကောင်းကင်ကံကြမ္မာ လော့ကျမ်းစာ မရှိဘူးလို့ မင်း ပြောရဲလား"

သူမ၏ရှင်းပြချက်ကို ကြားပြီးနောက် မိုပိုင်ယဲ့က အေးစက်စက် နှာမှုတ်လိုက်သည်။

ဖုချင်းဟုန် တိတ်ဆိတ်သွားသည်။

တဖက်လူ ပြောသည်မှာ အမှန်ပင်။ ကျိုးယီမြို့တော်ရှိ ထိပ်သီးမိသားစုတိုင်း ထိုကဲ့သို့ အရာများကို ပြုလုပ်ဖူးကြသည်။ ဤသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။ ဖုမိသားစုတွင်လည်း ဤကဲ့သို့အရာမျိုး ဆယ်ခုထက်မနည်းရှိနေကာ တန်ဖိုးထား၍ သိမ်းဆည်းထားကြသည်။

သာမန်မျိုးဆက်များနှင့် နှိုင်းယှဉ်လျှင် ပင်မသွေးရင်းမျိုးဆက်များသည် ပို၍အရေးပါသည်မှာ သဘာဝကျပေ၏။ တခြားသူများ အသက်ရှင်ခွင့်ရရန်အတွက် အချို့ဆိုလျှင် သူတို့အသက်ကို လိုလိုလားလားစွန့်လွှတ်ရန်ပင် ဆန္ဒရှိကြသည်။

"ကျန်းရွှမ်....ဒီနေ့ ငါ မင်းကို မသတ်နိုင်ပေမယ့် မင်းလည်း ငါ့ကို မသတ်နိုင်ဘူး... ဒါနဲ့ ငါ့ကို လိုက်ဖမ်းဖို့ မစဉ်းစားနဲ့ ...ငါ သေသွားခဲ့ရင် မင်းရဲ့ တပည့်ပါ ငါနဲ့အတူ လိုက်သေရလိမ့်မယ်"

...

မိုပိုင်ယဲ့က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး ခြေတစ်ချက်ဆောင့်နင်းကာ ရုတ်တရက် ထွက်ပြေးသွားသည်။

ထိုအချိန်မှာပင် အနီးရှိ သစ်ပင်ကြီးတစ်ပင်နောက်မှနေ၍ မုန်တိုင်းကဲ့သို့ စူးရှပြီး ပင်လယ်ကဲ့သို့ ကြီးမားကျယ်ပြန့်သော ဓားချီအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ဦးခေါင်းထံ ဦးတည်၍ တိုးဝင်လာသည်။

ဤသည်မှာ အစောပိုင်းက ဒဏ်ရာအပြင်းအထန်ရသွားခဲ့သော မိုဟုန်ပင်။

သူ့ဆရာ၏လုပ်ရပ်များကို သူကိုယ်တိုင် မြင်တွေ့ခဲ့ပြီးနောက် သူ လုံးလုံးလျားလျား စိတ်ပျက်သွားခဲ့သည်။ ထိုကြောင့် သူသည် ဤနေရာတွင် တိတ်တဆိတ် ပုန်းအောင်းနေပြီး ခြုံခိုတိုက်ခိုက်ခဲ့ခြင်းပင်။

မိုပိုင်ယဲ့သည် သူ၏နောက်တွင် လူတစ်ယောက် ရှိနေလိမ့်မည်ဟု မျှော်လင့်မထားမိသဖြင့် ကာကွယ်နိုင်ခဲ့ခြင်း မရှိချေ။ အရေးကြီးသော အချိန်အခိုက်အတန့်တွင် သူ၏ခေါင်းကို တိမ်းစောင်းလိုက်ပြီး သူ့ထံမှနေ၍ ကြီးမားသောစွမ်းအားများ ပွင့်အံ့ထွက်လာကာ လေထုအတွင်း၌ ပေဝက်ခန့် အတင်းအကြပ် ရွေ့လျားလိုက်သည်။ ထိုပေဝက်ခန့်အကွာအဝေးသည် သေကွင်းသေကွက်နေရာမှ လွတ်မြောက်စေခဲ့သော်လည်း ဓားချီအလင်းတန်းသည် သူ၏ပခုံးကို ထိမှန်သွားပြီး သူ၏ညာဘက်လက်မောင်းနှင့်ပခုံးရိုးတို့ကို ဖြတ်တောက်သွားသည်။

"မိုဟုန်.... မင်း သေချင်နေတာပဲ"

ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရသဖြင့် မိုပိုင်ယဲ့သည် ဒေါသထွက်သွားပြီး ပြင်းထန်သောကန်ချက်ဖြင့် တုံ့ပြန်လိုက်၏။

ထိုကန်ချက်တွင် သူ၏ဒေါသများအားလုံး ပါဝင်နေသည်။ မိုဟုန်သည် လက်တစ်ဖက် ဆုံးရှုံးထားပြီးဖြစ်ရာ ခက်ခဲသောအခြေအနေတွင် ရှိနေသည်။ ဤသေရေးရှင်ရေးအခြေအနေတွင် သူ၏မိုတောက်ဓားကို မြှောက်ကာ ကာကွယ်လိုက်သော်လည်း မိုပိုင်ယဲ့၏ခြေထောက်သည် ဓားပေါ်သို့ ကျရောက်သွားပြီး သူ၏ဓားကို လွင့်ထွက်သွားစေသည်။ ထိုကန်ချက်သည် မိုဟုန်၏ရင်ဘတ်ကို ထိမှန်သွားပေ၏။

ဖူး...

မိုဟုန်၏ ရင်ညွှန့်ရိုးနှင့်နံရိုးများ ကျိုးကြေသွားပြီး ခန္ဓာကိုယ်တွင်းကလီစာများ လုံးလုံးလျားလျား ပျက်စီးသွားကာ သူ အသက်ရှင်သန်ရန် မဖြစ်နိုင်တော့ကြောင်း သိသာထင်ရှားသည်။

ဘုန်း....

ထိုကန်ချက်ကို အားယူ၍ မိုပိုင်ယဲ့သည် မီတာ ဆယ်နှင့်ချီအကွာသို့ ရောက်ရှိသွားပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တောင်ကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

သို့ရာတွင် သူ ထွက်ပြေးသွားခဲ့သော်လည်း ဓားချက်ကြောင့် သူ၏လက်သည် ပခုံးရင်းမှပြတ်တောက်သွားသဖြင့် သူ မသေသေးလျှင်ပင် မသန်မစွမ်းတစ်ယောက် ဖြစ်သွားလေပြီ။ သူ၏ အသားနှင့်အရိုးများကို ပြန်လည်ပေါက်ဖွားစေနိုင်သော ဆေးဝါးမျိုးကို မတွေ့ရှိပါက သူ တသက်လုံး ဤအတိုင်း နေသွားရပေမည်။

"ဘယ်ပြေးမလို့လဲ..."

ကျန်းရွှမ်က လျင်မြန်စွာ ပြေးလိုက်သွားသော်လည်း ရှေ့တွင် ဟာလာဟင်းလင်း ဖြစ်နေပြီး မိုပိုင်ယဲ့၏အရိပ်အယောင်ကို မတွေ့ရတော့ချေ။

မိုပိုင်ယဲ့သည် ဓားချက်ထိမှန်ထားပြီး သူ၏ကြယ်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်ကျင့်ကြံမှုကို ကျန်းရွှမ်က ထပ်ခါတလဲလဲ ဖျက်ဆီးခဲ့သော်လည်း သူသည် ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်တွင် ရှိနေဆဲပင်။ သူသည် အသက်လု၍ ပြေးလွှားနေသဖြင့် အလွန်လျှင်မြန်နေလေရာ ကျန်းရွှမ်ပင်လျှင် လိုက်မမီတော့ချေ။

ပတ်ဝန်းကျင်ကို ရှာဖွေပြီးနောက် မည်သည့်အရာကိုမျှ ရှာမတွေ့သဖြင့် သူသည် မိုဟုန်ထံသို့ ပြန်လာရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ပေ။ သူသည် စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်၏။

"မင်း... ဘာလို့ သူ့ကို တိုက်ခိုက်လိုက်တာလဲ"

သူ၏ရှေ့မှ မိုဟုန်သည် မိုပိုင်ယဲ့အပေါ် အလွန် သစ္စာရှိခဲ့ပြီး အယုံကြည်ရဆုံးတပည့်ဟု သတ်မှတ်ခံခဲ့ရသည်။ သူ၏ ရုတ်တရက် ခြုံခိုတိုက်ခိုက်မှုသည် ကျန်းရွှမ် မမျှော်လင့်ထားသောအရာပင်။

သူသာမက ဖုချင်းဟုန်နှင့်တခြားသူများလည်း စိတ်ရှုပ်ထွေးနေကြသည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော မိုဟုန် သည် ပြင်းထန်သော ဒဏ်ရာများကြောင့် အားအင်ကုန်ခမ်းနေပြီး ဖျော့တော့တော့အကြည့်ဖြင့် သူတို့ကို ကြည့်လိုက်သည်။

"သူ တပည့်ပေါင်း အယောက်နှစ်ဆယ် လက်ခံခဲ့တယ်..."

"အယောက်နှစ်ဆယ်...ဟုတ်လား..."

ကျန်းရွှမ် အံ့အားသင့်သွားပြီး တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသဖြင့် သူ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

လက်ရှိချိန်၌ သူ သိထားသည်မှာ မိုပိုင်ယဲ့၏ တပည့်များအဖြစ် မိုဟုန် မင်ကျန်းထောင် မိုချင်းနှင့်လင်းပုယန်တို့သာ ရှိသည်။

ချန်းယွမ်နှင့်တခြားသူများမှာမူ မြေးတပည့် မျိုးဆက်များ ဖြစ်ပေ၏။

တပည့်ရင်းအယောက်နှစ်ဆယ်တွင် လေးယောက်သာ ကျန်တော့သဖြင့် ဆယ့်ခြောက်ယောက် သေဆုံးသွားပြီဟူသည့် အဓိပ္ပါယ်မဟုတ်လော....

ဤကိစ္စကို ကောင်းကင်ကံကြမ္မာလော့ကျမ်းစာ ဖန်တီးနည်းနှင့် ပေါင်းစပ်လိုက်လျှင် ကြက်သီးထဖွယ်ကောင်းပေ၏။

မိုဟုန်က ဆက်လက်၍ ရှင်းမပြတော့ဘဲ အဝေးကို ငေးကြည့်ရင်း ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

"ငါ့ရဲ့အသက် ရှစ်နှစ်အရွယ်မှာ သူက ငါနဲ့ ငါ့ရဲ့ညီလေးကို မွေးစားခဲ့တယ်....ငါ့ကို သူက မိုဟုန်လို့ နာမည်ပေးပြီးတော့ အစွမ်းထက်တဲ့ ဓားနည်းစနစ်တွေ သင်ပေးခဲ့တယ်... နှစ်တွေကြာလာတာနဲ့အမျှ ငါက သူ့ကို အဖေအရင်းလို သဘောထားခဲ့ပြီးတော့ သူ့ရဲ့စကားတွေကို ဘယ်တော့မှ သံသယ မဝင်ခဲ့ဘူး... တစ်နေ့မှာ ငါ့ထက် ပါရမီပိုကောင်းတဲ့ ငါ့ရဲ့ညီလေးက လေ့ကျင့်မှုမှာ ပြဿနာတစ်ခုကို ရှာတွေ့ခဲ့တဲ့ အချိန်အထိပဲ"

"တစ်နေ့မှာ သူက ငါ့ဆီ လာပြီး ပြောခဲ့တယ် 'ဆရာ့ရဲ့ ဓားသိုင်းပညာမှာ ပုံမှန် မဟုတ်တဲ့ လှုပ်ရှားမှုတစ်ခု ရှိတယ် ...ဒါကို ရေရှည် လေ့ကျင့်ရင် ယောကျာ်းတစ်ယောက်ရဲ့ဗီဇကို ထိခိုက်စေနိုင်ပုံ ရတယ်...ဆရာက ကျွန်တော်တို့ကို မှားပြီးသင်ပေးနေတာလား' တဲ့....အဲ့ဒီတုန်းက ငါက အလေးအနက် မထားဘဲနဲ့ သူ့ကို ဆရာ့ဆီ သွားမေးခိုင်းလိုက်တယ်..."

"သူက သွားမေးပြီးတဲ့နောက် ဘယ်တော့မှ ပြန်မလာတော့ဘူး"

"ဆရာက ပြောတယ်...သူ့ကို တာဝန်တစ်ခု ပေးလိုက်တဲ့အချိန်မှာ ကျိုးသုန်ဓားဖြူဂိုဏ်း က သတ်လိုက်တယ်တဲ့... ငါက အသည်းအသန် လေ့ကျင့်ခဲ့ပြီးတော့ နောက်ဆုံးမှာ ဓားဖြူဂိုဏ်း တစ်ဂိုဏ်းလုံးကို သတ်ဖြတ်လိုက်တယ်..ငါ့ရဲ့ညီလေးအတွက် ငါက လက်စားချေခဲ့တာပဲ..."

"နင်က ဓားဖြူဂိုဏ်းတစ်ဂိုဏ်းလုံးကို အမြစ်ပြတ်သုတ်သင်လိုက်တာလား...အဲ့ဒီကိစ္စက အရင်တုန်းက ကျိုးယီမြို့မှာ ပဟေဠိတစ်ခု ဖြစ်ခဲ့တယ်..."

ဖုချင်းဟုန်က ထိတ်လန့်တုန်လှုပ်သွားပြီး ပြောဆိုသည်။ ကျန်းရွှမ် နားမလည်သည်ကို မြင်တွေ့သဖြင့် သူမက ရှင်းပြလိုက်၏။

"ဓားဖြူဂိုဏ်းဆိုတာက ဓားသိုင်းပညာရှင်တွေရဲ့ဂိုဏ်းတစ်ဂိုဏ်းပဲ...သူတို့ရဲ့ဓားလက်ကိုင်တွေမှာ အဖြူရောင်ကြိုးတွေ ချည်ထားလို့ အဲ့ဒီနာမည် ရလာတာပဲ...သူတို့ရဲ့ဂိုဏ်းချုပ်ပိုင်ရီမူ က ဓားဖြူကံကြမ္မာကို ကျွမ်းကျင်ပိုင်နိုင်ထားပြီးတော့ တော်တော်လေး နာမည်ကြီးခဲ့တယ်..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ဂိုဏ်းပေါင်းစုံရှိနေသော ကျိုးယီမြို့ကဲ့သို့ နေရာမျိုးတွင် ဂိုဏ်းတစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း တိုက်ခိုက်သတ်ဖြတ်ကြခြင်းသည် သာမန်ကိစ္စတစ်ခုပင်။

ထိုအချိန်မှာပင် မိုဟုန်က ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်သည်။

အဲ့ဒီတုန်းက ဆရာ့ရဲ့တိတ်တဆိတ်ကူညီပေးမှုတွေကို ငါ ကျေးဇူးတင်ခဲ့ပေမယ့် ငါ အခုမှ သိလိုက်ရတယ်... တကယ်တော့ ငါ့ရဲ့ညီလေးက သူ့ရဲ့လက်ချက်နဲ့ သေခဲ့တာ....ဓားဖြူဂိုဏ်းဆိုတာကလည်း သူ ဖယ်ရှားချင်နေတဲ့ ပြိုင်ဘက် တစ်ခုပဲ...သူက ငါ့ကို အသုံးချပြီး ရှင်းပစ်ခိုင်းခဲ့တာပဲ..."

ကျန်းရွှမ် တိတ်ဆိတ်ငြိမ်သက်သွားသည်။

အမှန်အားဖြင့် မိုဟုန် ရှင်းပြနေရန် မလိုအပ်တော့ချေ။ ယခင်စကားဝိုင်းများမှတဆင့် သူ အရာအားလုံးကို နားလည်ပြီးဖြစ်သည်။

မိုပိုင်ယဲ့သည် မွေးရာပါ လျစ်လျူရှုတတ်သူ ဖြစ်ပြီး တပည့်များ သို့မဟုတ် ဆွေမျိုးသားချင်းများကို သူ၏ကျင့်ကြံမှုလောက် ဂရုမစိုက်ပေ။ သူ့ကို ဆန့်ကျင်သည်နှင့် ထိုလူများသည် သေခြင်းတရားဖြင့် ရင်ဆိုင်ရပေမည်။

အတိတ်တွင် လင်းပုယန်သည် ကံကောင်း၍သာ လွတ်မြောက်လာခဲ့ပြီး ဟန်ယွမ်မြို့၌ ပုန်းအောင်းနေနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် သူသည်လည်း သေဆုံးပြီးဖြစ်ပေမည်။

မိုဟုန်က ဆက်လက်၍ ပြောဆိုသည်။

"နှစ်တွေကြာလာတာနဲ့အမျှ ငါက ဂျူနီယာညီလေးမိုလော့အတွက် ချီမိသားစုတစ်စုလုံးကို သတ်ခဲ့တယ်... စီနီယာအစ်ကိုမိုဆု အတွက် လူ သုံးဆယ့်နှစ်ယောက်ကို သတ်ခဲ့တယ်....ဂျူနီယာ ညီလေးမိုချင်းယန် အတွက် ယန်ကျီးခြံဝန်းက အဖွဲ့ဝင် ခုနစ်ဆယ့်ခုနစ်ယောက်ကို သတ်ခဲ့တယ်...ငါ မကောင်းမှုတွေ လုပ်လာတာ ကြာပြီ..ငါ့ရဲ့အပြစ်တွေက ခွင့်လွှတ်လို့ မရနိုင်တော့ဘူး"

"ဒါပေမဲ့ ငါက သူတို့အတွက် လက်စားချေပေးနေတယ်လို့ တကယ်ကြီး ယုံကြည်ခဲ့တာ...ဒါပေမဲ့ ငါ့ရဲ့ဂိုဏ်းတူညီအစ်ကိုတွေအားလုံးက သူ့ရဲ့လက်ချက်နဲ့ သေခဲ့ရတယ်ဆိုတာ ငါ အခုမှ သိလိုက်ရတယ်.. ဝေါ့"

စကားပြောဆိုရင်းဖြင့် မိုဟုန်သည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူ၏ပါးစပ်မှ သွေးများအန်ထွက်လာကာ သူ၏အသက်ရှူသံ ပို၍အားနည်းလာသည်။

သူ၏လက် ပြတ်တောက်သွားပြီး မိုပိုင်ယဲ့၏ကန်ချက်ကြောင့် သူ၏ခန္ဓာကိုယ်တွင်းကလီစာများ ကြေမွှပျက်စီးသွားခဲ့သည်။ သူ ယခုချိန်ထိ တောင့်ခံနိုင်ခြင်းကပင် အံ့အားသင့်ဖွယ် ကောင်းနေလေပြီ။

"ဂျူနီယာညီလေး ချင်းယန်.. မိုလော့... ငါက မင်းတို့အတွက် လက်စားချေမပေးနိုင်ခဲ့ပေမယ့် သူ့ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ်... ငါတို့ ပြန်တွေ့ရင်တောင် ငါ့ရဲ့စိတ်ထဲမှာ အပြစ်ရှိစိတ်ကို ခံစားရမှာ မဟုတ်တော့ဘူး..."

မိုဟုန်က သူ၏လက်ကို အဝေးသို့ ဆန့်တန်းလိုက်သည်။ သူသည် တစ်စုံတစ်ခုကို မြင်နေရသကဲ့သို့ ဖြစ်နေပြီး သူ၏အသံ တဖြည်းဖြည်း တိုးညှင်းသွားကာ နောက်ဆုံးတွင် မကြားရတော့ချေ။

ကျန်းရွှမ်က စမ်းသပ်ကြည့်လိုက်ရာ မိုဟုန်သည် အသက်ရှူရပ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

"သူလည်း သနားစရာပဲ..."

ဖုချင်းဟုန်က ခေါင်းခါယမ်းလိုက်၏။

ဤမိုဟုန်သည် မွေးရာပါဆိုးသွမ်းသူ မဟုတ်ဘဲ မိုပိုင်ယဲ့၏လှည့်စားမှုကို ခံရပြီး သူ၏အကြံအစည်များအတွက် နယ်ရုပ်တစ်ခု သက်သက်သာ ဖြစ်ခဲ့သည်။

"သူက သနားစရာ မကောင်ဘူး..သူက မကောင်းမှုတွေကို လိုလိုလားလား လုပ်ဆောင်ခဲ့တာ...ဒါက သူကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ မကောင်းမှုပဲ...သူ သေခါနီးမှ နောင်တရရုံလောက်နဲ့ ခွင့်လွှတ်လို့ မရဘူး"

ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။

"နောင်တရတာက လမ်းမှားရောက်ခဲ့တဲ့ အမှားတွေကို ပြန်မပြင်နိုင်ဘူး.... လူတစ်ယောက်ရဲ့နောင်တထက် သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက လူတွေရဲ့စိတ်နှလုံးသားကို ပိုပြီးအေးစက်စေတတ်တယ်"

"အမှန်ပဲ....သခင်လေးကျန်းပြောတာ အဓိပ္ပာယ် ရှိလိုက်တာ..."

ဖုချင်းဟုန်က သူ့ကို ရိုသေလေးစားစွာ ကြည့်လိုက်ပြီး အပြုံးနှင့် မေးမြန်းသည်။

"ပင်ပန်းနေပြီလား...ငါ နှိပ်နယ်ပေးရမလား..."

"... "

ကျန်းရွှမ်၏မျက်နှာ ရှုံမဲ့သွားသည်။

လူတစ်ယောက်၏နောင်တထက် ကျူးလွန်ခဲ့သော ပြစ်မှုများသည် လူများ၏စိတ်နှလုံးသားကို ပို၍အေးစက်စေခြင်းရှိမရှိကို သူ သေချာမပြောနိုင်ချေ။ သို့ရာတွင် ယခုအချိန်၌ မြေခွေးညို့ငင်ကံကြမ္မာ၏ သက်ရောက်မှုကို ခံထားရသူများနှင့် ရင်ဆိုင်ရခြင်းသည် သူ၏စိတ်နှလုံးသားကို အေးစက်စေရုံသာမက ရိုးတွင်းခြင်ဆီထိလှိုက်အောင် အေးစက်စေကြောင်း သေချာပေ၏။

Thank For Reading.

All Chapters