← Chapters

မမေးနဲ့

Vol. 8 Ch. 106

မမေးနဲ့

Vol. 8 Ch. 106

ကုတ် - စီ ‘ရှူးခနဲ’ အသံပြုကာ မာန်ဖီလိုက်သဖြင့် အမွေးများ ထောင်လာသည်။ ကြောင်သည် အခန်းထဲသို့ ချိုးဖြတ်ဝင်ရောက်လာသည့် မည်သူ့ကိုမဆို ရင်ဆိုင်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ပြီး ခန္ဓာကိုယ်မှာလည်း ပိုမိုကြီးမားလာလေသည်။

တစ်ချိန်တည်းမှာပင် အင်စလေ အငိုရပ်သွားပြီး ကြမ်းပြင်ပေါ်မှ ထလာသည်။ သူမ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုများ ထင်ဟပ်နေသည်။

အာ.. ပြတင်းပေါက်က ဘယ်အချိန်ကတည်းက ပွင့်နေတာလဲ.. ခဏလေး.. တစ်ယောက်ယောက် ဖွင့်လိုက်တာလား.. ပြတင်းပေါက် ပိတ်ထားတယ်ဆိုတာ သေချာပါတယ်..

သူမဘေးရှိ ပြတင်းပေါက်အား တစ်ယောက်ယောက် ဖွင့်လိုက်သည် ဟူသော အတွေးကပင် အင်စလေ၏ ရင်ဘတ်တစ်ခုလုံးအား တင်းကြပ်သွားစေသည်။ ကလေးသည် ချက်ချင်း မတ်တတ်ရပ်ကာ မျက်ရည်များအား လက်ခုံဖြင့် သုတ်လိုက်သည်။

ကုတ် - စီ သည် သူမ၏ ခြေထောက်နားတွင် အစောင့်တစ်ဦးသဖွယ် ရှိနေသောကြောင့် ကလေးသည် သတိအပြည့်ဖြင့် ပွင့်နေသည့် ပြတင်းပေါက်အား စိုက်ကြည့်လိုက်သည်။

ဘယ်သူလဲ.. သူခိုးလား.. ဓားပြလား.. လုပ်ကြံသူလား.. လူသတ်သမားလား.. ကြေးစားလား.. တစ်ယောက်ယောက်က ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား..

အင်စလေ၏ စိတ်ထဲ၌ မကောင်းသည့် အတွေးမျိုးစုံ ဝင်လာနေချိန်မှာပင် သူမ၏ မျက်လုံးထဲ ရွှေအိုရောင် ဆံပင်များရှိသည့် ကောင်လေးတစ်ဦး လှပစွာ ခုန်ပျံကျော်လွှား၍ ဝင်ရောက်လာလေသည်။ လေတိုက်ကြမ်းလာပြီး သူမ မျက်လုံးထဲရှိ ကောင်လေး၏ ပုံရိပ်မှာ တဖြည်းဖြည်း ကြီးလာသည်။

ထောက်

“အင်.. အဆင်ပြေရဲ့လား.. မြင့်မြတ် အစောင့်အရှောက်က မင်းကို အနိုင်ကျင့်နေတာလား..”

ဖင်းလီ မည်သည့်အသံမှ မထွက်စေဘဲ အိပ်ခန်း၏ ကြမ်းပြင်ပေါ် ခြေချလိုက်သည်။ ကောင်လေးသည် အခန်းတွင်း ခြေချပြီးနောက် ချက်ချင်းပင် အင်စလေထံသို့ ပြေးသွားကာ သူ၏ ရင်ဘတ်ထဲ ဆွဲခေါ်လိုက်သည်။

“ဘာဖြစ်တာလဲ.. ဟင်.. ဘာဖြစ်လို့ ငိုနေတာလဲ..”

ဖင်းလီသည် အင်စလေ၏ မျက်နှာအား မကြည့်ဘဲ ပွေ့ဖက်ထားလိုက်သည်။ ကြောင်နှင့် အကွာအဝေးတစ်ခု မခြားမီ ကြောင်အနေပါသော ကုတ် - စီ အား မွန်းစတားတစ်ကောင်အလား မျက်ထောင့်နီနှင့် စိုက်ကြည့်လိုက်သည်။

...ဟမ်.. ဖင်းလား

အင်စလေ စက္ကန့်ပိုင်းမျှ ဦးနှောက် အလုပ်မလုပ်တော့‌ချေ။ ကောင်မလေး၏ ဖင်းလီ၏ နွေးထွေးသော ပွေ့ဖက်မှုနှင့် နူးညံသိမ်မွေ့သည့် အသံကိုသာ ခံစားနေမိတော့သည်။ ထို့နောက် ကောင်မလေးသည် ကုတ် - စီ အနီးမှ အဝေးသို့ ခေါ်သွားခံလိုက်ရသည်။

ကောင်လေး၏ ထူးခြားသော နေလောင်မြက်အနံ့သည် အင်စလေ၏ နှာခေါင်းထဲသို့ တိုးဝင်လာပြီးနောက် သူမ၏ တင်းမာနေသည့် အာရုံကြောများ ပြေလျော့သွားလေသည်။

“ဖ.. ဖွင်း လား..”

အင်စလေ အားနည်းသော အသံလေးနှင့် ခေါ်လိုက်သည်။ ကောင်လေး၏ လက်သည် သူမ၏ ဦးခေါင်းအား ပခုံးပေါ်သို့ မှီထားရန် ဦးခေါင်းနောက်မှ ဖိချလိုက်သည်။ အင်စလေ စကားပင် ရှင်းရှင်းလင်းလင်း မပြောနိုင်တော့ချေ။

“ဟုတ်တယ်.. ငါပါ.. ဘာတွေဖြစ်နေတာလဲ.. မြင့်မြတ် အစောင့်အရှောက်က မင်းကို တိုက်ခိုက်တာလား.. နာသွားသေးလား..”

ဖင်းလီသည် အင်စလေအား ပွေ့ဖက်ထားရာမှ တဖြည်းဖြည်းချင်း ဖြေလျော့ပေးလိုက်သော်ငြား သူမအား လွှတ်မပေးလိုက်ချေ။

ကောင်လေးသည် အင်စလေအား ခေါင်းအစ ခြေစဆုံး စေ့စေ့စပ်စပ် စစ်ဆေးလိုက်သည်။ ကလေး၏ ပါးဖောင်းဖောင်းအား အသာဆွဲပြီး နီရဲနေသည့် မျက်လုံးများကို ကြည့်လိုက်သည်။ ဖင်းလီ၏ နူးညံ့ချောမောသော မျက်နှာလေးမှာ ကလေး၏ မျက်နှာနှင့် လက်မအနည်းငယ်မျှသာ ကွာတော့သည်။

“အွမ်.. ဖွင်း.. အာ့.. အာရိုဟုတ်ပါဝူး (အဲ့လို ဟုတ်ပါဘူး..)”

အင်စလေ၏ ပါးလေးများ နီရဲလာသည်။ သူမတို့ကြားရှိ အကွာအဝေးမှာ အလွန်နီးကပ်နေသောကြောင့် လိပ်ပြာတောင်ပံများနှင့် တူသည့် ဖင်းလီ၏ မျက်တောင်ရှည်များ တဖျက်ဖျက် ခတ်နေသည်ကိုပင် မြင်နေရသည်။

လူကြီးမင်းရှင့်.. လူကြီးမင်းရဲ့ မျက်နှာကို အဝေးကို ရွှေ့ပေးလို့ ရမလားရှင့်..

အင်စလေ၏ နှလုံးသားတစ်ခုလုံး မြေပေါ်သို့ ပြုတ်ကျသွားရသည်။ ကောင်မလေးမှာ အလွန်ထိတ်လန့်သွားသောကြောင့် ငိုဖို့ရန်ပင် မေ့သွားတော့သည်။

“အဲဒီလို မဟုတ်ဘူးဆိုရင် ဘာဖြစ်တာလဲ ပြောပါဦး.. မင်း ငိုနေတဲ့အချိန် မြင့်မြတ် အစောင့်အရှောက်က မင်းရဲ့ ဗိုက်ပေါ်မှာ လှဲနေတာကို မြင်လိုက်ရတာပဲ..”

ဖင်းလီ နှုတ်ခမ်းကိုက်ပြီး ကြောင်အား အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်သည်။

မင်းက မြင့်မြတ်အစောင့်အရှောက် ဖြစ်နေရင်တောင် အင်စလေကို နာကျင်အောင် လုပ်ခွင့် မရှိဘူး.. ငါ ခွင့်မပြုဘူး..

ဖင်းလီ၏ စူးရဲသော မျက်လုံးများမှာ သူမ၏ မျက်နှာပေါ်မှ မခွာသဖြင့် အင်စလေ၏ ပါးဖောင်းဖောင်းလေးများ ပူလာသလို ဖြစ်လာသည်။ ဖင်းလီ၏ လက်ဖဝါးများသည် သူမ၏ ပါးလေးများအား ဖိထားဆဲဖြစ်ကာ မလွှတ်ပေးပါသေးချေ။

ဒါက.. လူတွေကို ဖြားယောင်းနည်း အသစ်လား..

ကလေးမှာ ပြောစရာစကားပင် မရှိတော့ချေ။

ကုတ် - စီ က ငါငိုနေတုန်း ဗိုက်ပေါ်မှာ လှဲနေလို့ ကြောင်က ငါ့ကို အနိုင်ကျင့်နေတာလို့ ဖင်းက ပြောတယ်.. အဲလို ဖြစ်သွားပုံပဲ.. ဒါပေမဲ့..

အဲဒါက အနိုင်ကျင့်တာမှ မဟုတ်တာကို..

ကုတ် - စီ ပင်လျှင် ဆွံ့အကာ ဖင်းလီအား နာကျင်စွာဖြင့် ကြည့်လိုက်သည်။

လူသားကောင်လေး.. ဘာစကား ပြောတာလဲကွ.. ငါက ဒီကောင်မစုတ်လေးကို အနိုင်ကျင့်တာပေါ့လေ.. သူမကမှ အော်ဟစ်ငိုယိုပြီး ငါ့ကို အနိုင်ကျင့်နေတာကွ..

ကုတ် - စီ သည် မှားယွင်းစွပ်စွဲ ခံရမှုကြောင့် နားရွက်လေးများ အောက်စိုက်ကာ ကြမ်းပြင်ပေါ် ပုံလျက်သားလေး ထိုင်ချလိုက်သည်။ အင်စလေကဲ့သို့ အော်ဟစ်ငိုချင်လာသည်။

ငါက ဘာကိစ္စနဲ့ အလိုလိုနေရင်း တရားခံဖြစ်သွားရတာလဲ..

ကုတ် - စီ သည် မျက်လုံးအား ဖဝါးလေးဖြင့်အုပ်ကာ တအီအီ အသံပြုနေသည်။ သူ၏အသံမှာ အလွန် ကြေကွဲဖွယ် ကောင်းလွန်းသောကြောင့် ဖင်းလီပင်လျှင် ကြောင်အသွားလေသည်။

“အာ.. မြင့်မြတ် အစောင့်အရှောက်က ဘာဖြစ်လို့ ဒီလိုဖြစ်နေရတာလဲ.. သူ ငိုနေတာလား..”

ဖင်းလီသည် ကုတ် - စီ အား လှည့်ကြည့်လိုက်သည့်တိုင်အောင် အင်စလေ၏ ပါးဖောင်းဖောင်းလေးအား လွှတ်မပေးချေ။

အင်စလေသည် ဝမ်းနည်းကြေကွဲနေသည့် ကုတ် - စီ အား ချောင်းကြည့်လိုက်ပြီး ကြောင်အား စာနာသနားသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ကုတ် - စီ ရေ.. ဘာမှမလုပ်ဘဲ စွပ်စွဲခံလိုက်ရလို့ ဆောရီးပါ..

အင်စလေ ဖင်းလီ၏ လက်ဝါးအား ဆွဲယူကာ အဝေးသို့ဖယ်လိုက်သည်။

“နိုး.. ဟုတ်ဝူး.. ဖွင်း မှားနာ.. ခုတ် - ချီ က အင့်ကို နိုင်ကျင့်ဝူး..”

အင်စလေသည် ကုတ် - စီ ၏ ဘေးသို့ ပြေးသွားကာ ဆောင့်ကြောင့်ထိုင်လိုက်သည်. သူမသည် အလျော်ပေးသည့် အနေနှင့် ကုတ် - စီ ၏ အမွေးပွပွလေးအား လက်ဖြင့် ပွတ်လိုက်သည်။

ဤတစ်ကြိမ်တွင် အံ့အားသင့်သွားရသူမှာ ဖင်းလီ ဖြစ်လေသည်။

“ဟမ်.. သူက မင်းကို အနိုင်ကျင့်တာ မဟုတ်ဘူးလား.. ဒါပေမဲ့ သူက မင်း ငိုနေတာတောင် ဗိုက်ပေါ်မှာ လှဲနေတာလေ..”

ဖင်းလီ ကိုးရိုးကားယားနိုင်စွာ ပြုံးပြီးနောက် ခေါင်းကုတ်လိုက်သည်။

အိစ်.. မြင့်မြတ် အစောင့်အရှောက်ကို စွပ်စွဲလိုက်မိတာလား..

ဖင်းလီ ထိုအတွေးကြောင့် ထိတ်လန့်သွားမိသည်။ အစောင့်အရှောက်၏ ခွင့်လွှတ်မှု တောင်းခံရန် ကောင်းစွာ ပြင်ဆင်ထားဖို့ လိုလေသည်။

“အင်.. အင် ငိုတာ တခြားဟာကြောင့်..”

အင်စလေ တီးတိုးပြောသည်။ သူမ၏ မျက်နှာမှာ တဖြည်းဖြည်းချင်း နီလာပြီး မနာလိုမှုကြောင့် ငိုကြွေးရခြင်းဟု မပြောနိုင်ချေ။

ဖင်းလီ ပင့်သက်ရှိုက်လိုက်သည်။ ကောင်လေးသည် မျက်တောင်ခတ်လိုက်ပြီး အခန်းထောင့်တွင် စိတ်ဓာတ်ကျစွာဖြင့် ထိုက်နေသည့် ကြောင်ကိုသာ မျက်လုံးကြီးများဖြင့် ကြည့်လိုက်သည်။ ဖင်းလီမှာ အရူးမဟုတ်‌ချေ။ သူ၏ စွပ်စွဲချက်သည် မြင့်မြတ် အစောင့်အရှောက်၏ ခံစားချက်အား ကြီးမားစွာ ထိခိုက်သွားစေကြောင်း သိလေသည်။

ဟားဟားဟား.. ငါတော့ သွားပြီ..

ဖင်းလီ ခါးသီးစွာ ပြုံးလျက် ဘာဆက်လုပ်ရမည်ကို မသိတော့သဖြင့် ပါးပြင်အား ကုတ်လိုက်သည်။

“အာ.. ဒီတော့ ဆာ မြင့်မြတ်အစောင့်အရှောက်ကြောင့် မဟုတ်ဘူးပေါ့..”

ဖင်းလီသည် ကုတ် - စီ အား ‘ဆာ’ ဟု ခေါ်ကာ သူ၏ အပြစ်ရှိစိတ်အား လျော့ပါးစေရန် မျက်နှာချိုသွေးလိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် ကုတ် - စီ သည် ဟွန့်ခနဲ အသံပြုပြီး ဖင်းလီအား ကြည့်ရန် ငြင်းဆန်နေသည်။

...ခွကျတာပဲ..

ဖင်းလီ နှုတ်ခမ်းအားကိုက်ကာ အသံမထွက်ဘဲ ရယ်မောလိုက်သည်။ ကောင်လေးသည် ကလေးအား လှည့်ကြည့်လိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ် ထိုင်ချပြီးနောက် အင်စလေအား သူ၏ဘေးတွင် ထိုင်ရန် လက်ယပ်ခေါ်လိုက်သည်။

“အမ်.. ဒီတော့ မင်းက လေးစားဖို့ကောင်းတဲ့ မြင့်မြတ် အစောင့်အရှောက်ကြောင့် ငိုနေတာ မဟုတ်ဘူးဆို ဘာလို့များလဲ..”

ဖင်းလီ ခေါင်းကလေးစောင်းကာ မေးလိုက်သည်။ သူ၏ မေးခွန်းမှာ အင်စလေ၏ အသိစိတ်ကို ဓားနှင့်ထိုးသလို ဖြစ်သွားစေမှန်း မသိလိုက်ချေ။

ဂါးးး မမေးနဲ့လို့..

All Chapters