ကုတ် - စီ ၏ စိတ်ထဲ၌
Vol. 8 Ch. 115
အင်စလေ၏ ဝိညာဉ် ကုတ် - စီ ၏ မှတ်ဉာဏ်ထဲ ဝင်ရောက်လိုက်ချိန်မှာပင် သူမ၏ ဝိညာဉ်မှာ စကြဝဠာ အလယ်တွင် မျောလွင့်နေသကဲ့သို့ ခံစားရသည်။ အပူချိန်မရှိ၊ အသံကင်းမဲ့ပြီး တိတ်ဆိတ်မှုအပြည့် ဖြစ်သည်။
အတော်လေး ထိတ်လန့်ချောက်ချားဖွယ် ကောင်း၏။
သူမ၏ ပတ်လည်မှာ ပိန်းပိတ်အောင် မဲမှောင်နေပြီး အလင်းမရှိချေ။ သူမ၏ ထက်အောက်ဘယ်ညာ အဘက်ဘက်တွင် မှတ်ဉာဏ်စီးကြောင်းများသာ ရှိနေပြီး စကြဝဠာ၏ ကြယ်စနစ်နှင့်ပင် တူလေသည်။
အင်စလေ၏ မျက်လုံးထဲတွင် မှတ်ဉာဏ်စီးကြောင်းများမှာ အတော်လေး လှပသည်။ သူမ၏ စိတ်ထဲ၌လည်း ထိုသို့ ဖြစ်နေမလား သိချင်မိသည်။
မှတ်ဉာဏ်စီးကြောင်းများအကြောင်း တွေးနေစဉ်မှာပင် သူမ၏ အမြင်အာရုံမှာ လက်ရှိအချိန်၌ ကုတ် - စီ ၏ အမျိုးမျိုးသော မှတ်ဉာဏ်အပိုင်းအစများ ပါဝင်သည့် မှတ်ဉာဏ်စီးကြောင်းများကိုသာ မြင်တွေ့နေရခြင်းဖြစ်ကြောင်း သိရှိလိုက်ရသည်။
မှတ်ဉာဏ်အပိုင်းအစများသည် သူမအား အရှိန်ဖြင့် ကျောက်ဖြတ်သွားပြီးနောက် ခရိုနိုစ့်သည် အင်စလေအား ကုတ် - စီ မှတ်ဉာဏ်များ၏ မူလအစသို့ ပို့လိုက်သည်။
အင်စလေသည် တလက်လက်တောက်ပနေသည့် အပိုင်းအစများမှလွဲ အခြားအရာများအား မမြင်တွေ့နိုင်သဖြင့် စိတ်ရှည်လက်ရှည်ဖြင့် ထိုအပိုင်းအစများအား စူးစမ်းနေတော့သည်။
ထိုအပိုင်းအစများမှာ လှုပ်ရှားနေသည့် ရုပ်ပုံများ ပါဝင်သော ဖန်ကွဲစများကဲ့သို့ ကုတ် - စီ တွေ့ကြုံခံစားခဲ့ရသမျှ အရာအားလုံးမှာ ရုပ်ရှင်ကားများသဖွယ် ထင်ဟပ်နေသည်။
မှတ်ဉာဏ်အပိုင်းအစ အရေအတွက်မှာ မရေတွက်နိုင်လောက်အောင် များပြားလှဿည်။ ကုတ် - စီ ၏ မှတ်ဉာဏ်များအား အစသို့ ပြန်လည်သွားနိုင်သော ခရိုနိုစ့်၏ စွမ်းရည်ကြောင့်သာ မဟုတ်ခဲ့လျှင် အင်စလေသည် ကောင်းမွန်မှန်ကန်သည့် အချိန်သို့ ရွေးချယ်ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
ခရိုနိုစ့်၏ အားစိုက်ထုတ်မှုအား ကျေးဇူးတင်ရမည်ပင်။
မှတ်ဉာဏ်စီးကြောင်း၏ အဆုံးသတ်သို့ရောက်ရန် အချိန်များစွာ မကြာလိုက်ပေ။ မှတ်ဉာဏ်စီးကြောင်း၏ အဆုံးသတ်ဟူသော အဓိပ္ပါယ်မှာ အင်စလေ၏ ဝိညာဉ်သည် ကုတ် - စီ ၏ မှတ်ဉာဏ်အစအား ရှာတွေ့သွားပြီဟု ဆိုလိုခြင်းသာ။
ရှာတွေ့သည်နှင့် သူမ၏ ဝိညာဉ်မှာ အလိုအလျောက်ပင် အစောဆုံး မှတ်ဉာဏ်အပိုင်းအစ တစ်ခုထဲသို့ ဆွဲယူခံလိုက်ရသည်။
အင်စလေ၏ ဝိညာဉ်သည် ဖန်ကွဲစနှင့်တူသည့် မှတ်ဉာဏ်အပိုင်းအစထဲသို့ ဝင်ရောက်သွားချိန်မှာပင် သူမ၏ ပတ်ပတ်လည်မှာ ပိန်းပိတ်အောင် နက်မှောင်နေသော စကြဝဠာ အသွင်မှ အရောင်အသွေးစုံ ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
အင်စလေ၏ မျက်လုံးထဲ၌ အရောင်များပြည့်လာသည်။ သူမ၏ ပတ်ပတ်လည်ရှိ အပူချိန်မှာလည်း အခြေအနေပေါ်လိုက်၍ သူ့အလိုလို ချိန်ညှိပြီးသားဖြစ်သလို နူးညံ့သည့် လေပြည်တိုးသံကိုပါ ကြားနေရသည်။
နူးညံ့စွာ ဖြာကျလာသည့် နေရောင်ခြည်သည် ကလေး၏ ပါးဖောင်းအိအိအား ပူနွေးလာစေပြီး လေပြည်ညင်းသည် သူမ၏ ဆံပင်များအား ကျီစယ်စနောက်နေလေသည်။
အင်စလေ ပြောင်းလဲမှုအသစ်အား လေ့လာရန် အချိန်ရလာပြီ ဖြစ်သည်။
အမ်.. ဒါက ဘယ်နေရာလဲ..
အင်စလေ လှည့်ပတ်ကြည့်ရာတွင် ပုံမှန်ကမ္ဘာတစ်ခုနှင့် တူသည့် ကမ္ဘာအား မြင်တွေ့လိုက်ရသည်။ ကောင်းကင်ပြာ၊ စိမ်းစိုနေသည့် မြက်ပင်ရှည်များနှင့် အပြောကျယ်သည့် မြက်ခင်းပြင်တွင် သစ်ပင်၊ ပန်းပင်များစွာ ရှိလေသည်။
ဤနေရာမှာ ယခင်က အင်စလေ သွားရောက်ခဲ့ဖူးသော ဆန်းကြယ်သည့် မြက်ခင်းပြင်နှင့် တူလေသည်။ သို့သော် ယခင် သူမသွားခဲ့ဖူးသည့် မြက်ခင်းပြင်မှာ အလယ်တွင် အဖြူရောင်အဆောက်အဦတစ်ခု ရှိနေသည်။ ဤမြက်ခင်းပြင်၏ အလယ်တည့်တည့်တွင် မိုးထိမတတ် မြင့်မားသော သစ်သားအဆောက်အဦ ရှိနေခြင်းသာ။
ထိုအအောက်အဦး၏ သစ်လုံးတိုင်များထိပ်တွင် အမျိုးမျိုးသော တိုင်ခုံများရှိလေသည်။ ယင်းမှာ ကြောင်များ ဆော့ကစားသည့် မျှော်စင်တစ်ခုနှင့်ပင် တူလှသည်။
ဒါက ကုတ် - စီ ရဲ့ မွေးရပ်မြေပဲ ဖြစ်ရမယ်..
အင်စလေ ဆက်မသွားတော့ဘဲ သူမ၏ လက်ရှိခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်သည်။ လက်ရှိအချိန်၌ သူမမှာ ဝိညာဉ်ပုံစံဖြင့် ရှိနေသောကြောင့် မည်သည့်အရာကိုမှ ထိတွေ့နိုင်ခြင်း မရှိချေ။ သို့သော် အပူနှင့် အအေးကို ခံစားနိုင်ဆဲ ဖြစ်သည်။ အခြားသူများ၏ စိတ်ခံစားချက်များကိုလည်း ခံစားသိရှိနိုင်သည်။
ပတ်ဝန်းကျင်ရှိ အရာများအား ထိလိုက်ချိန်တိုင်းတွင် သူမ၏လက်သည် ထိုအရာများအား ဖြတ်သွားလေသည်။ အင်စလေ ယင်းအား စိတ်မရှိပါချေ။ ကလေးသည် ဤနေရာသို့ ရောက်လာရသည့် ရည်ရွယ်ချက်အား အမှတ်ရနေဆဲဖြစ်သည်။ ထို့ကြောင့် ချက်ချင်းဆိုသလို ဝိညာဉ်ပုံစံဖြင့် ကြောင်မျှော်စင်ရှိရာသို့ ပျံသန်းသွားလိုက်သည်။
သူမ ဝိညာဉ်ပုံစံဖြင့် ရှိနေချိန်တွင် ပျံသန်းနိုင်သလို ယခင်က မလုပ်ခဲ့ဖူးသည့် အရာများစွာကိုလည်း ပြုလုပ်နိုင်သည်။
ကောင်းလိုက်တဲ့ ခံစားချက်လေး..
အင်စလေ ကြောင်မျှော်စင်အတွင်းသို့ ဝင်ရောက်ရန် မျက်စိတစ်မှတ်ခန့်သာ ကြာလေသည်။ သူမသည် ကုတ် - စီ အား မည်သို့ ရှာဖွေရမည်ကို သိနေသည့်အလားပင်။ အချိန်တိုလေးအတွင်းမှာပင် မြေပြင်ပေါ်တွင် အားနည်းချိနဲ့စွာ လဲလျောင်းနေသည့် ကြောင်ပေါက်လေးတစ်ကောင်အား တွေ့လိုက်ရသည်။ ထိုကြောင်ပေါက်လေး၏ ပတ်လည်တွင် အခြားကြောင်ပေါက်လေးများစွာ ရှိနေသည်။
ကြောင်ပေါက်လေးအားလုံးမှာ အဖြူရောင်အမွေးများ ရှိကြသည်။ သို့သော် အချို့မှာမူ ဖဝါး၊ မျက်နှာနှင့် အမြီးတို့၌ အနက်ရောင်အမွေးများ ရှိနေပြီဖြစ်သည်။
ဤနေရာ၌ မည်သည်ကြောင့် ကြောင်ပေါက်လေးများစွာ ရှိနေမှန်း အင်စလေ မသိချေ။ ထို့ကြောင့် ကြောင်ကလေးများမှာ မြင့်မြတ် အစောင့်အရှောက်အဖြစ် အရွေးချယ်ခံများ ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
မြင့်မြတ် အစောင့်အရှောက် ဟူသည်မှာ သားရဲတစ်ကောင် မဟုတ်ချေ။ ပြောရမည်ဆိုလျှင် မြို့များသို့ ကျူးကျော်တိုက်ခိုက်နေသည့် မွန်းစတားအများစုမှာ သားရဲများ မဟုတ်ကြချေ။ ထိုမွန်းစတားများမှာ အကြောင်းအရင်းတစ်ခုကြောင့် တောရိုင်းတိရစ္ဆာန်များ အဖြစ်မှ သားရဲများအဖြစ်သို့ သန္ဓေပြောင်းသွားကြခြင်းသာ။
မြင့်မြတ် အစောင့်အရှောက်မှာလည်း ထိုသို့သာဖြစ်သည်။ တိရစ္ဆာန်မျိုးနွယ်တိုင်းတွင် ဒဏ္ဍာရီလာ သားရဲများ၏ သွေးမျိုးဆက်အား အမွေဆက်ခံသည့် မြင့်မြတ်အစောင့်အရှောက်အချို့ ရှိတတ်ကြသည်။
သွေးမျိုးဆက်အား ဆက်ခံသူများသည် မြင့်မြတ် အစောင့်အရှောက်များ ဖြစ်လာကြမည်ပင်။ အခြားသက်ရှိများ၏ အကူအညီ မပါဘဲ သူတို့၏ စွမ်းအားကို အသုံးပြုနိုင်ခြင်း မရှိသော်လည်း အထူးသဖြင့် ယင်းတို့၏ မွေးရပ်မြေ၌ မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ဒဏ္ဍာရီလာ သားရဲများအဖြစ်သို့ ပြောင်းလဲနိုင်ကြသည်။
ကုတ် - စီ ၏ မွေးရပ်မြေမှာ တွေ့မြင်နေကျ မဟုတ်သောကြောင့် အခြားကုန်းမြေတိုက် တစ်ခု၌ ဖြစ်မည်ဟု အင်စလေ ခန့်မှန်းလိုက်သည်။
ဤကမ္ဘာပေါ်တွင် ကုန်းမြေတိုက် များစွာရှိသည်။ ထူးဆန်းထိတ်လန့်ဖွယ် ကောင်းသည့် သက်ရှိအများစုမှာ ကမ္ဘာဦးကျွန်း ဟုခေါ်သော ကုန်းမြေတိုက်တစ်ခုမှ ရောက်လာကြသည်။
ထိုကမ္ဘာဦးကျွန်းမှာ အင်စလေ၏ မူလကမ္ဘာရှိ အာရှတိုက် အရွယ်အစားမျှ ကြီးမားသည်။ ကမ္ဘာဦးကျွန်းတွင် အမျိုးမျိုးသော သားရဲများ အခြေချနေထိုင်ကြပြီး ကမ္ဘာကြီးအား လေ့လာရန် ကျွန်းမှ ထွက်လာကြသည်။ မွန်းစတားအများစုမှာလည်း ထိုကျွန်းမှ ဖြစ်ကြသည်။
ကုတ် - စီ သည် ကမ္ဘာဦးကျွန်းပေါ်ရှိ ကြောင်ရွာလေးတစ်ခုတွင် နေထိုင်ခြင်း ဖြစ်ရမည်။ သူ၏ အသွင်သဏ္ဌာန်မှာ ကြီးကျယ်ခမ်းနားပုံ မရသော်ငြား မည်သည်ကြောင့် သွေးမျိုးဆက်အား ဆက်ခံရန် ရွေးချယ်ခံရကြောင်းကိုမူ မည်သူမှ မသိကြချေ။
ဒဏ္ဍာရီလာ သားရဲများမှာ သန္ဓေပြောင်းသားရဲများနှင့် မတူဘဲ ဤကမ္ဘာ စတင်ချိန်ကတည်းက ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဒဏ္ဍာရီလာ သားရဲများ၏ သွေးမျိုးဆက်အား အမွေဆက်ခံလိုသော သာမန်တိရစ္ဆာန်များစွာ ရှိသည်။ အကြောင်းမှာ သားရဲတစ်ကောင်သည် ဆက်ခံသူတစ်ဦးကိုသာ အမွေပေးနိုင်သောကြောင့်ပင်။
ဒဏ္ဍာရီလာသားရဲများသည် ဆက်ခံသူအား ရွေးချယ်ပြီးနောက် သားရဲအသစ်အား သူတို့၏ နေရာကို ဆက်ခံခွင့်ပြုရသည်။ သို့သော် ဆက်ခံသူအသစ်သည် ယင်း၏ သွေးမျိုးဆက်အား နိုးထစေနိုင်ခြင်း မရှိပါက နေရာမှ ဆင်းပေးရမည် ဖြစ်သည်။
ကုတ် - စီ ၏ ပြဿနာမှာလည်း ထိုသို့သာ။
သူ၏ သူငယ်ချင်းများဖြစ်သည့် ကုတ် - အယ်လ် နှင့် ကုတ် - ဘီ သည် သွေးမျိုးဆက်အား နိုးထစေပြီးဖြစ်သည်။ သူတို့၏ စွမ်းအား ပြန်လည်ရရှိရန်အတွက် ပိုင်ရှင်အသစ်၏ လှုံ့ဆော်မှု လိုအပ်သည်။
သူတို့၏ ပလ္လင်မှာ အခြေကျပြီး ဖြစ်သောကြောင့် သူတို့ မသေဆုံးသေးသရွေ့ မည်သူမှ လုယူနိုင်မည် မဟုတ်ပေ။
သို့သော် သွေးမျိုးဆက်အား အောင်မြင်စွာ နိုးထစေနိုင်ခြင်း မရှိသည့် ကုတ် - စီ ၏ အခြေအနေမှာ ထိုသို့မဟုတ်ပေ။ အမြဲတမ်း ကျရှုံးမှုနှင့် အဆုံးသတ်ခဲ့ရသောကြောင့် ရူးသွပ်သွားလေတော့သည်။