အနိုင်ကျင့်ခံ ကြောင်ပေါက်လေး
Vol. 8 Ch. 116
ကုတ် - အယ်လ်နှင့် ကုတ် - ဘီ ကဲ့သို့ မဟုတ်ဘဲ ကုတ် - စီ မှာ အချိန်ကြာလာသည်နှင့်အမျှ သူ၏ နေရာမှာ ခြိမ်းခြောက်ခံလာရသည်။
သူ၏ သွေးမျိုးဆက်ကို နိုးထပြီး မြင့်မြတ်အစောင့်အရှောက် ဖြစ်လာနိုင်ခြင်း မရှိလျှင် ဤနေရာအား လက်လွှတ်ရမည်ဖြစ်သည်။ သူကိုယ်တိုင်လည်း ဝမ်းမြောက်ဝမ်းသာစွာ လက်လွှတ်ပေးလိုသည်။
သို့သော် ဒဏ္ဍာရီလာ သားရဲအဖြစ်သို့ မရောက်သေးမီ သွေးမျိုးဆက်အား စွန့်လွှတ်လိုက်မည်ဆိုလျှင် သေဆုံးသွားမည် ဖြစ်သည်။ ကုတ် - စီ ယင်းအား မလိုချင်။
ကုတ် - စီ သည် သူငယ်ချင်းများအား စိတ်ထဲမှ မနာလိုဖြစ်နေမိသည်။
ကုတ် - အယ်လ်နှင့် ကုတ် - ဘီ တို့သည် သားရဲအဆင့်အတန်းတွင် ယင်းတို့၏ အင်အားများအား ပြသပြီးဖြစ်သောကြောင့် အစစ်အမှန် မြင့်မြတ် အစောင့်အရှောက်များ ဖြစ်လာကြပြီး ဖြစ်သည်။
‘ပိုင်ရှင်’ ဖြစ်သူ သေဆုံးသွားမည် ဆိုလျှင်ပင် ဒဏ္ဍာရီလာ သားရဲများမှာ သေဆုံးသွားမည် မဟုတ်ပေ။ စလိုအန်မိသားစု စံအိမ်ရှိ ဆန်းကြယ်သော မြက်ခင်းပြင်၌ နေထိုင်ရင်း နဂိုမူလ ချိပ်ပိတ်ခံ ပုံစံအဖြစ်သို့ ပြောင်းလဲကာ ပိုင်ရှင်အသစ်ထံမှ နိုးထစေမည်ကို စောင့်ဆိုင်းရန်သာ ရှိသည်။
စလိုအန်မိသားစုရှိ မြက်ခင်းပြင်မှာ အမှန်တကယ်၌ ကမ္ဘာဦးကျွန်းနှင့် ဆက်သွယ်ထားသော ဒိုင်မေးရှင်းတံခါးပေါက် တစ်ခုသာဖြစ်သည်။
သို့သော် ကုတ် - စီ မှာ ကွဲပြားသည်။ မည်သူနှင့်မှ ပဋိညာဉ်ပြုဖူးခြင်း မရှိသဖြင့် သူ၏ စွမ်းအားများကို မရရှိခဲ့ဖူးချေ။ ထို့ကြောင့် စလိုအန်မိသားစု၏ မြင့်မြတ် အစောင့်အရှောက်များထဲတွင် အားအနည်းဆုံး ဖြစ်လာရသည့် အကြောင်းမှာ ‘အစစ်အမှန်’ မြင့်မြတ်အစောင့်အရှောက် မဟုတ်သောကြောင့်ပင်။
ကုတ် - စီ အမြဲတမ်း စဉ်းစားနေမိသည်။
ငါက ဘာဖြစ်လို့ စလိုအန်မိသားစုနဲ့ သဟဇာတ မဖြစ်ရတာလဲ..
မြင့်မြတ် အစောင့်အရှောက်အဖြစ် ရှိနေကြသော ဒဏ္ဍာရီလာ သားရဲများစွာရှိသည်။ စလိုအန်မိသားစုမှာ ကြောင်မျိုးနွယ်စုနှင့် ဆက်နွယ်မှုရှိသောကြောင့် ကံကောင်းသည်ဟု ဆိုရမည်။ သို့မဟုတ်ပါက သူတို့အား ကာကွယ်ပေးမည့် မြင့်မြတ် အစောင့်အရှောက် ၃ ပါး ရှိလိမ့်မည် မဟုတ်ပေ။
သို့သော် ကုတ် - စီ မှာ ယင်း၏ ထူးခြားသော ဖန်ရစ်သွေးမျိုးဆက်ကြောင့် ခွေးကဲ့သို့ အပြုအမူများကြောင့် စလိုအန်မိသားစု မျိုးဆက်များနှင့် ကိုက်ညီမှုမရှိခြင်း ဖြစ်နိုင်သည်။ သူ၏ စိတ်ပိုင်းဆိုင်ရာနှင့် ယုံကြည်မှု ပြဿနာများမှာ ထို့ကြောင့် ပို၍ပင် ဆိုးဝါးလာခဲ့သည်။
ကုတ် - စီ စိတ်ပျက်လက်ပျက် ဖြစ်လာသည်။
ဝံပုလွေမျိုးနွယ်စု၏ ဒဏ္ဍာရီလာသားရဲသည် ယင်း၏ သွေးမျိုးဆက်အား မည်သည်ကြောင့် ကြောင်မျိုးနွယ်စုမှ သူ့အား ဆက်ခံစေခဲ့ကြောင်း သိလိုစိတ် ဖြစ်မိသည်။
ကုတ် - စီ ၏ အတိတ်အား ပြန်ကြည့်မည်ဆိုလျှင် အင်စလေသည် လေထဲ၌ပျံဝဲရင်း ကုတ် - စီ အား ပတ်လည်ဝိုင်းကာ တွန်းထိုးရင်း အနိုင်ကျင့်နေကြသည့် ကြောင်ပေါက်လေးများအား မြင်လိုက်ရသည်။ သူတို့သည် ကုတ် - စီ ၏ မျက်နှာကို ကုတ်ခြစ်ကာ လည်ကုပ်အား ကိုက်ခဲပြီး အမျိုးစုံ နှိပ်စက်ကြလေသည်။
‘လက်ရှိ’ ကုတ် - စီ မှာ အားနည်းသည့် ကြောင်ပေါက်လေး တစ်ကောင်သာဖြစ်ပြီး ဒဏ္ဍာရီလာသားရဲ၏ သွေးမျိုးဆက်အား နိုးထနိုင်ခြင်း မရှိသေးသောကြောင့် မြင့်မြတ်အစောင့်အရှောက် ဖြစ်မလာသေးချေ။ တစ်နည်းဆိုရသော် မြင့်မြတ် အစောင့်အရှောက် ဖြစ်လာချိန်ကထက် များစွာပို၍ အားနည်းနေခြင်း ဖြစ်သည်။
“မြောင်..”
ကုတ် - စီ ဘောလုံးလေးတစ်လုံးကဲ့သို့ ခန္ဓာကိုယ်အားကွေးကာ ကူကယ်ရာမဲ့စွာဖြင့် ညည်းညူနေရသည်။
မည်သည်ကြောင့် ထိုသို့ဖြစ်ရမှန်း အင်စလေမသိသော်ငြား ကုတ် - စီ ထံတွင် ရင်သပ်ရှုမောဖွယ်ကောင်းသည့် အသွင်အပြင် ရှိလေသည်။
ကုတ် - စီ မှာ ချစ်စဖွယ်ကောင်းပြီး သက်တူရွယ်တူများနှင့် ကွဲပြားခြားနားသော အငွေ့အသက်ရှိသည်။ ကြောင်လေးသည် တမူထူးပြီး အဝေးမှကြည့်လျှင်ပင် အခြားကြောင်ပေါက်လေးများနှင့် မတူဘဲ ထူးခြားနေသည်။
ထို့ကြောင့် ဤချစ်စဖွယ် ကြောင်ပေါက်လေးများမှာ မနာလိုစိတ်ကြောင့် ကုတ် - စီ အား အနိုင်ကျင့်နေခြင်း ဖြစ်နိုင်လောက်သည်။
ယင်းသို့ တွေးမိချိန်တွင် အင်စလေ၏ အမူအရာမှာ ထူးဆန်းသွားလေသည်။
ကမ္ဘာဦးကျွန်းပေါ်တွင် နေထိုင်သည့် တိရစ္ဆာန်များမှာ အသက် ၃၊ ၄ လ အရွယ်မှာပင် အခြားတိရစ္ဆာန်များအား အနိုင်ကျင့်နိုင်လောက်သည်အထိ မြင့်မားသော အသိဉာဏ်များ ရှိနေကြသည်။
အင်စလေ မသိစိတ်မှ အလိုအလျောက် မျက်မှောင်ကြုတ်မိလိုက်သည်။ သူမ၏ အနာဂတ် သေဖော်ရှင်ဖက်လေး အနိုင်ကျင့်ခံနေရခြင်းကို မမြင်လို။
အင်စလေ အောက်သို့ဆင်းကာ ထိုကြောင်ပေါက်လေးများအား မောင်းထုတ်ပစ်ချင်သည်။ သို့သော် သူမ၏ လက်များမှာ တစ္ဆေတစ်ကောင်ကဲ့သို့ ကုတ် - စီ ၏ ခန္ဓာကိုယ်အား ဖြတ်သွားလေသည်။
ကြောင်လေးကို ထိလို့မရဘူး..
ကလေး၏ မျက်နှာတစ်ခုလုံး မဲမှောင်လာသည်။ သူမ၏ ခန္ဓာကိုယ်လေးအား ငုံ့ကြည့်ပြီးနောက် လက်ရှိအချိန်တွင် မှတ်ဉာဏ်စီးကြောင်းထဲရှိ အတိတ်မှတ်ဉာဏ်တစ်ခုအား ဝင်ကြည့်နေခြင်း ဖြစ်သောကြောင့် ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိကြောင်း နားလည်သိရှိသွား၏။
သို့သော် အင်စလေ၏ ဝိညာဉ်မှာ ကုတ် - စီ ၏ မှတ်ဉာဏ်ထဲသို့ ကျူးကျော်နေခြင်းကြောင့် ဖြစ်ရမည်၊ သူမသည် ကြောင်ကလေး၏ ခံစားချက်များနှင့် အတွေးများအား ခံစားသိရှိနေရသည်။
နာကျင်တယ်.. နာလွန်းလို့ တစ်ယောက်ယောက် ကယ်တင်ပေးကြပါ.. အင့်.. ဘာဖြစ်လို့ ငါ့ကို အနိုင်ကျင့်နေကြတာလဲ.. ငါ ဘာမှ မလုပ်ထားပါဘူးး..
ငါက ဒဏ္ဍာရီလာသားရဲရဲ့ အမွေဆက်ခံသူအဖြစ် ရွေးချယ်ခံရလို့လား.. အမွေဆက်ခံသူ ဖြစ်ဖို့ကို မလိုချင်ခဲ့ပါဘူး.. ဘာဖြစ်လို့ ဒီလိုမျိုး ခံစားနေရတာလဲ..
ကုတ် - စီ နာကြည်းနေမိသည်။ သူ့အား ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သူအပေါ် မကျေမချမ်း ဖြစ်မိသည်။ ထိုသို့ ရွေးချယ်ခံရခြင်းသည် သူ့အတွက် ဆိုးကျိုးများသာ ဖြစ်စေသည်။ ကမ္ဘာဦးကျွန်းပေါ်တွင် နေထိုင်သည့် သာမန်ကြောင်တစ်ကောင် ဖြစ်ချင်မိရုံပါ။
ကုတ် - စီ ခံစားရသည့် နာကျင်မှုနှင့် ဝမ်းနည်းမှုတို့မှာ အင်စလေ၏ ခန္ဓာကိုယ်သို့ ကူးစက်ပျံ့နှံ့လာသည်။ ကလေးသည် ကြောင်ကလေး၏ စိတ်ခံစားချက်များနှင့် နာကျင်မှုတို့ကို မျှဝေခံစားနေရသောကြောင့် သူမ၏ စိတ်အခြေအနေမှာ အောက်သို့ထိုးကျသွားတော့သည်။
သောက်ကျိုးနည်း.. ကုတ် - စီ ရဲ့ ခံစားချက်အတိုင်း လိုက်ပြီး ခံစားနိုင်တယ်လား.. ဒါပေမဲ့ သူ့ကို မကူညီနိုင်ဘူးလား..
အင်စလေ မျက်နှာသေနှင့် လေထုထဲ၌ လွင့်ဝဲနေရင်း သူမ၏ စိတ်ထဲသို့ ကူးစက်ပျံ့နှံ့လာသော နာကျင်မှုနှင့် ဝမ်းနည်းမှုတို့အား ကျိတ်မှိတ်သည်းခံနေရသည်။
ကလေးသည် ထိုခံစားချက်များအား လျစ်လျူရှုရန် ကြိုးစားသော်ငြား မှတ်ဉာဏ်များ စတင်ရွေ့လျားလာပြီး သူမသည် ကုတ် - စီ ကြောင်ပေါက်လေးဘဝမှစ၍ ဘဝလမ်းတစ်လျှောက် တွေ့ကြုံခံစားခဲ့ရသမျှအား စတင်ခံစားရတော့သည်။
အနိုင်ကျင့်ခံဘဝမှာ အများ၏ ဖယ်ကြဉ်ခံရသည်အထိ အင်စလေသည် ကုတ် - စီ နှင့်အတူ တွေ့ကြုံခံစားရသည်။
ကုတ် - စီ သည် သူ၏ မျိုးနွယ်တူများ ကြားမှာပင် ထူးခြားသော ကြောင်ပေါက်လေး ဖြစ်သောကြောင့် အမုန်းတရားများနှင့် မနာလိုမှုများစွာအား ရရှိလေသည်။ ဤကြောင်လေးမှာ သူရဲဘောကြောင်သည်မှ လွဲ၍ ထူးခြားသော ခန္ဓာကိုယ်ရှိပြီး အခြားကြောင်များထက် ပိုမိုထက်မြက်လေသည်။
ကြောင်မျိုးနွယ်စု၏ အကြီးအကဲများသည် ဆန်းကြယ်သော ဒဏ္ဍာရီလာ သားရဲများထံမှ တတိယမြောက် မြင့်မြတ် အစောင့်အရှောက်အဖြစ် ရွေးချယ်ခံဖြစ်သော ကုတ် - စီ အား အလွန်အမင်း တန်ဖိုးထားကြသည်။
ပထမနှင့် ဒုတိယ ရွေးချယ်ခံများမှာ ကုတ် - အယ်လ် နှင့် ကုတ် - ဘီ ဖြစ်ကြ၏။
သို့သော် ကုတ် - စီ မှာ ‘လိုသုံး’ တစ်ခုမျှသာ ဖြစ်သောကြောင့် ဒဏ္ဍာရီလာ သားရဲ၏ သွေးမျိုးဆက်အား နိုးထနိုင်ခြေ မရှိသောကြောင့် သူငယ်ချင်းများ၏ အနိုင်ကျင့်ခံ ဖြစ်နေဆဲပင်။
ကြောင်ပေါက်လေးများသည် ကုတ် - စီ အား အနိုင်ကျင့်ခြင်းကို လျှို့ဝှက်လုပ်ဆောင်ကြခြင်း ဖြစ်သောကြောင့် အကြီးအကဲများ မသိကြချေ။ ထို့အပြင် ကုတ် - စီ မှာ သူရဲဘောကြောင်သူလည်း ဖြစ်သည်။ အနိုင်ကျင့်ခံရသည့် အကြောင်းအား အခြားသူများထံ မပြောရဲပေ။
လအနည်းငယ် ကုန်လွန်ပြီးနောက် ကုတ် - စီ မှာ ဆယ်ကျော်သက် ကြောင်တစ်ကောင် ဖြစ်လာသည်။ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း သန်မာလာပြီး ဒဏ္ဍာရီလာသားရဲ၏ သွေးမျိုးဆက်အား အမွေဆက်ခံရန် ပိုမိုသင့်တော်လာသည်။
အင်စလေသည် သစ္စာရှိစွာဖြင့် ကုတ် - စီ ၏ ခရီးလမ်းတစ်လျှောက် အဖော်ပြုပေးနေသည်။ သူမ၏ ဝိညာဉ်သည် သဘာဝကျစွာပင် ကုတ် - စီ ၏ မှတ်ဉာဏ်အတိုင်း လိုက်ပါသွားလေသည်။ စတင်ချိန်မှစကာ ထိုသို့ဖြစ်နေကြောင်း အင်စလေ သတိပြုမိသည်။
လက်ရှိမှတ်ဉာဏ်စီးကြောင်း ရောက်သည်အထိ ကုတ် - စီ ၏ မှတ်ဉာဏ်များနောက်သို့ လိုက်ပါနေမည် ဖြစ်သည်။ ထိုအခါမှသာ ကုတ် - စီ နှင့် အောင်မြင်စွာ သံယောဇဉ်ကြိုး ဖွဲ့နိုင်မည်ပင်။
သံယောဇဉ်ကြိုးဖွဲ့ရာတွင် အချင်းချင်း၏ ခံစားချက်များ ချည်နှောင်ရန် လိုအပ်သည်။ ထို့ကြောင် အင်စလေသည် ကြောင်၏ ဘဝခရီးတစ်လျှောက် အတွေ့အကြုံများအား ခံစားပြီးနောက် စာနာသနားစိတ် ဝင်မိသည့်အပြင် သူတို့၏ သံယောဇဉ်ကြိုးမှာလည်း ပိုမိုခိုင်မြဲလာသည်။
လက်ရှိအချိန်တွင် အင်စလေသည် ကုတ် - စီ အသက်ပြည့်ပွဲအခမ်းအနား ပြုလုပ်နေသည်ကို ကြည့်နေခြင်းဖြစ်သည်။ ကြောင်ပေါက်လေးမှာ ကြီးထွားလာပြီးနောက် ကြောင်ကြီးတစ်ကောင်နှင့် ပိုတူလာပြီဖြစ်သည်။
ဖဝါးများ၊ မျက်နှာနှင့် အမြီးတို့တွင် အနက်ရောင်အကွက်လေးများ ပေါ်လာပြီး ထိုအကွက်များမှာ အနာဂတ်ရှိ ကုတ် - စီ ကဲ့သို့ အရောင်ရင့်ရင့် မဟုတ်ချေ။
သို့တိုင်အောင် ချစ်စဖွယ် ကောင်းနေဆဲပင်။