အဖိုးကြီး ရှင်းပြစမ်း
Vol. 8 Ch. 117
ကုတ် - စီ ၏ ချစ်စဖွယ်ကောင်းမှုအား လျစ်လျူရှုရင်း အင်စလေ ပွဲအခမ်းအနားကို အာရုံစိုက်လိုက်သည်။
“မင်းတို့က ကြီးမြတ်တဲ့ ဒဏ္ဍာရီလာ သားရဲတွေရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်ဖို့ အရည်အချင်း ပြည့်မီသူတွေ ဖြစ်သွားပြီ..”
ကြောင်မျိုးနွယ်၏ အကြီးအကဲတစ်ဦးမှ စိတ်လှုပ်ရှားသည့် အသံဖြင့် ကြေညာလိုက်သည်။
အင်စလေ၏ နားထဲ၌မူ ကြောင်အော်သံအလားပင်။
ကုတ် - အယ်လ်နှင့် ကုတ် - ဘီ သည်လည်း ပွဲအခမ်းအနား၌ ပါဝင်ကြပြီး ကုတ် - စီ မှာ ကြောင်မျိုးနွယ်စုမှ နောက်ဆုံးသော ရွေးချယ်ခံဖြစ်သည်။
ပွဲအခမ်းအနားမှာ ကြီးကြီးကျယ်ကျယ် မဟုတ်သောကြောင့် ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်သွားသည်။
ကျေးဇူးတင်ဖို့ကောင်းစွာပင် အခမ်းအနား ပြီးဆုံးသွားပြီးနောက် အနိုင်ကျင့်ကြသည့် ကြောင်တစ်သိုက်သည် ကုတ် - စီ အား ပေါ်ပေါ်ထင်ထင် အနိုင်မကျင့်ရဲတော့ဘဲ ဒဏ္ဍာရီလာ သားရဲများသည် ထိုအကောင်စုတ်အား အမွေအနှစ် ပေးလိုစိတ် မရှိရန်သာ ဆုတောင်းနေကြတော့သည်။
အနိုင်ကျင့်သူများလက်မှ လွတ်မြောက်သွားပြီးနောက် ကုတ် - စီ အသက်ဝဝ ရှူနိုင်တော့သည်။ ခါးသီးသည့် အတွေ့အကြုံအား လအနည်းငယ်ကြာ သည်းခံပြီးနောက် လွတ်လပ်သွားပြီ ဖြစ်သည်။
ကုတ် - စီ ပျော်ရွှင်စွာဖြင့် ထောင့်တစ်နေရာရှိ သူ၏ ‘အသိုက်’ ထံသို့ ခပ်သွက်သွက် လျှောက်သွားပြီးနောက် ကျေနပ်ပီတိ ဖြစ်နေသော မျက်နှာနှင့် ကတ်ထူပုံးထဲ၌ ထိုင်လိုက်သည်။
နောက်ဆုံးတော့ အေးအေးဆေးဆေး နေရပြီ.. ငါ့ရဲ့ ငြိမ်းချမ်းတဲ့ဘဝလေးကို ရလာပြီ မဟုတ်လား..
ကုတ် - စီ သည် သာမာန်ဘဝလေးအား ရရှိရန် များစွာ မျှော်လင့်ခဲ့ရခြင်း ဖြစ်သည်။ တာဝန်များစွာ မရယူလိုဘဲ သိုသိုသိပ်သိပ် နေနိုင်ရန်သာ ဆန္ဒရှိသည်။
သနားဖွယ်ရာမှာ တတိယမြောက် ဆက်ခံသူအဖြစ် ရွေးချယ်ခံရပြီးနောက် သာမန်ကြောင်တစ်ဦး ဖြစ်လာတော့မည် မဟုတ်ပေ။
ဤကမ္ဘာပေါ်တွင် ဒဏ္ဍာရီလာသားရဲ အချို့သာ ရှိသည်။ ဒဏ္ဍာရီလာ သားရဲများသည် ယင်းတို့၏ အမွေအနှစ်အား တိရစ္ဆာန်များအပေါ် လွှဲပြောင်းပြီးပါက သာမန်သားရဲများအဖြစ် ပြောင်းလဲသွားကြပေမည်။
ထို့ကြောင့် သင့်တော်သည့် အမွေဆက်ခံသူအား ရွေးချယ်ရန်မှာ သူတို့၏ သွေးမျိုးဆက်အား လက်ဆင့်ကမ်းရန်အတွက် မဖြစ်မနေ လိုအပ်ခြင်းဖြစ်သည်။
ကုတ် - စီ မှာ မည်သည်ကြောင့် ဆက်ခံသူအဖြစ် ရွေးချယ်ခံရမှန်း နားမလည်နိုင်ချေ။
အရှေ့မှာ ၂ ကောင်တောင် ရွေးထားပြီးပြီလေ.. ဘာကိစ္စနဲ့ နောက်တစ်ကောင် ထပ်ရွေးရတာတုန်း.. ဘယ်နှကောင်တောင် လိုချင်နေတာလဲ..
ကြောင်မျိုးနွယ်စုနှင့် ဆက်နွယ်နေသော ဒဏ္ဍာရီလာသားရဲ များစွာမရှိပေ။ အနက်ရောင်ပန်သာ၊ ကျား၊ သို့မဟုတ် ခြင်္သေ့မျိုးနွယ်ဝင် ဒဏ္ဍာရီလာသားရဲများ အားလုံးမှာ ကြောင်မျိုးနွယ်ဝင်များ ဖြစ်ကြသော်ငြား အရေအတွက် အကန့်အသတ် ရှိလေသည်။
သို့သော် လက်ရှိကြောင်မျိုးနွယ်၏ မျိုးဆက်များမှာ လူတိုင်းအား ထိတ်လန့်သွားစေသည်။ ကြောင်မျိုးနွယ်စုမှ ရွေးချယ်ခံ ၃ ကောင် ရှိလာခြင်းမှာ ထူးခြားသော ဖြစ်ရပ်ဖြစ်သည်။
အကောင်အထည်ပင် မမြင်ဖူးသော ဒဏ္ဍာရီလာ သားရဲများမှာ မတော်တဆမှု မရှိဘဲ မည်သည်ကြောင့် ကြောင်မျိုးနွယ်စုမှ ရွေးချယ်ခံ ၃ ကောင် ရွေးချယ်မည်ဟု ဆိုရသနည်း။
ဒဏ္ဍာရီလာသားရဲ တစ်ကောင်လျှင် တိရစ္ဆာန် သို့မဟုတ် သားရဲ တစ်ကောင်ကိုသာ အမွေဆက်ခံခိုင်းခွင့် ရှိသည်။ ဆိုလိုသည်မှာ ကြောင်မျိုးနွယ်စု၏ ကြောင်လေး ၃ ကောင်အား မျက်စိကျနေသည့် ကြောင်မျိုးနွယ်ဝင် ဒဏ္ဍာရီလာသားရဲ အနည်းဆုံး ၃ ကောင် ရှိလေသည်။
ဒဏ္ဍာရီလာသားရဲများသည် အခြား ဒဏ္ဍာရီလာ သားရဲများနှင့် မိတ်ဖက်ပြုနိုင်ခြင်း မရှိသောကြောင့် သူတို့၏ သွေးမျိုးဆက်အား လက်ဆင့်ကမ်းရန်အတွက် ထိုတိရစ္ဆာန်များကိုသာ မှီခိုကြရသည်။
သာမန်သားရဲများ၊ တိရစ္ဆာန်များနှင့် မိတ်ဖက်ခြင်းမှာလည်း အချည်းနှီးပင်။
ထို့ကြောင့် သွေးမျိုးဆက်အား ဆက်ခံပြီးနောက် ရွေးချယ်ခံ တိရစ္ဆာန်များသည် သူတို့၏ သားပေါက်လေးများ ဖြစ်လာကြမည်။ ကံကောင်းလျှင် ယခင်ဒဏ္ဍာရီလာ သားရဲများ၏ မျိုးဆက်အား ဆက်ခံနိုင်သည့် ဒဏ္ဍာရီလာ သားရဲအသစ်များ အဖြစ်သို့ ရောက်ရှိကြမည်ပင်။
မြင့်မြတ် အစောင့်အရှောက် ဖြစ်လာခြင်းမှာ ဒုတိယအဆင့် ဖြစ်သည်။ နောက်ဆုံးအဆင့်မှာ ဒဏ္ဍာရီလာ သားရဲတစ်ကောင် ဖြစ်လာရန်ပင်။
လူသားအသွင် ပြောင်းလဲနိုင်ပါက ဒဏ္ဍာရီလာ သားရဲတစ်ပိုင်း အဆင့်သို့ ရောက်ရှိသွားပြီဟူသော အဓိပ္ပါယ်ဖြစ်သည်။ ထို့ကြောင့် သွေးမျိုးဆက်အား နိုးထစေရန်နှင့် လူသားအသွင် ပြောင်းလဲနိုင်ရန်အတွက် လူသားကဲ့သို့သော မျိုးနွယ်စုများအား လိုအပ်ခြင်း ဖြစ်သည်။
သားရဲများ၏ ကြီးထွားမှုအတွက် လူသားများမှာ အသင့်တော်ဆုံးသော မျိုးနွယ်စု ဖြစ်လေသည်။
သနားဖွယ်ရာမှာ လူသားများသည် အသုံးချခံလေးများ ဖြစ်နေသည်ကို မသိကြဘဲ မြင့်မြတ် အစောင့်အရှောက်များအား သူတို့၏ လက်အောက်ငယ်သားများအဖြစ် တွေးထင်နေကြလေ၏။
အမှတ်မထင် သိလိုက်ရသည့် အချက်အလက်ကြောင့် အင်စလေ အံ့ဩတုန်လှုပ်မိသွားသည်။
ဒီတော့ မြင့်မြတ် အစောင့်အရှော်ကတွေက စလိုအန်မိသားစုကို ဆန္ဒရှိလို့ ကာကွယ်ပေးနေတာ မဟုတ်ဘူးပေါ့.. စလိုအန်မိသားစုက ကြောင်မျိုးနွယ်ဝင်တွေနဲ့ ဆက်နွယ်မှု အမြင့်ဆုံး ဖြစ်နေတာကြောင့် မို့လို့ပေါ့..
ဒါက ‘တိရစ္ဆာန် နာမည်နဲ့’ မိသားစုခွဲတွေကြောင့်များလား..
အင်စလေ နှုတ်ခမ်းများ မဲ့ကျသွားသည်။ ကုတ် - စီ ၏ စိတ်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီးနောက် အချက်အလက်များစွာ ရရှိလိုက်သည်။ ဤကမ္ဘာပေါ်တွင် စိတ်ကူးယဉ်စာအုပ်များထဲ၌ ဖော်ပြမထားသော ဒဏ္ဍာရီလာသားရဲများစွာ ရှိနေကြောင်း သိလိုက်ရသည်။
ဖြစ်နိုင်သည်မှာ ဒဏ္ဍာရီလာ သားရဲများ၏ တည်ရှိမှုအား သားရဲအသိုင်းအဝိုင်းမှ ကန့်သတ်ထားခြင်း ဖြစ်ပုံရသည်။
ထို့အပြင် မြင့်မြတ် အစောင့်အရှောက်များသည် ဒဏ္ဍာရီလာ သားရဲအဖြစ် ဆင့်ကဲပြောင်းလဲရန် လူသားများ၏ အကူအညီကို လိုအပ်သည်ဟုသော အချက်အလက်မှာလည်း အသစ်အဆန်းပင်။
ဒါပေမဲ့...
အင်စလေသည် ဆယ်ကျော်သက်အရွယ် အမွေးဖွားဖွား ခန္ဓာကိုယ်လေးနှင့် ကုတ် - စီ အား ကြည့်လိုက်ပြီးနောက် မတွေးဘဲ မနေနိုင်တော့ချေ။
ကုတ် - စီ မှာ ဖန်ရစ်သွေးမျိုးဆက် ရှိတယ်.. ဖန်ရစ်က ဝံပုလွေထက်ပိုပြီး ခွေးနဲ့တူတယ်.. ဒါပေမဲ့.. ဒါပေမဲ့ ဘာလို့များ အရင်ဖန်ရစ်သွေးမျိုးဆက် ပိုင်ရှင်က သူတို့ရဲ့ သွေးမျိုးဆက်ကို ကြောင်တစ်ကောင်ဆီ ပေးလိုက်ရတာလဲ..
အင်စလေ အံ့အားသင့်နေစဉ်မှာပင် ကုတ် - စီ မှာ တိတ်တဆိတ် ကြီးပြင်းလာပြီး ကြောင်အသက် ၁ နှစ်အရွယ်သို့ ရောက်ရှိလာသည်။ လူသားများ၏ သက်တမ်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ၁၅ နှစ်၊ ၁၇ နှစ် ဝန်းကျင်ရှိပြီ ဖြစ်သည်။
အချိန်ကျလာပြီ။ ကြောင်မျိုးနွယ်စုသို့ ဒဏ္ဍာရီလာ သားရဲ ၃ ကောင် ရောက်ရှိလာသည်။ ပထမဆုံးသားရဲမှာ တရုတ်ဒဏ္ဍာရီများ၌ ကျော်ကြားသော ကျားဖြူဖြစ်သည်။ ကျားဖြူသည် တရုတ်နတ်ဘုရား ၄ ပါးဖြစ်သည့် ကျားဖြူ၊ အဇူရာနဂါး၊ ဗာမီလီယံမီးငှက်နှင့် လိပ်နက်တို့ထဲတွင် အပါအဝင် ဖြစ်သည်။
ထိုသို့သော သန်မာအားကောင်းသည် ဒဏ္ဍာရီလာသားရဲသည် ဆင်းသက်လာပြီးနောက် ကုတ် - အယ်လ် အား သူ၏ ဆက်ခံသူအဖြစ် ရွေးချယ်လိုက်သည်။ ကြောင်မလေးသည် ကျော့ရှင်းတင့်တယ်စွာ လက်ခံပြီးနောက် ကျန်နှစ်ကောင်အား ချန်ထားကာ အမွေအနှစ် ဆက်ခံရန် ထွက်သွားလေသည်။
ဒုတိယမြောက် ဒဏ္ဍာရီလာ သားရဲမှာ အနည်းငယ် အတ္တကြီးသည့် အနက်ရောင်ပန်သာ ဖြစ်သည်။ ပြောင်လက်ချောမွေ့နေသည့် အနက်ရောင်အမွေးများနှင့် ဖဝါး ၄ ခုတွင် ရွှေရောင်မီးတောက်များ ရှိလေသည်။
ပန်သာသည် များများစားစား တွေးတောခြင်း မရှိဘဲ ကုတ် - ဘီ အား ရွေးချယ်လိုက်သည်။ အကြောင်းအရင်းမှာ ကုတ် - ဘီ ထံတွင် အဖြူရောင်အမွေးတစ်ချို့ ရှိနေသော်ငြား အနက်ရောင်အမွေးများစွာ ရှိသောကြောင့်ပင်။
နောက်ဆုံးသော ဒဏ္ဍာရီလာ သားရဲမှာ ဖန်ရစ်တစ်ကောင် ဖြစ်လေသည်။ ကြီးမားသော.. ဝံပုလွေကြီးသည် ကြောင်မျိုးနွယ်စု၏ နောက်ဆုံးဆက်ခံသူအား မျက်စိကျနေခြင်း ဖြစ်သည်ဟု ဆို၏။ တကယ်တမ်းတွင် ကုတ် - စီ အား ရွေးချယ်သူမှာ ဖန်ရစ်ကိုယ်တိုင် ဖြစ်သည်။
ငွေရောင်အမွေးရှည်များနှင့် ဧရာမဖန်ရစ်ကြီးအား မြင်သည့်အခါ အင်စလေ မျက်လုံးလှိမ့်လိုက်မိသည်။
အဖိုးကြီး.. ဘာကိစ္စနဲ့ ဒီလို သနားဖို့ကောင်းတဲ့ ကြောင်ကလေးကို ရွေးရတာလဲ.. နင်က ဝံပုလွေလေ.. ဘာဖြစ်လို့ ခွေးတစ်ကောင်ကို မရွေးရတာတုန်း..
ကုတ် - စီ သည် တုန်ယင်နေသော အသံဖြင့် မေးလိုက်မိတော့သည်။
“လေး.. လေးစားရပါသော ဒဏ္ဍာရီလာ သားရဲအရှင်.. ကျွန်တော့်ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပါ.. ဒါပေမဲ့.. ဘာ.. ဘာဖြစ်လို့ ဒီလို နိမ့်ကျတဲ့ ကျွန်တော့်ကို အရှင့်ရဲ့ ဆက်ခံသူအဖြစ် ရွေးချယ်ရတာပါလဲ..”
ကုတ် - စီ ၏ မေးခွန်းမှာ ကြောင်မျိုးနွယ်စု၏ အတွေးများကို ထင်ဟပ်လေသည်။ သူတို့အားလုံးသည် ထူးဆန်းသည့် ဖန်ရစ်အား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြသည်။
အဖိုးကြီး.. ရှင်းပြစမ်း.. ဒါမှမဟုတ် ဝံပုလွေမျိုးနွယ်စုနဲ့ ကြောင်တွေကို ပေါင်းစည်းချင်နေတာလား.. သန္ဓေပြောင်းကောင် ဖန်တီးချင်နေတာလား..