← Chapters

ဘေးဒုက္ခဆိုး၏ ဇာစ်မြစ်

Vol. 8 Ch. 118

ဘေးဒုက္ခဆိုး၏ ဇာစ်မြစ်

Vol. 8 Ch. 118

ကုတ် - စီ မေးလိုက်ချိန်တွင် ဧရာမဖန်ရစ် ဖိုးဖိုးမှာ အနည်းငယ် ကြောင်အသွားလေသည်။ စက္ကန့်ပိုင်းမျှ မှင်တက်နေပြီးနောက် အူလှိုက်သည်းလှိုက် ရယ်မောတော့သည်။

“ဟားဟားဟား.. ကောင်စုတ်လေး.. မင်းက ဒီအကြောင်းကို သိချင်နေမယ်လို့ ငါမထင်ထားဘူးကွ..”

ဖန်ရစ်မှာ အတော်လေး အရည်ထူပြီး သူ၏ ထူးဆန်းသည့် ဆုံးဖြတ်ချက်အား အခြားသူများ မေးခွန်းထုတ်လိမ့်မည်ဟု မထင်ထားချေ။

“အင်း.. မင်းက သိချင်မှတော့ ပြောပြရတာပေါ့..”

ကြီးမားသော ဝံပုလွေကြီးသည် အသံခပ်တိုးတိုးဖြင့် ပြောလေသည်။ သူ၏အသံမှာ အင်အားကြီးပြီး အေးစက်ပုံရသော်ငြား စနောက်ကျီစယ်လိုမှုအား ဖုံးကွယ်မထားချေ။

“ငါ့ရဲ့သက်တမ်းက ကုန်တော့မှာကွ.. အဲဒါကြောင့် မင်းကို လိုအပ်တယ်..”

“ဟုတ်.. ဟုတ်ကဲ့ပါ ဒဏ္ဍာရီလာ သားရဲအရှင်.. ကျွန်တော် အကြောင်းအရင်းကို သိခွင့်ရှိမလား..”

ကုတ် - စီ တံတွေးမျိုချလိုက်သည်။ ဆက်ခံသူအခမ်းအနား စတင်ခါနီးမှာပင် ရွေးချယ်ခံ မဖြစ်လိုသော မျှော်လင့်ချက်သေးသေးလေး ရှိနေဆဲပင်။

ဖန်ရစ်သည် သွားအဖြီးသားဖြင့် ထက်ရှသည့် သွားစွယ်များအား ပြသနေလေသည်။

“ကောင်လေး.. ငါက ဝံပုလွေမျိုးနွယ်စုနဲ့ ကြောင်မျိုးနွယ်စုကို ရောနှောချင်စိတ် ရှိနေခဲ့တာလို့ ပြောမယ်ဆို မင်းယုံမလား..”

ဖိုးဖိုးဖန်ရစ်သည် အဖြူရောင်လည်ဆံမွေးများအား ခါယမ်းပြီးနောက် ကျီစယ်ဟန်ဖြင့် ပြုံးလိုက်သည်။ ဝံပုလွေကြီးသည် ရှေခြေနှစ်ချောင်းအား ကျော့ရှင်းတင့်တယ်စွာ ယှက်သိုင်းပြီးနောက် မြေပြင်ပေါ်တွင် တဖြည်းဖြည်းချင်း လှဲလိုက်သည်။

“လာ.. လာ.. စိတ်ကိုလျော့.. ငါ့ရဲ့ စိတ်ကူးက အတော်လေး ယုတ္တိမရှိဘူးဆိုတာ ငါလည်းသိတယ်.. ဒါပေမဲ့ ဒီလိုဖြစ်လာဖို့က ငါ့ရဲ့ အိပ်မက်ပဲလေ..”

ဖန်ရစ်သည် ကုတ် - စီ ၏ မှင်တက်တွေဝေနသေည့် မျက်နှာအား လျစ်လျူရှုကာ မြေပြင်ပေါ်လှဲရန် အသာတို့လိုက်သည်။

သူတို့နှစ်ဦး စကားပြောနေစဉ်တွင် အင်စလေ၏ ဝိညာဉ်မှာလည်း ခေါင်းပေါ်၌ လွင့်နေဆဲဖြစ်သည်။ ထူးဆန်းစွာပင် အင်စလေမှာ မြောင်အော်သံနှင့် သားရဲအူသံတို့ကိုသာ ကြားနေရသော်ငြား သူတို့၏ စကားများအား နားလည်နေသည်။

“ကောင်း.. ကောင်းပါပြီ ဒဏ္ဍာရီလာ သားရဲအရှင်..”

ကုတ် - စီ သည် ရူးနှမ်းနေသော ဝံပုလွေအိုကြီး၏ အိပ်မက်အား စိတ်ဝင်စားခြင်း မရှိပေ။ သို့သော် နာခံမှုရှိစွာဖြင့် မြေပြင်ပေါ် လှဲလိုက်သည်။ ထို့နောက် ဖန်ရစ်၏ စူးရှထက်မြက်သော ရွှေရောင်မျက်လုံးများအား ကြည့်ကာ တံ‌တွေးမျိုချမိလိုက်သည်။

ဒီတော့ ဝံပုလွေမျိုးနွယ်က ဒဏ္ဍာရီလာ သားရဲရဲ့ သွေးမျိုးဆက်ကို ကြောင်မျိုးနွယ်ကို ပေးတာက ဒီရူးနေတဲ့ဟာကြီးက ငါ့ကို သန္ဓေပြောင်းစေချင်လို့ပေါ့လေ..

သန္ဓေပြောင်း သတ္တဝါများမှာ ရှားပါးခြင်းမဟုတ်ဘဲ အတွေ့များသည်။ ဥပမာပြောရလျှင် ကမ္ဘာအရပ်ရပ်၌ ကျူးကျော်တိုက်ခိုက်နေသော မွန်းစတာများ။

မျိုးရိုးဗီဇ ပြောင်းလဲခြင်းမှာ တားမြစ်ထားသော အထူးစွမ်းရည်များ သို့မဟုတ် အခြားမျိုးနွယ်များ၏ ဝင်ရောက်စွက်ဖက်မှု ကဲ့သို့သော ကမ္ဘာအံ့ဖွယ်များကြောင့် ဖြစ်ပေါ်တတ်သည်။ များသောအားဖြင့် သွေးမျိုးဆက် မတူညီသော သားရဲ သို့မဟုတ် တိရစ္ဆာန် နှစ်ကောင် ပေါင်းစပ်ရာမှ မျိုးစပ်များ ပေါ်ပေါက်ခြင်းမှ စသည်။

ဥပမာမှာ ဤနေရာ၌ လက်တွေ့ရှိနေသည်။ ဝံပုလွေတစ်ကောင်သည် ကြောင်တစ်ကောင်အား သွေးမျိုးဆက်ပေးရန် ကြိုးစားနေခြင်း။

ကုတ် - စီ နှုတ်ခမ်းမဲ့သွားသည်။ ဤသို့သော ရူးနှမ်းနေသည့် သတ္တဝါကြီးများကြောင့် သားရဲနှင့် သာမန်တိရစ္ဆာန်များမှအပ အခြားသော မျိုးနွယ်စုများသည် ကမ္ဘာဦးကျွန်းအား ချေမှုန်းရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

ကမ္ဘာဦးကျွန်းမှာ ဒဏ္ဍာရီလာ သားရဲများ၏ ကာကွယ်စောင့်ရှောက်မှု မရှိခဲ့ပါက ကမ္ဘာအရပ်ရပ်ရှိ မျိုးနွယ်အသီးသီးအား တိုက်ခိုက်နေကြသော မွန်းစတားများ ဖြစ်ပေါ်ရာ အရင်းအမြစ်မှာ ချေမှုန်းခံရပြီး ဖြစ်ပေမည်။

ထိုမွန်းစတားများအား မအောင်မြင်သော မျိုးစပ်များဟု ခေါ်ကြပြီး ရူးသွပ်ကာ ကြမ်းကြုတ်သွားကြခြင်း ဖြစ်သည်။ ထိုမွန်းစတားများသည် မတည်ငြိမ်သော နေရာတစ်ဝိုက်ရှိ လျှို့ဝှက်ဝမ်းဟိုး (wormhole) မှတဆင့် ကမ္ဘာဦးကျွန်းပေါ်မှ အလိုအလျောက် ထွက်ပြေးသွားကြခြင်းပင်။

ထိုမွန်းစတားများသည် လူဦးရေ သိပ်သည်းထူထပ်သော မြို့များ၊ နိုင်ငံများထံသို့ ရောက်လာပြီးနောက် ဘေးဒုက္ခများစွာ ယူဆောင်လာကြသည်။

မွန်းစတားများ၏ ဒဏ်အား အများဆုံး ခံစားရသည်မှာ လူသားများ ဖြစ်သည်။ နတ်သူငယ်များ(elf)၊ နတ်သမီးများ(fairy)၊ နဂါးများ နှင့် အခြား ထူးခြားသော မျိုးနွယ်များမှာမူ သူတို့၏ နယ်မြေဖောက်ထွင်းမှုများအား ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်သဖြင့် သူတို့၏ နယ်မြေအနီးတစ်ဝိုက်၌ ဝမ်းဟိုးများ ပေါ်လာမည်ကို ကာကွယ်ထားနိုင်ကြသည်။

ထိုဝမ်းဟိုးများမှာ အထူးစွမ်းရည် အသုံးပြုသူများ တိုက်ပွဲဖြစ်ပွားရာမှ ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုး ဖြစ်သည်။ စွမ်းရည်အသုံးပြုသူများ၏ စွမ်းအားများသည် တစ်ခါတစ်ရံ အာကာသအား သက်ရောက်မှု ရှိစေသဖြင့် ပုံပျက်သွားစေသည်။

အယ်သီရီယာမှာ အာကာသအား ထိန်းချုပ်နိုင်သည့် စွမ်းရည်ရှိသည့်တိုင်အောင် အာကာသစွမ်းရည်၏ စွမ်းရည်ခွဲများစွာ ရှိနေဆဲဖြစ်သည်။ ဥပမာ သိုလှောင်စွမ်းရည်၊ တယ်လီပို့စွမ်းရည်၊ လွှမ်းခြုံ (ဖုံးကွယ်) စွမ်းရည်၊ ဘလက်ခ်ဟိုး စသဖြင့်။

ကုတ် - စီ နှင့် ဖန်ရစ် သည် မွန်းစတားများ၏ မူလဇာစ်မြစ်နှင့် ပတ်သက်၍ သိရှိထားပြီးဖြစ်သည်။ သို့သော် ရူးနှမ်းနေသော ဝံပုလွေအိုကြီးမှာ ထိုသို့ မျိုးရိုးဗီဇပြောင်းလဲရန် ဆန္ဒရှိနေဆဲပင်။

ပြီးတော့ ငါက ရွေးချယ်ခံရတဲ့ သိုးပေါက်လေးတဲ့..

ကုတ် - စီ မျက်ရည်ဝဲလာသည်။ ကုတ် - စီ မှာ ထိုသို့ဖြစ်မလာရန် တားဆီးနိုင်မည့် နည်းလမ်းအား မစဉ်းစားတတ်တော့ပေ။ ဒဏ္ဍာရီလာ ဖန်ရစ် သွေးမျိုးဆက်ရှိသည့် မွန်းစတားတစ်ကောင် မွေးဖွားလာမည် ဆိုပါက..

ကုတ် - စီ မှာ ဘေးဒုက္ခဆိုးကြီး၏ ဇာစ်မြစ် ဖြစ်လာလိမ့်မည်။

ကြောင်လေးသည် ရူးသွပ်နေသော ဖိုးဖိုးဖန်ရစ်နှင့် ညှိနှိုင်းရန် ကြိုးစားလိုက်သည်။

“အရှင်.. ပြန်.. ပြန်ပြီး စဉ်းစားပေးလို့ ရမလား.. ကျွန်.. ကျွန်တော်က အောင်အောင်မြင်မြင်နဲ့ သန္ဓေပြောင်းနိုင်လိမ့်မယ်လို့ မထင်ပါဘူး..”

ကုတ် - စီ အားငယ်စွာဖြင့် ပြောလိုက်သည်။

မျိုးရိုးဗီဇပြောင်းလဲခြင်း၏ အန္တရာယ်အား ဖိုးဖိုးဖန်ရစ် သိထားပြီးဖြစ်သော်ငြား ရူးနှမ်းနေသော အဖိုးကြီးသည် ရိုးရိုးရှင်းရှင်း တွေးနေခြင်းဖြစ်သည်။ အကြောင်းမှာ အောင်မြင်သည့် မျိုးစပ်တစ်ကောင်ထံတွင် စွမ်းရည် တစ်မျိုးထက်ပို ရှိနိုင်ပြီး သန့်စင်သော သွေးမျိုးဆက်ထက် ပိုမိုစွမ်းအားကြီးနိုင်သောကြောင့်ပင်။

ဒါက ကြောင်တောင်တောင်နိုင်တယ် မဟုတ်ဘူးလား.. သွေးသန့်လေလေ စွမ်းအားကြီးလေလေ ဖြစ်ရမှာကို အခုတော့ ပြောင်းပြန်တွေ..

ဖန်ရစ်သည် သူ၏ သားပေါက်လေးအား အခြားဒဏ္ဍာရီလာ သားရဲများထက် စွမ်းအားကြီးမားသူ ဖြစ်စေလိုသည့် ဆန္ဒအား ကုတ် - စီ နားလည်သည်။ သို့တိုင်အောင် မည်သည်ကြောင့် အားနည်းသည့် ကြောင်ကလေးအား ရွေးချယ်ရသနည်း။

အင်စလေသည်လည်း ကြည့်နေရင်း သဘောတူသည့် အနေနှင့် ခေါင်းညိတ်လိုက်သည်။

ဒီ စဉ်းလဲတဲ့ ဖိုးဖိုးကတော့ ကုတ် - စီ ရဲ့ အသက်ကို အလောင်းအစား လုပ်နေတာပဲ.. ဂါးး

မြို့တော်သို့ တိုက်ခိုက်နေသည့် မွန်းစတားများ၏ မူလအစအား သိလိုက်ရခြင်းကြောင့် အတော်လေး ထိတ်လန့်နေမိခြင်းပင်။ သူမသည် ဤကမ္ဘာရှိ အခြားသူများကဲ့သို့ များပြားသော အချက်အလက်များအား သိရှိထားခြင်း မရှိချေ။ ထို့ကြောင့် အခြေခံအချက်များကိုသာ သိထားလေသည်။

ကုတ် - စီ ၏ မှတ်ဉာဏ်မှတဆင့် ထိုအကြောင်းအား သိလိုက်ရခြင်းမှာ သူမအတွက် အဖိုးမဖြတ်နိုင်သော လက်ဆောင်တစ်ခုလည်း ဖြစ်သည်။

အင်စလေသည် ဤကမ္ဘာနှင့် ပတ်သက်၍ လေ့လာရန် စိတ်အားထက်သန်နေသော်ငြား ကုတ် - စီ ၏ တောင်းဆိုမှုအပေါ် ဖန်ရစ် မည်သို့ တုံ့ပြန်မည်အား အာရုံစိုက်ထားဆဲ ဖြစ်သည်။

ဧရာမဝံပုလွေကြီးသည် ကုတ် - စီ အား စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် ခေါင်းယမ်းလိုက်သည်။

“မဟုတ်ဘူး.. မင်းက မင်းထင်နေသလို အားနည်းတဲ့သူ မဟုတ်ဘူး.. မင်းရဲ့ ခန္ဓာကိုယ်က ဗီဇပြောင်းစွမ်းအားကို ခံနိုင်ရည်ရှိတယ်..”

ဖိုးဖိုးဖန်ရစ် တိကျစွာ ပြောလေသည်။

အဓိက အကြောင်းအရင်းမှာ ကုတ် - စီ သည် သူနှင့် သက်တူရွယ်တူများထက် ပို၍ အသိဉာဏ်မြင့်မားသည်ဟူသော အချက်ပင်။ ထို့ကြောင့် သူ၏ အသိစိတ်သည် မျိုးစပ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဆုတ်ယုတ်သွားမည် မဟုတ်ပေ။ အသိစိတ် ပျောက်ဆုံးသွားသည့် သားရဲများသာလျှင် မွန်းစတားများ ဖြစ်လာကြသည်။

ဤကမ္ဘာကြီးတွင် သာမန်တိရစ္ဆာန်များပင်လျှင် ရှိသင့်ရှိထိုက်သော ဉာဏ်ရည်အချို့ ရှိလေသည်။ အသိဉာဏ်မြင့်လေလေ မျိုးစပ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများအား ခံနိုင်ရည်ပိုများလေလေ ဖြစ်သည်။

ဖန်ရစ်၏ ယုံကြည်မှုရှိသော ရှင်းပြချက်အား နားထောင်ပြီးနောက် ကုတ် - စီ လွတ်လမ်း မရှိ‌တော့ချေ။ ရူးနှမ်းနေသော အဖိုးကြီး၏ သွေးမျိုးဆက်အား လက်ခံရယူပြီး ဒဏ္ဍာရီလာ သားရဲတစ်ကောင်အဖြစ် ရှင်သန်သွားရတော့ပေမည်။

ကျဆုံးသွားမည်ဆိုပါက ဖန်ရစ်သွေးမျိုးဆက်မှာ သူ့ထံတွင် အဆုံးသတ်သွားမည် သို့မဟုတ် အခြားတစ်ကောင်ထံသို့ ဖိအားပေး လွှဲပြောင်းခံရမည် ဖြစ်သည်။

ရှင်းရှင်းပြောရမည်ဆိုလျှင် သွေးမျိုးဆက် အမွေဆက်ခံသူမှာ ဒဏ္ဍာရီလာသားရဲ မျိုးရိုးအား ဆက်လက်ရှင်သန်စေသည့် အသုံးချခံ သက်သက်သာ။

All Chapters