← Chapters

ထွက်သွားဖို့ လိုနေပြီ

Vol. 8 Ch. 119

ထွက်သွားဖို့ လိုနေပြီ

Vol. 8 Ch. 119

အဆုံးတွင် ကုတ် - စီ သည် သူ၏ ကံတရားအား လက်ခံကာ ဖိုးဖိုးဖန်ရစ်ထံမှ သွေးမျိုးဆက် လွှဲပြောင်းခွင့် ပြုလိုက်ရတော့သည်။ ခေတ္တကြာပြီးနောက် ကုတ် - စီ သည် လူသားကုန်းမြေတိုက်သို့ သွားရောက်ရန် အခြား ကြောင်နှစ်ကောင်နှင့် ပူးပေါင်းလိုက်ရသည်။

ကြောင်မျိုးနွယ်စုသည် သင့်တော်သည့် နိုင်ငံတစ်ခုတွင် သင့်တော်သည့် မိသားစုတစ်စုအား ရွေးချယ်ထားပြီး ဖြစ်သည်။ အရွေးချယ်ခံ မိသားစုမှာ ဂေါ့လိဖ်နိုင်ငံမှ စလိုအန်မိသားစု ဖြစ်သည်။ စလိုအန်မိသားစုသည် မာဖီးယားမိသားစုကြီး ၇ စုအား ယှဉ်နိုင်သော ဂုဏ်သိက္ခာရှိ မိသားစုတစ်ခု ဖြစ်သည်။

ကြောင်မျိုးနွယ်စုသည် ဂေါ့လိဖ်နိုင်ငံအား ရွေးချယ်ရသည့် အကြောင်းအရင်းမှာ ဂေါ့ဖားသား နေထိုင်ရာ နိုင်ငံဖြစ်သောကြောင့်ပင်။ ကောလဟာလများအရ ဂေါ့ဖားသားမှာ ကြောင်ချစ်သူတစ်ဦး ဖြစ်လေသည်။

ဂေါ့လိဖ်မှာ အင်အားကြီးမားသော နိုင်ငံကြီးတစ်ခု မဟုတ်သော်ငြား ‘မာဖီးယားနိုင်ငံ’ ဟူသော ဂုဏ်ပုဒ်ကပင် အခြားသော ကမ္ဘာအရပ်ရပ်ရှိ အင်အားစုများအား စုစည်းနိုင်စွမ်း ရှိသည်။ အထူးသဖြင့် မှောင်ခိုစီးပွားရေး လုပ်ကိုင်သူများ။

ကြောင်မျိုးနွယ်စုသည် စလိုအန်မိသားစု ပထမခေါင်းဆောင်၏ ခွင့်ပြုချက်နှင့် စံအိမ်ထဲ၌ သူတို့၏ ကျွန်းနှင့် ဆက်သွယ်ထားသော ဆန်းကြယ်သည့် မြက်ခင်းပြင်တစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် ကြောင်သုံးကော်ငအား အိမ်အသစ်သို့ ပို့ဆောင်ပြီး ဒဏ္ဍာရီလာ သားရဲဖြစ်လာရန်ဟူ‌သော ခရီးရှည်ကြီး စတင်တော့သည်။

အင်စလေသည် သူမမျက်စိရှေ့မှ အဖြစ်အပျက်အားလုံးအား မမှိတ်မသုန် ကြည့်ရှုခဲ့သည်။ ကုတ် - စီ ၏ မှတ်ဉာဏ်များအား မြင်တွေ့ရုံသာ မကဘဲ စလိုအန် ပထမမျိုးဆက်မှစကာ မိသားစု၏ သမိုင်းကြောင်းကိုပါ သိရှိလိုက်ရသည်။

စလိုအန်မိသားစုမှာ တစ်ချိန်က မိသားစုခြင်း ၇ စုနှင့် ပခုံးချင်းယှဉ်နိုင်သော လွှမ်းမိုးနိုင်စွမ်းရှိသည့် မိသားစုတစ်စု ဖြစ်ခဲ့ကြောင်း စဉ်းစားရုံနှင့်ပင်...

ထို့ကြောင့်ပင် ကုတ် - အယ်လ် သည် ကြောင်မျိုးနွယ်စုထဲတွင် အသန်မာဆုံး ဆက်ခံသူ ဖြစ်လာပြီး ပထမ မိသားစုခေါင်းဆောင်၏ အကူအညီကြောင့် သွေးမျိုးဆက်အား အောင်မြင်စွာ နိုးထနိုင်ခဲ့ခြင်း ဖြစ်လေသည်။

စလိုအန်မိသားစုသည် ပထမ မိသားစုခေါင်းဆောင်ကြောင့် အင်အားကြီးမိသားစု ဖြစ်လာရသည်။ ပထမ မိသားစုခေါင်းဆောင်သည် ကုတ် - အယ်လ်အား သိမ်းသွင်းကာ အရွယ်ရောက်လာရန် ကူညီပေးခဲ့ပြီး ကုတ် - ဘီ ၏ သွေးမျိုးဆက်ကိုပါ နိုးထစေခဲ့ပြီး စစ်မှန်သော မြင့်မြတ် အစောင့်အရှောက် ဖြစ်လာစေသည်။

သို့သော် စစ်မက်ဖြစ်ပွားနေသည့် ဖရိုဖရဲ အခြေအနေတွင် ကွယ်လွန်ခဲ့ရသောကြောင့် ကုတ် - စီ အား ကူညီပေးရန် အချိန်မရှိခဲ့ချေ။

ထိုစဉ်က ဖြစ်ပွားခဲ့သည့် စစ်မှာ နယ်မြေလုစစ်ပွဲဖြစ်သည်။ ယင်းမှာ မာဖီးယားမိသားစု အများစု နယ်မြေသစ်များ ရှာဖွေသော ခေတ်တစ်ခု ဖြစ်သောကြောင့် ရလဒ်အနေနှင့် မရေမတွက်နိုင်သည့် ပဋိပက္ခများစွာ ဖြစ်ပွားလာလေသည်။

ထို့နောက် ကုတ် - အယ်လ်တို့သည် မြက်ခင်းပြင်သို့ ပြန်ရောက်လာပြီးနောက် သူတို့၏ ခွန်အားများအား သန်မာလာစေရန် ကူညီပေးမည့် မိသားစုခေါင်းဆောင်အသစ်ကို စောင့်မျှော်ကြရသည်။

သို့သော် စလိုအန်မိသားစု တည်ထောင်သူကဲ့သို့ အင်အားကြီးမားသူ ထပ်ရှိမလာပေ။

စလိုအန် မျိုးဆက်အချို့သည် ကုတ် - အယ်လ်အား ဒဏ္ဍာရီလာ သားရဲတစ်ပိုင်းအဆင့်သို့ ရောက်ရှိရန် ကူညီပေးနိုင်ခဲ့ပြီး ကုတ် - ဘီ မှာမူ ဒဏ္ဍာရီလာ သားရဲတစ်ပိုင်း ဖြစ်လာရန်အတွက် လူသားအသွင် ပြောင်းလဲမှုနှင့် ပတ်သက်သည့် သီအိုရီအား တီးခေါက်မိလုနီးနီး ဖြစ်နေပြီပင်။

ကုတ် - စီ အတွက်မူ အားနည်းသည့် ကြောင်တစ်ကောင်အား မည်သူမှ မလိုချင်ကြချေ။ မိသားစုခေါင်းဆောင်အချို့သည် ကုတ် - စီ ၏ သွေးမျိုးဆက်အား နိုးထလာစေရန် ကြိုးစားခဲ့ကြသော်ငြား ကျရှုံးခဲ့ရသည်။

ဤကြောင်လေးမှာ ဗီဇပြောင်းမျိုးစေ့တစ်ခု ဖြစ်ကြောင်း နားလည်သွားကြသည်။ သွေးမျိုးဆက် နိုးထခြင်း ကျရှုံးသွားပါက ကြောင်သည် အရိုင်းစိတ်ဝင်လာပြီး မွန်းစတားတစ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မည်။

အခြား ကြောင်နှစ်ကောင်၏ အကူအညီကြောင့်သာ မဟုတ်ခဲ့လျှင် ကုတ် - စီ မှာ မွန်းစတားတစ်ကောင် ဖြစ်နှင့်ပြီး ဖြစ်လေသည်။

ထိုသို့ အကြိမ်အနည်းငယ်ခန့် ဖြစ်ပွားပြီးနောက် မိသားစုခေါင်းဆောင်များသည် ကုတ် - စီ အား လက်လျော့လိုက်ကြတော့သည်။ သူတို့သည် သန်မာပြီးသားဖြစ်သည့် ကုတ် - အယ်လ် နှင့် ကုတ် - ဘီ ထံမှ အကျိုးကျေးဇူးများ ရယူရန်သာ ပိုလိုလားကြသည်။

မွန်းစတားတစ်ကောင်ကို ပျိုးထောင်ဖို့ ဘယ်သူ့က ကိုယ့်အသက်ကိုယ် စွန့်စားချင်မှာလဲ.. ကုတ် - စီ က အောင်မြင်တဲ့ သန္ဓေပြောင်းကောင် ဖြစ်လာ၊ မလာဆိုတာ ဘယ်သူက သေချာပေါက် ပြောနိုင်လဲ.. ဒီတော့ စွန့်စားစရာအကြောင်း မရှိဘူးလေ..

ထိုသို့သော အခြေအနေများကြောင့် ကုတ် - စီ လက်လျော့လိုက်လေသည်။ သူ၏ စိတ်တံခါးအား ချိပ်ပိတ်ကာ လူသားများနှင့် တွေ့ဆုံလိုခြင်း မရှိတော့ပေ။ ထိုလူသားများသည် အဆုံးတွင် သူ့အား စွန့်လွှတ်ကာ လက်လျော့လိုက်ကြမည်မှန်း သူသိသည်။

တဖြည်းဖြည်း အချိန်ကုန်လာပြီးနောက် အင်စသည် ကုတ် - စီ ၏ နောက်ပိုင်းနေ့ရက်များကို ခံစားလိုက်ရသည်။ ကလေးသည် အစပိုင်း၌ ကြင်နာသနားစိတ် ဖြစ်ပေါ်ရုံမျှသာ ဖြစ်သော်ငြား ကြောင်၏ ဘဝတစ်လျှောက်လုံးအား မြင်တွေ့ပြီးနောက် သူမ၏ နှလုံးသားအား တစ်စုံတစ်ခုမှ ဆောင့်ဆွဲနေသလိုပင်။

“ကုတ် - စီ....”

အင်စလေ တံတွေးသီးလုမတတ် ဖြစ်သွားသည်။ ကောင်မလေးသည် ကုတ် - စီ ၏ မှတ်ဉာဏ်ထဲတွင် ရှိနေရင်း ကြောင်လေးအား ငုံ့ကြည့်လိုက်ပြီးနောက် ဝမ်းနည်းပူဆွေးလာမိသည်။

ကုတ် - စီ .. သန္ဓေပြောင်းတစ်ကောင် ဖြစ်ရတာက နင့်ရဲ့အမှား မဟုတ်ပါဘူး.. ဒါပေမဲ့ ဒီဝန်ပိုးကို တစ်လျှောက်လုံး ထမ်းပိုးလာခဲ့ရတယ်.. ဒီတစ်ကြိမ် သွေးမျိုးဆက်ကို မနိုးထနိုင်တော့ဘူးဆိုရင် အမွေအနှစ်ကို တစ်ခြားသူဆီ ပေးရတော့မယ်..

အဲဒါက သေခြင်းတရားပဲ..

ဒဏ္ဍာရီလာ သားရြများပင်လျှင် သူတို့၏ သွေးမျိုးဆက် အမွေအနှစ်အား အခြားသားရဲ သို့မဟုတ် တိရစ္ဆာန်များထံ လွှဲပြောင်းပြီးပါက သက်တမ်းကုန်ဆုံးလုနီးနီး ဖြစ်သွားကြ၏။

မြင့်မြတ် အစောင့်အရှောက်ပင် ဖြစ်မလာသေးသော ကုတ် - စီ အား ပြောနေဖို့ရန်ပင် မလိုအပ်ချေ။ သေချာပေါက် သေဆုံးသွားလိမ့်မည်။ မြင့်မြတ် အစောင့်အရှောက်ဟူသော အမည်သာ ကျန်ရှိလိမ့်မည်။

ထို့ကြောင့် အသက်ရှင်လိုပါက သူ၏ သွေးမျိုးဆက်အား နိုးထစေနိုင်မည့် တစ်စုံတစ်ယောက်အား ရှာဖွေရမည်။ လူသားများအပေါ် မှီခိုရန် မလိုအပ်ပါက လွန်ခဲ့သော အချိန်များကပင် သွေးမျိုးဆက် နိုးထပြီး ဖြစ်လိမ့်မည်။

သနားဖွယ်ရာမှာ ထိုသို့ဆင့်ကဲပြောင်းလဲရန် လူသား၏ ပူးပေါင်းဆောင်ရွက်မှုအား လိုအပ်လေသည်။

အင်စလေမှာ ကုတ် - စီ ၏ နောက်ဆုံးသော မျှော်လင့်ချက် ဖြစ်နိုင်သည်။ မြက်ခင်းပြင်မှထွက်ကာ သူ၏ ကိုယ်ပိုင်ဆန္ဒဖြင့် အင်စလေနောက်သို့ လိုက်ပါလာခဲ့ခြင်းမှာ အံ့ဩဖွယ် မဟုတ်တော့ချေ။

ကုတ် - စီ သည် အင်စလေ၏ ကံကောင်းခြင်းစွမ်းရည်အား သတိပြုမိပြီး ထိုစွမ်းရည်သည် သူ့အား စစ်မှန်သော မြင့်မြတ်အစောင့်အရှောက် ဖြစ်လာရန် လိုအပ်သည့် စွမ်းရည်လည်း ဖြစ်နိုင်လောက်သည်။ လုံလောက်သည့် ကံကောင်းခြင်းမျိုး ရှိပါက သူ၏ သွေးမျိုးဆက်ကိုပင် နိုးထစေနိုင်လိမ့်မည်။

ထိုသို့ဆိုလျှင် ကုတ် - အယ်လ်ကဲ့သို့ သန်မာပြီး ကုတ် - ဘီ အား ယှဉ်တိုက်နိုင်လိမ့်မည်။

ကုတ် - ဘီ မှာ သူ၏ သွေးမျိုးဆက်အား လွန်ခဲ့သော အချိန်များကပင် နိုးထစေခဲ့ပြီး ဖြစ်သောကြောင့် စွမ်းအားထိန်းချုပ်ရန် အရင်ဆုံး သင်ယူရပေမည်။

ကုတ် - စီ ၏ မှတ်ဉာဏ်အပိုင်းအစများ အတွင်း၌ အမျိုးမျိုးသော အတွေးများ ဖြစ်ပေါ်လာသည်ကို အင်စလေ မြင်လိုက်ရသည်။

ကလေးသည် ညာဘက်လက်ကလေးအားဆန့်ကာ ဂရုတစိုက်နှင့် မှတ်ဉာဏ်စီးကြောင်းများထဲမှ မှတ်ဉာဏ်ကျောက်၏ မျက်နှာပြင်အား ထိတွေ့လိုက်သည်။

ကုတ် - စီ အခု နင့်ရဲ့ အတိတ်ကို သိပြီးသွားပြီဆိုတော့ ငါတို့ရဲ့ နှလုံးသားတွေက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသလို ခံစားရတယ်.. ဒါပြီးရင်.. ဒါပြီးရင် နင့်ရဲ့ သွေးမျိုးဆက် နိုးထလာအောင် ကူညီပေးနိုင်မလားပဲ..

အင်စလေ၏ နှလုံးသားထဲရှိ ခံစားချက်များမှာ သနားစိတ် မဟုတ်တော့ဘဲ ကုတ် - စီ အား ကူညီပေးမည်ဟုသော ပြတ်သားသည့် ဆုံးဖြတ်ချက်သာ ဖြစ်လေသည်။ များမကြာမီ ချစ်စဖွယ်ကောင်းသည့် ကြောင်လေးတစ်ကောင် သေဆုံးသွားမည်ကို သိနေလျက်နှင့် ထိုင်ကြည့်မနေနိုင်ပါ။

ကုတ် - စီ ရဲ့ နှလုံးသားကို နားလည်သွားပြီဆိုတော့ ငါတို့ရဲ့ သံယောဇဉ်ကြိုးက ခိုင်မြဲသွားပြီလို့ ယုံကြည်တယ်.. အခုက လက်ရှီအချိန်ကို ပြန်သွားပြီး နိုးထခြင်းအခမ်းအနားကို ဆောင်ရွက်ဖို့ပဲ..

သေချာပေါက် အဲလိုလုပ်ရမယ်..

အင်စလေသည် စကြဝဠာနှင့် တူသော ကုတ် - စီ ၏ မှတ်ဉာဏ်စီးကြောင်းများအား ကြည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။ အပြုံးတစ်ခုမျှသာ ဖြစ်သော်ငြား နှိုင်းယှဉ်မရနိုင်သည့် ယုံကြည်ချက်တို့ ပြည့်ဝနေသည်။

ပထမဆုံး ကြောင်ရဲ့ စိတ်ထဲကနေ ထွက်သွားဖို့ လိုတယ်..

All Chapters