အချိန်ရပ်တန့်ခြင်း
Vol. 8 Ch. 120
အင်စလေ၏ ဝိညာဉ် ကုတ် - စီ ၏ စိတ်ထဲ၌ ရှိနေစဉ် ဖင်းလီနှင့် ခရိုနိုစ့်သည် သူမအား အပြင်ဘက်မှနေ၍ မျက်ခြည်မပြတ် ကြည့်နေကြသည်။
“အမ်.. နာရီအနည်းငယ်တောင် ကြာနေပြီ.. သူမက အဲဒီသားရဲရဲ့ စိတ်ထဲမှာ ရှိနေတုန်းလား.. ဒီအခြေအနေက ရက်ပိုင်းလောက် ကြာမယ်လို့ မင်းထင်လား..”
ခရိုနိုစ့် အင်္ကျီလက်အား ဆတ်ခနဲ ခါယမ်းပြီးနောက် လက်ဖဝါးအရွယ် နတ်သမီးလေးသည် ဖင်းလီထက် အနည်းငယ်ပိုရှည်သည့် ကောင်လေးအသွင်သို့ ပြောင်းလဲသွားလေသည်။
မသိသူသာဆိုလျှင် သူတို့နှစ်ဦးမှာ ညီအစ်ကိုများဟု ထင်ကြမည်သာ။
“မစိုးရိမ်ပါနဲ့.. ရက်ပိုင်းလောက် ကြာမယ်ဆိုရင်တောင် ငါတို့က စောင့်ကြပ်ပေးထားကြတာပေါ့.. မဟုတ်ဘူးလား..”
ဖင်းလီ ခြေထောက်ယမ်းရင်း အခန်း၏ ပြတင်းပေါက်မှတဆင့် ကလေး၏ ပုခတ်အား ကြည့်နေသည်။
လက်ရှိအချိန်တွင် ကောင်လေးသည် ပြတင်းပေါက်နှင့် အနီးဆုံး သစ်ပင်၏ သစ်ကိုင်းပေါ်တွင် ထိုင်နေခြင်းဖြစ်ကာ တစ်ချက်ခုန်ရုံနှင့် ကလေး၏ အခန်းထဲသို့ ဝင်ရောက်နိုင်သည်။
ဖင်းလီ၏ စကားအား ကြားသည့်အခါ ခရိုနိုစ့် မျက်မှောင်ကြုတ်ပြီး ခေါင်းယမ်းလိုက်သည်။
“မင်း စံအိမ်ကနေ ထွက်လာတော့ မင်းအဖေက မစိုးရိမ်ဘူးတဲ့လား.. ကလေး သံယောဇဉ်ကြိုးဖွဲ့တာ ပြီးတဲ့အထိ စောင့်မယ်ဆိုရင် ၂ ရက် ၃ ရက်လောက် အိမ်ပြန်ရမှာ မဟုတ်ဘူး..”
ဖင်းလီသည် အင်စလေနှင့် တွေ့ဆုံရန် နတ်သမီးဟူသော အထောက်အထားအား အသုံးပြုထားခြင်း ဖြစ်သည်။ လက်တွေ့၌မူ သူသည်လည်း သူမလိုမျိုး ကလေးတစ်ဦးသာ။
သည်းသည်းလှုပ်ဖခင်ကြောင့် အင်စလေထက်ပို၍ လွတ်လပ်ခွင့်ရှိသော်ငြား ဖခင်ဖြစ်သူမှာ သူ၏ တစ်ဦးတည်းသော အမွေဆက်ခံသူအား စံအိမ်အပြင်တွင် ရက်ပေါင်းများစွာ နေထိုင်ခွင့်ပြုမည် မဟုတ်ချေ။
အင်စလေသည် ၂ ရက် ၃ ရက်ခန့် နိုးလာဦးမည် မဟုတ်ပေ။ သူမအား အဝေးမှ ကာကွယ်ပေးနိုင်ရန်အတွက် ဖင်းလီ အိမ်မပြန်နိုင်ချေ။ ယင်းမှာ တကယ့်ပြဿနာဖြစ်သည်။
“အင်း.. ဟုတ်သားပဲ.. ငါပျောက်နေရင် လူအိုကြီးက ငါ့ခေါင်းကို ဆုကြေးတွေဘာတွေ ထုတ်လောက်တယ်..”
ဖင်းလီ နှုတ်ခမ်းများ မဲ့ကျသွဦးသည်။
အခြားမိဘများမှာ ကလေးပျောက်ရှာမည်ဆိုလျှင် ကြော်ငြာစာ ထုတ်ရုံသာ ဖြစ်သော်ငြား ဖခင်ဖြစ်သူမှာမူ ဆုကြေးထုတ်ပေလိမ့်မည်။ ပြန်ပေးဆွဲသူများလက်မှ သူ့အား အသက်ရှင်လျက် ပြန်ရနိုင်မည့် နည်းလမ်းလည်းဖြစ်သည်။
သို့သော် တစ်ဖက်လူသည် ဖင်းလီအား မနာကျင်စေဟု မဆိုလိုပေ။ ပြန်ပေးဆွဲသူများသည် သူ့အား ခြေလက်များ ချိုးထားမည်ဆိုလျှင် ‘ရာဇဝတ်သား’ အဖြစ် ဖမ်းခံရနိုင်ချေလည်း ရှိသည်။
ထိုသို့သော နည်းလမ်းဖြင့် ကလေးပျောက်ရှာခြင်းမှာ အတော်လေး ထူးခြားလွန်းလှသည်။ ဖခင်ဖြစ်သူ၏ အကျင့်စရိုက်ကို သိမထားပါက တစ်ဖက်လူမှာ သူ့အား သေစေလိုသည်ဟုပင် တွေးမိနိုင်သည်။
ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ယင်းမှာ ဖခင်ဖြစ်သူ၏ ချစ်ခင်မှုအား ပြသသည့် နည်းလမ်းလည်းဖြစ်သည်။ ဝေါ်လ်တာမိသားစုဝင် တစ်ဦးမှာ ကုသစွမ်းရည် ရှိသောကြောင့် ဖင်းလီ သေလုဆဲဆဲ အခြေအနေ ရောက်နေလျှင်ပင် စိုးရိမ်ဖွယ် မရှိချေ။
သို့သော် ထိုသို့သော ထူးခြားကာ ယုတ္တိတန်သည့် ချစ်ခြင်းအား ဖော်ပြပုံမှာ မိခင်ဖြစ်သူ သတ်သေသွားရသည့် အကြောင်းအရင်းများထဲမှ တစ်ခုလည်း ဖြစ်လေသည်။
ဖင်းလီ သေဆုံးသွားပြီးဖြစ်သော မိခင်အား အမှတ်ရမိချိန်တွင် ခေါင်းယမ်းမိလေသည်။ သူမသည် ငြိမ်းချမ်းသည့် ဘဝတစ်ခုအား ရရှိရန်အတွက် သူ့မအား သတ်ပေးပါရန် ဖင်းလီကို တောင်းဆိုခဲ့သည်။ ထိုမှသာ ကောင်းမွန်သည့် ဘဝတစ်ခု၌ ပြန်လည်မွေးဖွားနိုင်မည် ဖြစ်သည်။
ဖင်းလီသည် မိခင်ဖြစ်သူအား သတ်ဖြတ်ခဲ့ခြင်း မရှိပါ။ အချိန်နောက်ပြန် လာနိုင်ရန် အလဲအလှယ် အနေနှင့် သူမ၏ ဝိညာဉ်အား စတေးခဲ့ရုံသာ။ ထိုနည်းဖြင့် မိခင်ဖြစ်သူသည် နာကျင်မှုမရှိဘဲ ငြိမ်းချမ်းစွာ ထွက်သွားနိုင်ခဲ့သည်။
သုံးယောက်လုံးအတွက် အကောင်းဆုံးဖြစ်ချင် ဖြစ်မှာပေါ့..
သူမသည် ခင်ပွန်းသည်၏ ကြမ်းတမ်းသော ချစ်မေတ္တာအား နားမလည်နိုင်ခဲ့ဘဲ သူမအား ချစ်မြတ်နိုးခြင်း မရှိဘဲ ယခင်ဇနီးလောင်းကိုသာ ချစ်ခင်ခြင်းဟု တွေးထင်နေခဲ့သည်။ မိဘများစီစဉ်သည့် လက်ထပ်ပွဲကြောင့် ခင်ပွန်းသည်နှင့် သူ၏ချစ်သူမှာ အတင်းအကြပ် လမ်းခွဲခဲ့ရခြင်း ဖြစ်သည်။
သို့သော် အမှန်တရားမှာ ထိုသို့မဟုတ်ပေ။
ဖင်းလီသည် အတိတ်အကြောင်း ပြန်တွေးနေရင်း ခါးသီးသွာ ပြုံးလိုက်မိသည်။
သနားဖို့ကောင်းတဲ့ အမေ.. အဖေသာ လူထူးဆန်း မဟုတ်ခဲ့ရင်.. အဖေက သူမကို ချစ်တယ်ဆိုတာကို သိသွားနိုင်လောက်မှာ.. ဟင်း.. ဘယ်လိုတောင် လွဲမှားတဲ့ ဆက်ဆံရေးပါလဲ..
မိခင်ဖြစ်သူ၏ ရုတ်တရက် သေဆုံးမှုကြောင့် ဖင်းလီ၏ ဖခင်သည် သူ၏ တစ်ဦးတည်းသော မိသားစုဖြစ်သည့် သားဖြစ်သူအား အလွန်အမင်း ကာကွယ်ပေးလာတော့သည်။
သူ၏ အတိတ်ဘဝ၌ ထိုသို့မဟုတ်ပေ။ ထိုစဉ်က မိခင်ဖြစ်သူ အသက်ရှင်နေဆဲဖြစ်ပြီး သူမသည် စိတ်ဖိစီးမှုကြောင့် သေဆုံးခြင်းမရှိခင် နာကျင်ဖွယ်ကောင်းသည့် မာဖီးယားဘဝအား သည်းခံရှင်သန်ခဲ့ရသည်။
သူမသည်လည်း အင်အားကြီး မာဖီးယားမိသားစုဝင်တစ်ဦး ဖြစ်သည့်တိုင်အောင် သူမ၏ အားနည်းကာ ကြင်နာတတ်သည့် အကျင့်စရိုက်ကြောင့် ဝေါ်လ်တာမိသားစု၏ ဓလေ့ထုံးတမ်းများအား ကောင်းစွာလိုက်နာနိုင်ခြင်း မရှိခဲ့ချေ။
အထူးသဖြင့် သူ၏ မိသားစုတွင် အလွန်ကြောင်တောင်တောင်နိုင်သည့် ဖြစ်ရပ်များစွာ ရှိလေသည်။
“ဟ.. ဆိုးလိုက်တာ.. အိမ်ကိုမပြန်ရင် လူအိုကြီးက တကယ်ပဲ ဆုကြေးငွေထုတ်လိမ့်မယ်..”
ဖင်းလီ အတွေးထဲမှ ထွက်လာပြီးနောက် သက်ပြင်းချကာ ဖခင်ဖြစ်သူ၏ ရူးနှမ်းသော အပြုအမူများအား ညည်းတွားလိုက်သည်။
“ခရိုနိုစ့်.. မင်း စံအိမ်က အချိန်ကို လှည့်စားထားလို့ရမလား.. အဲဒါဆို ငါ ရက်ပိုင်းလောက် ပျောက်နေမှာကို သူတို့ သိကြမှာ မဟုတ်ဘူးူ..”
ကောင်လေးသည် လူသားအရွယ် ခရိုနိုစ့်အား မျက်လုံးတောက်တောက်လေးများဖြင့် ကြည့်လိုက်သည်။
“ဒါမှမဟုတ် သူတို့ရဲ့ အချိန်တွေကို ရပ်ပေးလို့ ရမလား.. ဟုတ်တယ်.. အဲဒီလိုဆို ၃ ရက် ကုန်သွားတာ သိလိုက်မှာတောင် မဟုတ်ဘူး..”
ဖင်းလီ စိတ်အားထက်သန်စွာ ပြောလိုက်သည်။ သူ၏ စိတ်ကူးမှာ အံ့မခန်းပင်။
မင်း -ျင်ကို အံ့မခန်း..
ခရိုနိုစ့်သည် ဖင်းလီ၏ ကျောအား ရိုက်လိုက်မိသည်။
“ရူးနေလား.. နေရာကျယ်ကြီးတစ်ခုလုံး လွှမ်းခြုံအောင် စွမ်းရည်သုံးလိုက်မယ်ဆိုရင် တော်ဝင်အကြီးအကဲ တွေသိသွားရင် ဘယ်လိုလုပ်မလဲ.. အဲဒီလိုဆို ငါသေပြီကွ..”
ခရိုနိုစ့် စိတ်ဖိစီးလာရသည်။ သူ၏ သူငယ်ချင်းလေးမှာ စိတ္တဇကောင်ဖြစ်သည်။ သို့သော် ကောင်လေးသည် ထိုသို့သော ရူးနှမ်းသည့် တောင်းဆိုမှုမျိုးအား ပေါ့ပေါ့ပါးပါး ပြောလာရဲလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူ့စံအိမ် တစ်ခုလုံးက အချိန်ကို ရပ်ခိုင်းနေတာလား.. အရမ်းများသွားပြီကွ..
“အာ.. ဒါဆိုလည်း သူတို့ကို အချိန်ပြန်ပြန်ကျော့ခိုင်းလိုက်ရင်ကော.. ဒီလိုဆို ၃ ရက် ကြာသွားရင်လည်း မသိတော့ဘူးလေ..”
ဖင်းလီ အပူအပင်မဲ့စွာဖြင့် လက်ယမ်းလိုက်သည်။
“ငါ့အရိုးတွေ ကျိုးမှာကိုတော့ မင်း မမြင်ချင်လောက်ပါဘူးနော်..”
ကောင်လေးသည် မျက်လုံးများ မှေးကျဉ်းပြီး ခရိုနိုစ့်အား ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို နာကျင်စေခွင့် မပြုတော့ဘူးလို့ မင်း ကတိပေးထားတယ်လေ.. ငါ သေသွားတုန်းက မင်းပြောခဲ့တာကို ငါမှတ်မိနေတုန်းပဲ.. ဘာဖြစ်လို့များ မေ့သွားရတာလဲ..”
ဖင်းလီ စကားမဆုံးခင်မှာပင် ခရိုနိုစ့်သည် မျက်နှာများရဲကာ ကောင်လေး၏ နောက်စေ့အား ရိုက်ပစ်လိုက်သည်။
သောက်ကျိုးနည်း.. ပါးစပ်ပိတ်ထားစမ်း.. ဒီလိုမျိုး ရှက်ဖို့ကောင်းတဲ့ စကားတွေကို ထပ်ပြောရဲပြောကြည့်.. မင်း သေတော့မယ်ထင်လို့ ပြောခဲ့တာကွ.. မင်းက အချိန်ကို နောက်ပြန်သွားခိုင်းလိမ့်မယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ..
ယခင်ဘဝ ဖင်းလီ မသေဆုံးမီ ‘ချွဲပျစ်ပျစ်’ စကားများ ပြောခဲ့ဖူးသည်ကို အမှတ်ရပြီးနောက် ခရိုနိုစ့် အတော်လေး ရှက်နေမိသဖြင့် မျက်နှာတစ်ခုလုံး ရှက်သွေးဖြာနေတော့သည်။ အမှန်တကယ် နောင်တရမိသည်။
“အိုခေ.. အိုခေ.. ဒီတစ်ကြိမ်ပဲနော်.. မင်းတို့စံအိမ်က အချိန်ကို ထပ်ကာထပ်ကာ ကျော့ခိုင်းလိုက်မယ်.. ဒါပေမဲ့ အဲဒီ မိန်းမယုတ်ဆီက ယူလာတဲ့ စွမ်းအင်ကျောက်ကို လိုချင်တယ်..”
ခရိုနိုစ့်သည် ဘလဲထံမှ ဖင်းလီ ‘ခိုးယူလာခဲ့သော’ စွမ်းအင်ကျောက်အကြောင်း ပြောနေခြင်းသာ။