အရာအားလုံး သူမအပေါ် မူတည်တယ်
Vol. 8 Ch. 114
“ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလိုအပ်ချက်တွေ အတွက်လည်း စိုးရိမ်ဖို့ မလိုဘူး.. မင်းရဲ့ ဝိညာဉ်က ကုတ် - စီ ရဲ့ မှတ်ဉာဏ်ထဲ ကျူးကျော်ပြီးရင် ငါ့ရဲ့ သူငယ်ချင်းက ခန္ဓာကိုယ်ပတ်ပတ်လည်က အချိန်တွေကို ခဲပစ်(ရပ်ပစ်)လိုက်လိမ့်မယ်.. အဲဒါကြောင့် အခုလိုပဲ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး..”
ခရိုနိုစ့်၏ စွမ်းအားသည် လူတစ်ဦး သို့မဟုတ် ပစ္စည်းတစ်ခုအား အချိန်ကုန်ဆုံးခြင်း မရှိဘဲ သိမ်းဆည်းထားနိုင်သည်။ ပြောရမည်ဆိုလျှင် ခရိုနိုစ့်မှာ အမြဲတမ်း ငယ်ရွယ်ပြီး ထာဝရအသက် ရရှိနိုင်သည်။ ထိုစွမ်းအင်အား အခြားသူများအပေါ်တွင်လည်း သက်ရောက်စေနိုင်စွမ်း ရှိသည်။
ထို့ကြောင့် လူသားများသည် နတ်သမီးများအား နတ်ဘုရားနှင့် အနီးစပ်ဆုံး မျိုးနွယ်စုဟု ရှုမြင်ကြခြင်း ဖြစ်သည်။ ထိုသို့သော စွမ်းရည်မှာ ကြောက်မက်ဖွယ်ရာပင်။
ခရိုနိုစ့်ထံတွင်လည်း ကန့်သတ်ချက်များ ရှိသည်။ သူ၏ စွမ်းအားသည် သူ့ထံ၌ အမြဲထာဝရ ရှိနေမည် မဟုတ်ဘဲ တစ်နေ့တွင် သူ၏ မျိုးဆက်များအား အမွေအဖြစ်ပေးရမည် ဖြစ်သည်။
သို့မဟုတ်လျှင် သူ၏စွမ်းရည်အား ဆုံးရှုံးပြီးနောက် အချိန်မတိုင်ခင် သေဆုံးသွားရမည်။
ဖင်းလီ၏ ရှင်းပြချက်အား နားထောင်ပြီးနောက် အင်စလေ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။
“အိုခေ.. အင် သဘောတူ.. ခုတ် - ချီ နင်ကော..”
အင်စလေသည် ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေသည့် ကြောင်အားကြည့်ကာ အတည်ပြုချက် ယူသည်။
သူမ ဆန္ဒရှိသော်ငြား ကုတ် - စီ ၏ သဘောထားကိုမူ မသိရသေးချေ။ မည်သို့ပင်ဖြစ်စေ အခြားသူများအား မှတ်ဉာဏ်ထဲ ဝင်ခွင့်ပြုပြီး ထိုမှတ်ဉာဏ်များအား မြင်တွေ့ခွင့်ပေးရန်မှာ ကသိကအောက် ဖြစ်စေသည်။
ကုတ် - စီ သည် ပုတီးလုံးကဲ့သို့ နက်မှောင်လုံးဝန်းနေသည့် မျက်လုံးကြီးများဖြင့် အင်စလေအား မော့ကြည့်လိုက်သည်။ အဆိုပါမျက်လုံးများမှာ နေရောင်အောက်မှာသာ အပြာရောင်အဖြစ် ပြောင်းသွားခြင်းပင်။
တကယ်တမ်းတွင် ကုတ် - စီ သည် သူ၏ မှတ်ဉာဏ်များအား အခြားသူများကို မြင်တွေ့ခွင့် ပေးလိုစိတ် မရှိပေ။ သို့သော် ထိုနည်းလမ်းကြောင့် ကလေးသည် သူ၏ သွေးမျိုးဆက်အား လျှင်မြန်စွာ နိုးထစေနိုင်မည် ဆိုလျှင်မူ စိတ်မရှိပါချေ။
မည်သို့ပင်ဖြစ်စေ ကုတ် - စီ သည် ကလေးအား သူ၏ ပထမဆုံး ပဋိညာဉ်ပြုသူအဖြစ် လက်ခံရန် စဉ်းစားထားပြီးဖြစ်သည်။ မတော်တဆမှု များစွာကြောင့် စလိုအန်များနှင့် ပဋိညာဉ်ပြုခဲ့ဖူးခြင်း မရှိပါ။
ယခုအခါ ယုံကြည်စိတ်ချနိုင်သော ပဋိညာဉ်ပြုသူတစ်ဦး ရရှိနိုင်တော့မည်။
ကုတ် - စီ အတော်ကြာအောင် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ စကားမပြောနိုင်သေးသဖြင့် ခန္ဓာကိုယ် လှုပ်ရှားမှုကိုသာ အသုံးပြုနိုင်သည်။
“ကောင်းတယ်.. ဒါဆို ပြင်ဆင်ကြမယ်.. အင်.. ကုတ် - စီ နဲ့အတူ အိပ်ရာပေါ် လှဲလိုက်.. ငါ့ရဲ့ သူငယ်ချင်းတွေက မင်းရဲ့ ဝိညာဉ်ကို လွှဲပြောင်းဖို့ စလုပ်ကြလိမ့်မယ်..”
ဖင်းလီ လက်ခုပ်တီးပြီး အင်စလေနှင့် ကုတ် - စီ အား ပုခတ်ပေါ်တက်ရန် လောဆော်လိုက်သည်။
သူတို့နှစ်ဦး ပုခတ်ပေါ် လှဲပြီးနောက် ဖင်းလီ ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“အင်.. မစိုးရိမ်နဲ့နော်.. မင်းရဲ့ ဝိညာဉ်ထွက်သွားတာနဲ့ ခန္ဓာကိုယ်ကို ငါ့သူငယ်ချင်းက ကာကွယ်ပေးထားမှာ.. ငါလည်း ရှိနေတာကြောင့် ဘယ်သူကမှ အန္တရာယ်မပေးနိုင်ဘူး..”
ဖင်းလီ အာမခံလိုက်သည်။
“ပြီးတော့ ဒီအကြောင်းကို မမေ့ရဘူးနော်.. အနာဂတ်ကျရင် ဘလဲကို အဘက်ဘက်က အလဲထိုး အနိုင်ယူရမယ်.. ပြီးတော့ နောက်ထပ် တစ်ခုတောင်းဆိုစရာ ရှိသေးတယ်..”
ဖင်းလီ ပြတင်းပေါက်ရှိရာသို့ လျှောက်သွားသည်။
ဤအပေးအယူ၌ ဖင်းလီ မည်သည့်အရာမှ မဆုံးရှုံးခဲ့ချေ။ အကြောင်းမှာ ခေါင်းမာသည့် နတ်သမီး နှစ်ယောက်အား အချင်းချင်း တွေ့ဆုံနိုင်ရန် စီစဉ်ပေးရန်သာ လို၏။
“အွင်း..”
အင်စလေ ခေါင်းညိတ်ကာ မျက်လုံးမှိတ်လိုက်သည်။ အမှန်အတိုင်း ပြောရမည်ဆိုလျှင် သူမ၏ ဝိညာဉ်အား လွှဲပြောင်းပေးရမည်ဟု ကြားချိန်တွင် အတော်လေး ကြောက်ရွံ့ထိတ်လန့်သွားမိသည်။
မည်သို့ပင်ဖြစ်စေ ဤခန္ဓာကိုယ်မှ သူမအပိုင် မဟုတ်ပေ။ သူမသည် အခြားကမ္ဘာမှ ဤခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သည့်အခါ အဆင်မပြေလျှင် မည်သို့လုပ်မည်နည်း။
အင်စလေ အတော်လေး စိုးရိမ်နေမိသည်။ သို့သော် မည်သို့ပင်ဖြစ်စေ သူမ၏ ဝိညာဉ်မှာ ဘေးအန္တရာယ် ကင်းစွာဖြင့် ပြန်ရောက်လာမည်ဖြစ်ကြောင်း ပြောမှသာ စိတ်ချနိုင်တော့သည်။
ကောင်းပြီ.. ငါ့ရဲ့ ခန္ဓာကိုယ်ကို ပြန်လာနိုင်ပြီး အာကာသနတ်သမီးက ငါ့ရဲ့ ဝိညာဉ်က တခြားကမ္ဘာက ဆိုတာကို မသိသရွေ့ အေးဆေးပဲ..
အယ်သီရီယာမှာ သူမ၏ အကြီးမားဆုံးလျှို့ဝှက်ချက်အား သိထားပြီးဖြစ်သလို နတ်သမီးသည် ထိုအကြောင်းနှင့် ပတ်သက်၍ အလွန်အမင်း စိတ်ဝင်စားနေကြောင်းကိုမူ အင်စလေ အနည်းငယ်မျှပင် မသိရှာချေ။ ဤနေရာ၌ နောက်ထပ် လိပ်ပြာသက်ရောက်မှုတစ်ခု စတင်ဖြစ်ပွားနေလေပြီ။
“အိုခေ.. ဒါဆိုလည်း လုပ်ငန်းစဖို့ ငါ့သူငယ်ချင်းတွေကို ပြောလိုက်တော့မယ်..”
ဖင်းလီ ပြတင်းပေါက်မှ ခုန်ထွက်သွားပြီးနောက် ခရိုနိုစ့်အား စံအိမ်အနီးသို့ ချဉ်းကပ်လာရန် အချက်ပြလိုက်သည်။ သူတို့သည် အခန်းအတွင်းသို့ မဝင်ဘဲ ကလေး၏ အခန်းနှင့် အနီးဆုံး သစ်ပင်ပေါ်တွင် ထိုင်လိုက်၏။
စောင့်ကြည့်ရန်အတွက် ပြတင်းပေါက်အား ဖွင့်ထားသည်။ ဖင်းလီသည် သူ၏စွမ်းအားဖြင့် လေအား အခန်းအတွင်းသို့ မဝင်နိုင်အောင် ထိန်းချုပ်လိုက်သည်။ ထိုသို့ဖြင့် ကလေး လိုအပ်သည့် အခန်းအပူချိန်အား ထိန်းညှိပြီးသား ဖြစ်သွားသည်။
[သီရီ.. နင်စလို့ရပြီလား.. နင် ပြီးပြီဆိုရင် ခရိုနိုစ့်က ကုတ် - စီ ရဲ့ မှတ်ဉာဏ်တွေကို ပြန်ဖော်ပြီး အင်ကို သူ့ရဲ့အတိတ်ဆီ ဝင်ခွင့်ပေးတော့မယ်..]
ဖင်းလီ၏ စိတ်ထဲ၌ အယ်သီရီယာ၏ အနည်းငယ် ရှက်ရွံ့နေသည့်အသံ ထွက်ပေါ်လာသည်။
[အဆင်သင့်ပဲ.. စကြစို့..]
နောက်ခဏ၌ အင်စလေ၏ ခန္ဓာကိုယ်ပတ်လည်တွင် အပြာရောင်အစက်လေးများ ဝိုင်းရံလာပြီး ကလေး၏ မျက်ခွံများ အလွန်အမင်း လေးလံလာသည်။ မည်သည်ကြောင့်ရယ် မသိဘဲ စက္ကန့်ပိုင်းအတွင်းမှာပင် အသိစိတ် ကင်းမဲ့သွားတော့သည်။
အပြာရောင်အစက်လေးများသည် အင်စလေ၏ ဝိညာဉ်အား ဖြည်းညင်းစွာ ဆွဲခေါ်ထုတ်လိုက်သည်။ တကယ်တမ်းတွင် ထိုအဖြစ်အပျက်သည် သူမ၏ ဝိညာဉ်အား အခြားသူများကို မြင်တွေ့ခွင့် ပြုလိုက်ခြင်းပင်။ ဖြစ်စဉ်မှာ ထိုသို့ဖြစ်ရမည်ပင်။
ကံမကောင်းစွာဖြင့် အင်စလေ၏ လျှို့ဝှက်ချက်အား ကာကွယ်ရန်အတွက် အယ်သီရီယာသည် အင်စလေ၏ ဝိညာဉ်အား သူမ၏ ခန္ဓာကိုယ် အရွယ်အစားနှင့် ကိုက်ညီအောင် ပြုပြင်လိုက်သည်။ ထို့ကြောင့် ဖင်းလီနှင့် ခရိုနိုစ့်တို့သည် ထူးဆန်းမှုအား ရှာတွေ့သွားခြင်း မရှိချေ။
အင်စလေ၏ ဝိညာဉ်မှာ သူမ၏ ခန္ဓာကိုယ်နှင့် တူညီသော်ငြား သေဆုံးပြီးသား စိတ်ဝိညာဉ်များကဲ့သို့ ထွင်းဖောက်မြင်နိုင်သည်။ သေဆုံးပြီးသား စိတ်ဝိညာည်များမှာလည်း နာမည်ကျော် ပုဂ္ဂိုလ်များ၏ ဝိညာဉ်များမှ ဖြစ်တည်လာခြင်းသာ။
အယ်သီရီယာသည် အင်စလေ၏ ဝိညာဉ်အား ကုတ် - စီ ၏ နဖူးမှတဆင့် စိတ်တွင်းသို့ မပို့ဆောင်မီ စက္ကန့်အနည်းငယ်ကြာ အပြင်ဘက်၌ နေစေလိုက်သည်။
နောက်တစ်စက္ကန့်၌ အပြာရောင် အလင်းစက်လေးများသည် ကုတ် - စီ ၏ မျက်ခုံးနှစ်ခုကြား ထိုးဖောက်ဝင်ရောက်သွားပြီးနောက် အင်စလေ၏ ဝိညာဉ်သည်လည်း အလင်းစက်များနှင့်အတူ ပျောက်ကွယ်သွားလေသည်။
ခရိုနိုစ့် အချိန်ဆွဲမနေတော့ဘဲ လက်ဖျောက်တီးလိုက်သည့်အခါ အင်စလေ၏ ခန္ဓာကိုယ် ပတ်လည်တွင် မမြင်နိုင်သော စွမ်းအင်တစ်ခု လွှမ်းခြုံသွားသည်။ သူမ၏ ခန္ဓာကိုယ်ပတ်လည်ရှိ အချိန်အားလုံး ရပ်ဆိုင်းသွားပြီး ဝိညာဉ်မရှိသော ခန္ဓာကိုယ်လေးမှာလည်း တဖြည်းဖြည်းချင်း အေးခဲလာသည်။
ထိုမြင်ကွင်းအား အခြားသူများ မြင်တွေ့သွားလျှင်မူ ကလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်နေခြင်းဟုသာ ထင်သွားကြမည်ပင်။
အင်စလေအား သူ၏ စိတ်ထဲသို့ ဝင်ခွင့် ပြုထားခြင်း ဖြစ်သောကြောင့် ကုတ် - စီ သည်လည်း နှစ်ခြိုက်စွာ အိပ်စက်နေလေသည်။
[ငါ့အပိုင်း ပြီးပြီ.. ဖင်း.. အင်ရဲ့ ဝိညာဉ်ကို ကုတ် - စီ ရဲ့ အတိတ်မှတ်ဉာဏ်ထဲ ခေါ်ဆောင်သွားရမဲ့ အလှည့်ပဲ..]
အယ်သီရီယာသည် သူမ၏ အပိုင်း ပြီးသည်နှင့် ဖင်းလီအား အကြောင်းကြားလိုက်သည်။
ဝိညာဉ် လွှဲပြောင်းရန်အတွက် သူမအနေနှင့် ထိုဝိညာဉ် ပတ်လည်ရှိ နေရာ (အာကာသ) အား လိမ်လိုက်ရုံသာဖြစ်၍ မခက်ခဲချေ။ အခြားကမ္ဘာမှ ဝိညာဉ်အား ဤကမ္ဘာသို့ ဆင့်ခေါ်ရန်မှာ ပိုမိုခက်ခဲလေသည်။ အကြောင်းမှာ အခြားကမ္ဘာ၏ အာကာသနှင့် ရင်ဆိုင်ရန် လိုအပ်သောကြောင့်ပင်။
[အိုခေ.. ကျေးဇူးပဲ သီရီ..]
ဖင်းလီသည် အယ်သီရီယာအား ကျေးဇူးတင်စကား ဆိုပြီးနောက် ခရိုနိုစ့်အား မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ လက်ဖဝါးအရွယ်ရှိ နတ်သမီးလေးသည် နှာမှုတ်ပြီးနောက် ကုတ် - စီ ၏ မှတ်ဉာဏ်ပတ်လည်ရှိ အချိန်အား လိမ်ကာ အင်စလေအား ကြောင်၏ အတိတ်ထံသို့ ပေးပို့စေလွှတ်လိုက်သည်။
“ပြီးပြီ.. အရာအားလုံး သူမအပေါ်မှာ မူတည်နေတယ်..”