သိသွားကြပြီ
Vol. 8 Ch. 113
အာကာသအား ထိန်းချုပ်သူ တစ်ဦးအနေနှင့် အင်စလေ၏ ဝိညာဉ်မှာ ဤကမ္ဘာနှင့် မသက်ဆိုင်ကြောင့် အယ်သီရီယာ မသိဘဲ မနေချေ။ သူမ စစ်ဆေးလိုက်သည်နှင့် ကွဲပြားမှုအား ချက်ချင်း သတိပြုမိသည်။
ဤသို့ ရှာဖွေတွေ့ရှိမှုသည် အယ်သီရီယာ၏ စိတ်အား အလုံးစုံ ပြောင်းပစ်လိုက်နိုင်သည်။ သူမ၏ မျက်နှာမှာ စိုးရိမ်တကြီးဖြစ်လာပြီး စိတ်ထဲ၌ တွေးနေမိသည်။
ဘာဖြစ်လို့ တခြားကမ္ဘာက ဝိညာဉ်တစ်ခုက ဒီကမ္ဘာကို ဝင်ရောက်နိုင်တာလဲ..
လွန်ခဲ့သော အချိန်များကပင် ကမ္ဘာတစ်ခုတည်း ရှိနေခြင်းမဟုတ်ကြောင်း အယ်သီရီယာ သိထားခြင်း ဖြစ်သည်။ သူတို့ကမ္ဘာအပြင် အခြားကမ္ဘာများစွာလည်း ရှိနေသည်။ သို့သော် ထိုကမ္ဘာများမှာ တစ်ခုနှင့်တစ်ခု ပတ်သက်မှု မရှိကြချေ။ ထိုသို့ဆိုလျှင် အန္တရာယ်ရှိနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ၃ နှစ်အရွယ် ကလေးတစ်ဦး၏ ခန္ဓာကိုယ်တွင် ရုတ်တရက် အခြားကမ္ဘာမှ ဝိညာဉ်တစ်ခု အခြေချနေသည်။ ယင်းမှာ မမျှော်လင့်ထားသော အရာဖြစ်သည်။ ထိုဝိညာဉ်မှာ ဤကမ္ဘာသို့ သူ့ဘာသာ ရောက်လာရန် မဖြစ်နိုင်ချေ။
သူမအား ဤနေရာသို့ ဆင့်ခေါ်လိုက်သည့် စွမ်းအားတစ်ခု ရှိရမည်။ သို့သော် အာကာသစွမ်းအား မရှိဘဲ မည်သို့လုပ်နိုင်မည်နည်း။ စကြဝဠာ တစ်ခုလုံးတွင် သူမတစ်ဦးတည်းသာလျှင် အာကာသစွမ်းရည် ပိုင်ဆိုင်ထားသူ ဖြစ်သည်။
အယ်သီရီယာ၏ မျက်နှာတွင် သံသယအပြည့် ဖြစ်လာသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းအား နားမလည်နိုင်ပါ။ နတ်သမီးလေးသည် ဖင်းလီအား အခြားကမ္ဘာမှ ဝိညာဉ်နှင့် မည်သို့ ဆက်သွယ်မိကြောင်း မေးမြန်းလိုသော်ငြား ဖင်းလီသည်လည်း သိထားပုံမရချေ။
ထို့ကြောင့် အယ်သီရီယာသည် ဖင်းလီအား ပြောပြရန် စိတ်ကူးမရှိချေ။ အခြားကမ္ဘာမှ ဝိညာဉ်နှင့် ပတ်သက်သည့် အရေးကိစ္စမှာ ရိုးရှင်းသော ပြဿနာတစ်ခု မဟုတ်ပေ။ အာကာသတစ်ခုလုံးအား လွှမ်းမိုးနိုင်သည့် စွမ်းအားရှိသူတစ်ဦး အနေနှင့် သူမသည် ဤကိစ္စအား အခြားသူများကို သိခွင့်မပေးနိုင်ချေ။
သီအိုရီအရ သူမသည်သာလျှင် အခြားကမ္ဘာမှ ဝိညာဉ်အား ဆင့်ခေါ်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သောကြောင့် အကြီးအကဲများထံမှ သံသယများ ရရှိနိုင်သည်။
ထိုအကြောင်းအား တွေးမိပြီးနောက် အယ်သီရီယာသည် သူမ၏ သံသယအား ဖုံးကွယ်ပြီး ဖင်းလီအား ပြောလိုက်သည်။
[ကောင်းတယ်.. ကလေးက ဝိညာဉ်လွှဲပြောင်းဖို့ လိုအပ်ချက်နဲ့ ကိုက်ညီတယ်.. သူမရဲ့ ဝိညာဉ်က အတော်လေး သန်မာတယ်..]
ဒါပေ့ါ.. အဲဒါက ကလေးတစ်ယောက်ရဲ့ ဝိညာဉ်မှ မဟုတ်တာ..
အယ်သီရီယာသည် သူမ၏ ထိတ်လန့်မှုအား ဖုံးကွယ်ရန် ပျော်ရွှင်နေသယောင် ပြောလိုက်သည်။ ကျေးဇူးတင်ဖို့ကောင်းစွာပင် ဖင်းလီသည် ဆက်သွယ်ရေးကိရိယာမှတဆင့် သူမ၏ မျက်နှာအား မမြင်နိုင်ပေ။ ထို့ကြောင့် အယ်သီရီယာ၏ စကားအား ယုံကြည်လိုက်သည်။
[အိုခေ.. အိုခေ.. ဒါဆို သူမကို အခုပဲ မေးလိုက်မယ်.. သူမ အဆင်သင့်ဖြစ်တာနဲ့ နင့်ရဲ့အကူအညီကို လိုလိမ့်မယ်.. ဟုတ်ပြီလား.. သီရီ..]
ဖင်းလီ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ကောင်လေးသည် သူ၏ အစီအစဉ်အတိုင်း အင်စလေအား ကူညီနိုင်ပြီ ဖြစ်သည်။
[အင်း.. လုပ်.. လုပ်..]
ဖင်းလီ ခရိုနိုစ့်အား စကားပြောလိုက်ချိန်မှာပင် အယ်သီရီယာ အဆက်အသွယ်ဖြတ်လိုက်သည်။
“နိုစ့်.. သီရီက သဘောတူလိုက်ပြီ.. မင်းကော အဆင်သင့်ပဲလား..”
ခရိုနိုစ့် သူ၏စကားများအား ရုပ်သိမ်းမသွားကြောင်း သေချာစေရန် မေးလိုက်သည်။
“သီရီက သဘောတူတယ်လား.. ထူးဆန်းလိုက်တာ.. ကောင်းပြီလေ.. ကိစ္စမရှိဘူး.. ငါလည်း အဆင်သင့်ပဲ..”
ခရိုနိုစ့် စက္ကန့်အနည်းငယ်ကြာ သံသယဝင်သွားမိသော်ငြား ဖင်းလီအား ယုံကြည်ရန် ရွေးချယ်လိုက်သည်။
“ဟ.. ဒါပေမဲ့ ဖင်း.. မင်းက တခြားတစ်ယောက်ကို အခုလိုမျိုး ကူညီမယ်ဆိုတာ စဉ်းစားကြည့်မှ..”
ခရိုနိုစ့်သည် ဖင်းလီနှင့်အတူ အချိန်နောက်ပြန်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကောင်လေး၏ အတိတ်အား သူ၏လက်ကဲ့သို့ ကောင်းစွာသိထားသည်။ အတိတ်တွင် ဖင်းလီမှာ အခြားသူများအား ကူညီပေးရန် ကြင်နာတတ်သူ မဟုတ်ပေ။
“ဟမ်.. ငါလည်း မကူညီချင်ဘူး.. ဒါပေမဲ့ သူမက စိတ်ဝင်စားဖို့ကောင်းတယ်.. အဲဒါကြောင့် ရင်းနှီးမြှုပ်နှံထားတာ..”
ဖင်းလီ ကိုးရိုးကားယားနိုင်စွာ ပြုံးလိုက်သည်။
“အမှန်ပဲ.. သူမက အတိတ်ကနဲ့ မတူဘဲ ကွဲပြားနေလို့ မဟုတ်လား.. မင်းအပြင် နောက်ထပ် ပြောင်းလဲသွားတဲ့သူက သူမပဲလေ..”
ခရိုနိုစ့်သည်လည်း ဤကိစ္စအပေါ်တွင် စိတ်ဝင်စားကြောင်း ဖော်ပြလိုက်သည်။
အချိန်စွမ်းအင်အား ထိန်းချုပ်နိုင်သူ တစ်ဦးအနေနှင့် တစ်စုံတစ်ခုကြောင့် မဟုတ်ဘဲ အတိတ်မှလူနှင့် ကွဲပြားခြားနားစွာ ပြုမူရန် မဖြစ်နိုင်ချေ။
သူတို့ လက်ရှိနေထိုင်သည့် ကမ္ဘာမှာ အပြိုင်ကမ္ဘာတစ်ခု ဖြစ်သော်ငြား လူသားများ၏ အပြုအမူနှင့် ဖြစ်ရပ်များမှာ မူလကမ္ဘာနှင့် တူညီနေသင့်သည်။
ဖင်းလီနှင့် သူသာလျှင် သူတို့၏ အပြုအမူများအား ပြောင်းလဲနိုင်ပြီး အခြားသူများမှာ ထိုသို့မဟုတ်ချေ။ သို့သော် ပြောင်းလဲနေသူ တစ်ဦး ရှိလာသည်။
ထိုသူမှာ အင်စလေ ဖြစ်သည်။
“သူမကလည်း တစ်နည်းနည်းနဲ့ အတိတ်က ပြန်လာတယ်လို့ မင်းထင်လား..”
ခရိုနိုစ့် အဝေးရှိ စံအိမ်၏ ပြတင်းအား ကြည့်ကာ မေးစေ့အား လက်ဖြင့်ပွတ်လိုက်သည်။
ကလေးသည် သစ္စာရှိရှိဖြင့် သူတို့အား စံအိမ်ထဲ၌ စောင့်မျှော်နေခြင်း ဖြစ်သည်။
“အတိတ်က ပြန်လာတာလား.. ဟမ်.. အဲလိုလုပ်နိုင်တာ မင်းပဲရှိတာလေ.. ပြီးတော့ အဲဒီစွမ်းအားကို ငါ့အပေါ် သုံးလိုက်တယ်လေ..”
ဖင်းလီ ခေါင်းယမ်းလိုက်သည်။
“အင်စလေ အရင်ကနဲ့ မတူတော့တဲ့ အကြောင်းအရင်းတော့ ရှိရမယ်.. လိပ်ပြာသက်ရောက်မှုများလား..”
ဖင်းလီ၏ အပြုအမူ ပြောင်းလဲသွားချိန်မှစကာ မည်သည့်အရာမှ တစ်သမတ်တည်း ဖြစ်လာတော့မည် မဟုတ်ချေ။ သူ၏ အတိတ်ဘဝနှင့် မတူဘဲ ပြောင်းလဲသွားသည့် အသေးအဖွဲလေးများစွာ ရှိလေသည်။
အင်စလေ၏ ပြောင်းလဲမှုသည်လည်း သူ့ကြောင့်ပင် ဖြစ်နိုင်သည်။
“ဖြစ်နိုင်ခြေရှိတယ်.. အဲလိုပဲ တွေးကြတာပေါ့..”
ခရိုနိုစ့် ခေါင်းညိတ်လိုက်သည်။ အချိန်နောက်ပြန်သွားခြင်းမှာ သူတို့နှစ်ဦးကြားမှ လျှို့ဝှက်ချက်ဖြစ်သောကြော့် အခြားသူများသည်လည်း အချိန်နောက်ပြန် သွားနိုင်မည်ဟု မဆိုလိုပေ။
ဖင်းလီ အချိန်နောက်ပြန် သွားခဲ့သည့် အကြောင်းအား ခရိုနိုစ့်မှလွဲ၍ သိထားသူ မရှိချေ။
ထိုအကြောင်းအား စဉ်းစားပြီးနောက် အင်စလေ၏ ဝိညာဉ်အား စစ်ဆေးစဉ်တွင် အယ်သီရီယာ၏ တုံ့ပြန်ပုံအား အမှတ်ရသွားသည်။ ထိုစဉ်က အယ်သီရီယာ၏ အသံမှာ အံ့ဩသွားပုံပေါ်သည်။
တစ်ခုခု ဖြစ်တာလား.. ကလေးက တကယ်ပဲ ဆန်းကြယ်နေတာပဲ ဖြစ်ရမယ်..
အယ်သီရီယာသည် အင်စလေ၏ အခြားကမ္ဘာမှ ဝိညာဉ်အား အသိအမှတ်ပြုထားကြောင်း ခရိုနိုစ့် မသိချေ။ ထို့အတူ ဖင်းလီ အတိတ်သို့ ပြန်လာခြင်းအားလည်း အယ်သီရီယာ မသိထားချေ။
နှစ်ဦးစလုံးသည် မတူညီသော နယ်ပယ်ရှိ စွမ်းအားများကိုသာ အလေးထားကြသည်။ ထို့ကြောင့် ဖင်းလီနှင့် အင်စလေတို့၏ ကိစ္စရပ်များနှင့် ပတ်သက်၍ မသိကြခြင်း ဖြစ်သည်။
တစ်ဦးမှာ ဖင်းလီသည် အချိန်နောက်ပြန်လာမှန်း သိထားသော်ငြား အင်စလေမှာ ဝိညာဉ်ကူးပြောင်းလာသူဖြစ်ကြောင်း မသိပေ။ ထိုသို့ အပြန်အလှန် ဖြစ်ကြသည်။
လက်ရှိအချိန်တွင် သူတို့သည် ကလေးနှစ်ဦး၏ ပုံစံအမှန်အား မသိထားကြချေ။
“ဒါဆိုလည်း အင်စလေကို သွားပြောလိုက်ဦးမယ်.. နိုစ့်.. ဒီမှာပဲ စောင့်နေနော်..”
ဖင်းလီသည် လေစွမ်းအင်အား အသုံးပြုကာ ကောင်းကင်ပေါ်သို့ ပျံတက်ကာ အင်စလေထံသို့ သွားလေသည်။ အင်စလေနှင့် တွေ့ဆုံပြီးနောက် ကွေ့ဝိုက်မနေတော့ဘဲ အခြေအနေအား ရှင်းပြလိုက်သည်။
“အဲဒါကြောင့် သူ့ရဲ့ မှတ်ဉာဏ်တွေထဲ ဝင်ရောက်ဖို့ ကုတ် - စီ ရဲ့ ခွင့်ပြုချက် လိုအပ်တယ်.. အဲဒီတော့မှ မင်းရဲ့ ဝိညာဉ်ကို ကုတ် - စီ ရဲ့ မှတ်ဉာဏ်ထဲ ပေးပို့ပြီး သူ့ရဲ့ အတိတ်ကို ခံစားကြည့်နိုင်မှာ..”
“အွင်းး”
ကလေးသည် ကုတ် - စီ အား ကြည့်ကာ ထိုအရာအား လက်ခံခြင်း ရှိ၊ မရှိ အပေါ် သိချင်မိသည်။ သူမ၏ ဝိညာဉ်အား ကူးပြောင်းရန်လည်း လိုအပ်သည်ဟု ပြောလေသည်။
“အင် တေတွားမှာရား”
အင်စလေ သူမ၏ စိုးရိမ်စိတ်အား ဖော်ပြလိုက်သည်။ ခန္ဓာကိုယ်မှ ဝိညာဉ် ထွက်ခွာသွားမည်ဆိုလျှင် သေဆုံးသွားခြင်း မဟုတ်ပါလား။
“အာ.. မစိုးရိမ်နဲ့နော်.. ငါ့ရဲ့အစ်ကို ခရိုနိုစ့်က သူ့ရဲ့ စွမ်းရည်ကိုသုံးပြီး မင်းရဲ့ ခန္ဓာကိုယ်ကို မူလအခြေအနေအတိုင်း ထိန်းသိမ်းပေးထားမှာ.. အဲဒါကြောင့် ကိုမာဝင်နေသလိုပဲ ဖြစ်သွားလိမ့်မယ်..”