အခြားကမ္ဘာမှဝိညာဉ်
Vol. 8 Ch. 112
သူတို့နှစ်ဦး၏ စွမ်းအားများမှာ လုံးလုံးလျားလျား ဆန့်ကျင်နေကြသောကြောင့် အယ်သီရီယာသည် ခရိုနိုစ့်အား မြင်လျှင် အတော်လေး ‘အင်တင်တင်’ ဖြစ်နေတတ်သည်။
တစ်ဦးမှာ အချိန်ကို ထိန်းချုပ်ပြီး ကျန်တစ်ဦးမှာ အာကာသကို ထိန်းချုပ်လေသည်။
စွမ်းအားနှစ်ခုမှာ အလွန်သန်မာအားကောင်းပြီး သူတို့ဆန္ဒရှိလျှင် ဂြိုဟ်တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သည်။
ထို့ကြောင့် အကြီးအကဲများသည် ခရိုနိုစ့်နှင့် အယ်သီရီယာတို့အား အချင်းချင်း နီးစပ်သွားမည်ကို မမြင်လိုကြချေ။ ခရိုနိုစ့်မှာ မည်သို့မှ မတတ်နိုင်ဘဲ သူနှင့် တဖြည်းဖြည်း အလှမ်းဝေးလာသည့် အယ်သီရီယာအား ကြည့်နေရုံသာ ရှိတော့သည်။
အင်စလေအား ကူညီမည့် ကိစ္စရပ်အတွက် အယ်သီရီယာ၏ အကူအညီအား တောင်းခံရန် လိုအပ်သည်။ ခရိုနိုစ့်သည် အယ်သီရီယာနှင့် ဆက်သွယ်ရမည်ကို စိတ်လှုပ်ရှားမိသော်ငြား လေဒီသည် သူ၏ တောင်းဆိုမှုအား ငြင်းဆိုလိုက်မည်ဆိုလျှင် မည်သို့လုပ်ရမည်နည်း။
ခရိုနိုစ့်သည် သေးငယ်သည့် လက်မလေးများအား လိမ်နေမိသည်။ အယ်သီရီယာထံမှ ငြင်းပယ်မခံရရန် ဆုတောင်းနေမိသည်။ သူ၏ နှလုံးသားလေးမှာ နုနယ်ပြီး ဆယ်ကျော်သက်လေး တစ်ဦးလိုပင်။
“ဖင်း.. မင်းရဲ့ တောင်းဆိုမှုကို ပြောင်းပေးလို့ရမလား.. ငါ မကူညီနိုင်လို့ မဟုတ်ဘူး.. ဒါပေမဲ့.. အယ်သီရီယာကို ဆက်သွယ်ဖို့က.. ငါ..”
ခရိုနိုစ့် သုန်မှုန်ကာဖြင့် ခပ်တိုးတိုး ရေရွတ်နေသည်။
အယ်သီရီယာအား အလွန်အမင်း တွေ့ချင်လွန်းသောကြောင့် အကြီးအကဲများအား အပြစ်ပြုမိမည်ကိုပင် စိတ်ထဲမထားချေ။ သို့သော် သူမ၏ တည့်တိုးဆန်သည့် ငြင်းပယ်မှုအား ရင်ဆိုင်ရန်မှာမူ..
သူငယ်ချင်းဖြစ်သူ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ကို မြင်ချိန်တွင် ဖင်းလီ ခါးသီးစွာ ရယ်မောလိုက်သည်။
“သီရီကို အကူအညီတောင်းဖို့ မင်းအတွက် မလွယ်ကူမှန်း ငါသိပါတယ်.. ဒါပေမဲ့ ကြိုးစားကြည့်ပေးလို့ ရမလား.. ကျေးဇူးပြုပြီ..”
ဖင်းလီသည် ခရိုနိုစ့် သဝန်တိုစေရန် အယ်သီရီယာ၏ အမည်ပြောင်အား အမှုမဲ့အမှတ်မဲ့ ခေါ်လိုက်သည်။
“အခြေအနေကို ပြောပြပြီး သူမရဲ့ ကူညီမှုအတွက် အဖိုးအခတစ်ခု ပေးပါမယ်လို့ ပြောပေးလေ..”
ဖင်းလီသည် အင်စလေအား ကူညီရန်အတွက် အဖိုးအခများ ပေးရန် စိတ်မရှိပါလေ။
အင်စလေ သူမ၏ မြင့်မြတ် အစောင့်အရှောက်နှင့် ပဋိညာဉ်ပြုပြီးသည်နှင့် သူမ၏ လမ်းမှာ ပို၍ချောမွေ့သွားမည်ပင်။ အနာဂတ်တွင် ကျန် အစောင့်အရှောက် ၂ ကောင်အား သိမ်းသွင်ရန် သူ၏ အကူအညီ မလိုလောက်တော့ပေ။
မည်သို့ပင်ဖြစ်စေ ဖင်းလီသည် အင်စလေအား အခမဲ့ ကူညီရန် ရည်ရွယ်ချက် မရှိပေ။ ကလေးထံမှ တစ်စုံတစ်ခု ပြန်ရယူလိုသည်။
“ဒီလိုဆိုရင်ကော ဘယ်လိုလဲ နိုစ့်.. မင်း ဘာလိုချင်လဲ ငါပေးမယ်.. ဒါမှမဟုတ် အယ်သီကိုပဲ တိုက်ရိုက်မေးရမလား.. မင်း အရမ်းရှက်နေတယ်ဆိုရင်..”
“အိုခေလေ.. လုပ်ပေါ့.. အခုပဲ အယ်သီရီယာကို အကူအညီတောင်းလိုက်.. သူမ သဘောတူပြီဆိုမှ ငါတို့ရဲ့ အကူအညီအတွက် အဖိုးအခကို ပြောကြတာပေါ့..”
ခရိုနိုစ့်သည် ဖင်းလီ၏ ကမ်းလှမ်းချက်အား ငြင်းဆန်ခြင်းမပြုချေ။
ဒီကိစ္စ ကောင်လေးကို ကိုင်တွယ်ခိုင်းတာ ပိုကောင်းတယ်..
“ကောင်းပြီလေ.. ဈေးနှုန်းကတော့ ပုံမှန်ပဲနော်.. ငါ့ရဲ့ သက်တမ်း ဟုတ်လား..”
ဖင်းလီသည် သူ၏ လက်အား ငုံ့ကြည့်လိုက်ပြီး လက်ဖဝါးအား လှုပ်ယမ်းလိုက်သည့်အခါ သူ၏ လက်သူကြွယ်တွင် ငွေလက်စွပ်တစ်ကွင်း ထွက်ပေါ်လာသည်။
ယင်းမှာ တော်ဝင်နတ်သမီးများနှင့် ဆက်သွယ်ရသည့် ဆက်သွယ်ရေးကိရိယာဖြစ်သည်။ ဖင်းလီထံ၌ အယ်သီရီယာအား ဆက်သွယ်ရမည့် နံပါတ်ရှိလေသည်။
“မဟုတ်ဘူး.. ဒီတစ်ကြိမ်တော့ မင်းရဲ့ သက်တမ်းကို မလိုချင်ဘူး..”
ခရိုနိုစ့်သည် ဖင်းလီ၏ လက်သူကြွယ်ရှိ ပြောင်လက်နေသော ငွေလက်စွပ်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“ဒီတိုင်း.. ငါနဲ့ အယ်သီရီယာကို နှစ်ယောက်တည်း တွေ့လို့ရအောင် စီစဉ်ပေး..”
ခရိုနိုစ့်သည် ရှက်လွန်းသောကြောင့် မျက်နှာတစ်ခုလုံး နီမြန်းကာ ဖင်းလီမမြင်စေရန် မျက်နှာလှည့်သွားပြီး သူငယ်ချင်းဖြစ်သူ၏ မျက်နှာကိုပင် မကြည့်လိုတော့ချေ။
ဖင်းလီသည် အယ်သီရီယာနှင့် အတော်လေး ရင်းနှီးသောကြောင့် အကြီးအကဲများသည် အယ်သီရီယာနှင့် သူ့အား တွေ့ဆုံခွင့်ပြုရန် တစ်ခုတည်းသော လမ်းစလည်းဖြစ်သည်။
ဖင်းလီမှာ အဖိုးတန် အောင်သွယ်တစ်ဦးပင်။
“အိုခေ.. အိုခေ.. အဲလောက်လည်း မခက်ပါဘူး.. သီရီကလည်း ငြင်းမှာ မဟုတ်ဘူး..”
ဖင်းလီ ယုံကြည်မှုရှိစွာ ပြုံးလိုက်သည်။ အယ်သီရီယာသည်လည်း တူညီသော တောင်းဆိုမှုမျိုး ပြုလုပ်လိမ့်မည်ဟု ခရိုနိုစ့်အား မပြောတော့ပေ။
မှန်သည်။ ခရိုနိုစ့်နှင့် အယ်သီရီယာတို့မှာ တစ်ဖက်သတ်အချစ် မဟုတ်ကြချေ။ တစ်ဦးနှင့်တစ်ဦး နားလည်မှု လွဲနေကြရုံသာဖြစ်သည်။ သို့သော် ဖင်းလီမှာ ထိုနားလည်မှုလွဲခြင်းအား ဖြေရှင်းပေးရန် ကြင်နာတတ်သူ မဟုတ်ချေ။
သို့မဟုတ်ပါက အယ်သီရီယာအား မည်သည်ကြောင့် ဆက်သွယ်ပြီး ဆန္ဒရှိသလို ခရိုနိုစ့်၏ အကူအညီအား အသုံးချနိုင်မှာလဲ။
ဖင်းလီမှာ အမှန်တကယ်ကို နတ်ဆိုးတစ်ကောင် ဖြစ်လေသည်။
“အခုပဲ သူမကို ဆက်သွယ်လိုက်မယ်..”
ဖင်းလီသည် လက်ယမ်းပြီးနောက် ငွေလက်စွပ်အား ပွတ်လိုက်သည်။ သူ၏ အတွေးများအား လက်စွပ်အတွင်းသို့ပို့ကာ အယ်သီရီယာအား ကူညီပေးနိုင်မလားဟု အဓိကထား မေးလိုက်သည်။
နတ်သမီးအား ဤနေရာသို့ ခေါ်ရန် မလိုအပ်ချေ။ လေဒီအယ်သီရီယာသည် အာကာသအား အဝေးမှပင် ထိန်းချုပ်နိုင်သည်။ အင်စလေ၏ ဝိညာဉ်တည်နေရာအား ရှာဖွေပြီးနောက် ကူးပြောင်းခြင်းဖြစ်စဉ်အား ကူညီပေးမည်ပင်။
များမကြာမီ ငွေရောင်အလင်းတန်း ထွက်ပေါ်လာပြီး ဖင်းလီ၏ စိတ်ထဲတွင် မိန်းမဆန်သည့် နူးညံ့ကာ ရှက်ရွံ့နေသော အသံတစ်သံ ကြားလိုက်ရသည်။
[ဖင်းနီ.. ငါ ကူညီပေးနိုင်တယ်.. ဒါပေမဲ့ အဖိုးအခကို နင်သိပါတယ်..]
နတ်သမီးလေး ခပ်တိုးတိုးပြောသည်။ နောက်ဆုံးစကားအား ပြောချိန်တွင် သူမ၏ အသံမှာ တဖြည်းဖြည်းချင်း တိုးသွားလေသည်။
[ခ.. ခရိုနိုစ့်နဲ့ တွေ့လို့ရအောင် စီစဉ်ပေး.. ငါ့.. ငါ့တောင်းဆိုမှုအကြောင်း သူ့ကို မသိစေနဲ့နော်.. အကြီးအကဲတွေကို ဖြောင်းဖျပေးပါဦး..]
ဖင်းလီ မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်သည်။
[ဒါပေါ့.. ငါက နင်တို့ အကြီးအကဲတွေနဲ့ ရင်းနှီးတာပဲ.. နင့်ရဲ့ အကူအညီအတွက် ပြန်ကူညီပေးရမှာပေ့ါ..]
ခရိုနိုစ့်နှင့် အယ်သီရီယာမှာ တစ်ယောက်ကိုတစ်ယောက် မုန်းတီးနေကြသည်ဟု တွေးနေခြင်းဖြစ်သည်။ အကြောင်းမှာ သူတို့နှစ်ဦးသည် အလွန်အမင်း ဂုဏ်မောက်နေကြသောကြောင့် အချင်းချင်း တွေ့ဆုံချိန်တိုင်းတွင် ရန်လိုစွာ ကြည့်လေ့ရှိသည်။
ဖင်းလီသည် တော်ဝင်နတ်သမီး အကြီးအကဲများထံမှ ချစ်ခင်မှုအား ရရှိပြီးနောက် အယ်သီရီယာနှင့်လည်း ရင်းနှီးလာသောကြောင့် အမှန်တရားအား ဖင်းလီ တစ်ဦးတည်းသာ သိသည်။
တော်ဝင်နတ်သမီး အကြီးအကဲများ ဖင်းလီအား သဘောကျရသည့် အကြောင်းအရင်းမှာမူ သူ၏ အသွင်အပြင်သည် တော်ဝင်နတ်သမီးများနှင့် အတော်လေး တူညီနေသောကြောင့် ဖြစ်နိုင်သည်။ ဖင်းလီသည် အလွန်နာခံတတ်ပြီး နတ်သမီးများကိုပင် အံ့အားသင့်သွားစေလောက်သည့် စွမ်းရည်အချို့ ရှိ၏။
[စိတ်ချပါ.. ခရိုနိုစ့်ကို ဆွဲခေါ်လာခဲ့မယ်.. အာ.. ဟုတ်သားပဲ.. အင်စလေရဲ့ ဝိညာဉ်ကို ရှာလို့ရလား.. သူမက..]
ဖင်းလီသည် အင်စလေ၏ အသွင်အပြင်နှင့် အငွေ့အသက်အား ဖော်ပြလိုက်သည်။ အင်စလေအကြောင်း ပြောလိုက်ချိန်မှာပင် အယ်သီရီယာ၏ အသံမှာ စိတ်လှုပ်ရှားလာပုံရသည်။
[ဖင်း.. ဒါက နင့်ရဲ့ ချစ်သူလေးလား.. မိန်းကလေးတွေကို စိတ်မဝင်စားဘူးလို့ ထင်ထားတာ.. အာ... ဖင်း.. ဒီကလေးက ဘယ်သူလဲ.. ငါ့ကို မိတ်ဆက်ပေးဦး..]
ခရိုနိုစ့်နှင့် ‘ဖိအားပေး’ တွေ့ဆုံခိုင်းရန်ဟူသည့် မူမမှန်သော အကြောင်းအရင်းကြောင့် ဖင်းလီ၏ အကူအညီကို လိုအပ်သူ တစ်ဦးအနေနှင့် အယ်သီရီယာသည်လည်း ဖင်းလီ၏ အကောင်းဆုံးသူငယ်ချင်း ဖြစ်လာသည်။
သူမ၏ သူငယ်ချင်းမှာ လူသားကလေးတစ်ဦးအား အလွန်အမင်း ကူညီချင်နေသဖြင့် စိတ်မဝင်စားမိဘဲ မနေနိုင်တော့ချေ။
အယ်သီရီယာ၏ စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေသော လေသံကြောင့် ဖင်းလီ ခေါင်းကိုက်လာတော့သည်။
[မဟုတ်ဘူး.. သူမရဲ့ ဝိညာဉ်ကို စစ်ဆေးပြီး ကုတ် - စီ ရဲ့ မှတ်ဉာဏ်ထဲ ဝင်ဖို့ သင့်တော်လားပဲ ကြည့်စမ်းပါ..]
ဖင်းလီ၏ စကားမဆုံးမီမှာပင် အယ်သီရီယာ၏ အံ့အားသင့်နေသည့်အသံ ထွက်ပေါ်လာသည်။
[အယ်.. ဒီကောင်မလေးရဲ့ ဝိညာဉ်က..]
ဖင်းလီ၏ စိတ်ထဲရှိ အယ်သီရီယာ၏ အသံမှာ လေးနက်မှုအပြည့် ဖြစ်သွားသည်။ ထိုသို့သော ရုတ်တရက် ပြောင်းလဲမှုသည် ဖင်းလီအား သတိအနေအထား ဖြစ်သွားစေသည်။
[ဘာဖြစ်တာလဲ.. ဝိညာဉ်က ရွှေ့ပြောင်းခံရလောက်အောင် မသန်မာဘူးလား.. ငါ့ရဲ့ အစီအစဉ်ကို ဖျက်ပစ်ရတော့မှာလား..]
ဖင်းလီ စိုးရိမ်စိတ် ဝင်လာတော့သည်။
သို့သော် အယ်သီရီယာ ပြန်မဖြေချေ။ သူမသည် အာကာသစွမ်းရည်အား အသုံးပြုကာ အင်စလေ၏ ဝိညာဉ်အား စစ်ဆေးနေခြင်းဖြစ်သည်။
ဒီကောင်မလေးရဲ့ ဝိညာဉ်.. ဘယ်လိုဖြစ်ပြီး ဒီကမ္ဘာက မဟုတ်ရတာလဲ..