အာကာသနတ်သမီး အယ်သီရီယာ
Vol. 8 Ch. 111
သူ၏ အကောင်းဆုံးသူငယ်ချင်းဟူသည့် ဤအချိန်နတ်သမီး ခရိုနိုစ့်မှာ ငကြောင်တစ်ကောင်ဖြစ်သည်။ သင်းအား စိတ်ရှိလက်ရှိသာ ရိုက်နှက်ပစ်ချင်လာ၏။
“ဟမ်.. သူမကို ကူညီချင်တာလား..”
ခရိုနို့စ် ဖင်းလီအား စနောက်နေရာမှ ရပ်သွားသည်။ မျက်နှာသေနှင့် ဖြစ်သော်ငြား သူ၏ မျက်လုံးများမှာမူ စူးစမ်းလိုစိတ်ကြောင့် တလက်လက်ဖြစ်နေသည်။
“ဘာများလဲ.. သူမ မြန်မြန်လေး ကြီးပြင်းလာအောင် အချိန်ကို မြန်ခိုင်းစေချင်တာလား..”
ခရိုနိုစ့် ရဲတင်းစွာ ခန့်မှန်းလိုက်သည်။
ဖင်းလီမှာ ခရိုနိုစ့်အား နေရာတွင်ပင် သတ်ပစ်ချင်စိတ် ပေါ်လာသည်။
ဒီကောင်ရဲ့ စိတ်ကူးယဉ်မှုတွေက နောက်တစ်ဆင့်ကို ရောက်နေပြီ..
ခရိုနိုစ့်သည် အင်စလေအကြောင်းအား သိထားပြီးဖြစ်သည်။ အကြောင်းမှာ ဖင်းလီသည် ဘလဲ၏ ပြိုင်ဘက် ဖြစ်လာနိုင်ချေရှိသည့် ဆန်းကြယ်သော ကလေးအကြောင်းအား မကြာခဏ ပြောပြတတ်သောကြောင့်ပင်။
ဤငကြောင်ကောင်မှာ အံ့ဩဖွယ်ကောင်းလောက်အောင် ချစ်မှုရေးရာနှင့် ပတ်သက်သည့် ကောလဟာလများအား အလွန်သဘောကျလေသည်။ အင်စလေအကြောင်း ပြောသည်နှင့် ချက်ချင်းဆိုသလို ဖင်းလီနှင့် အင်စလေအား အတွဲအဖြစ် တွဲဖက်ပေးကာ သူတို့နှစ်ဦး၏ လျှို့ဝှက်အောင်သွယ်တော် ဖြစ်လာသည်။
အချိန်နောက်ပြန် ခရီးသွားခဲ့သည့် ခရိုနိုစ့်၏ ကာလရှည်ကြာ ပဋိညာဉ်ပြုသူမှာ သူ၏ အနာဂတ်ဇနီးလေးအား ကူညီပေးရန် သူ့အား အလိုရှိနေသဖြင့် ခရိုနိုစ့် သိလိုစိတ် ဖြစ်လာသည်။ ထို့ကြောင့် ဖင်းလီ၏ တောင်းဆိုမှုအား သိချင်လာသည်။
“ငါက အဲဒီလို ကြောင်တောင်တောင်နိုင်တဲ့ တောင်းဆိုမှုမျိုး လုပ်မယ်လို့ ထင်နေလား.. မင်းရဲ့ အကူအညီကို ရဖို့ဆိုတာ အခမဲ့မှ မဟုတ်ဘဲ..”
ဖင်းလီ မျက်လုံးလှိမ့်လိုက်သည်။
ခရိုနိုစ့်သည် ဖင်းလီ၏ ပဋိညာဉ်ပြု နတ်သမီးဖြစ်သော်ငြား အရေးအကြီးဆုံး တော်ဝင်နတ်သမီး မိသားစုဝင်များမှ တစ်ယောက်ဟူသည့် ထူးခြားသော ဖြစ်တည်မှုကြောင့် နှစ်ဦးသားမှာ သခင်-လက်အောက်ငယ်သား ဟူသော ဆက်ဆံရေးမျိုး မဟုတ်ကြချေ။
သူတို့၏ ပဋိညာဉ်အမျိုးအစားမှာ သာတူညီမျှ ပဋိညာဉ်မျိုးဖြစ်သည်။ ထို့ကြောင့် ဖင်းလီသည် ခရိုနိုစ့်အား သူ၏ စွမ်းအားကို အသုံးပြုပေးရန် တောင်းဆိုရာတွင် သင့်တင့်သော အဖိုးအခတစ်ခု ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။
မှတ်ဉာဏ်အပြည့်ဖြင့် အတိတ်သို့ ပြန်လာရန်အတွက် အလွန်အမင်း နာကျင်ခံစားပြီးနောက် ငြိမ်းချမ်းစွာ အိပ်စက်လိုသည့် မိခင်ဖြစ်သူအား စတေးခဲ့ရသည်။
ဤတစ်ကြိမ်တွင်း ဖင်းလီသည် ခရိုနိုစ့်အား ကုတ် - စီ ၏ အတိတ်မှတ်တမ်းအား ဖွင့်ရန်နှင့် အင်စလေအား ဒိုင်မေးရှင်းအတွင်းသို့ ဝင်နိုင်ရန် တောင်းဆိုမည် ဖြစ်သည်။ ယင်းသည် အင်စလေအား ကုတ် - စီ ၏ အတိတ်သို့ သွားခွင့်ပြုလိုက်ခြင်းမျိုး ဖြစ်သော်ငြား ကုတ် - စီ မသိစိတ်မှတဆင့် သွားရောက်မည် ဖြစ်သည်။
တစ်နည်းဆိုရသော် အင်စလေ၏ ဝိညာဉ်မှာ ကုတ် - စီ ၏ စိတ်ထဲသို့ ဝင်ရောက်ကာ ကုတ် - စီ ၏ အတိတ်မှတ်ဉာဏ်များထံသို့ ခရီးသွားခြင်းဖြစ်သည်။ ယင်းမှာ အတိတ်သို့ အချိန်နောက်ပြန်သွားခြင်းနှင့် မတူညီပါ။ အသွင်ကွဲတစ်မျိုး ဖြစ်သည်။
ကုတ် - စီ ၏ မှတ်ဉာဏ်များမှတဆင့် သူ၏ ဘဝအား တွေ့ကြုံခံစားပြီးနောက် အင်စလေသည် ကုတ် - စီ နှင့် လျင်မြန်ဆန်စွာ သံယောဇဉ်ကြိုး ဖွဲ့နှောင်နိုင်မည်။
ဖင်းလီ သူ၏ ရည်ရွယ်ချက်အား ရှင်းပြပြီးနောက် ခရိုနိုစ့် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“သိပြီ.. ဆိုတော့ ဒီလိုမျိုးပေ့ါ.. အင်း.. မခက်ပါဘူး.. ဒါပေမဲ့ မှတ်ဉာဏ်တွေထဲ ကျူးကျော်ဝင်ရောက်ဖို့ဆို အဲဒီ မြင့်မြတ် အစောင့်အရှောက်ရဲ့ ခွင့်ပြုချက်ကို လိုလိမ့်မယ်..”
ခရိုနိုစ့်သည် စိမ်းရွှေရောင် အတောင်ပံများအား တဖျက်ဖျက်ခတ်ရင်း ဖင်းလီ၏ ဦးခေါင်းထက်တွင် ပျံဝဲနေလေသည်။
“အဲဒီတော့မှသာ ငါက သူ့ရဲ့ မှတ်ဉာဏ်ထဲက အချိန်တွေကို ဆွဲခေါ်ပြီး ကလေးရဲ့ ဝိညာဉ်ကို ကုတ် - စီ ရဲ့ မှတ်ဉာဏ်ထဲ ဝင်ခိုင်းနိုင်မှာ..”
ထိုသို့ပြုလုပ်ရန် သူ၏ အချိန်ထိန်းချုပ်မှုစွမ်းအားနှင့် အခြားတစ်ဦး၏ စွမ်းအားကို လိုအပ်သည်။
ထို့ပြင် ထိုတစ်ယောက်အား ဆက်သွယ်ရန် အနည်းငယ် အင်တင်တင် ဖြစ်နေမိသည်။
“ဟမ်.. မင်းက အကူတစ်ယောက် လိုလိမ့်ဦးမယ်လို့ ငါမသိခဲ့ဘူး.. အဲဒီလူ မပါဘဲ အင် ကို ကုတ် - စီ ရဲ့ မှတ်ဉာဏ်ထဲ မပို့နိုင်ဘူးပေါ့..”
ဖင်းလီ တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်သည်။
ဤသဘောတူညီချက်မှာ ထိုမျှလောက် ရှုပ်ထွေးမည်မှန်း သိခဲ့လျှင် အင်စလေထံမှ အဖိုးအခတစ်ခုခု တောင်းဆိုမိမည် ဖြစ်သည်။
နောက်မှပဲ ရှင်းပြလိုက်တော့မယ်.. အခုတော့ ရင်းနှီးမြှုပ်နှံမှု တစ်ခုလိုပဲ သဘောထားတာပေါ့..
“ဟုတ်တယ်.. ဝိညာဉ်စွမ်းအင် ကျွမ်းကျင်တဲ့ နတ်သမီးတစ်ယောက် ဒါမှမဟုတ် အာကာသထိန်းချုပ် စွမ်းရည်ရှိတဲ့ နတ်သမီးတစ်ယောက် လိုအပ်တယ်..”
ခရိုနိုစ့် ခေါင်းညိတ်လိုက်သည်။
အာကာသထိန်းချုပ် စွမ်းရည်ရှိသည့် နတ်သမီးမှာ မည်သူ၏ ခန္ဓာကိုယ် သို့မဟုတ် ဝိညာဉ်ကိုမဆို ကုတ် - စီ ၏ မှတ်ဉာဏ်နယ်ပယ်ကဲ့သို့သော အခြားဒိုင်မေးရှင်းတစ်ခုထဲသို့ ပို့ပေးနိုင်သည်။
ဝိညာဉ်ကျွမ်းကျင် နတ်သမီးတစ်ယောက်နှင့် ဆက်သွယ်ခြင်းမှာ ပို၍ လွယ်ကူသော်ငြား ထိုနတ်သမီး အမျိုးအစားနှင့် မသိချေ။ သိခဲ့လျှင်ပင် ထိုနတ်သမီးမှာ အခြားအဖွဲ့တစ်ခုမှ ဖြစ်လိမ့်မည်။
နတ်သမီးများ၏ တော်ဝင်မိသားစုမှာ အတွင်းပိုင်း ပဋိပက္ခများစွာရှိသည့် လူသားများနှင့် များစွာကွဲပြားခြင်း မရှိပေ။ ခရိုနိုစ့်မှာ အနာဂတ် နတ်သမီးဘုရင်၏ အမွေဆက်ခံသူများထဲမှ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ၏ ပြိုင်ဘက်များထံမှ အကူအညီ တောင်းခံရန် မဖြစ်နိုင်ချေ။
တစ်ခုတည်းသော နည်းလမ်းမှာ အာကာသနတ်သမီးအား ဆက်သွယ်ရန်ဖြစ်သည်။ သို့သော် ထိုနတ်သမီးမှာ..
ခရိုနိုစ့်၏ မချင့်မရဲ မျက်နှာအား သတိပြုမိပြီးနောက် ဖင်းလီ သွားအဖြီးသား ဖြစ်လာသည်။
“ဘာလဲ.. မင်းက အာကာသနတ်သမီး အယ်သီရီယာကို မဆက်သွယ်နိုင်တာက သူမက မင်းရဲ့ တစ်ဖက်သတ် ကောင်မလေး ဖြစ်နေလို့လား..”
ဖင်းလီ ထိုအကြောင်းအား ပြောပြီးနောက် အော်ဟစ်ရယ်မောလုနီးနီးပင်။
ဖင်းလီ၏ စကားလုံးများ ထွက်လာချိန်မှာပင် ခရိုနိုစ့်၏ မျက်နှာတစ်ခုလုံး မဲမှောင်သွားတော့သည်။
“မကောင်းတဲ့ကောင်.. ဘာဖြစ်တယ်.. တစ်ဖက်သတ်အချစ် ဟုတ်လား.. ဟက်.. အဲဒါ မင်းလေ.. ငါမဟုတ်ဘူး..”
ခရိုနိုစ့် ချက်ချင်း တုံ့ပြန်သည်။ ဖင်းလီနှင့် တူသော ကောင်လေးသည် နှုတ်ခမ်းလေးအား ကိုက်ကာ အေးစက်စက်ပြီး ထည့်ဝါသော အပြုအမူများလည်း ပျောက်ကွယ်သွားသည်။
ခရိုနိုစ့်မှာ အသက် ၂၀၀ ကျော် ကလေးဆိုးတစ်ဦးအဖြစ် ပြောင်းသွားလေသည်။
“ဟမ့်.. မင်းရဲ့ ချစ်သူသေးသေးလေးကို ကူညီပေးဖို့ ငါ့မှာ တာဝန် မရှိဘူးနော်.. မှတ်ထားဦး.. ငါ့ရဲ့ အကူအညီ မရှိဘူးဆိုရင် မင်းရဲ့ ချစ်သူသေးသေးလေးက အနည်းဆုံး နှစ်အနည်းငယ် မကြာဘဲ အဲဒီသားရဲနဲ့ သံယောဇဉ်ကြိုး ဖွဲ့နိုင်မှာ မဟုတ်ဘူး..”
ခရိုနိုစ့် အဆုတ်ကွဲလုမတတ် အော်လိုက်သည်။ ကျေးဇူးတင်ဖို့ကောင်းစွာပင် သူတို့နှစ်ဦးစလုံးမှာ အင်စလေ၊ ကုတ် - စီ တို့နှင့် ဝေးရာ၌ ရှိနေကြသည်။
ဖင်းလီ ချက်ချင်း ပါးစပ်ပိတ်ကာ ခေါင်းညိတ်လိုက်သည်။ ခရိုနိုစ့်၏ မျက်နှာမှာ ခရမ်းချဉ်သီး တစ်လုံးအလား နီရဲနေသည်ကို မြင်ပြီးနောက် ဆက်မစတော့ပေ။
ကြည်နူးဖွယ် ချစ်ဇာတ်လမ်းများအား သဘောကျနှစ်သက်သည့် သနားဖွယ်ရာ နတ်သမီးလေးမှာ သူကိုယ်တိုင်မှာမူ ဝမ်းနည်းဖွယ် ချစ်ဇာတ်လမ်းနှင့် ကြုံတွေ့နေရသည်။
“အိုခေ.. အိုခေ.. ဆောရီးပါ.. မစတော့ဘူးနော်.. ဒါနဲ့ အယ်သီရီယာကို ဆက်သွယ်ဖို့ ခက်သလား.. သူမက မင်းတို့နဲ့ ပြိုင်ဘက်အဖွဲ့က မဟုတ်ဘူးမလား..”
ဖင်းလီ ခေါင်းယမ်းလိုက်သည်။
ငယ်ရွယ်စဉ်မှာပင် တော်ဝင်နတ်သမီးတစ်ယောက်နှင့် ပဋိညာဉ်ပြုခဲ့သူ တစ်ဦးဖြစ်သောကြောင့် အခြားတော်ဝင် နတ်သမီးများနှင့်လည်း အဆက်အသွယ်ရှိသည်။ ဖင်းလီ အယ်သီရီယာအား မြင်တွေ့ဖူးသည်။ သူမသည် ငွေရောင်ဆံပင်ရှည်များနှင့် နက်မှောင်သော အသားအရေရှိကာ လှပတည်ငြိမ်သော နတ်သမီးတစ်ယောက်ပင်။
ဖြူဖွေးသော အသားအရေနှင့် တော်ဝင်နတ်သမီးများအကြားတွင် ဆန်းဆန်းပြားပြား နက်မှောင်သော အသားအရေရှိမှာ ရှားပါးလှသည်။ သို့သော် သူမ၏ အနက်ရောင် အသားရောင်ကြောင့် အယ်သီရီယာအား မလှဟု မပြောနိုင်ပေ။
တကယ်တမ်းတွင် သူမ၏ နက်မှောင်သော အသားအရေကြောင့်ပင် အလှပဆုံးသော နတ်သမီး ဖြစ်လေသည်။ သူမ၏ ငွေရောင်တောက်တောက် ဆံပင်ရှည်များနှင့် နက်မှောင်ရွှန်းစိုသော အသားအရေသည် အခြားနတ်သမီးများနှင့် ကွဲပြားကာ ထူးခြားတောက်ပနေစေသည်။
အယ်သီရီယာသည် စွမ်းအားကြီးမားသော တော်ဝင်နတ်သမီးများထဲမှ တစ်ယောက်ဖြစ်သည်။ သူမသည် အခြားနတ်သမီး နိုင်ငံတော် တစ်ခုမှ ဖြစ်သော်ငြား ဘုရင်၏ မျိုးနွယ်မဟုတ်ပေ။ ကောလဟာလများအရ သူမသည် သူမနိုင်ငံ၏ ဘုရမအသစ်ဖြစ်လာပြီး နတ်သမီးလောကအား အုပ်စိုးလိမ့်မည်ဟု ဆိုကြသည်။
နတ်သမီးလောက၏ အိမ်ရှေ့စံအဖြစ် ရွေးချယ်ခံများထဲမှ တစ်ဦးဖြစ်သည့် ခရိုနိုစ့်မှာ အယ်သီရီယာအပေါ် အလုံးစုံ ကျရှုံးနေခြင်း ဖြစ်သည်။
ယင်းမှာ ‘တစ်ဖက်သတ်အချစ်’ သာဖြစ်ကြောင်း ဖင်းလီ ကောင်းကောင်း ‘သိ’ ထား၏။
သူ၏ သူငယ်ချင်းလေးမှာ ကံအကောင်း အကြောင်းမလှသည့် အချစ်ရေးအား စဉ်ဆက်မပြတ် ညည်းညူရင်း သူ့အား နေ့စဉ်နေ့တိုင်း နှောင့်ယှက်လေ့ရှိသည်။
သို့သော် အမှန်တရားကိုပင် မသိရှာချေ။