← Chapters

အချိန်နတ်သမီး ခရိုနို့စ် 

Vol. 8 Ch. 110

အချိန်နတ်သမီး ခရိုနို့စ် 

Vol. 8 Ch. 110

“စွမ်းအား.. နာမည်ကြီးမှု.. ဂုဏ်သတင်း.. စသဖြင့်ပေါ့.. အရာအားလုံးမှာ ဘလဲကို အနိုင်ယူစေချင်တယ်..”

ဖင်းလီ ဆက်ပြောသည်။ သူ၏ စကားများသည် အင်စလေအား အသက်ပင် မရှူနိုင်လောက်အောင် ကြောင်အသွားစေသည်။

ဘလဲကို အနိုင်ပိုင်းတာက ဘာများ အသုံးဝင်လို့လဲ.. သူမကို ကောင်းကောင်းတောင် မသိဘူးလေ.. ပြီးတော့ တစ်ခါမှလည်း မတွေ့ဖူးဘူး.. ဖင်းက ဘာဖြစ်လို့ အဲလိုပြောတာလဲ..

အင်စလေ နားမလည်နိုင် ဖြစ်နေမိသည်။ သို့သော် သေချာတာ တစ်ခုရှိ၏။ ဖင်းသည် ထို ဘလဲနှင့် မပြေနိုင်သော သွေးကြွေးရှိလေသည်။

ဘလဲရေ RIP ပါ..

အင်စလေ ကြောင်အနေစဉ် ဖင်းလီသည် လက်နှစ်ဖက်အား ပွတ်ပြီးနောက် အင်စလေအား သူ၏ ဝှက်ဖဲသဖွယ် ကြည့်လိုက်သည်။ မဟုတ်..။ အင်စလေမှာ ထိုမိန်းမယုတ်အား လက်စားချေရန် ကူညီပေးမည့် စစ်သူကြီးတစ်ဦးလိုပင်။

ယင်းမှာ သူကိုယ်တိုင် လက်စားမချေနိုင်သောကြောင့် မဟုတ်ပေ။ ဘလဲအား အတိတ်ဘဝ၌ သူခံစားခဲ့ရသမျှ၏ ၁၀ ဆ ခံစားစေလိုသောကြောင့်ပင်။ သူမအား သတ်ဖြတ်လိုက်ခြင်းမှာ ရိုးရှင်းပြီး ပျော်စရာမကောင်းပေ။

အင်စလေသာ ဘလဲအား သေစေခဲ့ပါက.. မဟုတ်.. ဘလဲသည် အသက်ရှင်ရမည့်အစား သေသွားရန်သာ ဆုတောင်းနေလောက်မည်။

မထင်မရှား ကလေးတစ်ယောက်က အဘက်ဘက်မှာ သာလွန်နေတာကို တွေးကြည့်စမ်း.. အထူးသဖြင့် မင်းကိုယ်တိုင်က အရမ်းတွေ ထူးချွန်တဲ့ ကလေးတစ်ယောက် ဖြစ်နေချိန်မှာပေါ့..

စိတ်ကူးကြည့်ရုံနဲ့တင် အရမ်းမိုက်နေပြီ..

ဖင်းလီသည် လှပသည့် အနာဂတ်အား စိတ်ကူးကြည့်ရုံနှင့်ပင် သွားရည်တမြားမြား ကျလုမတတ် ဖြစ်လာသည်။ ထို့နောက် အင်စလေ၏ နောက်ကွယ်၌ သူမ၏ မဟာမိတ်နှင့် အကောင်းဆုံး သူငယ်ချင်းဖြစ်သော သူရှိနေကြောင်း ဖော်ထုတ်မည်။ တစ်နေ့တွင် သူသည် ကလေး၏ သတို့သားလောင်း ဖြစ်ကောင်းဖြစ်လာနိုင်သေးသည်။

ခဏလေး.. အင်စလေကို ချစ်ခွင့်မပန်ရသေးခင် ဘလဲနဲ့ စေ့စပ်ရတာမျိုး ဖြစ်နိုင်သေးတာပဲ.. အဲဒီအချိန်ကျ အင်စလေသာ ဘလဲကို အနိုင်ယူထားပြီးပြီဆိုရင် ဘလဲကို လှောင်ပြောင်ပြီး အနိုင်ပိုင်းပစ်လိုက်လို့ရတယ်..

ထို့အပြင် လက်စားချေရန် စီစဉ်ထားခြင်းဖြစ်ကြောင်းနှင့် စေ့စပ်ပွဲမှာ လှေကားသက်သက်သာဖြစ်ကြောင်း ပြောလိုက်မည်ဆိုလျှင်..

အဲဒီ မိန်းမယုတ် ဘယ်လိုဖြစ်သွားမလဲ.. ဒေါသထွက်ပြီး သေသွားလောက်လား..

အဲဒါဆိုရင်တော့.. နည်းနည်းတော့ ရက်စက်ရာကျမယ်..

ဖင်းလီ တုန်လှုပ်သွားမိသည်။

ဒါပေမဲ့ ငါ သဘောကျတယ်..

ကောင်လေးသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ပြုံးလိုက်ပြီး သူ့ကိုယ်သူ အလွန်အမင်း အံ့ဩဖွယ်ကောင်းသူဟု ခံစားနေရသည်။ သူ့ထံတွင် ဗီလိန်တစ်ဦး၌ ရှိသင့်သော အရည်အချင်းများ ရှိနေသောကြောင့် အံ့ဩဖွယ်လည်း ဖြစ်သည်။

ငါကတော့ ငါပါပဲ..

အတ္တပေမဝါဒအား လက်ကိုင်ထားသည့် ကောင်လေးမှာ သူ့ကိုယ်သူ အားရကျေနပ်စွာဖြင့် ခေါင်းညိတ်ပြီးနောက် အင်စလေအား ကြည့်လိုက်သည်။

လှပသော အနာဂတ်အတွက် အင်စလေ တစ်စိတ်တစ်ပိုင်း ပါဝင်ရန် လိုအပ်သည်။

အင်စလေ အောင်မြင်သွားမည်ဆိုပါက အတိတ်၌ သူမ၏ မိသားစုအား ရှုပ်ထွေးစေခဲ့သည့် အင်အားစုများ အားလုံးကို ဖျက်ဆီးပစ်ရန်အတွက် သူမအား လမ်းညွှန်ပေးရန် စိတ်မရှိပါပေ။

အင်စလေသည် ထိုအရာများအား လိုအပ်ရုံတင် မကဘဲ အနာဂတ်တွင် ဖြစ်လာနိုင်သည့် ပြဿနာများကိုပါ အနည်းနှင့်အများ ရှင်းပြီးသား ဖြစ်မည်။

အင်စလေနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။ နှစ်ဦးစလုံးမှာ သနားဖွယ်ကောင်းသည့် တစ်ဦးတည်းသော ကလေးများဖြစ်ပြီး ကြီးပြင်လာချိန်တွင် ကံတရား၏ အချုပ်အနှောင်မှ လွတ်မြောက်နိုင်လိမ့်မည်။

ကြည်နူးစရာပဲ..

“ဘယ်လိုလဲ.. အင်.. အနာဂတ်မှာ ဘလဲကို အနိုင်ယူနိုင်မလား..”

ဖင်းလီ နောက်တစ်ကြိမ် မေးလိုက်သည်။

အင်စလေ ကြောင်အနေရာမှ သတိပြန်ဝင်လာပြီးနောက် ကလေးသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။

ငါက ဘလဲနဲ့ ရန်ကြွေးလည်း မရှိပါဘူး.. ဒါပေမဲ့ သူမကို မနာလိုဖြစ်နေတဲ့အချိန်မှာပဲ သူမကို အနိုင်ယူချင်တဲ့ တစ်စုံတစ်ယောက် ပေါ်လာတယ်ဆိုတော့ ငါလည်း အနိုင်ယူပစ်လိုက်သင့်တယ် မဟုတ်လား..

သူမသည် ကြင်နာတတ်သူ၊ စေတနာသဒ္ဓါတရား ထက်သန်သူ မဟုတ်ကြောင်း သူမကိုယ်တိုင် သိသည်။ သူမ၏ အရှက်မဲ့မှုနှင့် အတ္တစိတ်လွန်ကဲခြင်းမှတပါး ဘလဲအာရီတာသည် သူမ၏ သိမ်ငယ်စိတ်များအားလုံး၏ အရင်းအမြစ်ဖြစ်သည်။ ဘလဲအာရီတာ၏ အရိပ်အောက်မှ မလွတ်မြောက်နိုင်လျှင် သူမ၏ နှလုံးသားနတ်ဆိုးမှာ တဖြည်းဖြည်း ပိုမိုကြီးထွားလာမည်ပင်။

ဒီလိုဆို မကောင်းဘူး..

သူမအား ထိုဆန်းကြယ်သည့် ကလေးနှင့် နှိုင်းယှဉ်လာချိန်မှစကာ အင်စလေသည် အနာဂတ်တွင် ဘလဲနှင့် တွေ့ဆုံပြီး တိုက်ခိုက်ရန် စဉ်းစားထားပြီးဖြစ်သည်။

ဖင်းလီ၏ ကမ်းလှမ်းချက်မှာ ထိုမျှလောက် ဆိုးဝါးနေသည် မဟုတ်ပေ။ သူ၏ အသိပညာနှင့်ဆိုလျှင် ဘလဲအား အနိုင်ယူနိုင်အောင် ကူညီပေးနိုင်သည်။ သူမသည် ဖင်းလီနှင့် သူမ၏ အနာဂတ်အလားအလာအား ယုံကြည်သည်။

အဆုံးတွင် အကျိုး၊ အပြစ်များအား ချိန်ညှိပြီးနောက် အင်စလေ ခေါင်းညိတ်လိုက်သည်။

“အိုခေ.. လုပ်မေ..”

ကလေးသည် ဖင်းလီနှင့် လက်သီးချင်း တိုက်ကာ ဖင်းလီ၏ ကူညီထောက်ပံ့မှုအား ပြန်ပေးဆပ်ရန်အတွက် ရိုးသားမှုကို ဖော်ပြလိုက်သည်။

ကောင်လေးသည် မျက်လုံးများ အရောင်လက်လာပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်.. ကောင်းတယ်.. မမေ့နဲ့နော်.. ဘလဲကို အစွမ်းကုန် တိုက်ခိုက်ရမယ်..”

ဖင်းလီသည် အင်စလေအား ဘလဲကို မုန်းတီးနေရန် ဦးနှောက်ဆေးလိုက်သည်။

ဘလဲကို မုန်းတီးတဲ့သူတစ်ယောက် တိုးလာတာ ကောင်းတဲ့အရာပဲလေ..

အင်စလေ ခပ်တောင့်တောင့် ခေါင်းညိတ်လိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဘလဲနဲ့ မကြာခင် တွေ့ရမှာမျိုးလည်း မဟုတ်ဘူးလေ..

အလိုလေး.. ကောင်မလေးကတော့ သိပ်မကြာခင် သူ့စကားသူ ရုပ်သိမ်းရတော့မယ်.. ရန်သူတွေက လမ်းကျဉ်းကျဉ်းလေးမှာ ဆုံကြတယ်တဲ့.. အဲဒီ ဆိုရိုးက သိပ်မကြာခင် သက်သေပြပြီး ဖြစ်တော့မှာ..

“အပေးအယူ ဖြစ်ပြီနော်.. ငါ့ အစ်ကိုကို ခေါ်လိုက်တော့မယ်.. အဲဒါကြောင့် အပြင်ထွက်ဦးမယ်..”

ဖင်းလီ လက်ယမ်းပြပြီးနောက် ပြတင်းပေါက်မှတဆင့် အခန်းအပြင်သို့ ခုန်ထွက်သွားလေသည်။ ကောင်လေးသည် စံအိမ်မှ အကွာအဝေးတစ်ခုသို့ ရောက်ပြီးနောက် ကြီးမားသော သစ်ပင်တစ်ပင်နောက်တွင် ပုန်းအောင်းပြီးနောက် အချိန်နတ်သမီးအား ဆင့်ခေါ်ရန် ပဋိညာဉ်စွမ်းအားကို အသုံးပြုလိုက်သည်။

ဖင်းလီ မျက်လုံးများမှိတ်ထားပြီး နောက်ကျောရှိ နတ်သမီးပဋိညာဉ် အမှတ်အသားအား စွမ်းအင်ရင်းမြစ် ထိုးသွင်းလိုက်သည်။ အမှတ်အသားမှာ ရှေးဟောင်းနာရီတစ်လုံးနှင့် ဆင်တူပြီး အချိန်နတ်သမီးအား ကိုယ်စားပြုလေသည်။

ဖင်းလီ၏ ခန္ဓာကိုယ်မှ အထူးသဖြင့် ပဋိညာဉ် အမှတ်အသားမှ ရွှေရောင်အလင်းစက်များ ပြန့်ကျဲ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို မည်သည့်အသံမျှ ထွက်ပေါ်ခြင်း မရှိဘဲ အလင်းစက်များ စုဝေးကာ ရွှေရောင်နတ်သမီးတောင်ပံများ ပါရှိသည့် လက်ဖဝါးအရွယ် ကောင်လေးတစ်ဦးအဖြစ် ဖွဲ့တည်လာသည်။

ကောင်လေးသည် ပဋိညာဉ်အမှတ်အသားမှ ဆင့်ခေါ်မှုကြောင့် ရောက်ရှိလာခြင်းဖြစ်သည်။ မျက်လုံးများ မှိတ်နေချိန်မှာပင် ဖင်းလီနှင့် အတော်လေး ဆင်တူကြောင်း မြင်နိုင်သည်။

ကောင်လေး၏ မျက်လုံးများ မပွင့်မီအထိ နှစ်ဦးသားများ အမြွှာများကဲ့သို့ပင်။ စူးရှအေးစက်သော အစိမ်းရောင် မျက်လုံးများဖြင့် ဖင်းလီ၏ မျက်လုံးများအား စူးစိုက်ကြည့်လေသည်။ ကောင်လေး၏ မျက်လုံးစိမ်းများမှာ ဖင်းလီကဲ့သို့ မြစိမ်းရောင် မဟုတ်ဘဲ စိမ်းပြာရောင်ကျောက်မြက်နှင့် ပိုတူသည်။

“ဘာကိစ္စလဲ..”

ကောင်လေးသည် ရုတ်တရက် ပါးစပ်ဟကာ စိတ်ခံစားချက် မပါသော အေးစက်စက် စကားလုံးများ ထွက်လာသည်။ ဥယျာဉ်အား တစ်ချက်ကြည့်ပြီးနောက် ခေါင်းယမ်းလိုက်သည်။

“မင်း အဲဒီကလေးနဲ့ ကစားနေပြန်ပြီလား.. သူမကို သဘောကျနေတာလား..”

ကောင်လေးသည် ဖင်းလီအား စကားပြောခွင့်ပင် မပေးဘဲ စကားလုံးများဖြင့် တိုက်ခိုက်တော့သည်။

“မင်းက ကလေးတွေကို သဘောကျတာ ငါသိတယ်.. ဒါပေမဲ့ ၃ နှစ်ပဲရှိသေးတဲ့ ကလေးပေါက်စလေးကို ဖြားယောင်းတာ ပြစ်မှုပဲ..”

ကောင်လေးသည် ရင်ဘတ်ရှေ့၌ လက်ပိုက်ထားသည်။ သူ၏ အဝတ်များမှာ ထူးဆန်းဖွယ်ကောင်းလောက်အောင် ဖင်းလီ၏ အဝတ်များနှင့် တစ်ထေရာတည်း တူညီနေ၏။

“ဒါမှမဟုတ် မင်းရဲ့ အောင်မြင်မှု မှတ်တိုင်တွေထဲမှာ ပိုပြီးဆိုးဝါးတဲ့ မှတ်တိုင်တစ်ခု ထပ်ပေါင်းထည့်ချင်တာလား.. မဆိုးဘူး.. ကလေးကို ဖြားယောင်းပြီ..”

ကောင်လေး စကားမဆုံးခင်မှာပင် ဖင်းလီ အလျင်အမြန် စကားစ ဖြတ်လိုက်ရတော့သည်။

“လုံလောက်ပြီ.. ခရိုနိုစ့်.. ငါက အင်စလေကို ဖြားယောင်းမှာ မဟုတ်ဘူး.. သူမကို ကူညီဖို့အတွက် မင်းကို ခေါ်လိုက်တာ..”

ဖင်းလီ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲလာသည်။

All Chapters