← Chapters

အခန်း (၄၄၆-၄၄၇)

Vol. 29 Ch. 446-447

အခန်း (၄၄၆-၄၄၇)

Vol. 29 Ch. 446-447

Chapter 446

မြို့တော်တစ်ခုလုံး အကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်း ၆

ဝင်ကျိုးက ပြန်ဖြေသည်– “ကျွန်တော်တို့မှာ လက်ရှိ ရူးသွပ်သူ အဆင့်မှာ ၁၁၂ ဦးနဲ့ တိုက်တန် အဆင့်မှာ ၁,၂၀၁ ဦး ရှိတယ်။ တပ်မှူးဟီရဲ့ ပြင်ဆင်မှုအပေါ် အခြေခံပြီး ကျွန်တော် အကြံပြုချင်တာက ရွေ့လျားမှုနဲ့ တိုက်ခိုက်ရေးစွမ်းရည် အားကောင်းတဲ့ အထူးရွေးချယ်ထားတဲ့ တိုက်ခိုက်ရေးသမားတွေကို တစ်ဖွဲ့ ငါးယောက်နှုန်းနဲ့ အဓိက အမဲလိုက်အဖွဲ့ကို ဖွဲ့စည်းပြီး ကျုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ ထားဖို့ပါ။ ကျုပ်တို့ ပထမဆုံး တွင်းနက်ပိုးကောင်ကို ချေမှုန်းဖို့ ကြိုးစားမယ်။ S-Class အဆင့် သတ္တဝါပေါ်လာရင် အားနည်းချက်တွေကို ဖော်ထုတ်ဖို့ အစပိုင်း ထိတွေ့မှု ပြုလုပ်မယ်…. ပြီးရင် အဖွဲ့ရဲ့ ရွေ့လျားမှုကို အသုံးပြုပြီး ခံစစ်သုံးနေရာကြားကို ဆွဲဆောင်ပြီး လေကြောင်းနှင့် မြေပြင် ပစ်ခတ်အားကို ညှိပြီး ဖျက်ဆီးပစ်မယ်”

“ဖြစ်နိုင်တယ်လို့ ထင်ရပေမဲ့ အကောင်းမြင်လွန်းနေတယ်”

ချင်ရွှမ်မင်က ဖြတ်ပြောလိုက်သည်။

“အဲဒီ S-Class အဆင့် သတ္တဝါက ကျုပ်တို့ရဲ့ ခံစစ်ဇုန်တွေထဲက တစ်ခုကို တိုက်ရိုက် တိုက်ခိုက်ရင် ကျန်နှစ်ခုက ကူညီလို့ မရဘူး။ ကျုပ်တို့က တစ်ခုပြီးတစ်ခု ဖျက်ဆီးခံရနိုင်တယ်”

“မှန်တယ်” ရှီတိယွမ်က အလေးနက်ပြောသည်။

“ဒါပေမဲ့ မြို့တစ်ခုလုံးကို နေရာတစ်ခုတည်းမှာ ပုန်းအောင်းနေစေလို့ မရဘူး။ လူထောင်ပေါင်းများစွာနဲ့ဆိုရင် မွန်းစတားတွေ မရောက်ခင် ကျုပ်တို့ အတွင်းပိုင်းက အရင်ပြိုကွဲသွားလိမ့်မယ်”

ဝမ်ကျိုးက ထပ်ဖြည့်လိုက်သည်။

“အဲဒါကြောင့် ကျုပ်တို့က စွမ်းအားမြင့် စွမ်းရည်တွေ—မီး၊ လေဆာ၊ စိတ်စွမ်းအား၊ ဟန်ကျွမ့်ရဲ့ ရေစွမ်းအားနဲ့ ကျုပ်ရဲ့ သံလိုက်စက်ကွင်းတွေနဲ့... ဆွဲဆောင်ဖို့ စီစဉ်ထားတယ်”

“ဒီတော့ ဖိအားအားလုံးက စွမ်းအားရှင်အဖွဲ့ပေါ်မှာ ရောက်သွားတာပဲ” ဟန်ကျွမ့်က မျက်မှောင်ကြုတ်လိုက်သည်။

“ကျုပ်တို့ တစ်နေရာနဲ့ တစ်နေရာ ပြေးလွှားနေရလိမ့်မယ်။ ဒါက ခွန်အားကို အများကြီးကုန်စေလိမ့်မယ်။ စီလန်က မြို့ငယ်လေးတစ်ခုမဟုတ်ဘူး—အဲဒီဇုန်သုံးခုက ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ဝေးတယ်။ လူတိုင်းက ပျံသန်းနိုင်တာ မဟုတ်ဘူး”

“ကျုပ်တို့ရဲ့ အင်အားနဲ့ ယာဉ်တန်းအားလုံးက ဇုန်သုံးခုမှာ အာရုံစိုက်နေရင် မြို့လယ်က ခံစစ်ကင်းမဲ့သွားလိမ့်မယ်။ အဆင့်မြင့်ကျွမ်းကျင်သူအဖွဲ့နဲ့တောင် လက်နက်ကြီးအထောက်အပံ့မပါဘဲ အဲဒီလိုအဆင့်ရှိတဲ့ မွန်းစတားကို ဘယ်လို ကိုင်တွယ်နိုင်မှာလဲ”

ကျန်းထျန်းဖန်းက တည်ငြိမ်စွာ ပြောသည်။

“လေကြောင်း အထောက်အပံ့အတွက် ဒရက်နော့တ်အဆင့် ချေမှုန်းရေးလေသင်္ဘောကို နေရာချထားလို့ရတယ်” ဟီကျန်းက ပြောသည်၊၊

“ဒါပေမဲ့ ကန့်သတ်ချက်တွေတော့ ရှိတယ်”

“သေချာတာပေါ့” ချီလီက ခေါင်းညိတ်သည်။

“A ဒါမှမဟုတ် S-Class အဆင့် သတ္တဝါတွေရဲ့ သာမန်ကာလျှံကာ လှုပ်ရှားမှုကတောင် ကျုပ်တို့ကို ယင်ကောင်တွေလို ရိုက်ချနိုင်တယ်”

“တခြား အစီအစဉ်တွေ ရှိသေးလား”

ဟီကျန်း အနည်းငယ် မျက်မှောင်ကြုတ်သည်။

“လက်နက်ကြီးနဲ့ ဒုံးကျည်တွေကို စုစည်းလို့ရတယ်။ အဲဒါက အထောက်အကူ ဖြစ်နိုင်တယ်”

“အဲဒီကောင်က ဒုံးကျည်တွေကို ဘယ်လောက် ခံနိုင်ရည်ရှိတယ်ဆိုတာ ကျုပ်တို့ မသိသေးဘူး။ ခေါင်းဆောင်ယု ပြောသလိုမျိုး စွမ်းရည်ဒိုင်းကာ ရှိရင် ရိုးရိုးလက်နက်တွေက အသုံးမဝင်နိုင်ဘူး” ဟန်ကျွမ့်က ပြောသည်။

“သဘောတူတယ်” ချင်ရွှမ်မင်က ထပ်ဖြည့်သည်။

“အဲဒါမှာ ထူးဆန်းတဲ့ ကာကွယ်ရေး ယန္တရားတစ်မျိုးမျိုး ရှိရင် ကျုပ်တို့ စီစဉ်ထားတာ အကုန်လုံး ပျက်စီးသွားနိုင်တယ်”

အဖွဲ့၏ နောက်ဘက်တွင် လင်းရှန်၏ မျက်နှာမှောင်မိုက်နေသည်။ ဟန်ကျွမ့်နှင့် ချင်ရွှမ်မင်တို့၏ သံသယများကို ကြားသောအခါ သူသည် သူ၏ AT Field ဒိုင်းကာကို ချက်ချင်း တွေးမိသည်။

ထိုသတ္တဝါမှာ အဲ့လိုတစ်ခုခုရှိရင် သူတို့ ဒုက္ခအကြီးကြီးရောက်လေပြီ၊၊

“ဟေး” သူ့ဘေးနားမှ တိုးညင်းသော အသံတစ်သံ ထွက်လာသည်။

လင်းရှန်က ကျိုးဝူကို လှည့်ကြည့်လိုက်သည်။

“မင်းရဲ့ တိုက်ပွဲမှတ်တမ်းတွေကို ငါကြည့်ခဲ့တယ်—မင်းက စီလန်မြို့အပြင်ဘက်မှာ နေရောင်ခြည်ထုတ်တဲ့ စွမ်းရည်ကို တစ်ခါ သုံးခဲ့ဖူးတယ်… အဲဒါက အလုပ်ဖြစ်နိုင်မလား”

“အဲဒါ နေ့ဘက်ဖြစ်နေလို့ပဲ အလုပ်ဖြစ်ခဲ့တာပါ”

လင်းရှန်က အသံနိမ့်ဖြင့် ပြန်ဖြေသည်။ သူ၏ ဆွဲငင်အားမှန်ဘီလူးက အနီရောင်-မီးအိမ်ခေါင်းသတ္တဝါတိုက်ပွဲမှာလို ရ-မရ သူ မသေချာပေ။

“စိတ်မပူပါနဲ့… မင်းရဲ့ အကြံက ရဲတင်းတယ်လို့ ငါ ထင်တယ်။ အဲဒါက အခြေအနေကို ပြောင်းလဲသွားစေနိုင်တယ်… မင်းရဲ့ တွေးခေါ်မှုကို ငါ သဘောကျတယ်”

လင်းရှန် သက်ပြင်းချလိုက်သည်။ သူ၏ အကောင်းဆုံး အစီအစဉ်က မြို့ခံစစ်များကို မှီခိုပြီး ကင်းထောက်သတ္တဝါကို ရှင်းထုတ်ကာ စွန့်ခွာဖို့ပဲဟု ယုံကြည်နေဆဲ ဖြစ်သည်။ ဒါပေမဲ့ အဲဒါတောင် အာမခံချက် မရှိပေ။ မည်သူမှ—ဖီးနစ်ပင်လျှင်—S-Class အဆင့် သတ္တဝါကို သတ်ခဲ့ဖူးခြင်း မရှိပေ။ ကမ္ဘာတစ်ခုလုံးတွင် ထိုကဲ့သို့ အောင်မြင်မှု ကိစ္စတစ်ခုမှ မရှိသေးပေ။

လူတိုင်း တိတ်ဆိတ်သွားပြီး S-Class အဆင့် ခြိမ်းခြောက်မှုကို မည်သို့ အနိုင်ယူရမလဲဟူသည့် အတွေးများနှင့် ပိတ်မိနေစဉ်—

ဘန်း

ရုတ်တရက် ခန်းမ၏ တံခါးများ ပွင့်သွားသည်။ စစ်ဝတ်အင်္ကျီဝတ်ထားသော အရပ်ရှည်သည့် လူတစ်ဦး လျှောက်ဝင်လာပြီး အော်ဟစ်လိုက်သည်–

“ကျုပ်တို့မှာ မွန်းစတားဒီရေကို ဖိနှိမ်နိုင်ပြီး… မြို့တွင်းက S-Class အဆင့် သတ္တဝါနဲ့ ရင်ဆိုင်နိုင်တဲ့ လက်နက်တစ်ခုရှိရင် ဒီပြဿနာက ပိုပြီး ရိုးရှင်းသွားလိမ့်မယ်”

လင်းရှန်သည် ထိုလူကို ချက်ချင်း မှတ်မိလိုက်သည်—ဒရာကာမာရေခဲချိုင့်ဝှမ်းစခန်းမှ ချန်ဝေ….

“ချန်ဝေ… မင်း ဒီကို ဘာလာလုပ်တာလဲ… မင်း ဒဏ်ရာရနေတာ မဟုတ်ဘူးလား”

ယုဟန်က ထပြောလိုက်သည်။

သို့သော် ချန်ဝေက မရပ်တန့်သွားပဲ လျှောက်လာရင်း လူအုပ်ကို ပြောလိုက်သည်–

“အင်ပါယာစီမံကိန်း… ဖန်ကူ ယူနစ်-၀၁။ အမြင့်– ၁၂၅ မီတာ။ အလေးချိန်– ၈,၆၆၅ တန်။ နှစ်မြွှာ-ပင်မ ပေါင်းစည်း တာဘိုင် ဓာတ်ပေါင်းဖို။ နှစ်မြွှာ အာရုံကြောထပ်တူ ပိုင်းလော့စနစ်။ စူပါ-ကာဗွန် ကာဗိုက်သတ္တုပေါင်းစပ်သံချပ်ကာ။ဘက်စုံသုံးအဆင့် ရေဒါ။ ဟိုက်ဒရောလစ် တည်ငြိမ်စနစ်။ 500KT ဂိုင်ရိုစကုပ်။ KKG အဆင့် အမြန်နှုန်း မြင့်မားတဲ့ ရုန်းအား မောင်းနှင်စနစ်။ ၄,၂၃၈ ကြွက်သား ယူနစ်—တစ်ခုချင်းစီမှာ သံလိုက်ထိန်းချုပ်အင်ဂျင် နှစ်ခု ပါဝင်တယ်။ လက်နက်စနစ်တွေမှာ– ညာဘက်လက် I-19 ပလာစမာ အမြောက်၊ ခေါက်နိုင်တဲ့ ကြိမ်နှုန်းမြင့် ဓားသွား၊ ဘယ်ဘက်လက် မီးတောက်စက်နဲ့ ရင်ဘတ်မှာ တပ်ဆင်ထားတဲ့ ၄x၈ ဒေါင်လိုက် ဒုံးကျည် ပစ်လွှတ်စနစ်...”

“ပြီးတော့ မြောက်ဘက်က ပိုးကောင်လား… ကျုပ် အစ်ကိုနဲ့ ကျုပ်က အဲဒီကြိမ်နှုန်းမြင့်ဓားနဲ့ သတ်ပစ်ခဲ့တာပဲ… ကျုပ်တို့ ယူနစ်-၀၁ ကို ချိုင့်ဝှမ်းထဲက ပြန်ယူနိုင်ရင် ကျုပ်တို့ရဲ့ ဗဟို ခံတပ်အဖြစ် သုံးနိုင်တယ်… ပိုးကောင်ကို ဘယ်လို သတ်ရလဲဆိုတာကို ခဗျားတို့ကို ကျုပ်ထပ်ပြလိုက်မယ်”

လူတိုင်း နေရာတွင် တောင့်တင်းသွားကာ တိတ်ဆိတ်ကုန်သည်၊၊ ထို့နောက်—

“ဘယ်လို… အဲ့လောက်အဆင့်နဲ့ မီကာစက်ရုပ်ကြီးက တကယ်ရှိတယ်လား” ဟန်ကျွမ့်က တုန်လှုပ်စွာ မေးလိုက်သည်၊၊

ကျိုးယု၏ မျက်လုံးများပင် ကျဉ်းမြောင်းသွားသည်။ သူသည် အင်ပါယာပရောဂျက်အကြောင်း သိထားသည်။

ရှီတိယွမ်နဲ့ ချီလီတို့လည်းပဲ—၎င်းကို မျက်မြင်တွေ့ခဲ့ကြရသည်။

“ဒါပေမဲ့ ပိုင်းလော့အခန်း… ပေါင်းစည်းထိန်းချုပ်မောင်းနှင်စနစ်၊ ဘယ်ဘက်လက်—”

ယုဟန်က စပြောလိုက်သည်နှင့်____

“ကျုပ် ပြင်နိုင်တယ်”

လူတိုင်း၏ အကြည့်များ လှည့်လာသည်—လင်းရှန်သည် နောက်ဆုံး၌ စကားပြောလိုက်သည်… သူ၏ မျက်လုံးများက ရူးသွပ်မှုဖြင့် တောက်လောင်နေသည်။

“ကျုပ် အပြည့်အဝတော့ ပြန်မပြင်နိုင်ဘူး… ဒါပေမဲ့ ပင်မစနစ်တွေကို ကျုပ်ကိုင်တွယ်နိုင်တယ်။ ပြီးတော့ ခင်ဗျား ပြန်ယူလာတဲ့ အထိမ်းအမှတ် အူတိုင် —အဲဒါ အရန် AI မဟုတ်ဘူးလား”

လင်းရှန်သည် သူ အချိန်မီလုပ်နိုင်ကြောင်း သိလိုက်သည်။ သူ၏ ယန္တရားထုတ်လုပ်မှုသည် ယခု အဆင့် ၅ တွင် ရှိသည်။ သူ ချက်ချင်း ထွက်သွားပါက ပြင်ဖို့ အချိန်၂၄ နာရီ ရပေလိမ့်မည်။ ထိုမီကာသည် S-Class အဆင့် ခြိမ်းခြောက်မှုများကို တိုက်ခိုက်ရန် အထူးတည်ဆောက်ထားခြင်း ဖြစ်သည်။ သူတို့သာ မီကာကို အသက်သွင်းနိုင်ပါက တိုက်ပွဲ၏ ချိန်ခွင်လျှာက သူတို့ဘက်တွင် အလေးသာသွားပေမည်၊၊

ယုဟန်က စိတ်ရှုပ်ထွေးနေပုံရသည်။

“ကျုပ်တို့ ပြင်ရင်တောင် အဆင့် ၅ ပေါင်းစည်းထိန်းချုပ် ပိုင်းလော့နှစ်ယောက် လိုလိမ့်မယ်—”

“ကျုပ်က အဆင့်၅ တစ်ယောက်ပဲ”

ချန်ဝေ မပြောခင် လင်းရှန်က ပြောလိုက်သည်။

လူတိုင်း—ချန်ဝေ၊ ဟီကျန်း၊ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုလုံး—အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။

“ခဗျား တကယ်ပြောနေတာလား”

ချန်ဝေ၏ အကြည့်က စူးရှနေသည်။

“ကျုပ်ပြောနေတာ အမှန်ပဲ… ကျုပ်က ယန္တရားစွမ်းအားရှင်တစ်ယောက်ပဲ…. ကျုပ် ဘာလုပ်နိုင်လဲဆိုတာ ခင်ဗျား မြင်ခဲ့ပြီးပြီ မဟုတ်လား” လင်းရှန်က ပြောသည်။

“ကောင်းပြီလေ” ချန်ဝေ ပြုံးလိုက်သည်။

“ကျုပ်က စွမ်းအားရှင်တွေကို သိပ်မကြိုက်ဘူး… ဒါပေမဲ့ အဆင့် ၅ ပေါင်းစည်းထိန်းချုပ်အဆင့်ရှိတယ်ဆိုရင်… ကျုပ်တို့ အတူတူ အလုပ်လုပ်နိုင်တယ်”

လင်းရှန်သည် သူ့ကို တစ်ချက်ကြည့်လိုက်သည်။

“ခင်ဗျားရဲ့ သဘောထားက နည်းနည်းဆိုးတယ်… ဒါပေမဲ့ ရှေ့ထွက်လာတဲ့အတွက် လေးစားပါတယ်။ ဒါက သေချာတဲ့ အစီအစဉ်ပဲ”

ချန်ဝေ ခေါင်းညိတ်လိုက်သည်၊၊ ထို့နောက် လူအုပ်ဆီသို့ လှည့်ပြီး ခါးအနည်းငယ်ကိုင်းကာ

“ဒါရိုက်တာကျိုး၊ တပ်မှူးဟီ၊ ကပ္ပတိန်ယု— ခွင့်ပြုချက်ပေးဖို့ တောင်းဆိုပါတယ်”

ကျိုးယုက ယုဟန်ဘက်သို့ လှည့်လိုက်သည်။

“ကပ္ပတိန်ယု”

ယုဟန်၏ မျက်နှာသည် မရေရာမှုမှ စိတ်လှုပ်ရှားမှုသို့ ပြောင်းလဲသွားသည်။

“ခင်ဗျား မှန်တယ်… လင်းရှန်က ပိုင်းလော့ခန်းနဲ့ ပေါင်းစည်းမောင်းနှင်စနစ်နဲ့ ဘယ်ဘက်လက်ကို ပြင်နိုင်ရင်—အထိမ်းအမှတ် အူတိုင်နဲ့အတူ—ကျုပ်တို့ ယူနစ်-၀၁ ကို ပြန်စတင်နိုင်တယ်”

“ဒီတော့ ဆုံးဖြတ်လိုက်ပြီ” ကျိုးယုက လင်းရှန်ကို ကြည့်လိုက်သည်။

“ကပ္ပတိန်လင်း… အင်ပါယာပရောဂျက်ရဲ့ အဓိကလက်နက်ကို ပြန်ယူလာခဲ့”

“ဒါပေါ့ ကျုပ် အာမခံတယ်…”

လင်းရှန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် လောင်ကျွမ်းနေသည်။ မီရှဲလ်ဘုရားရှိခိုးကျောင်း၏ မှန်ပြတင်းပေါက်များမှတစ်ဆင့် သူသည် အရှေ့တောင်ဘက်ကို ကြည့်လိုက်သည်—ကီလိုမီတာ ၇၀၀ အကွာတွင်၊ ဒရာကာမာချောက်၏ ရေခဲထု နက်ရှိုင်းသော နေရာ၌ ဧရာမ စစ်တပ်အဆင့် မီကာကြီးတစ်ကောင်သည် အေးခဲသော တောင်ထိပ်ပေါ်တွင် အိပ်စက်နေသည်။

၎င်း၏ နှစ်မြွှာ-ပင်မ ပေါင်းစည်း တာဘိုင်များသည် ယခုအချိန်တွင် တိတ်ဆိတ်နေကာ… စောင့်ဆိုင်းနေပုံရသည်—

ပြန်လည် နိုးထလာရန်…..

Chapter 447

မြို့ခံတပ်စီမံကိန်း ၁

ခံတပ်စီမံကိန်း…ပထမအဆင့်

စီလန်မြို့တစ်ခုလုံးကို စစ်ပြင်ထားသည်။ ရှင်သန်သူ ၆၅,၀၀၀ ကျော်ပါဝင်သော ယာဥ်တန်း ၁,၀၇၂ စီး၊ စုံစမ်းရေးတပ်မှ စစ်သား ၁၂,၂၅၆ ဦးတို့ကို အဓိက ခံစစ်ဇုန်သုံးခုအဖြစ် ပိုင်းခြားချထားခဲ့သည်။

[အရှေ့မြို့ ရိုး- သံမဏိစက်ရုံ - လက်နက်စက်ရုံ] ခံစစ်မျဥ်း

• အမြင့်ဆုံးတပ်မှူး: ကျိုးယု။ သူသည် မီကာယူနစ်နှင့် စုံစမ်းရေးတပ်၏ တပ်ရင်း ၃ နှင့် ၅ ကိုဦးဆောင်ကာ အရှေ့မြို့ရိုးကို ထိန်းချုပ်ထားသည်။

• Arctic Windမဟာမိတ်အဖွဲ့နှင့်ယာဥ်တန်း ၈၀ တို့က သံမဏိစက်ရုံ၏ စက်မှုဇုန်ကို ကာကွယ်ထားပြီး စစ်သည်တော်ယာဥ်တန်း၊ အလင်းမဟာမိတ်အဖွဲ့နှင့် ယာဥ်တန်း ၁၆၀ တို့က စီလန်လက်နက်ထုတ်လုပ်ရေးစက်ရုံကို ကာကွယ်ထားသည်။ အရှေ့ပိုင်းခံစစ်လိုင်းသည် နယ်မြေကျစ်လျစ်မှုကြောင့် လူအနည်းဆုံးဖြစ်သော်လည်း Arctic Wind မဟာမိတ်အဖွဲ့ကဲ့သို့သော အဓိကယာဥ်တန်းများမှ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားသည် ပုံမှန်အဖွဲ့ဒါဇင်ပေါင်းများစွာ၏ အင်အားနှင့် နှိုင်းယှဥ်နိုင်သည်။

[မြောက်ဘက်မြို့ရိုး - ရထားဘူတာ - လေဆိပ်] ခံစစ်မျဥ်း

• အမြင့်ဆုံးတပ်မှူး: ဟီကျန်း။ စုံစမ်းရေးတပ်၏ တပ်ရင်း ၁၊ ၂၊ ၄ နှင့် အမြောက်တပ်ရင်း ၇ တို့ကို ဦးဆောင်ကာ မြောက်ဘက်မြို့ရိုးကို လုံခြုံစေသည်။ နဂါးတောင် ၁၊ အနန္တရထား၊ မိုနီကာ ဘုရင်မနှင့် အခြားသော ကမ္ဘာပျက်ရထားယာဥ်တန်း ၂၂ ခုတို့သည် Northwind မဟာမိတ်အဖွဲ့၊ မဟာလင်းယုန်ယာဥ်တန်း၊ နေမင်းယာဥ်တန်း၊ အဝေးပြေးယာဥ်တန်း အပါအဝင် ယာဥ်တန်း ၇၈ စီးနှင့်အတူ စီလန်ရထားဘူတာကို ကာကွယ်ထားရာ စုစုပေါင်း ယာဥ်တန်း ၁၀၀ ဖြစ်သည်။ ဂျိုကာယာဥ်တန်း၊ ကျိုးလီယာဥ်တန်းနှင့် အခြား ယာဥ်တန်း ၃၀၀ တို့က စီလန်လေဆိပ်ခံစစ်လိုင်းကို စောင့်ကြပ်နေကြသည်။

[တောင်ဘက်မြို့ရိုး - ဒူဂါ ရေဒါစတေရှင်] ခံစစ်မျဥ်း

• အမြင့်ဆုံးတပ်မှူး: ရှောင်ဟယ်။ တပ်ရင်း ၆ နှင့် အမြောက်တပ်ရင်း ၉၊ အရန်ယူနစ်များနှင့် ကင်းထောက်ယူနစ်တို့ကို အမိန့်ပေးကာ တောင်ပိုင်း ဖန်းလန်တောင်တန်းတစ်လျှောက် ခံစစ်မျဥ်းကို ထိန်းချုပ်ထားသည်။ မြေပြင်အနေအထား ပိုမိုပွင့်လင်းသည်။ စကြာဝဠာယာဥ်တန်းနှင့် အခြားယာဥ်တန်း ၄၃၂ စီးတို့သည် ရေဒါစတေရှင်မှသည် တောင်ဘက်မြို့ရိုးအထိ တန်းစီကာ အားဖြည့်ကာကွယ်မှုကို ဖွဲ့စည်းထားသည်။

တောင်ပိုင်းသည် လူအများဆုံးကို ထိန်းထားသော်လည်း တောင်တန်းများနှင့် ရေဒါစခန်းများကို အားကိုးရသဖြင့် ဖိအားအနည်းဆုံးဖြစ်သည်။ ထို့ကြောင့် ယာဥ်တန်းငယ်အများစုသည် ဤနေရာတွင် စုဝေးနေကြသည်။

လေကြောင်းတိုက်ခိုက်ရေးကွပ်ကဲမှုကို ကျန်းချန်ဇီက ဒရက်နော့အမျိုးစား စစ်သင်္ဘောအဆင့် လေသ‌ေင်္ဘာပေါ်မှနေ၍ ထိန်းချုပ်ထားသည်။ သူသည် Warhawk-class စစ်သုံးရဟတ်ယာဥ်များ၊ Lightning-2 တိုက်လေယာဥ်များနှင့် H50 ဗုံးကြဲလေယာဥ်များတို့ကို ဦးဆောင်ကာ လေကြောင်းကာကွယ်ရေးနှင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆောင်ရွက်ပြီး ခံစစ်မျဥ်းသုံးခုလုံးကို ထောက်ပံ့ပေးနေသည်။

ခံတပ်စီမံကိန်း၊ ဒုတိယအဆင့်

စွမ်းအားရှင်အမဲလိုက်တပ်ဖွဲ့ကို စုစည်းခဲ့ရာ ရူးသွပ်သူအဆင့်စွမ်းအားရှင် ၃၅ ဦးနှင့် တိုက်တန်အဆင့် စွမ်းအားရှင် ၁၄၀ ဦး အပါအဝင် အဖွဲ့ဝင် ၁၇၅ ဦး ရှိသည်။ ၎င်းတို့၏ စစ်ဆင်ရေးအခြေစိုက်စခန်းမှာ ဗဟိုရင်ပြင်ဖြစ်ပြီး ထိုနေရာမှနေ၍ လှုပ်ရှားကာ အမဲလိုက်ခြင်းကို စတင်မည်ဖြစ်သည်။ အခြားသောစွမ်းအားရှင်များနှင့် ဆင့်ကဲပြောင်းလဲသူအားလုံးကို အဓိကခံစစ်ဇုန်များတွင် နေရာချထားသည်။

• အမြင့်ဆုံးတပ်မှူး: ဝမ်ကျိုး။ တပ်ဖွဲ့ကို ရူးသွပ်သူအဆင့် စွမ်းအားရှင် သို့မဟုတ် ဆင့်ကဲပြောင်းလဲသူ တစ်ဦးစီပါဝင်သည့် ငါးဦးပါ အဖွဲ့ငယ် ၃၅ ဖွဲ့အဖြစ် ပိုင်းခြားထားသည်။ စွမ်းရည်အမျိုးအစားကို အခြေခံ၍ အဖွဲ့ငယ်တိုင်းတွင် ရွေ့လျားမှု၊ ပံ့ပိုးမှု သို့မဟုတ် ကာကွယ်ရေးတို့တွင် ကျွမ်းကျင်သူများ ပါဝင်သည်—ပျံသန်းနိုင်သော စွမ်းအားရှင်များမှာမူ အကန့်အသတ်ရှိသည်။ အချို့အဖွဲ့ငယ်တစ်ခုလုံးသည် စွမ်းအင်သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော ဆင့်ကဲပြောင်းလဲသူများဖြင့် ဖွဲ့စည်းထားပြီး အဆောက်အအုံများကို အလွယ်တကူ တက်နိုင်၊ ခေါင်မိုးများကို ဖြတ်သန်းသွားလာနိုင်သည်အထိ လျင်မြန်ကြသည်။

ဥပမာအားဖြင့် လင်းရှန်၏ နေရာတွင် အနန္တရထား၏ ကာကွယ်ရေးနှင့် ကွပ်ကဲမှုကို ချန်ဆီရွှမ်၊ မြောင်လုနှင့် တာလို့တို့အား လွှဲပြောင်းပေးခဲ့သည်။ ရှားရှားက မီးနတ်ဘုရားမီကာကို ကိုင်တွယ်ကာ ကီကီ၊ မီးတောက်၊ ရှုချင်းနှင့် လုချန်တို့ အားလုံးကို အထူးအမဲလိုက်အဖွဲ့ငယ်များတွင် စုဆောင်းခဲ့သည်။

ကီကီ၊ ဝမ်ကျိုး၊ ဟန်ကျွမ့်၊ ချင်ရွှမ်မင်နှင့် လုရှင်းချန်တို့သည် ရန်သူကို စွဲဆောင်ရန် သွေးကပ်ဘေးပန်းကို သယ်ဆောင်ထားမည့် အဓိကတိုက်ခိုက်ရေးအဖွဲ့ကို ဖွဲ့စည်းထားရာ အလွန်အမင်း စွန့်စားရပြီး ခက်ခဲသော မစ်ရှင်ဖြစ်သည်။

နောက်ဆုံးအနေဖြင့် လင်းရှန်၊ ချန်ဝေနှင့် ယုဟန်တို့ ဦးဆောင်သော အင်ပါယာပရောဂျက်အဖွဲ့ကို ယူနစ် ၀၁ အား ပြန်လည်အသက်သွင်းရန် တာဝန်ပေးထားသည်။ ၎င်းသည် ခံတပ်စီမံကိန်း၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပြီး စစ်ပွဲတစ်ခုလုံး၏ အခြေအနေကို ပြောင်းပြန်လှန်နိုင်သော အရာလည်း ဖြစ်လေသည်။

“ဒါက စစ်ဗျူဟာအပြည့်အစုံပဲ။ ခံစစ်မျဥ်းတွေကို လွှဲပြောင်းပြီးတာနဲ့ ဖီးနစ်က နောက်ဆုံးအကြိမ် ခဲယမ်းနှင့် ထောက်ပံ့ရေး ပေးပို့မှုကို စတင်လိမ့်မယ်”

၀၆:၀၀၊၊ ဘုရားကျောင်းခန်းမ ကွပ်ကဲရေးစခန်း

ကျိုးယုသည် အချိန်ကို စစ်ဆေးပြီး အခန်းထဲရှိ လူတိုင်းကို ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။

“အခုအချိန်ကနေစပြီး ပြင်ဆင်ဖို့ ၁၂ နာရီလောက်ရှိတယ်။ အဲ့ဒီအချိန်အတွင်းမှာ ငါတို့လုပ်ရမယ့် အရာအချို့ရှိတယ်”

၁။ စုံစမ်းရေးတပ်၊ ရှင်သန်သူယာဥ်တန်းတွေနဲ့ စွမ်းအားရှင်တွေကို ဇုန်သုံးခုလုံးမှာ စုစည်းပြီး သုံးလို့ရတဲ့ ပစ္စည်းတိုင်း—ကွန်ကရစ်နံရံတွေ၊ သံပြားတွေ၊ ဆူးကြိုးတွေ၊ တင့်ကားဖျက်အတားအဆီးတွေကို အသုံးပြုပြီး ခံစစ်တည်ဆောက်မှုတွေ ပြုလုပ်ပါ။ သံချပ်ကာယာဥ်တွေနဲ့ ထရပ်ကားတွေကို သုံးပြီး ခိုင်မာတဲ့ ခံစစ်ဖွဲ့စည်းပုံကို ဖွဲ့စည်းပါ။

၂။ လက်နက်တွေရဲ့ ပစ်အားကို တွက်ချက်ပြီး မဟာဗျူဟာမြောက်ချထားပြီး စနစ်တကျ ဖုံးကွယ်မှုနဲ့ ခဲယမ်းထောက်ပံ့မှု ချောမွေ့မှုကို သေချာအောင်လုပ်ပါ။ ကာကွယ်ရေးဇုန်တစ်ခုချင်းစီရဲ့ အခက်အခဲအလိုက် စွမ်းအားရှင်တွေနဲ့ ဆင့်ကဲပြောင်းလဲသူတွေကို ခွဲဝေချထားပါ။

၃။ ရန်သူကို အာရုံပြောင်းဖို့ ထောင်ချောက်တွေချပါ။ ငါတို့ နှင်းတစ္ဆေတွေနဲ့ သွေးမိစ္ဆာတွေကို တိုက်ဖူးတယ်—သူတို့ဘယ်လိုရွေ့လျားလဲဆိုတာ သိတယ်။ ထောင်ချောက်တွေက သတ်ဖို့မလိုဘူး၊ မွန်းစတားဒီရေကို နှေးကွေးသွားစေဖို့ပဲ လိုတယ်။

၄။ အရေးအကြီးဆုံးကတော့—စိတ်ဓာတ်အခြေနေပဲ။ မနေ့ညက လူအသေအပျောက်အများစုက ထိတ်လန့်မှုနဲ့ အတွင်းပိုင်းသန္ဓေပြောင်းလဲမှုကနေ လာတာမို့ မင်းတို့အဖွဲ့တွေကို တည်ငြိမ်အောင် ထိန်းထားပါ။ ကြောက်ရွံ့မှုက လက်သည်းချွန်တွေထက် ပိုမြန်မြန်သေစေနိုင်တယ်”

“နားလည်ပါပြီ” ရှီတိယွမ်က ချက်ချင်း တုံ့ပြန်သည်။

“နောက်ဆုတ်စရာ လမ်းမရှိတော့ဘူး… ကြောက်ရွံ့မှုက ကျုပ်တို့ကို ဘာအအကူညီမှ ပေးမှာ မဟုတ်ဘူး”

“မှန်တယ်။ ဆုတ်ခွာစရာ မရှိဘူး”

ဟန်ကျွမ့်က လေးလံသော အသံဖြင့် ထပ်ပြောသည်။

“ဒါပေမယ့် နောက်ဆုတ်စရာလမ်းမရှိတော့တဲ့အချိန်မျိုးမှာ လူတွေဟာ သူတို့မှာ ဘယ်တုန်းကမှ မသိခဲ့တဲ့ သတ္တိကို ထွက်ပေါ်လာစေတယ်”

ထို့နောက် သူသည် လင်းရှန်ကို ကြည့်သည်။ “ကပ္ပတိန်လင်း၊ အဖွဲ့ခေါင်းဆောင်ယု—အချိန်မီရောက်လာမယ့် ခဗျားတို့ရဲ့ လျှို့ဝှက်လက်နက်ကို ကျုပ်တို့ အားကိုးတကြီး စောင့်နေတယ်”

“ကျုပ် လုပ်နိုင်တာမှန်သမျှ အကုန်လုပ်ပါ့မယ်” လင်းရှန်က ခိုင်မာစွာ ပြန်ဖြေသည်။

ကျိုးယုက ခေါင်းညိတ်ပြပြီး ဝမ်ကျိုးဘက်သို့ လှည့်သည်။

“ဝမ်ကျိုး၊ မင်းရဲ့ အမဲလိုက်အဖွဲ့ငယ်တွေက အစောကြီးထဲက ကင်းထောက်ဖို့ လိုတယ်… အကုန်လုံး သေချာပြင်ဆင်ထား”

“ခဏလေး”

လူအုပ်နောက်မှနေ၍ ကျိုးဝူက ထပြောသည်။

“ဒါရိုက်တာကျိုး… ဘာလို့ စာပို့ယူနစ်ဖြစ်တဲ့ ကျုပ်တို့ကို ဘာလို့ တာဝန်မပေးတာလဲ။ ကျူပ်တို့မှာလည်း တိုက်ခိုက်ရေးစွမ်းရည်တွေ ရှိတယ်လေ”

“ဟုတ်တယ်” စာပို့အဖွဲ့ဝင်အချို့ကလည်း လိုက်ပြောသည်၊၊

“ကျုပ်တို့လည်း မြန်တယ်—ကြယ်မီးတောက်အဖွဲ့တွေလိုပဲ မြန်တယ်”

ကျိုးယုက လေးနက်သော အမူအရာဖြင့် ကြည့်သည်။

“မင်းတို့မှာ ကွဲပြားတဲ့ မစ်ရှင်ရှိတယ်”

ဘန်း—

ထိုအချိန်တွင် တံခါးများ ပွင့်သွားသည်။ ကောင်းစီချန်းနှင့် သုတေသီအချို့တို့သည် မျက်နှာများတွင် အလျင်စလိုအမူအရာများဖြင့် သတ္တုသေတ္တာများကို ကိုယ်စီသယ်ဆောင်ကာ အထဲသို့ အပြေးဝင်လာကြသည်။

“ပါမောက္ခကောင်း… အဆင်သင့်ဖြစ်ပြီလား”

ခေါင်းကို ပတ်တီးများဖြင့် စည်းထားဆဲဖြစ်သော ကောင်းစီချန်းနှင့် သူ၏အဖွဲ့သည် သေတ္တာများကို ဗျူဟာစားပွဲပေါ် တင်ကာ ဖွင့်လိုက်သည်—အတွင်းမှ အစိမ်းရောက်တောက်နေသော ဆလင်ဒါပုံ တိုက်တေနီယမ်သတ္တုစပ် ကွန်တိန်နာငယ် ဆယ့်နှစ်လုံးပေါ်လာသည်။

“ဒီမှာ ပစ္စည်းတွေ... အားလုံး ရှိတယ်”

ကောင်းစီချန်းက မောဟိုက်စွာ ပြောသည်။

All Chapters