အခန်း (၄၄၈-၄၄၉)
Vol. 29 Ch. 448+449
Chapter 448
မြို့ခံတပ်စီမံကိန်း ၂
“စီလန်မှာ ငါတို့ လေ့လာခဲ့သမျှ အားလုံး… အမှောင်အမှတ်အသားရဲ့ စမ်းသပ်ဒေတာအပြည့်အစုံ အပါအဝင်ပေါ့။ ငါတို့ ဒီပစ္စည်းတွေကို အလွန်အေးစက်တဲ့လေပွေထဲကနေ ထုတ်ပြီး ရုံးချုပ်ကို အပ်လုဒ်လုပ်နိုင်ရင် သူတို့က ရလဒ်တွေကို ပြန်ဖန်တီးနိုင်လိမ့်မယ်... ပြီးတော့ ကမ္ဘာကို ထုတ်လွှင့်နိုင်လိမ့်မယ်”
လင်းရှန်၏ မျက်နှာထား တင်းမာသွားသည်။ သူ သဘောပေါက်လိုက်သည်—မြို့ထဲရှိ လူတိုင်း သေဆုံးခဲ့လျှင် အမှောင်အမှတ်အသား ဒေတာသည် လူသားမျိုးနွယ်၏ ကျန်ရှိသူများထံ ရောက်မည်မဟုတ်ပေ။ ဝေ့ကီရှု၏ အသက်—၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှု အားလုံးသည် အချည်းနှီးဖြစ်သွားလိမ့်မည်။
ကျိုးယု ရှေ့သို့တက်ကာ အချက်ပြမီးပြတိုက်တစ်ခုကို ကောက်ယူပြီး ပြောသည်။
“ဒီအချက်ပြမီးပြတိုက် ဆယ့်နှစ်ခုကို သိပ္ပံအဖွဲ့က အရေးပေါ် ဖန်တီးထားတာပဲ… သူတို့ထဲမှာ ငါတို့ရဲ့ သုတေသနရဲ့ အသက်သွေးကြောတွေ ပါဝင်တယ်။ ငါတို့ လူ ၇၀,၀၀၀ အားလုံး ကျဆုံးသွားရင်တောင် ဒီအချက်အလက်တွေ မပျက်စီးပဲ ကျန်ရစ်ရမယ်။
ဒါကို ကမ္ဘာတစ်ဝန်းက ရှင်သန်သူတွေဆီကို ထုတ်လွှင့်မှ အခြားသူတွေ ဒီလိုကံကြမ္မာမျိုး မကြုံတွေ့ရအောင် တားဆီးနိုင်လိမ့်မယ်”
“အမှောင်အမှတ်အသားကို စောစောသိလေလေ… ဖီးနစ်က သူ့ရဲ့ သုတေသနကို စောစောချဲ့ထွင်နိုင်လေလေ— လူသေဆုံးမှုနည်းလေလေပဲ”
လူတိုင်း သဘောပေါက်သွားကြသည်– ၎င်းသည် နောက်ဆုံး အရေးပေါ် အစီအစဥ်ဖြစ်သည်။ ကျိုးယုသည် အရာအားလုံးဆုံးရှုံးမှုအတွက် ပြင်ဆင်ထားခဲ့သည်။ သို့သော် ဒေတာကိုမူ ဆုံးရှုံး၍ မဖြစ်ပေ။
သို့သော် သူ သိသည်—စာပို့ယူနစ်အားလုံးသည် အဆင့် ၅ အမှတ်အသားများကို သယ်ဆောင်ထားကြသည်။ ဤမစ်ရှင်သည် သေချာပေါက် သေခြင်းတရားနှင့် အနီးစပ်ဆုံးဖြစ်သည်။
“စာပို့အဖွဲ့”
“ရှိပါတယ်”
ကျိုးဝူက ပြုံးကာ ရှေ့သို့တက်လာသည်။ သူ၏ နောက်တွင် ဖုန်းဖုန်းနှင့် အခြားသော ညလမ်းလျှောက်သူအဖွဲ့မှ စာပို့သမား ၂၄ ဦးတို့သည် လေးနက်စွာ ရပ်နေကြသည်။
“စာပို့အဖွဲ့ ၁၂ ယောက်က မီးပြတိုက်တစ်ခုစီ ယူပါ။ တာ့လျန်၊ ချွမ်းချန်၊ ဒါမှမဟုတ် ရှီလင်းဘက်သို့ ဦးတည်ပါ—မင်းတို့ရဲ့ တစ်ခုတည်းသော ပန်းတိုင်ကတော့ အေးစက်တဲ့ လေပွေကို ကျော်ပြီး သတင်းစကားကို ပို့ဆောင်ဖို့ပဲ”
လူတိုင်း၏ မျက်လုံးများ မည်းမှောင်သွားသည်။ အပြည့်အဝချမှတ်ထားသော ဗျူဟာ—
“Yes,Sir”
ကျိုးဝူက မီးပြတိုက်တစ်ခုကို အမြန်ယူပြီး ရယ်မောလိုက်သည်။
“မပူပါနဲ့—ကျုပ်တို့ အောင်မြင်အောင် လုပ်မယ်။ သတ္တဝါစုတ်တွေကို ရိုက်နှက်ဖို့ မနေနိုင်တာတော့ ရှက်စရာပဲ… အရင်ပြေးရမယ်၊ ဟားဟား”
“ဟုတ်တယ်… ဒါက လွယ်ကူတဲ့ အလုပ်ပဲလေ မဟုတ်လား” အခြားစာပို့သမားတစ်ဦးက မီးပြတိုက်ယူရင်း ပြုံးကာ ပြန်နောက်ပြောင်လိုက်သည်၊၊
မိနစ်ပိုင်းအတွင်းမှာပင် ဆယ့်နှစ်ခုလုံးကို ယူသွားကြသည်—တုံ့ဆိုင်းမှုမရှိပေ။
ကျိုးဝူဘေးတွင် ရပ်နေသော ဖုန်းဖုန်းက ပီကေကို စိတ်လှုပ်ရှားစွာ ဝါးနေသည်။ သူမ၏ ပခုံးကို ပုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“အဆင်ပြေပါတယ်။ တခြားနေ့ရက်တွေလိုပါပဲ”
သူမ ခေါင်းညိတ်လိုက်သည်။
“အချိန်ဖြုန်းမနေနဲ့။ အားလုံး… ချီတက်ကြ”
ကျိုးယုက တုံ့ဆိုင်းခြင်းမရှိ အမိန့်ကို ပေးလိုက်သည်။ လူတိုင်း သူတို့၏ အမိန့်များကို လိုက်နာရန် တစ်နေရာစီထွက်သွားသဖြင့် ခန်းမသည် လစ်ဟာသွားသည်။
“ကံကောင်းပါစေ”
လင်းရှန်က ကျိုးဝူအနားသို့ တက်လာပြီး ပြောသည်။
“ပြန်ဆုံနိုင်မယ်လို့ မျှော်လင့်ပါတယ်”
“ဒီလောက်လည်းမဆိုးပါဘူး”
ကျိုးဝူက ပြုံးသည်။
“သေချာပေါက် ပြန်ဆုံမှာပါ”
လင်းရှန် ခေါင်းညိတ်ပြီး ထွက်ခွာရန် လှည့်လိုက်သည်။
သူတို့အားလုံး ထွက်ခွာသွားကြသည်နှင့် ကျိုးဝူသည် အသက်ပြင်းပြင်းရှူပြီး သူ၏ အဖွဲ့ကို ပြောလိုက်သည်။
“ကဲ ရဲဘော်တို့ အားတင်းထားကြ… ရုံးချုပ်မှာ သောက်စရာတွေက ငါတို့ကို စောင့်နေတယ်”
“ဟားဟား… သေချာတာပေါ့”
“မင်းတို့တွေ နှေးလို့တော့ မဖြစ်ဘူး—ငါတို့မရောက်ခင် ရုံးချုပ်ကို မိတ္တူ ၁၁ ခု ရောက်စေချင်တာ မဟုတ်ဘူးနော်”
“ပါးစပ်ပိတ်ထား… ငါ အရင်ဆုံး ရောက်စေရမယ်”
“မင်း ဆန္ဒရှိရင်ပေါ့…. ဘယ်သူမှ ငါ့ထက် မမြန်ဘူး”
စာပို့အဖွဲ့သည် ဘာအန္တရာယ်မှ မရှိသကဲ့သို့ ပြက်ရယ်ပြုကာ ရယ်မောနေကြသည်။
“ကျိုးဝူ”
အနောက်မှ အသံတစ်ခုက ခေါ်လိုက်သည်။
သူ လှည့်ကြည့်လိုက်ပြီး သူ့ဆီပျံလာသော အရာတစ်ခုကို အချိန်မီ ဖမ်းလိုက်သည်—သူ၏ မျက်လုံးများ အရောင်တောက်သွားသည်။
“ဟေး… မင်း အဲဒါကို တကယ်ပေးလိုက်မှာလား”
ဝမ်ကျိုးက ရှုပ်ထွေးသော အကြည့်ဖြင့် သူ့ကိုကြည့်သည်။
“အပြင်မှာ အေးတယ်။ မင်းရဲ့ လက်တွေကို နွေးအောင်ထား…. မြန်မြန်ပြေး”
“ကျေးဇူးတင်ပါတယ်”
ကျိုးဝူသည် အရက်ပုလင်းကိုကိုင်ထားပြီး လှုပ်ယမ်းလိုက်သည်။ ထို့နောက် လက်ဝှေ့ယမ်းပြီး လျှောက်သွားလိုက်သည်။
ဝမ်ကျိုးက သူသွားသည်အထိ ရပ်ကြည့်နေပြီး သူ၏မျက်နှာပေါ်တွင် အရိပ်တစ်ခု ဖြတ်သန်းသွားသည်။ သူ တီးတိုးရေရွတ်လိုက်သည်၊၊
“ငါ့အရင် မသေပါနဲ့ ညီလေး...”
“မီးတောက်ပစ်လွှတ်လက်နက်တွေ၊ စက်သေနတ်ကြီးတွေ၊ အော်တိုအမြောက်တွေ၊ လျှပ်စစ်လက်နက်တွေ—သူတို့ကို ဘေးပတ်လည်က နယ်နိမိတ်ဆီ ပို့ပါ။ ပစ်အားတွေကိုနေရာချဖို့ စောင့်ပါ။ လှုပ်ရှားနိုင်တဲ့ ပစ်အားယူနစ်အားလုံး ဖြန့်ကျက်ပြီး ထောက်ပံ့ပါ”
“လေကြောင်းရန်ကာကွယ်ရေး ပစ်အားယူနစ်အားလုံး၊ အထက်ကို အစီရင်ခံပါ”
အထက်ကောင်းကင်မှကြည့်လျှင် အောက်ရှိ မြင်ကွင်းသည် သံမဏိရောင်များတလက်လက်ဖြင့် ကြီးကျယ်ခမ်းနားစွာ ချီတက်နေသော စီတန်းလှည့်လည်မှုဖြစ်သည်။ မြို့၏ တောင်၊ မြောက်နှင့် အရှေ့ဘက်ဇုန်များရှိ ယာဥ်တန်းများမှ မီးရောင်များသည် စုစည်းကာ ပိုမိုတောက်ပလာသည်။
အရှေ့ဘက်ရှိ သံမဏိစက်ရုံတွင် တစ်ချိန်က ဗလာဖြစ်ခဲ့သော စက်ရုံများနှင့် ဂိုဒေါင်များသည် ယခုအခါ ကမ္ဘာပျက်ကပ်ယာဥ်အမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ စက်မှုဇုန်ပတ်ပတ်လည်ရှိ လမ်းများကို သံချပ်ကာယာဥ်များဖြင့် လုံးဝဝိုင်းရံထားသည်။ အတွင်းဘက်တွင် စုံစမ်းစစ်ဆေးရေးတပ်ရင်း ၇ ၏ အမြောက်ကြီးများသည် စက်ရုံ၏ အမိုးပြတင်းများမှ ထွက်နေပြီး သံချေးတက်နေသော သယ်ယူပို့ဆောင်ရေး ခါးပတ်များကို ကွင်းပုံသဏ္ဌာန် အတားအဆီးများအဖြစ် စုပုံထားသည်။ စက်ရုံအဆောက်အအုံများရှိ မြင့်မားသောနေရာတိုင်းတွင် ဆီးနှင်းဒဏ်ခံနိုင်သော အပေါ်ကာများပါရှိသည့် YJ-03 လေကြောင်းရန်ကာကွယ်ရေးအမြောက်များနှင့် စက်သေနတ်ကြီး လှည့်လည်ပစ်ခတ်စင်များ တပ်ဆင်ထားသည်။ လူများသည် လှုပ်ရှားသွားလာနေကြပြီး ကာကွယ်ရေးများ—ဆူးကြိုးခြံစည်းရိုးများ၊ တံခါးများ၊ ကျောက်တုံးပုံများ—ကို ပို၍ ဆောက်လုပ်နေကြသည်။
ဟန်ကျွမ့်နှင့် အခြားသူများ၏ ကွပ်ကဲမှုအောက်တွင် သံမဏိစက်ရုံမှသည် လက်နက်ထုတ်လုပ်ရေးစက်ရုံအထိ စက်မှုဇုန်တစ်ခုလုံးသည် သံမဏိဖြင့် အခိုင်မာပြုလုပ်ထားသော ခံတပ်တစ်ခု ဖြစ်လာခဲ့သည်။ ယာဥ်ထောင်ပေါင်းများစွာကို အတွင်း၌ စုဝေးထားပြီး လမ်းအချို့ကိုပင် ပိတ်ဆို့ထားသည်။ တစ်ချိန်က လေးဖက်လေးတန် ပွင့်နေခဲ့သော နေရာသည် လမ်းကြောင်းသုံးခုသာ ပွင့်သော ယာယီခံတပ်ကြီးအဖြစ် ပိတ်ဆို့ထားသည်။ ထိုလမ်းကြောင်းသုံးခုတွင် လျှပ်စစ်သံလိုက်အမြောက် ကိုးလက်ကို ချထားပြီး ဘေးပတ်လည်မှ ပြေးဝင်လာမည့် မွန်းစတားဒီရေကို တားဆီးရန် နောက်ဆုံးခံတပ်သဖွယ် ထိန်းထားသည်။
တောင်ပိုင်း ဒူးရ်ဂါ ရေဒါစတေရှင်တွင် ယာဥ်ထောင်ပေါင်းများစွာသည် တောင်တန်းများတစ်လျှောက် တန်းစီနေပြီး ကောင်းကင်မှ ကြည့်လျှင် ဧရာမ “V” ပုံသဏ္ဌာန်ကို ဖြစ်ပေါ်စေသည်။ ၎င်းသည် တောင်ဘက်မြို့ရိုးနှင့်အတူ တြိဂံပုံ ခံစစ်မျဥ်းကို ဖွဲ့စည်းထားသည်။ ဖီးနစ်အင်ဂျင်နီယာအဖွဲ့သည် သံမဏိကျောက်ဆူးများကို အေးခဲနေသော မြေပြင်ထဲသို့ ထိုးထည့်ပြီး မြေငလျင်အာရုံခံကိရိယာများကို တပ်ဆင်နေသည်။ တွင်းနက်ပိုးကောင်၏ မြေအောက်မှ တုန်ခါမှုကို ပထမဆုံးသိရသည်နှင့် ရှေ့တန်းယာဥ်တန်းများသည် အေးခဲကျည်များဖြင့် ပစ်လွှတ်ကြလိမ့်မည်။ ယာဥ်တန်းရှည်ကြီး၏ ရှေ့မီးများသည် တောင်တန်းတစ်ခုလုံးနီးပါးကို လင်းထိန်နေစေသည်။
မြောက်ပိုင်းလေဆိပ်၏ မှန်နံရံနောက်တွင် ဟီကျန်းနှင့် ရှေ့တန်းကွပ်ကဲရေးအဖွဲ့တို့သည် ဗို့အားမြင့် အိုင်းယွန်နံရံများ၏ နေရာချထားမှုကို ချိန်ညှိနေကြသည်။ ယာဥ်တန်း ၃၀၀ မှ ယာဥ်စီးရေ ၂,၀၀၀ ကျော်သည် ဧရာမ လေဆိပ်အဆောက်အအုံကို ခံတပ်အဖြစ် ပြောင်းလဲထားသည်။ လေယာဥ်ပြေးလမ်းပေါ်ရှိ ဖျက်သိမ်းထားသော လေယာဥ်ပျံများကို ရွေ့လျားဘန်ကာများနှင့် အလိုအလျောက်သေနတ်မျှော်စင်များအဖြစ် ပြောင်းလဲထားသည်။ တောင်ပံတွင် တပ်ဆင်ထားသော လှည့်လည်ပစ်ခတ်စင်များသည် စောင့်ကြည့်မောင်းသူမဲ့လေယာဥ်များစနစ်ကို သုံးထားသည်။ လေယာဥ်ပြေးလမ်းပေါ်တွင် အင်ဂျင်နီယာများနှင့် ရှင်သန်သူများသည် မိုင်းထောင်ချောက်များ၊ ဆူးထောင်ချောက်များ၊ ဝါယာထောင်ချောက်များနှင့် မီးလောင်ကျင်းများကို လေတိုက်ခတ်နေသည့်ကြားမှ စိုက်ထူနေကြသည်။ ထိန်းချုပ်မျှော်စင်ကိုပင် စက်သေနတ်ကြီးများနှင့် လေကြောင်းရန်ကာကွယ်ရေးအမြောက်များ တပ်ဆင်ထားသည်။ အိုင်ယွန်နံရံများ၊ ဆူးကြိုးများနှင့် အရွယ်အစားအမျိုးမျိုးရှိ မျှော်စင်များသည် နေရာတိုင်းတွင် ထူထပ်စွာ ပေါ်ထွက်နေသည်။
ထိုအရာနှင့် နှိုင်းယှဥ်လျှင် ရထားဘူတာဘက်သည် ပိုမိုရိုးရှင်းသည်။ အနန္တရထားနှင့် နဂါးတောင် ၁ တို့ကို ဗဟိုပြု၍ သံမဏိရထား အစီးနှစ်ဆယ်ကျော်သည် ရထားလမ်းဆုံရှိ ခရီးသည်တင်ဘူတာနှင့်အတူ ပြောင်းပြန် “T” ပုံသဏ္ဌာန်ကို ဖွဲ့စည်းထားသည်။ ရထားလမ်း၏ အစွန်းနှစ်ဖက်လုံးကို ကျောက်တုံးများဖြင့် ပိတ်ဆို့ထားသည်—ဆုတ်ခွာရန် မဖြစ်နိုင်ပေ။ ဤနေရာတွင် ရပ်ထားသော ကမ္ဘာပျက်ကပ်ရထားများသည် အခိုင်မာခံတပ်များ ဖြစ်လာသည်။ မွန်းစတားဒီရေသည် ဘူတာရုံရှေ့ရှိ ရင်ပြင်နှင့် ပင်မရိပ်သာလမ်းများမှသာ အားလုံးနီးပါး လာသည်။ ဤနေရာသည် ယခုအခါ ဗဟိုချက်အဆင့် ကာကွယ်ရေး အတားအဆီးဖြစ်သည်။
Chapter 449
မြို့ခံတပ်စီမံကိန်း ၃
အနန္တရထားနှင့် နဂါးတောင် ၁ တို့ကို မြောက်ပိုင်းရထားလမ်းသို့ ရွှေ့ထားသည်။ ဦးလေးဝူနှင့် ရှန်းယောင်တို့၏ ပူးပေါင်းယာဥ်တန်းသည် ခရီးသည်တင်အဆောက်အအုံရှေ့ရှိ ရင်ပြင်ကို ခံတပ်ဖွဲ့စည်းခြင်း စတင်နေပြီဖြစ်သည်။ ကွန်တိန်နာသုံးတန်းကို ရှေ့တန်းတွင် စုပုံထားပြီး စက်သေနတ်ကြီးများ၊ အော်တိုအမြောက်များ၊ ဂက်တလင်သေနတ်များ၊ မီးတောက်ပစ်လက်နက်များ၊ လျှပ်စစ်စီးကြောင်း ချေမှုန်းရေးလက်နက်များ၊ ဗို့အားမြင့် အိုင်ယွန်နံရံများ—ယာဥ်တန်းများနှင့် အနန္တရထားတို့၏ အတွင်းထဲမှ ဖုံးကွယ်ထားသော အရန်လက်နက်များအားလုံးကိုပင် ထုတ်ယူထားသည်။
လင်းရှန်သည် ရင်ပြင်ရှိ ယာဥ်တန်းအမျိုးမျိုးကို ထောက်ပံ့ရန်အတွက် ဂက်တလင်သေနတ်များ အစုအဝေးတစ်ခုကိုပင် အလျင်အမြန် ထုတ်လုပ်ပေးခဲ့သည်။ ရှားရှား၏ ဆယ်လီအပြင် ရင်ပြင်တွင် စုံစမ်းစစ်ဆေးရေးတပ်မှ မီကာအဖွဲ့နှင့် ရှင်သန်သူအဖွဲများမှ မီကာအချို့လည်း ရှိသည်။
အနန္တရထားအတွင်း၌ လင်းရှန်သည် ယာဥ်တန်းအဖွဲ့ဝင်များနှင့် အရေးပေါ် အစည်းအဝေးလုပ်နေသည်။
“အဆင့် ၅ အမှတ်အသား—မင်းတို့ထဲက ဘယ်သူမှ စိမ်းမှာ မဟုတ်ဘူး။ ဒါက ကြီးမားလိမ့်မယ်—နှင်းလွင်ပြင်ကနေ ငါတို့ ထွက်လာတဲ့တိုက်ပွဲထက် ပိုကြီးတယ်… မနေ့ညက တိုက်ပွဲထက်လည်း ပိုကြီးတယ်။ ဒါပေမယ့် ဒီတစ်ခါ ပန်းတိုင်က မွန်းစတားဒီရေကို ချေမှုန်းဖို့မဟုတ်ဘူး—အချိန်ဆွဲဖို့ပဲ”
တွဲနံပါတ် ၂ အတွင်း၌ လင်းရှန်က ပတ်ပတ်လည် ကြည့်ပြီး ပြောလိုက်သည်။
“ကြာကြာ ထိန်းထားနိုင်လေ ပိုကောင်းပဲ။ ငါတို့ရဲ့ အစစ်အမှန် ပစ်မှတ်က S-Class အဆင့် မိုးပျံသတ္တဝါကို ဆွဲထုတ်ဖို့ပဲ…. အဲဒါကို ငါတို့ ဖျက်ဆီးပြီး အဆင့် ၅ အမှတ်အသားကို ဖျောက်ဖျက်နိုင်တာနဲ့ ငါတို့ အောင်မြင်ပြီ”
ချန်ဆီရွှမ်၊ တာလို့၊ ရှားရှား၊ ကီကီ၊ လုရှင်းချန်၊ ရှုချင်း၊ လုချန်နှင့် ရှောင်ယွမ်တို့ အားလုံးရှိနေကြသည်။ လူတိုင်းတွင် တင်းမာသော မျက်နှာထားများ ရှိနေကြသည်—ကြောက်ရွံ့ခြင်းမရှိသော ရှားရှားပင်လျှင် သိသိသာသာ တည်ငြိမ်နေသည်၊၊
တင်းကျန်းရီသည် ဖီးနစ်က ပို့ပေးသော အေးခဲ-အမှောင်ဆေးရည်သေတ္တာနှင့်အတူ အစိမ်းရောင်အရည်များ—ဟင်းသီးဟင်းရွက်ဖျော်ရည်များကို သယ်လာသည်။
“ငါက ကျိုးဝူနဲ့ စစ်ဆေးပြီးပြီ။ ဒါတွေကို သုံးတာက ချက်ချင်းပဲ စွမ်းအားကို အများကြီး မြှင့်တင်ပေးမှာ မဟုတ်ပေမယ့် စွမ်းရည်တွေကို မြန်မြန်ဆန်ဆန် ပြန်လည်ရရှိစေပြီး စိတ်ပိုင်းဆိုင်ရာ ခွန်အားကို မြှင့်တင်ပေးလိမ့်မယ်။ ဆိုးကျိုးကတော့ အမှောင်ကျူးကျော်မှုအဆင့်အချို့ကို ဖြစ်ပေါ်စေနိုင်တာကြောင့် အဲ့ဒီအရာကို ခုခံကာကွယ်ဖို့ ပါမောက္ခတင်းကို အသီးအနှံဖျော်ရည်တွေ ပြင်ဆင်ခိုင်းထားတယ်”
“ရထားပေါ်မှာရှိတဲ့ လူတိုင်း အသီးအနှံ ဖျော်ရည် ရလိမ့်မယ်—အမှားအယွင်းမရှိစေဖို့ လိုတယ်။ ဒါပေမယ့် ငါတို့မှာ ဆေးရည်က ဒီလောက်ပဲ ရှိတာကြောင့် မင်းတို့အားလုံးက ဦးစားပေးရလိမ့်မယ်”
ရှားရှားသည် အမှောင်ဆေးရည်နှင့် ဖျော်ရည်ပုလင်းကို ကိုင်ထားရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလို့ ကျွန်မတို့ အခုပဲ မသောက်ရတာလဲ… တိုက်ပွဲမစခင် စွမ်းအားမြှင့်တင်ထားတာက ပိုကောင်းမှာ မဟုတ်ဘူးလား”
“မင်း သောက်လို့ရတယ်”
လင်းရှန်က ခေါင်းညိတ်သည်။
“ဒါက အချိန်ကြာမယ့် တိုက်ပွဲဖြစ်မှာမို့လို့ ဆင့်ကဲပြောင်းလဲသူတွေက အရင် သောက်နိုင်တယ်”
သူက ကီကီနှင့် လုရှင်းချန်တို့ကို ကြည့်ပြီး သေတ္တာထဲမှ နောက်ဆုံးနှစ်ခုကို ပေးလိုက်သည်။
“မင်းတို့နှစ်ယောက်က စွမ်းရည်ကို အပြင်းအထန် သုံးတဲ့သူတွေ—အပိုတစ်ခုစီ ယူထား… ဘာမှမဖြစ်စေနဲ့”
ကီကီသည် အေးခဲ-အမှောင်ဆေးရည်ပုလင်းငယ်နှစ်ခုကို ယူလိုက်ပြီး စိုးရိမ်တကြီး မေးသည်။
“ရှင့်အတွက်ကရော”
“ငါ့အတွက် စိတ်ပူစရာမလိုဘူး”
လင်းရှန်က သူ့ဘေးရှိ အိတ်ကို မြှောက်ပြသည်။
“စမ်းသပ်မှုကနေ ဆုချတဲ့ ငါးခုလုံးကို ငါ ယူလာခဲ့တယ်။ အဲဒီ မီကာကို လည်ပတ်နိုင်အောင် လုပ်တာက ငါ့ရဲ့ စွမ်းအင်ကို အများကြီးကုန်သွားစေနိုင်တယ်”
“ငါးခု…. အမှောင်ကျူးကျော်မှုကို မကြောက်ဘူးလား” ကီကီက ထိတ်လန့်စွာ မေးသည်။
“ငါ ထိန်းနိုင်မယ် ထင်တာပဲ”
တင်းကျန်းရီက ကီကီကို ကြည့်လိုက်သည်၊၊
“အဖွဲ့ခေါင်းဆောင်ယုရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ S-Class ထူးဆန်းတဲ့ သတ္တဝါက ပုံမှန်တိုက်ခိုက်နည်းတွေကို အသုံးမပြုနိုင်ဘူး… ဒါပေမယ့် သတိထားပါ။ ပြီးတော့ တွင်းနက်ပိုးကောင်ကိုလည်း စောင့်ကြည့်ပါ…. နင်တို့က သွေးကပ်ဘေးပန်းကို သယ်ဆောင်ထားတာမို့လို့ ဘေးနှစ်ဖက်ကနေ ချုံခိုတိုက်ခိုက်ခံရနိုင်တယ်”
“ပြဿနာ မရှိပါဘူး”
လုရှင်းချန်သည် ဆေးပုလင်းနှစ်လုံးကို ဆုပ်ကိုင်ထားသော်လည်း မတုန်လှုပ်ပေ။ တကယ်တော့ သူ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။
“အစ်ကိုလင်းနဲ့ မြို့တစ်ခုလုံးက ငါ့ကို ယုံကြည်ထားခဲ့တယ်... ဒါက ငါ့ရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီး သူရဲကောင်းဖြစ်ဖို့ အကောင်းဆုံးအချိန် မဟုတ်ဘူးလား…ကျေးဇူးတင်ပါတယ် အစ်ကိုလင်း”
“အဲဒါမျိုး ကြားချင်တာ”
ကီကီက အရင်လို မစနောက်တော့ပဲ ပြုံးစိစိလုပ်လိုက်သည်။
“ကျွန်မတို့ အဲဒီ S-Class ကို တကယ်ချေမှုန်းနိုင်ရင် လူသောင်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ရုံသာမက—ကမ္ဘာ့ပထမဆုံး S-Class သတ်ဖြတ်မှု မှတ်တမ်းကိုပါ ရနိုင်လိမ့်မယ်”
“ပထမဆုံး သတ်ဖြတ်မှု”
လုရှင်းချန် မျက်မှောင်ကြုတ်သည်။
“သေစမ်း သေစမ်း... အဲဒါက... ငါ တကယ်ပဲ... မဟုတ်သေးဘူး”
သူ၏ စကားလုံးများကို မြိုချလိုက်ပြီး မျက်လုံးများက စိတ်လှုပ်ရှားမှုအပြည့်နှင့် ရုတ်တရက် နောက်တွဲဆီသို့ အပြေးထွက်သွားသည်။
“ဟေး… ဘယ်သွားမလို့လဲ”
“ဒီကျင့်ကြံသူက မိနစ် ၃၀ ကျော်လောက် ပျင်းရိနေခဲ့ပြီ—နောက်ထပ် အချိန်ဆွဲဖို့ မဖြစ်ဘူး…. ပထမဆုံး သတ်ဖြတ်မှုအတွက် မဟုတ်ဘူး—အဲလေ... ကျင့်ကြံဖို့အတွက်ပါ”
လုရှင်းချန်သည် လုံးဝ စိတ်အားထက်သန်စွာ အပြေးလွှားထွက်သွားသည်။
“ကပ္ပတိန်လင်း…ဂရုစိုက်ပါ”
ရှုချင်းက လေးနက်စွာ ခေါင်းညိတ်သည်။
“ကျွန်မတို့အတွက် စိတ်မပူပါနဲ့—ရထားကို ကျွန်မတို့ ကာကွယ်ထားပါ့မယ်”
လုချန်၊ မြောင်လုနှင့် ရှောင်ယွမ်တို့ အားလုံး သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။ တာလို့က သူ၏ ဧရာမ သံမဏိဓားကြီးကို ပုတ်ပြီး ထပ်ပြောသည်။
“စိတ်မပူပါနဲ့ အစ်ကိုရှန်… ငါက လူတိုင်းကို အသက်နဲ့လဲပြီး စောင့်ရှောက်ထားပါ့မယ်”
“ကောင်းပြီ”
လင်းရှန်၏ အကြည့်က တည်ငြိမ်သွားသည်။ ထို့နောက် ချန်ဆီရွှမ်ဘက်သို့ လှည့်သည်။
“ရှုချင်းနဲ့ လုချန်က အမဲလိုက်အဖွဲ့ထဲမှာ ပါနေတာမို့လို့ ရွေ့လျားနိုင်စွမ်းကို မြှင့်တင်ပေးဖို့ မင်းရဲ့ TRP စွမ်းအားဝတ်စုံကို ပေးလိုက်ပါ”
“ဘယ်လို”
လုချန် အံ့သြသွားသည်။
“ဒါပေမယ့် ကျွန်တော်—"
လင်းရှန်က သူ့ကို ဖြတ်ပြောလိုက်သည်။
“ယူလိုက်ပါ… ဆရာမချန်က အနန္တရထားကို ဦးဆောင်နေတာမို့လို့ ငါ သူမအတွက် အသစ်တစ်ခု လုပ်ပေးခဲ့တယ်”
Black Hawk ဝတ်စုံအသစ်တွင် စစ်မြေပြင် အာရုံခံစနစ်ပြည့်စုံမှုနှင့် ဒေတာပေါင်းစည်းမှုတို့ ပါဝင်သည်။ လင်းရှန်က ချန်ဆီရွှမ်အတွက် ၎င်းကို အလျင်အမြန် တည်ဆောက်ခဲ့သည်မှာ သူမကို ကာကွယ်ရန်အပြင် သူမ၏ ဝတ်စုံဟောင်းကို လုချန်အတွက် ပေးရန်ဖြစ်သည်—ဆင့်ကဲပြောင်းလဲသူများသည် သွက်လက်မှုရှိသော်ငြားလည်း လာမည့် မွန်းစတားဒီရေတွင် ပြင်ပဝတ်စုံမပါဘဲ ကြီးမားသောအန္တရာယ်ရှိနေပေမည်။
“ကောင်းပြီလေ…. ကျေးဇူးတင်ပါတယ် ကပ္ပတိန်လင်း” လုချန်က စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။
“ဟုတ်ပြီ… အစီအစဥ်က ဒါပဲ… ငါ အခုထွက်သွားရတော့မယ်… မင်းတို့တွေက ခံတပ်တွေကို ကိုင်တွယ်ကြ”
နှောင့်နှေးမနေတော့ပဲ လင်းရှန်သည် အစည်းအဝေးကို အဆုံးသတ်ပြီး လူတိုင်းကို ပြင်ဆင်ရန် ပြောလိုက်သည်။
သူသည် ချန်ဆီရွှမ်ကို ခေါ်ပြီး တွဲနံပါတ် ၁သို့ သွားကာ သတ္တုသေတ္တာတစ်ခုကို ဖွင့်လိုက်ရာ အသစ်တည်ဆောက်ထားသော ပြင်ပဝတ်စုံ ပေါ်လာသည်။
“စမ်းဝတ်ကြည့်လိုက်… လုပ်ဆောင်ချက်တွေက နည်းနည်း ပိုရှုပ်ထွေးတယ်…. ဒါပေမယ့် စမတ်ထိန်းချုပ်မှုတွေ ပါတယ််… လှုပ်ရှားမှုကို အသားကျအောင် အခုပဲ ဝတ်ထားတာ အကောင်းဆုံးပဲ”
ချန်ဆီရွှမ်သည် Black Hawk အသံတိတ်မုဆိုးစွမ်းအားဝတ်စုံအသစ်ကို ကြည့်ကာ အံ့သြသွားသည်။
“ဒါကို ဘယ်လို ဝတ်ရမှာလဲ”
ဘီပ်။
လင်းရှန်က လက်လှမ်းလိုက်သည်။ ဝတ်စုံသည် ဟိုလိုဂရပ်ဖစ်စနစ်မြင်ကွင်းဖြင့် လင်းလာပြီး သူမ၏ မျက်နှာကို စကင်ဖတ်လိုက်သည်။ ထို့နောက် ရင်ဘတ်ပြားကို ဖွင့်လိုက်သည်။ ခြေထောက်ရှိလော့ခ်များနှင့် အားဖြည့်ကိရိယာများသည် ယန္တရားအသံတစ်ခုဖြင့် အလိုအလျောက် ပွင့်သွားသည်။
“အတွင်းမှာ အပူထိန်းညှိစနစ်ပါတယ်—အထပ်ထပ်ဝတ်စရာ မလိုတော့ဘူး”
ချန်ဆီရွှမ် ခေါင်းညိတ်ကာ သူမ၏ လေးလံသော ပစ္စည်းများကို ချွတ်ပြီး ဖွင့်ထားသော သံချပ်ဝတ်စုံထဲသို့ ဂရုတစိုက် ဝင်လိုက်သည်။