နိုင်ငံတကာ သိုင်းပြိုင်ပွဲ၏ အဖွင့်ပွဲ
Vol. 51 Ch. 760
အရင်းအမြစ်များကို ပြောလိုက်သည်နှင့် လူတိုင်း ချက်ချင်း တက်ကြွသွားကြသည်။
“ပြိုင်ပွဲမှာ ဒဏ်ရာရဖို့က မလွဲမသွေပဲ၊ ပြီးတော့ စိတ်ဝိညာဉ်စွမ်းအင်ကို သုံးစွဲတာကလဲ ပြဿနာတစ်ခု၊ ဒီအသက်ဓာတ် ဆေးရည်နဲ့ စိတ်ဝိညာဉ် ဆေးရည်တွေကို မင်းတို့အတွက် ပြင်ဆင်ထားပြီးပြီ၊ ပြီးတော့ မင်းတို့ ကျင့်ကြံခြင်းကို အကျိုးအမြတ် ရှိစေမယ့် တခြား ဆုလာဘ်တွေလဲ ရှိတယ်”
“ပြီးတော့ မင်းတို့မှာ သင့်လျော်တဲ့ လက်နက် ဒါမှမဟုတ် ပစ္စည်း ကိရိယာ တစ်ခုခု မရှိရင် မင်းတို့ ငါတို့ဆီကနေလဲ ငှားယူလို့ ရတယ်၊ ဒါပေမဲ့ ပြိုင်ပွဲပြီးသွားရင် မင်းတို့ ပြန်အပ်ရမယ်၊ မင်းတို့က လက်နက်သုံးတာကို မကျွမ်းရင် မသုံးတာ အကောင်းဆုံးပဲ၊ အဲ့ဒါက မင်းတို့အတွက် အခြေအနေ ပြောင်းပြန်ဖြစ်သွားစေလိမ့်မယ် …”
သိုင်းစံအိမ်သည် ယခုတစ်ခေါက်၌ ကပ်စေးနှဲမနေတော့ချေ။ အောင်မြင်သည် ဖြစ်စေ၊ ကျရှုံးသည် ဖြစ်စေ၊ အကျိုးအမြတ်ကို ပြောနေစရာ မလိုပေ။ အဖိုးတန် စိတ်ဝိညာဉ် ဆေးများကိုလည်း ပြောနေစရာ မဟုတ်ပေ။ အဓိကမှာ ၎င်းတို့က အရေအတွက် အကန့်အသတ် ဖြစ်နေခြင်းပင်။
လက်နက်အပိုင်းမှာမူ သူတို့သည် ငှားပေးခြင်းသာ ဖြစ်သော်လည်း အခြေအနေ ကောင်းပါသေးသည်။
“စံအိမ်သခင်စွန်း၊ ခင်ဗျားတို့မှာ လက်နက် အပြည့်အစုံပါတဲ့ သံချပ်ကာမျိုး ရှိလား၊ တစ်ကိုယ်လုံးကို ကာကွယ်နိုင်တဲ့ ဟာမျိုးလေ၊ ဘုရင်အဆင့် စစ်သည်တော်ကို ကာကွယ်နိုင်တာမျိုးဆို ပိုကောင်းတယ်”
ရဲ့လင်းချန်က မျှော်လင့်ချက် အပြည့်နှင့် မေးလိုက်သည်။
အားလုံး “ …”
စွန်းဟုန်ထောင်၏ မျက်နှာ ရှုံ့မဲ့သွားသည်။
“စတိုက်တာနဲ့ ပြိုင်ဘက်ကို ရှုံးသွားစေမယ့် လက်နက်မျိုး ရှိတယ်၊ မင်း ငှားချင်လား”
ရဲ့လင်းချန်က ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့၊ အဲ့လိုဆိုရင် အကောင်းဆုံးပဲ”
“သွားစမ်း၊ ဒါက ပြိုင်ပွဲပဲ၊ မင်းတို့အတွက် အတွေ့အကြုံ အများကြီး ရမှာ၊ မင်းတို့ ကိုယ်ပိုင်အဆင့်နဲ့ပဲ မင်းတို့ တိုက်ခိုက်ရမှာ”
စွန်းဟုန်ထောင်က သရော်လိုက်သည်။
နောက်ဆုံးတွင် ရဲ့လင်းချန်က လက်အိတ် တစ်စုံနှင့် ဖိနပ်တစ်စုံကို ငှားလိုက်သည်။ အရဟာ လက်သီး၊ နဂါးဖမ်းလက်နှင့် လေအလျှင် ခြေသိုင်းအတွက် ဤလက်နက်များနှင့်ဆိုလျှင် သူ၏ ခွန်အားက ပို၍ တိုးလာ ပေလိမ့်မည်။
အားလုံး စီစဉ်ပြီးသည့်နောက်တွင် လူတိုင်း ကိုယ့်အခန်းကိုယ် ပြန်သွားကြပြီး စောစောနားကာ အားဖြည့် နေကြသည်။ Buff Island တစ်ခုလုံး အထူး တိတ်ဆိတ်နေ၏။
နောက်တစ်နေ့၌။
နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက် ပြိုင်ပွဲကို တရားဝင် စတင်လိုက်ကြသည်။
မနက် စောစောတွင် လူများစွာက Buff Island တွင် စုဝေးနေကြပြီးလေပြီ။ သူတို့အားလုံးက သိုင်းပညာရှင်များ ဖြစ်ကြပြီး သူတို့၏ မျက်လုံးများက လေးနက်ပြီး လူရှိန်စေသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
“ကြည့်လိုက်၊ အဲ့ဒါ ကျွန်းပေါ်က ငါတို့ သိုင်းစံအိမ်ရဲ့ ခေါင်းဆောင်ပဲ”
ကျင့်ရှန်က ရုတ်တရက် ပြောလာသည်။
ရဲ့လင်းချန်က ကျင့်ရှန် ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်လိုက်ရာ နားထင်နားထိ မီးခိုရောင် ဆံပင် ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်၌ အရေးအကြောင်း တစ်ချို့ ရှိနေသည်။
သူ၏ ချီကို ကြည့်လိုက်သောအခါ သူ၏ချီက သမုဒ္ဒရာ လှိုင်းလုံးများသဖွယ် လှိုင်းထန်နေကာ စွန်းဟုန်ထောင်ထက် များစွာ ပိုသာလေသည်။
နေရာတိုင်း၌ သိုင်းစံအိမ်များ ရှိသော်လည်း အဆင့်မတူချေ။ ကျွန်းပေါ်၌ တာဝန်ကျသူများသည် ပို၍ မြင့်သော အဆင့်အတန်း ရှိကြသည်။ ထိုလူအား စွန်းဟုန်ထောင်၏ တိုက်ရိုက် အထက်အရာရှိဟု သတ်မှတ်နိုင်ပေသည်။
“သူက ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ကျိုးကျန့်ပဲ၊ သူက သူတော်စင်အဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်လို့ ပြောကြတယ်၊ ငါတို့ရှေ့မှာ လေကျယ်ရဲတဲ့ ကိုရီးယားနိုင်ငံက လီဆောင်းယွန်းကြောင့် အလှည့်စား မခံလိုက်နဲ့၊ သူ့ရှေ့ရောက်ရင် လီဆောင်းယွန်းက စကား တစ်ခွန်းတောင် မပြောရဲဘူး”
ကျင့်ရှန်က ပြောသည်။
“သူတော်စင်အဆင့်လား”
ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်မိသည်။
အထွတ်အထိပ် ဘုရင်အဆင့် စစ်သည်တော်၏ ချီစွမ်းအင်ပင်လျှင် အားကောင်းနေပြီ ဖြစ်ပြီး သူတော်စင်အဆင့်သာ ဆိုလျှင် မည်မျှ အားကောင်းနေမည်နည်း။ သူတို့ကြား၌ ကြီးမားသော ခြားနားချက် ရှိနေသည်။
စင်ပေါ်၌ ကျိုးကျန့်နှင့်အတူ မတ်တပ်ရပ်နေသော လူခြောက်ယောက် ရှိသည်။ သူတို့၏ ခွန်အားသည်လည်း အထွတ်အထိပ် ဘုရင်အဆင့်ပင်။
လူအုပ်ကြီးက စင်ပေါ်သို့ တက်လာသည်။ ဆူညံသံ လုံးဝ မရှိဘဲ လေးလံသော လေထုသာ ရှိသည်။
မကြာခင်မှာပင် သံသတ္ထုဖြင့် ပြုလုပ်ထားသော ကြီးမားသော ပြိုင်ကွင်းပေါ်သို့ ပညာရှင်တစ်ယောက်က တက်လာသည်။ သူက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက် ပြိုင်ပွဲအတွင်း ဘယ်သူမှ ပြဿနာ ရှာခြင်း၊ ရန်စခြင်း မရှိရဘူး၊ ဘယ်သူမှ ခွန်အားက လွဲပြီး လှည့်စားဖို့ တခြားအရာတွေ သုံးခွင့်မရှိဘူး၊ စည်းကမ်း ဖောက်တဲ့သူတွေကို ခေါင်းဖြတ် သတ်ပစ်မယ်”
“ဒီကာလအတွင်း ပုဂ္ဂိလ်ရေးရာ ခြိမ်းခြောက်မှုတွေ၊ သွေးဆောင်တာတွေ ဒါမှမဟုတ် အယောင်ပြ တိုက်ခိုက်တာတွေကို ခွင့်မပြုထားဘူး၊ စည်းကမ်းဖောက်တဲ့သူတွေကို ခေါင်းဖြတ် စီရင်မယ်”
…
စင်ပေါ်မှ ပညာရှင်က စည်းကမ်းများစွာကို ကြေညာသွားသည်။ လူတိုင်း တိတ်ဆိတ်စွာ နားထောင်နေကြပြီး သူတို့၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
သူတို့အားလုံးက သိုင်းပညာရှင်များ ဖြစ်သဖြင့် အခြေအနေက ရှုပ်ထွေးခြင်း မရှိပေ။
ဤနိုင်ငံတကာ သိုင်းပညာ ပြိုင်ပွဲအပေါ် ကမ္ဘာကြီးက ထားသော ရည်ရွယ်ချက်က မည်မျှ အရေးကြီးကြောင်း လူတိုင်း တဖြည်းဖြည်း နားလည်လာကြသည်။
စည်းကမ်းဖောက်သူများကို တန်း၍ ခေါင်းဖြတ်မည် ဖြစ်ပြီး ပါရမီရှင်များအတွက်လည်း အတူတူပင်။ ညှိနှိုင်းခြင်းပင် မရှိပေ။
စည်းကမ်းများကို ကြေညာပြီးနောက် စင်ပေါ်မှ ပညာရှင်က ဆက်ပြောသည်။
“နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက် ပြိုင်ပွဲကို တရားဝင် စတင်လိုက်ပြီ၊ အခု နိုင်ငံတိုင်းက ပြိုင်ပွဲဝင်တွေနဲ့ မိတ်ဆက် ပေးမယ်”
ထိုပညာရှင်က စင်ပေါ်မှ ဆင်းသွားသည်။ တစ်ဖက်တွင် တစ်စုံတစ်ယောက်က ခေါင်းစဉ်ကို လက်လွှဲယူ၍ ပြုံးကာ ပြောလိုက်သည်။
“အားလုံးပဲ မင်္ဂလာပါ၊ ငါ့ကိုယ်ငါနဲ့ မိတ်ဆက်ပေးပါရစေ၊ ငါက မူလ စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့် ဝူထျန်းပေါင်ပဲ၊ ငါ မင်းတို့ကို မိတ်ဆက်ပေးသွားမယ်”
မူလ စိတ်ဝိညာဉ်အထွတ်အထိပ်အဆင့်က ကြေညာသူ ဖြစ်နေသည်။ Buff Island က တကယ်ကို တခြားကမ္ဘာ တစ်ခုဟု ထင်ရသည်။
“ဒီနိုင်ငံတကာ သိုင်းပညာ ပြိုင်ပွဲမှာ ငါ အစီအစဉ် တင်ဆက်လာတာ သုံးခါ ရှိပြီ၊ အကြိမ်တိုင်း စိတ်လှုပ်ရှားစရာ ကောင်းပြီး မေ့မရနိုင်စရာပဲ၊ ပါရမီရှင်တွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာတာက တကယ် စိတ်လှုပ်ရှားဖို့ ကောင်းတယ်”
“စကားတွေ ရှည်မနေတော့ဘဲ နိုင်ငံတကာ သိုင်းပညာ ပြိုင်ပွဲရဲ့ နောက်ခံကို အကျဉ်းချုံးပြီး မိတ်ဆက် ပေးသွားမယ်”
“ဒီတစ်ခေါက် စုစုပေါင်း ရှစ်နိုင်ငံ ပါဝင်လာတယ်၊ အဲ့ဒီ နိုင်ငံတွေက တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ၊ အိန္ဒိယနဲ့ ဂရိ”
“နိုင်ငံတစ်နိုင်ငံချင်းစီမှာ ဘုရင်အဆင့် သိုင်းပညာရှင် နှစ်ယောက် ရှိတယ်၊ တခြားနိုင်ငံတွေက ရွေးချယ်ခြင်း မခံရပင်မယ့် ပြိုင်ပွဲကို လာကြည့်နိုင်ပါသေးတယ်၊ လူတွေ အများကြီး လာနေသေးပုံပဲ၊ နောင်အနာဂတ်မှာ ပြိုင်ပွဲမှာ ပါဝင်မယ့် နိုင်ငံတွေ ပိုပိုတိုးလာမယ်လို့ ငါ ယုံကြည်တယ်”
“ရှစ်နိုင်ငံထဲကနေ အဖွဲ့ ရှစ်ဖွဲ့ ရွေးချယ်ထားပြီးပြီ၊ တစ်ဖွဲ့စီမှာ လူငါးယောက် ပါတယ်၊ အဖွဲ့တိုင်းက တစ်ယောက်ချင်း တိုက်ခိုက်ရမယ်၊ ရှုံးတဲ့သူက ပြန်ဆင်းသွားရပြီးတော့ အနိုင်ရသူက စိန်ခေါ်မှုကို ဆက်လက်ခံရမယ်၊ အဆုံးထိ ကျန်ခဲ့တဲ့ ဘယ်အဖွဲ့မဆို အနိုင်ရရှိမယ်”
“စည်းကမ်းတွေက အရမ်း ရှင်းတယ်၊ ပြိုင်ပွဲဝင်တွေရဲ့ ရင်ဆိုင်ရမယ့် အစီအစဉ်ကို ကြိုတင် ပြသမယ်၊ ပြိုင်ပွဲရဲ့ ပထမပွဲကို မဲနှိုက်ပြီး ဆုံးဖြတ်မယ်”
“ဒီနေ့ ဖွင့်ပွဲ အစီအစဉ်က အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ အဖွဲ့ဝင်တွေကို အားလုံး သိအောင် မိတ်ဆက်ပြီး ပြိုင်ဘက်ကို မဲနှိုက်ပြီး ဆုံးဖြတ်ဖို့ပဲ”
“မင်းတို့တွေက ကိုယ့်နိုင်ငံ အသီးသီးမှာ ထူးချွန်ပြီး ဒီပြိုင်ပွဲမှာ ပါဝင်နိုင်တယ်ဆိုကတည်းက မင်းတို့က နိုင်ငံ တစ်နိုင်ငံချင်းစီရဲ့ ရွေးချယ်ခံရသူတွေဆိုတာ အသေအချာပဲ၊ မင်းရဲ့ ခွန်အားနဲ့ ငါတို့ကို ထိတ်လန့်သွားအောင် လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်”
“အခု ငါတို့ရဲ့ သက်ဆိုင်ရာ အဖွဲ့တွေကို မိတ်ဆက်လိုက်ကြတာပေါ့၊ ပထမဆုံး မနှစ်က ချန်ပီယံဖြစ်တဲ့ အမေရိကန်နိုင်ငံ တက်လာခဲ့ပါ”
…
“ဟမ့်”
ကျန်းတလီက မကျေနပ်သံပြု၍ အနည်းငယ် အထင်သေးကာ လက်မခံနိုင်ဟန်ဖြင့် ကြည့်နေသည်။
ရဲ့လင်းချန်သည်လည်း မျက်ခုံးပင့်လိုက်မိသည်။ မနှစ်က ချန်ပီယံက အမေရိကန် ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။ စွန်းဟုန်ထောင် ကြောက်လန့်နေသည်က အံ့ဩစရာ မဟုတ်တော့ချေ။
“စိတ်ကို အေးအေးထားပြီး မင်းရဲ့ ပြိုင်ပွဲဝင်တွေနဲ့ ရင်းနှီးအောင် လုပ်”
စွန်းဟုန်ထောင်က မျက်မှောင်ကြုတ်၍ အေးစက်စွာ ငေါက်ငမ်းလိုက်သည်။
…
စင်ပေါ်တွင် အမေရိကန်မှ လူငါးယောက်က ရောက်နေပြီးပြီ ဖြစ်သည်။ သူတို့သည် ရဲ့လင်းချန် ယခင်က လေ့လာခဲ့သော နိုးထသူများ ဖြစ်သည်။ မီး နှစ်ယောက်၊ ရေ တစ်ယောက်၊ ရွှေ တစ်ယောက်နှင့် သစ်သား တစ်ယောက် ဖြစ်သည်။
“အမေရိကန်က ပြိုင်ပွဲဝင်တွေ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးဖို့ ဖိတ်ပါတယ်”
ပထမဆုံး ပြောလာသူက ရွှေအိုရောင် ဆံပင်နှင့် အပြာရောင် မျက်လုံးများ ရှိသော လူငယ်တစ်ယောက်ပင်။
“ဂျွန်၊ A+ အဆင့် နိုးထသူ၊ နှစ်ဆယ့် လေးနှစ်”
နောက်တစ်ယောက်မှာ အနီရောင်ဆံပင်နှင့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမသည် အတော်လေး ပေါ်လွင်သော အနီရောင် ဂါဝန်အတိုကို ဝတ်ဆင်ထားပြီး ပေါ့ပေါ့ပါးပါး အနက်ရောင် ဖိနပ်ရှည်ကို စီးထားသည်။ သူမတွင် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ထည် ဖြစ်သည်။ သူမက သူမ၏ အနီရောင် နှုတ်ခမ်းကို သပ်၍ ပြုံးလိုက်သည်။
“အန်နာ၊ A+ အဆင့် နိုးထသူ၊ နှစ်ဆယ့် လေးနှစ်”
တတိယ တစ်ယောက်မှာ အရပ်ပုပုနှင့် ဆံပင် ရွှေအိုရောင်ရှိသော အမျိုးသား တစ်ယောက်ပင်။
“ရှောင်၊ A+ အဆင့် နိုးထသူ၊ နှစ်ဆယ့် သုံးနှစ်”
လေးယောက်မြောက်မှာ အနက်ရောင်ဆံပင်နှင့် အမျိုးသား တစ်ယောက် ဖြစ်သည်။
“အိုဝင်၊ A+ အဆင့် နိုးထသူ၊ နှစ်ဆယ့် သုံးနှစ်”
ငါးယောက်မြောက် ဆံပင်အညိုရောင်နှင့် လူငယ်က မိတ်ဆက်လာသည်။
“ကယ်လ်ဗင်၊ A+ အဆင့် နိုးထသူ၊ နှစ်ဆယ့် တစ်နှစ်”
စင်မြင့်အောက်၌ လူတိုင်း အနည်းငယ် အံ့ဩသွားကြသည်။ ထိုမျှ ငယ်ရွယ်သော ပြိုင်ပွဲဝင် ပေါ်လာလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ ပြိုင်ပွဲ၏ စည်းမျဉ်းမှာ အသက် နှစ်ဆယ့်ငါးနှစ်နှင့် အောက် ဖြစ်သည်။ သို့သော် ဤကာလအတွင်း တစ်နှစ်ချင်းစီ၏ ခြားနားမှုက ကြီးမားသည်။ ယေဘုယျအားဖြင့် ပြောရလျင် အသက် ကြီးလေ သန်မာလေ ဖြစ်ပြီး ဤလူငယ်ကို ထုတ်ဖော်ပြသရန် အမေရိကန်၌ မည်သို့သော ယုံကြည်မှုမျိုး ရှိနေသနည်း။
နှစ်ဆယ့်တစ်နှစ်အရွယ် A+ အဆင့်၊ သူ့ပါရမီက တကယ် ကြောက်စရာ ကောင်းလှသည်။
ရဲ့လင်းချန်က ဆံပင် အညိုရောင်နှင့် လူငယ်ကို ကြည့်နေပြီး သူ့မျက်လုံးများက အနည်းငယ် လေးနက်နေသည်။ ဤလူငယ်သည် သူ၏ သစ်သား ဒြပ်စင်ကို နိုးထခဲ့ပြီး ဖြစ်သည်။ သူက ငယ်ရွယ်သော်လည်း သူ၏ ချီစွမ်းအင်သည် ငါးယောက်ထဲ၌ ကြောက်စရာ အကောင်းဆုံးပင်။