← Chapters

ဂိုဏ်းနှစ်ခု၏ မဟာမိတ်ဖွဲ့ခြင်း နှင့် ဂိုဏ်းတံခါး ဖွင့်လှစ်ခြင်း(၂)

Vol. 13 Ch. 181

ဂိုဏ်းနှစ်ခု၏ မဟာမိတ်ဖွဲ့ခြင်း နှင့် ဂိုဏ်းတံခါး ဖွင့်လှစ်ခြင်း(၂)

Vol. 13 Ch. 181

သူမသည် မတ်တပ်ရပ်လိုက်ပြီး သက်ပြင်း ခပ်ဖွဖွ ချလိုက်၏။

“မဟာယန်ရဲ့ အုပ်စိုးမှုက ဗဟိုဒေသမြေကို နှစ်ပေါင်းနှစ်ထောင်ကြာ သိမ်းပိုက်ထားခဲ့တာ တော်တော်တောင် မကြာနေဘူးလားရှင်”

လူတိုင်း၏ ရင်ထဲ၌ တစ်ချက် လှုပ်ခါသွားကြ၏။ အမှန်တကယ်ပင် မဟာယန်၏ နှစ်ပေါင်းနှစ်ထောင်ကြာ အုပ်စိုးမှုသည် အလွန် ရှည်ကြာလွန်းခဲ့ပြီ ဖြစ်လေသည်။

“ခင်ဗျားတို့ တောင်ပိုင်းနယ်စပ်မှာ သိုင်းသူတော်စင် နည်းစနစ်ကို ရရှိနိုင်မယ့် နည်းလမ်း ရှိနေတာလား”

'သရဲမျက်နှာဖုံး' သည် အရေးကြီးဆုံး မေးခွန်းကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူတို့ မဟာယန်ကို တွန်းလှန်ဖြိုချလိုလျှင် မဟာယန်၏ သိုင်းသူတော်စင်သည် လျစ်လျူရှုထား၍ မရနိုင်သော တည်ရှိမှုတစ်ခု ဖြစ်နေခဲ့၏။

သူ့မေးခွန်းအား တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက ခေါင်းခါလိုက်ပြီး ဆိုသည်။

“'သရဲမျက်နှာဖုံး' ဂိုဏ်းချုပ်က ရိုးသားမှု မရှိဘူး။ ဒီအချက်ကို ရှင်ရော ကျွန်မရော ရှင်းရှင်းလင်းလင်း သိနေကြတာပဲ။ ဒီနေ့ခေတ်မှာ သိုင်းသူတော်စင် နည်းစနစ်က ဖျက်ဆီးခံထားရတာ ကြာပြီ။ တခြား နည်းလမ်းတွေကနေ သိုင်းသူတော်စင် နယ်ပယ်ထဲကို အတင်းအကျပ် ခြေချဝင်ရောက်ဖို့ပဲ ရနိုင်တော့တယ်။ မဟာယန် သိုင်းသူတော်စင်က သိုင်းသူတော်စင်အသစ် တစ်ယောက် ပေါ်ထွက်လာတာကို အလွယ်တကူ ထိုင်ကြည့်နေမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူက လောကကြီးမှာ ပြိုင်ဘက်ကင်း ဖြစ်နေခဲ့တာ ကြာလွန်းနေပြီလေ”

“တစ်ခု မပြောနဲ့နော်။ ရှင်တို့ မိစ္ဆာဂိုဏ်းမှာ သိုင်းသူတော်စင် ဖြစ်အောင် လုပ်နိုင်တဲ့ နည်းလမ်း မရှိဘူးလို့။ တကယ်လို့ အဲ့ဒါသာ မှန်တယ်ဆိုရင်တော့ မဟာမိတ်ဖွဲ့တဲ့ ကိစ္စကို မေ့လိုက်ကြရအောင်”

'သရဲမျက်နှာဖုံး' က အလျင်အမြန် ဆိုလိုက်သည်။

“သူတော်စင်မလေး။ ခဏ ခဏ”

သူက ဟက်ဟက်ဟု ရယ်မောလိုက်သေး၏။

“ကျုပ်တို့ မြင့်မြတ်တဲ့ ဂိုဏ်းတော်က မဟာယန် တော်ဝင်နန်းတော်နဲ့ နှစ်ပေါင်းတစ်ထောင်ကြာအောင် ရင်ဆိုင် ယှဉ်ပြိုင်နိုင်ခဲ့တာ။ သဘာဝအတိုင်း ကျုပ်တို့မှာ ကိုယ်ပိုင် အခြေခံအုတ်မြစ် ရှိတာပေါ့။ ကျုပ်က ခင်ဗျားတို့မှာ မဟာမိတ်ဖွဲ့ဖို့ အရည်အချင်း ရှိ၊ မရှိ အတည်ပြုနေရုံ သက်သက်ပါ။ ကျုပ်တို့ မဟာမိတ်ဖွဲ့ကြမှတော့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိပြီး ပူးတွဲ ကြိုးပမ်းအားထုတ်ဖို့ လိုအပ်တယ်လေ”

“လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက ကျုပ်တို့ မြင့်မြတ်တဲ့ ဂိုဏ်းတော်ကနေ သိုင်းသူတော်စင် တစ်ပါး မွေးဖွားလာတော့မလို့ပဲ။ ဒါပေမဲ့ အဲ့ဒီ အရေးကြီးတဲ့ အခိုက်အတန့်မှာ မဟာယန် သိုင်းသူတော်စင်က အာရုံခံမိပြီး သူ့ဆီ ရောက်လာ ဖျက်ဆီးပစ်ခဲ့တာ။ ဒီတစ်ခါတော့ ကျုပ်တို့ ပိုပြီး သတိထားရမယ်။ အချိန်ကျလာတဲ့အခါ သိုင်းသူတော်စင် နှစ်ပါး တစ်ပြိုင်တည်း မွေးဖွားလာပြီး နှစ်ယောက် တစ်ယောက်ဆိုရင် ကျုပ်တို့ မဟာယန် သိုင်းသူတော်စင်ကို ဖိနှိပ်နိုင်မှာပါ”

'သရဲမျက်နှာဖုံး' သည် သူ၏ သွားများကို အနည်းငယ် ကြိတ်လိုက်သည်။

“ဒီအဘိုးကြီးက အသက်ရှည်လွန်းနေပြီ။ သူ လှုပ်ရှားလိုက်တိုင်း အရင်ကထက် ပို အားနည်းနေတယ်။ အသစ် မွေးဖွားလာတဲ့ သိုင်းသူတော်စင် နှစ်ယောက်ဆိုရင်တောင် သူ့ကို ယှဉ်ပြိုင်ဖို့ လုံလောက်ပါတယ်”

ဤနှစ်များအတွင်း မိစ္ဆာဂိုဏ်းသည် ခြေတစ်ဖက် ပြတ်သွားသည့်တိုင် မသေနိုင်သော ကင်းခြေများ တစ်ကောင်ကဲ့သို့ ဖြစ်ခဲ့သော်လည်း သူတို့က အချိန်ဖြုန်းနေခဲ့ကြသည် မဟုတ်ပေ။ ရာစုနှစ်တိုင်းလိုလို သူတို့သည် မဟာယန် သိုင်းသူတော်စင်အား တစ်ကြိမ် လှုပ်ရှားလာစေရန် ပြုလုပ်ပြီး သူ၏ အခြေအနေကို အကဲဖြတ်ခဲ့ကြသည်။

ထိုတိုက်တွန်းမှုအား နားထောင်ရင်း တောင်ပိုင်းနယ်စပ် သူတော်စင်မလေး၏ ရင်ထဲ၌ တစ်ချက် လှုပ်ခါသွားပြီး မိစ္ဆာဂိုဏ်း၏ အခြေခံအုတ်မြစ်နှင့် ရိုးသားမှုကို အသစ်တစ်ဖန် နားလည်သဘောပေါက် သွားခဲ့ရသည်။

သူမ ပြန်ထိုင်လိုက်ပြီး မိမိသဘောအလျောက် ပြောလိုက်သည်။

“ကျွန်မတို့ တောင်ပိုင်းနယ်စပ် 'သွေးဘုရင်ကူ' ကို သန့်စင်ဖို့ ရှင်တို့ မိစ္ဆာဂိုဏ်းရဲ့ ပူးပေါင်းကူညီမှုကို လိုအပ်တယ်”

ထိုအခါ 'သရဲမျက်နှာဖုံး' က ပြုံးလိုက်ပြီး သဘောတူလေ၏။

“ပြဿနာ မရှိဘူး။ ကျုပ်တို့ မြင့်မြတ်တဲ့ ဂိုဏ်းတော်က အရည်အသွေး မြင့်လေ ပိုကောင်းလေ ဖြစ်တဲ့ ဆန်းပြား သားရဲ အတွင်းအမြုတေ အများအပြား လိုအပ်တယ်။ ခင်ဗျားတို့ တောင်ပိုင်းနယ်စပ်က တောင်တစ်သိန်းနဲ့ အရမ်း နီးစပ်တာပဲဟာ။ ဒါ ခင်ဗျားတို့အတွက် ခက်ခဲမှာ မဟုတ်ပါဘူး”

နှစ်ဦးသား မျက်လုံးချင်း ဖလှယ်ကြည့်လိုက်ကြပြီး တစ်ယောက်စကားထဲမှ အဓိပ္ပာယ်ကို တစ်ယောက် အထာပေါက်သွားကြ၏။ ရှင်းနေသည်မှာ ဤသည်မှာ အဖွဲ့အစည်း နှစ်ခုလုံးအတွက် သိုင်းသူတော်စင် တစ်ပါး မွေးမြူပျိုးထောင်နိုင်မည့် နည်းလမ်းနှင့် သက်ဆိုင်နေသည်။ သို့သော် ဉာဏ်ကောင်းသူများကြားတွင် အရာရာကို ဖွင့်ချပြောဆိုနေရန် မလိုအပ်တော့။ ဒါကို ကနဦး ရိုးသားမှု ပြသခြင်းအဖြစ် မှတ်ယူနိုင်ပေသည်။

နောက်ဆက်တွဲ အနေဖြင့် ဈေးဆစ်ခြင်း အဆင့် ဖြစ်လာတော့သည်။ အကျိုးအမြတ်ခွဲဝေမှုနှင့် ပတ်သက်လာလျှင် လက်တစ်လက်မတိုင်းပင်လျှင် အရေးပါလှသည်။

ထိုအခိုက်အတန့်မှာတော့ ချင်ယွင်သည် သူ၏ စိတ်အခြေအနေကို ပြန်လည်ညှိယူလိုက်ပြီး ပူးပေါင်းပါဝင်လိုက်သည်။ သို့သော် ထိုနှစ်ဦးသား အစောပိုင်း အစစ်အမှန်သိုင်းဂိုဏ်းအား ထည့်သွင်းပြောဆိုခဲ့ခြင်းက သူ၏ စိတ်ထဲတွင် အရိပ်မည်းတစ်ခု ထားခဲ့လေသည်။

'သေစမ်း။ ဆရာ့ဂိုဏ်းကို ပစ်မှတ်ထားနေကြပြီ။ ငါ အခွင့်အရေးရှာပြီး သူတို့ကို သတိပေးလို့ ရနိုင်မလား။ မဖြစ်ဘူး။ ငါ ဒီမှာ အသက်နဲ့ လဲထားရတာ။ ငါ ဘယ်လို လုပ်ရမလဲ'

—-----

အချိန်များ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားခဲ့သည်။ အစစ်အမှန်သိုင်းဂိုဏ်း၏ ဂိုဏ်းတံခါး ဖွင့်လှစ်မည့် နေ့ရက်များသို့ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်၏။

လွန်ခဲ့သော ရက်အနည်းငယ်က လော့ဝမ်ထျန်းနှင့် တာအိုဆရာလုံရှန်းတို့ တောင်ပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြပြီ ဖြစ်လေသည်။ အစစ်အမှန်သိုင်းဂိုဏ်းသည် သိုင်းလောက၏ နဝမမြောက် တာအိုဂိုဏ်း အဖြစ်သို့ တက်လှမ်းသွားခဲ့ပြီ ဆိုသော သတင်းကို ယူဆောင်လာခဲ့ကြရာ ချက်ချင်းပင် အစစ်အမှန်သိုင်းဂိုဏ်း တစ်ခွင်လုံး ဂုဏ်ယူ ဝမ်းမြောက်သွားကြတော့၏။ တပည့်သစ် ပွင့်လင်းစွာ ခေါ်ယူ စုဆောင်းမှုအပေါ် စိတ်အားထက်သန်မှုသည် နောက်ထပ်အဆင့် တစ်ခုသို့ တက်လှမ်းသွားခဲ့သည်။

နင်ချီသည် တပည့်သစ် ခေါ်ယူမှုအတွက် ပြင်ဆင်မှုများအပြင် 'စိတ်ဝိညာဉ်' ကို တိတ်တဆိတ် သွေးနေခဲ့၏။ 'အသခ်ျေ ဖြစ်ရပ်ဆန်းကြယ် လျှို့ဝှက်မှတ်တမ်း' ကို ထပ်မံ သန့်စင်နေစဉ် သူ၏ တိုက်ခိုက်ရေး စွမ်းအားကို ပိုမို အားကောင်းစေရန် လျှို့ဝှက်နည်းစနစ် အများအပြားကို ပြန်လည်ပြင်ဆင်ခဲ့သည်။

'လမ်းစဉ် စောင့်ရှောက်သူ သိုင်းနည်းစနစ်' ကိုလည်း လျစ်လျူမရှုခဲ့ပေ။ ဥပမာအားဖြင့် ယခင် ဖန်တီးခဲ့သော 'ဓားအမြုတေအတု ပြိုကွဲခြင်း နည်းစနစ်' ပင်။ ယခု 'မူလအမြုတေ' ရှိလာပြီဖြစ်ရာ နင်ချီ ၎င်းကို ချိန်ညှိလိုက်ပြီး သူ၏ 'မူလအမြုတေ' အနီးတွင် မျှခြေ ထိန်းသိမ်းနိုင်ရန် 'ဓားအမြုတေအတု' သုံးလုံးအထိ စုစည်းထားနိုင်ခဲ့သည်။ ဤနည်းအားဖြင့် သူ အစွမ်းကုန် ထုတ်လွှတ်လိုက်ပါက သူ၏ အစွမ်းကို နှစ်ဆထက် ပို၍ တိုးမြှင့်နိုင်ပေလိမ့်မည်။

'အမြုတေအတု' အတွက်မူ ၎င်းကို နင်ချီက ထုတ်ယူလိုက်ပြီ ဖြစ်ပါသည်။ သူ အားနည်းနေခဲ့စဉ် အစောပိုင်းအချိန်များက အပေါ်ယံ ဟန်ပန်အတွက် 'အမြုတေအတု' ကို လိုအပ်ခဲ့သည်။ သို့သော် သူ၏ ခွန်အား တဖြည်းဖြည်း အားကောင်းလာသည်နှင့်အမျှ 'အမြုတေအတု' ၏ အခန်းကဏ္ဍမှာ လျော့နည်း သေးငယ်သွားခဲ့ပြီး 'အမြုတေအတု ပြိုကွဲခြင်း နည်းစနစ်' ပင်လျှင် အသုံး သိပ်မဝင်တော့ပါ။ တိုးတက် ပြုပြင်ထားသော 'ဓားအမြုတေအတု ပြိုကွဲခြင်း နည်းစနစ်' နှင့် စွမ်းအားချင်း အတူတူလောက်သာ ရှိတော့သည်။ ဤသို့ဖြင့် နင်ချီသည် ၎င်းထံမှ နောက်ဆုံး အသုံးဝင်မှု အမျှင်တန်းလေးကို လုံးဝ ဖြတ်တောက် ပစ်လိုက်တော့သည်။

သို့သော် နင်ချီသည် ‘အမြုတေအတု’ ကို အလဟဿ ဖြုန်းတီးပစ်ရန် အစီအစဉ် မရှိခဲ့ပါ။ ထိုအစား သူသည် လော့ဝမ်ထျန်းအား ၎င်းကို ဝှက်ဖဲတစ်ခုအဖြစ် အသုံးပြုစေရန် ရွေးချယ်ခဲ့သည်။ 'အမြုတေတု ကောင်းကင် ပေါင်းစပ် နည်းစနစ်' နှင့် 'အမြုတေတု ပြိုကွဲခြင်း နည်းစနစ်' ကဲ့သို့သော နည်းစနစ်များအပေါ် သူ၏ သုတေသနပြုမှုများဖြင့် 'သားရဲဘုရင် အတွင်းအမြုတေ' အပေါ် နင်ချီ၏ နားလည်မှုသည် ယခင်ကဲ့သို့ နည်းပါးခြင်း မရှိတော့ချေ။

လျှို့ဝှက်နည်းစနစ် အသစ်တစ်ခု၏ ရိုးရှင်းသော အဆင့်မြှင့်တင်မှုတစ်ခု ဖွဲ့စည်းပြီးမြောက်သွားခဲ့သည်။ အနည်းငယ် ပြုပြင်ပြောင်းလဲမှု တစ်ခု နှစ်ခု ပြုလုပ်လိုက်ပြီး ထိုနည်းစနစ်ကို လော့ဝမ်ထျန်း၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ထည့်သွင်းပေးလိုက်သည်။

လော့ဝမ်ထျန်းသည် 'ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်' ကို ကျွမ်းကျင်စွာ မထိန်းချုပ်နိုင်သော်ငြားလည်း 'အမြုတေအတု' ၏ စွမ်းအားကို အသုံးပြု၍ 'မူလအမြုတေ နယ်ပယ်' ၏ ခွန်အားကို ထုတ်လွှတ်နိုင်ရုံမျှဖြင့် လုံလောက်နေခဲ့ပြီ။ ပြီးနောက် သူ ၎င်းကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သွားသောအခါ သူသည် သာမန် 'မူလအမြုတေ နယ်ပယ်' ကျင့်ကြံသူများထက်ပင် ပို၍ အားကောင်းလာနိုင်သေးသည်။

ဤအရာအတွက် 'မိုးကြိုးကျား သားရဲဘုရင် အတွင်းအမြုတေ' နှင့် တွဲဖက်အသုံးပြုနိုင်ရန် နင်ချီသည် 'ကောင်းကင်မိုးကြိုး နည်းစနစ်' ၏ အကြောင်းအရာအချို့ကို ရိုးရှင်းအောင် ပြုလုပ်ပေးခဲ့ပြီး လော့ဝမ်ထျန်းအား 'မိုးကြိုးလမ်းကြောင်း' အပေါ် ပိုမို ကောင်းမွန်စွာ အမိန့်ပေး ထိန်းချုပ်နိုင်စေခဲ့သည်။ မည်သို့ပင်ဖြစ်စေ လော့ဝမ်ထျန်းသည် လက်ရှိတွင် ဤ 'အမြုတေအတု' နှင့် အသားကျ ရင်းနှီးအောင် ကြိုးစားနေရဆဲ ဖြစ်သည်။

ထို့မျှမကသေးပါ၊ ထိုအလုပ်တို့အပြင် နင်ချီသည် 'ကောင်းကင်ဘုံ ဓားနည်းစနစ်' ၏ ပြောင်းလဲမှု အမျိုးမျိုးကို ဆက်လက် သန့်စင်နေခဲ့သည်။ ယခု 'မူလအမြုတေ နယ်ပယ်' သို့ ခြေချဝင်ရောက်ခဲ့ပြီဖြစ်ရာ 'ချီစွမ်းအင်' ၏ အရည်အသွေးနှင့် အရေအတွက်သည် တစ်ဖန် မြင့်တက်လာခဲ့ပြီး သူ၏ ယခင် အယူအဆကို တဖြည်းဖြည်း လက်တွေ့ အကောင်အထည် ဖော်လာနိုင်ခဲ့သည်။

ယခုအခါတွင် နင်ချီသည် 'ကောင်းကင်တာရာ ဓားအခင်းအကျင်း' ဖွဲ့စည်းနိုင်ရန် 'ကောင်းကင်ဘုံဓား' သုံးဆယ့်ခြောက်ချောင်းအား လွယ်လွယ်ကူကူ ခွဲထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

ထို့ထက်ပို၍ သူသည် ၎င်းအား 'ကောင်းကင်မိုးကြိုး နည်းစနစ်' နှင့် ပေါင်းစပ်နိုင်ရန် ကြိုးပမ်းနေခဲ့သည်။ 'ကောင်းကင်မိုးကြိုး နည်းစနစ်' သည် သူ၏ ကိုယ်ပိုင် 'မိုးကြိုးလမ်းကြောင်း' ၏ ပြိုင်ဘက်ကင်း လျှို့ဝှက်နည်းစနစ် ဖြစ်ပြီး အံ့ဖွယ်အသုံးဝင်မှု များစွာ ပိုင်ဆိုင်ထားသည်။ နင်ချီသည် ၎င်းကို 'ဆေးလုံး ဖော်စပ်ခြင်း တာအို' တွင် အသုံးပြုခဲ့ပြီးဖြစ်ရာ အကယ်၍ အစစ်အမှန်သိုင်းဂိုဏ်း အဖွဲ့ဝင်များ၏ အစွမ်းသတ္တိကို လျင်မြန်စွာ မြှင့်တင်ပေးလိုပါက ဆေးလုံးများအပေါ်၌သာ ကျရောက်ရမည် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

အားလပ်ချိန်များတွင် သူ ၎င်းကို အနည်းငယ် လေ့လာလေ့ရှိပြီး 'ကောင်းကင်မိုးကြိုး နည်းစနစ်' ကို အသုံးပြု၍ 'စိတ်ဝိညာဉ် ဆေးပင်' များကို ပိုမို ထိရောက်စွာ သန့်စင်ကာ ပိုမိုအရည်အသွေး မြင့်မားသော ဆေးလုံးများ ထုတ်လုပ်နိုင်ခဲ့သည်။

သို့သော် နင်ချီသည် သူ၏ ကိုယ်ပိုင် ကျင့်ကြံမှုကို လျစ်လျူရှုမည် မဟုတ်ပါ။ သို့သော် ယခု သူ၏ ကျင့်ကြံမှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ သူ၏ သိုင်းပညာလမ်းကြောင်း နယ်ပယ် မြင့်တက်လာသည်နှင့်အတူ သူသည် သိုင်းပညာလမ်းကြောင်းကို ပိုမို ရိုးရှင်းစေရန် ယခင်လမ်းကြောင်းကို ပြန်လည်ဆင်ခြင်နေခဲ့ပြီး အချို့သော နည်းလမ်းများတွင် ၎င်းတို့အား ပြန်လည် ‘စမ်းသပ်’ နေခဲ့တော့သည်။

All Chapters