မျိုးဆက်သစ် အညွန့်အဖူး သုံးရာ နှင့် ဂယက်ရိုက်ခတ်မှုကြီး။
Vol. 13 Ch. 192
~အချိန်များ ကုန်လွန်သွားခဲ့၏။ လော့ဝမ်ထျန်း နှင့် အကြီးအကဲ အများအပြားသည် ဤ ထူးချွန်သော မျိုးဆက်သစ် အညွန့်အဖူးလေးများ အပေါ် အနီးကပ် အာရုံစိုက်လျက် ရှိကြသည်။ ကော်တန်မှလွဲ၍ အခြား ကောင်းစွာ စွမ်းဆောင်နိုင်သူများလည်း ရှိနေသေး၏။
ဥပမာအားဖြင့် လုမန် နှင့် အိုးယန် ယူရွှမ် နှစ်ဦးလုံးသည် အစစ်အမှန်သိုင်းဂိုဏ်း၏ နှလုံးသားများ နှင့် စိတ်နေသဘောထားချင်း ကိုက်ညီကြလေသည်။
လေးနက်သော အသံ တစ်ခု နောက်ဆုံးတွင် တစ်ဖန် ပဲ့တင် ထွက်ပေါ်လာခဲ့သည်။
“နိုးထကြ။”
'နှလုံးသား စစ်မေးခြင်း စင်မြင့်' ပေါ်တွင် ကျန်ရှိနေသော ကလေးငယ်များ အားလုံး တုန်လှုပ်သွားကြကာ ယခင် 'နှလုံးသား စစ်မေးခြင်း' အခြေအနေမှ နိုးထ လာခဲ့ကြသည်။
ဤနည်းအားဖြင့် သူတို့ ထိခိုက် နာကျင်ကြမည် မဟုတ်ပေ။ မည်သို့ပင် ဆိုစေ သူတို့သည် ငယ်ရွယ်သေးပြီး သူတို့၏ စိတ်များမှာ အားနည်းနေသေး၏။ အကယ်၍ သူတို့ကို ယခင် 'ချီစွမ်းအင် အနှစ်သာရ နယ်ပယ်' မှ သခင်များကဲ့သို့ အတင်းအကျပ် နှိုးလိုက်မည် ဆိုလျှင် သူတို့ အရူးများ အဖြစ်သို့ ပြောင်းလဲ သွားနိုင်သည့် အန္တရာယ် ရှိနေခဲ့သည်။
ထို အခိုက်အတန့်တွင်...ကလေးများ အားလုံး မျက်လုံးများ ပြူးကျယ် သွားကြ၏။
ထို အံ့ဖွယ် အခြေအနေကို ကိုယ်တိုင် တွေ့ကြုံခံစား လိုက်ရပြီးနောက်... သူတို့ ယခင် အပြင်ဘက်မှ လေ့လာ ကြည့်ရှုခဲ့စဉ်ကထက် များစွာ ပိုမို အစွမ်းထက်သည်ကို သူတို့ သဘောပေါက် သွားကြသည်။
ဤ 'နှလုံးသား စစ်မေးခြင်း' ကို ဖြတ်သန်းပြီးနောက်... သူတို့၏ နှလုံးသားများ အနည်းငယ် ရှင်းလင်း သွားသကဲ့သို့ပင် ခံစား လိုက်ကြရ၏။
ဟုတ်ပါသည်။ အချို့က ပျော်ရွှင်နေကြပြီး အချို့ကမူ စိုးရိမ် နေကြ၏။
နိုးထ လာသည်နှင့်... သူတို့၏ နှလုံးသားထဲမှ ထို စစ်မှန်သော အဖြေများကို ချက်ချင်း ပြန်လည် အမှတ်ရ လာကြသည်။
ဤနေရာတွင် ရှိနေသော ကလေးများသည် တုံးအသူများ မဟုတ်ကြပေ...။ ယခင် 'ချီစွမ်းအင် အနှစ်သာရ နယ်ပယ်' မှ အစောင့်အရှောက်များ၏ အကဲဖြတ်မှုများကို ကြည့်ရုံမျှဖြင့်... 'နှလုံးသား စစ်မေးခြင်း စင်မြင့်' ၏ စမ်းသပ်မှုကို မည်သူ ကျော်ဖြတ် နိုင်မည်ကို သူတို့ အကြမ်းဖျင်း သဘောပေါက် နိုင်ကြသည်။
ကော်တန်သည် အနည်းငယ် ဂနာမငြိမ် ဖြစ်ကာ စိတ်လှုပ်ရှား နေမိ၏။ သူသည် မိမိကိုယ်ကို သြတ္တပ္ပစိတ် ရှင်းလင်းသည်ဟု ယုံကြည်ခဲ့သော်ငြားလည်း... ရလဒ်များ မထွက်လာမီ အချိန်အထိ သူ၏ စိတ်ကို အာမ မခံဝံ့သေးချေ။
ထို အတောအတွင်း.. ကော်တန် တိတ်တဆိတ် ရေတွက် ကြည့်လိုက်ရာ ကလေး အချို့ ပျောက်ဆုံး နေသည်ကို တွေ့ရှိ လိုက်ရ၏။
ဤ တွေ့ရှိမှုက သူ့ကို ထိတ်လန့် သွားစေခဲ့သည်။ ကော်တန်သည် နောက်ခံ ဆင်းရဲ နွမ်းပါး သော်ငြားလည်း ဉာဏ်နည်းသူ တစ်ယောက် မဟုတ်ပေ။ ဘာတွေ ဖြစ်ပျက် နေသည်ကို သူ ချက်ချင်း သဘောပေါက် လိုက်သည်။
'ချီစွမ်းအင် အနှစ်သာရ နယ်ပယ်' မှ အစောင့်အရှောက်များ၏ စစ်ဆေးမှု အတွင်း သူလျှိုများ ရှိခဲ့သည် ဆိုလျှင်... သဘာဝအတိုင်း တပည့် စစ်ဆေးမှုတွင်လည်း သူလျှိုများ ပုန်းအောင်း နေနိုင်သည် မဟုတ်ပါလား။
ဤအချက်ကို သတိပြုမိသော ကလေးများ အားလုံး စိုးရိမ် ပူပန် သွားကြ၏။ သူတို့ပါ ပါဝင် ပတ်သက် သွားမည်ကို စိုးရိမ်ကာ စမ်းသပ်မှု မအောင်မြင် နိုင်တော့မည်ကို ကြောက်ရွံ့ နေကြလေသည်။
ကံကောင်းစွာပင် ယဲ့ချင်းဟယ်၏ အသံက သူတို့ကို ယုံကြည်မှု တစ်ချက် ပေးလိုက်လေသည်။ ယဲ့ချင်းဟယ်သည် တစ်ဦးတည်းသော အမျိုးသမီး အကြီးအကဲ ဖြစ်ပြီး လှပ၍ တည်ကြည် လှသဖြင့် ကလေးများ၏ ချစ်ခင် မှုကို လွယ်ကူစွာ ရရှိခဲ့၏။
သူမသည် 'နှလုံးသား စစ်မေးခြင်း စင်မြင့်' ပေါ်မှ ကလေးငယ်များကို ကြည့်လိုက်ပြီး နူးညံ့သော အပြုံးတစ်ခု ပြုံးပြလိုက်၏။
“အခု... စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ် နိုင်ခဲ့တဲ့ လူတွေရဲ့ စာရင်းကို ကြေညာ ပါ့မယ်။”
“လုမန်။”
“အိုးယန် ယူရွှမ်။”
“လီချန်။”
“ကော်တန်။”
နာမည် တစ်ခုပြီး တစ်ခု ခေါ်သွားခဲ့၏။
နာမည် အရွေးခံရသော ကလေးများ အားလုံး စိတ်လှုပ်ရှားစွာ လက်သီး ဆုပ်ထားကြပြီး သူတို့၏ နှလုံးသား ထဲမှ ပျော်ရွှင်မှုကို မထိန်းချုပ် နိုင်ကြတော့ပေ။
ကော်တန်၏ နာမည်ကို နောက်ဆုံးမှ ခေါ်လိုက်ချိန်တွင် သူ၏ တင်းတင်း ကျပ်ကျပ် ဖြစ်နေသော အာရုံကြောများ နောက်ဆုံးတွင် ပြေလျော့ သွားတော့၏။ သူ ဝမ်းသာလွန်း၍ မျက်ရည်များ ပေါက်ပေါက် ကျတော့မတတ်ပင် ဖြစ်သွား၏။ သူ၏ နာမည်ကို အစောက မခေါ်သေးသောကြောင့် ထုတ်ပယ် ခံလိုက်ရပြီဟု ထင်နေခဲ့ခြင်း ဖြစ်သည်။
ယဲ့ချင်းဟယ်သည် သူမ၏ ရင်ထဲတွင် တိတ်တဆိတ် ပြုံးလိုက်၏။ သူမ၏ အစ်ကိုကြီး (လော့ဝမ်ထျန်း) သည် 'ကော်တန်' ဟုခေါ်သော ဤ ကောင်လေးအား သဘောကျ နေသည်ကို သူမ သတိပြုမိ၏။ ထို့ကြောင့် လူငယ်လေး၏ စိတ်ရှည်သည်းခံမှုကို စမ်းသပ်သည့် အနေဖြင့် သူမ၏ နာမည်ကို တမင်သက်သက် နောက်ဆုံးမှ ခေါ်လိုက်ခြင်း ဖြစ်သည်။ ရလဒ်က သူမကို ကျေနပ် စေခဲ့၏။
ဤ 'နှလုံးသား စစ်မေးခြင်း စင်မြင့်' အဆင့်တွင် တစ်ဝက် နီးပါး ထုတ်ပယ် ခံခဲ့ရ၏။ အကြောင်းမူကား၊ ကလေးများသည် ပုံမှန်အားဖြင့် အတွေးအခေါ် နည်းပါးကြပြီး ပြုပြင်ရန် လွယ်ကူသလို... 'ကောင်းကင်သို့ တက်လှမ်းခြင်း လှေကား' ကလည်း အစောပိုင်း ကတည်းက အဆင့် တစ်ခု အထိ စစ်ထုတ် ပေးခဲ့ပြီး ဖြစ်သည်။
ဤသို့ဖြင့် တပည့် သုံးရာ ခန့် ကျန်ရစ် ခဲ့တော့၏။
ဤ လူ သုံးရာကို ကြည့်ရင်း လူတိုင်း ပြုံးနေကြသည်။ ဤသည်တို့မှာ အကောင်းဆုံးထဲမှ အကောင်းဆုံးကို ရွေးချယ်ထားသော အညွန့်အဖူးများ ဖြစ်ကြ၏။
သူတို့၏ အနာဂတ် အောင်မြင်မှုများသည် သံသယ ရှိစရာ မလိုအောင် နိမ့်ကျလိမ့်မည် မဟုတ်ပေ။
အစစ်အမှန်သိုင်းဂိုဏ်း၏ များပြားလှသော လျှို့ဝှက် နည်းစနစ်များ၊ အရင်းအမြစ်များ နှင့် ပေါင်းစပ် လေ့ကျင့် ပေးလိုက်ပါက... သူတို့ အားလုံး 'ချီစွမ်းအင် အနှစ်သာရ နယ်ပယ်' အတွက် အလားအလာ ကောင်း နေသူများ ဖြစ်ကြသည်...။
တစ်ခုတည်းသော ကွာခြားချက်မှာ အနာဂတ်တွင် ကြိုးစား အားထုတ်မှု ရှိ၊ မရှိ အပေါ်၌သာ မူတည် လိမ့်မည် ဖြစ်၏။
ယဲ့ချင်းဟယ်က ကျယ်လောင်စွာ ကြေညာလိုက်သည်။
“နာမည် ခေါ် ခံရတဲ့ လူတွေ အားလုံး... အခု က စပြီး မင်းတို့ အစစ်အမှန်သိုင်းဂိုဏ်းရဲ့ အပြင်ဂိုဏ်းသား တပည့်တွေ ဖြစ်သွားကြပြီ။ မကြာခင် မင်းတို့ရဲ့ စီနီယာ အစ်ကိုတွေက မင်းတို့ကို ဂိုဏ်းရဲ့ အတွင်း လုပ်ငန်းဆောင်တာ တွေနဲ့ ရင်းနှီး အောင် ဦးဆောင် ခေါ် သွား ပေး လိမ့်မယ်။”
“တပည့် တို့ အမိန့် နာခံ ပါတယ်...”
လတ်လတ်ဆတ်ဆတ် အစစ်အမှန်သိုင်း တပည့် ဖြစ်လာသူ အားလုံး ရိုသေစွာ ဦးညွှတ် လိုက်ကြတော့၏။
ထိုအတောအတွင်း ထုတ်ပယ် ခံလိုက်ရသူများ မှာမူ မျက်နှာငယ် များ ဖြင့် မျက်ရည်ပင် ဝဲနေကြ၏။
အထူးသဖြင့် 'ကောင်းကင်သို့ တက်လှမ်းခြင်း လှေကား' အဆင့်တွင် ကောင်းစွာ စွမ်းဆောင် နိုင်ခဲ့သူများ မှာ ယုံကြည် နိုင်ရန် ခက်ခဲ နေကြ၏။ သူတို့ မကျေမနပ် ဖြစ်နေကြ သော်ငြားလည်း မေးခွန်း ထုတ် မမေး ဝံ့ကြပေ။
ယဲ့ချင်းဟယ်က အနည်းငယ် လျစ်လျူရှု သော လေသံ ဖြင့် ဆို၏။
“မအောင်မြင် ခဲ့တဲ့ လူတွေ တောင်ပေါ် က ဆင်း ပေးပါ...။ မင်းတို့တွေ အစစ်အမှန်သိုင်းဂိုဏ်းက ပြင်ဆင် ထားတဲ့ လက်ဆောင် သေးသေးလေး တစ်ခု ကို လာ ယူ နိုင်ပါတယ်။”
သူမ သူမ၏ ရင်ထဲတွင် ခေါင်း အနည်းငယ် ခါလိုက်မိ၏။ ဤ ကလေးငယ်များသည် 'အမြစ်' ကောက်နေသူများ ဖြစ်ကြသည်။
သဘာဝ အတိုင်း ဖြစ်စေ၊ ပတ်ဝန်းကျင် လွှမ်းမိုးမှု ကြောင့် ဖြစ်စေ...။ မည်သို့ပင် ဖြစ်စေ သူတို့သည် မြင့်မြတ်သော စာရိတ္တ ပိုင်ရှင်များ မဟုတ်ကြပေ။
အနာဂတ်တွင် ကြီးမားသော ဉာဏ်အလင်း ရရှိပြီး ပြောင်းလဲ သွားနိုင်ခြေ ရှိသော်ငြားလည်း အစစ်အမှန်သိုင်းဂိုဏ်းသည် ထို ဖြစ်တန်ခြေ အပေါ် လောင်းကြေး ထပ်မည် မဟုတ်။ ကောက်နေသော ပျိုးပင် တစ်ပင်ကို ပြန် ဖြောင့်အောင် လုပ်ရခြင်းသည် အတော်လေး စိန်ခေါ်မှု ရှိ၏။ အစ ကတည်းက ဖြောင့်မတ်သော တစ်ပင်ကို ရွေးချယ် စိုက်ပျိုး လိုက်ခြင်းက အချိန် ရော အား ရော သက်သာ စေသည်။
နောက်ဆုံးတော့... အစစ်အမှန်သိုင်းဂိုဏ်း ဆိုသည်မှာ လောကကြီးကို ပညာ ပေး နေသည့် သူတော်စင် ဂိုဏ်း တစ်ခု မဟုတ်ပေ။
“ကျေးဇူး တင်ပါတယ် အကြီးအကဲ ယဲ့...”
ထုတ်ပယ် ခံလိုက်ရသူများ၏ အသံများ အနည်းငယ် နိမ့်ကျ နေခဲ့၏။
အများစု ကတော့ အဖြစ်မှန်ကို လက်ခံ လိုက်ကြသည်။ သို့သော် အချို့မှာမူ တစ်နေ့နေ့တွင် အစစ်အမှန်သိုင်းဂိုဏ်း နောင်တ ရစေရမည်ဟု တိတ်တဆိတ် တေးထားလိုက်ကြသည်...။ 'နှစ် သုံးဆယ် အတွင်း အလှည့်အပြောင်း ဆိုတာ အမြဲ ရှိတယ်' ဟု တွေးနေကြ၏။
လော့ဝမ်ထျန်းသည် ဤ အတွေးများကို အနည်းငယ် သိရှိ နေသော်လည်း ဂရု မစိုက် ခဲ့ပေ။ အစစ်အမှန်သိုင်းဂိုဏ်း၏ ကြီးထွားမှုသည် လူထု မျှော်လင့်ချက်များ ထက် များစွာ ကျော်လွန် သွားလိမ့်မည် ဖြစ်သည်။
နင်ချီ ပေးခဲ့သော သိုင်းပညာ လျှို့ဝှက် နည်းစနစ်များ၊ ဆေးလုံး ဖော်စပ်နည်းများ အများအပြားကို တွေးတော ကြည့်ရင်း... ထို့အပြင် ရံဖန်ရံခါ ဖန်တီးလိုက်သော 'မြင့်မြတ်သော နက်နဲသည့် အရာဝတ္ထု' များကို စဉ်းစား မိရင်း... သူသည် လေးစား ကြောက်ရွံ့မှုများ ဖြင့် ပြည့်နှက် သွားခဲ့သည်။
ထူးချွန်သော မျိုးဆက်သစ် အညွန့်အဖူး သုံးရာ ခေါ်ဆောင် သွားခြင်း ခံရ သည်ကို သူ ကြည့် နေခဲ့၏။
လော့ဝမ်ထျန်း၏ မျက်နှာ ပေါ်တွင် အပြုံး တစ်ခု သဘာဝ အတိုင်း ဖြစ်ပေါ် လာခဲ့သည်။
ဤသည်မှာ အစစ်အမှန်သိုင်းဂိုဏ်း၏ အနာဂတ် ဖြစ်၏။ ယခင်က လက်ခံ ရရှိခဲ့သော တပည့် များ ထက် များစွာ ပိုမို ထူးချွန် လှပေသည်။
ဤ ပွင့်လင်း စွာ တပည့် ခေါ်ယူမှုသည် အောင်မြင်စွာ ပြီးဆုံး သွားခဲ့ပြီ ဖြစ်၏။ သေးငယ်သော အလှည့်အပြောင်း အချို့ ရှိခဲ့ သော်ငြားလည်း အများစုမှာ ထိန်းချုပ်မှု အတွင်း ၌သာ ရှိ နေခဲ့သည်။ တောင်ပေါ် မှ အဖြစ်အပျက်များ တဖြည်းဖြည်း လူသိ များ လာသည် နှင့် အမျှ အစစ်အမှန်သိုင်းဂိုဏ်း၏ ဂုဏ်သတင်းသည် အထွတ်အထိပ် အသစ် များ သို့ မြင့်တက် လာ လိမ့်မည် မှာ ကြို မြင် နိုင် ဖွယ် ရှိ၏။ အထူး အခြေအနေများ မရှိ လျှင် အစစ်အမှန်သိုင်းဂိုဏ်းသည် အချိန် တို အတွင်း ဤ မျှ ကြီးမားသော ခေါ်ယူမှု မျိုး ထပ်မံ လုပ်ဆောင် တော့မည် မဟုတ်ပေ။
...
ထုတ်ပယ် ခံလိုက်ရသော ကလေးများ နှင့် 'ချီစွမ်းအင် အနှစ်သာရ နယ်ပယ်' မှ သခင်များ တောင် အောက်သို့ ဆင်း သွား သည် နှင့်...။
အစစ်အမှန်သိုင်းတောင် ပေါ်တွင် ဖြစ်ပျက် ခဲ့ သမျှ အရာ အားလုံး အံ့ဩဖွယ် အရှိန်အဟုန် ဖြင့် ပျံ့နှံ့ သွားတော့၏။
အစစ်အမှန်သိုင်းမြို့တော် မှ စတင် ၍ ချင် ပြည်နယ် သို့၊ ထိုမှ တစ်ဆင့် ပတ်ဝန်းကျင် ပြည်နယ်များဆီသို့ ပျံ့နှံ့သွားလေသည်။
များစွာ သော လူ တို့ အံ့ဩ တုန်လှုပ် သွားကြတော့သည်။