ဂိုဏ်းနှစ်ခု၏ မဟာမိတ်ဖွဲ့ခြင်း နှင့် ဂိုဏ်းတံခါး ဖွင့်လှစ်ခြင်း (၃)
Vol. 13 Ch. 182
ဟုတ်ပါသည်။ ဤကဲ့သို့သော စမ်းသပ်မှုမျိုးသည် အန္တရာယ် မရှိပါချေ။
အချိန်များ ကုန်လွန်သွားခဲ့၏။ အစစ်အမှန်သိုင်းဂိုဏ်း ဂိတ်တံခါး ဖွင့်လှစ်မည့် လူတိုင်း အလွန်အမင်း မျှော်လင့်စောင့်စားနေခဲ့ကြသော နေ့သည် နောက်ဆုံးတွင် ဆိုက်ရောက်လာခဲ့လေပြီ။
ဤရက်များအတွင်း အစစ်အမှန်သိုင်းမြို့တော်သည် လူများဖြင့် ပြည့်ကျပ်လျက် ရှိနေခဲ့ပြီ ဖြစ်သည်။ လူပေါင်းများစွာတို့သည် အဝေးကြီးမှ ခရီးနှင်လာခဲ့ကြ၏။ ထိုသူများထဲမှ အများစုမှာ ကလေးသူငယ်များ ဖြစ်ကြပြီး အကြီးအကဲများက အဓိက ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ အစစ်အမှန်သိုင်းဂိုဏ်း အပြည့်အဝ မထွန်းကားမီ ဤအခွင့်အရေးကို ဆုပ်ကိုင် ရယူနိုင်ကြစေရန် မျှော်လင့်နေကြသည်။
အနည်းငယ်မှာမူ တစ်ယောက်တည်း လာရောက်ခဲ့ကြပြီး အချို့မှာ သူတောင်းစားများ သို့မဟုတ် ဆင်းရဲနွမ်းပါးသော ဒေသများမှ ဖြစ်ကြသည်။ ဤအခွင့်အရေးဖြင့် သူတို့၏ ကံကြမ္မာကို ပြောင်းလဲပစ်ရန် ကြိုးစား ရှာဖွေနေကြခြင်း ဖြစ်လေ၏။
“ညီမလေး။ အစ်ကိုကြီး အစစ်အမှန်သိုင်းဂိုဏ်းကို သေချာပေါက် ဝင်ခွင့်ရအောင် လုပ်မယ်။ ပြီးရင် မင်းကို ကောင်းမွန်တဲ့ ဘဝတစ်ခု ထားပေးမယ်”
မျက်ခုံးထူထူ၊ မျက်လုံး လင်းလတ်တောက်ပသော ထိုကောင်လေးသည် သူ၏ဘေးမှ ပိန်လှီသော မိန်းကလေးအား ရိုးသားစွာ ကတိပေးလိုက်သည်။
ကလေး၏ မျက်နှာသည် ညစ်ပတ်နေသော်လည်း သူ၏ မျက်လုံးများက မယုံနိုင်လောက်အောင် တောက်ပနေခဲ့၏။ သို့သော် အလွန် အားနည်းနေခဲ့ပြီး ဆာလောင်မှုက သူ့အား တဖြည်းဖြည်း ကိုက်ဖြတ် စားသုံးနေခဲ့သည်။
ကလေး၏ စကားအား ကြားလိုက်ရသော် ပိန်လှီသော မိန်းကလေး၏ မျက်လုံးများ မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားသည်။
“ညီမလေး အစ်ကို့ကို ယုံကြည်ပါတယ်”
သို့သော် သူမသည် အချို့သော လှောင်ပြောင်သည့် အကြည့်များကို ချက်ချင်း ခံစားမိလိုက်ပြီး အလိုအလျောက်ပင် ကောင်လေး၏ ရင်ခွင်ထဲသို့ ကျုံ့ဝင်သွားလေသည်။ မောင်နှမနှစ်ယောက်၏ အဝတ်အစားများမှာ စုတ်ပြဲနေခဲ့ပြီး အကယ်၍သာ နွေဦးရာသီ မဟုတ်ခဲ့ပါလျှင် သူတို့ အစစ်အမှန်သိုင်းတောင်သို့ပင် ရောက်အောင် လာနိုင်ခဲ့မည် မဟုတ်ပေ။
ပုံရိပ်တစ်ခု သူတို့၏ ရှေ့တွင် ရပ်တန့်သွားသည်။
ကောင်လေးသည် သူ၏ ညီမရှေ့မှ အလျင်အမြန် ကာရပ်လိုက်သည်။ အပေါ်သို့ မော့မကြည့်ဝံ့ဘဲ စိတ်လှုပ်ရှားစွာ ဆို၏။
“သခင်။ ကျွန်တော်တို့ ချက်ချင်း ထွက်သွားပါ့မယ်။ ချက်ချင်းပါ”
ထိုပုံရိပ်သည် ဘာစကားမှ မဆို။ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော ပေါင်မုန့်တစ်လုံးကို ချထားခဲ့ပြီး လှည့်ထွက်သွားလေသည်။ ကောင်လေး အံ့ဩတကြီး ကြည့်လိုက်ရာ ထွက်ခွာသွားသော ဆံပင်ဖြူ ပုံရိပ်ကိုသာ မြင်လိုက်ရသည်။ မျက်နှာ၏ တစ်စိတ်တစ်ပိုင်းကို ဖုံးအုပ်ထားသော မျက်နှာဖုံးတစ်ခုကို မသဲမကွဲ မြင်တွေ့လိုက်ရ၏။
“ကျေးဇူးတင်ပါတယ်..။ ကျေးဇူးတင်ပါတယ် သခင်”
ကောင်လေးသည် စိတ်လှုပ်ရှားမှုဖြင့် တုန်ရီနေပြီး ကျေးဇူးတင်စကားများကို အဆက်မပြတ် တီးတိုး ရေရွတ်နေမိသည်။ သူ၏ မျက်လုံးများ အနည်းငယ် ဝေဝါးနေခဲ့၏။ ဤခရီးတစ်လျှောက်လုံး ခံစားခဲ့ရသော ဒုက္ခအခက်အခဲများကို သူ တစ်ယောက်တည်းသာ သိသည်။ ကူညီလက်ကမ်းသူ အလွန် ရှားပါးခဲ့ပြီး သူသည်လည်း ဆာလောင်မှုကြောင့် အလွန် အားနည်းနေခဲ့ပြီ။ ဤပေါင်မုန့် အနည်းငယ်သည် သူ၏ ကံကြမ္မာကို ပြောင်းလဲပစ်ရန် လုံလောက်သွားနိုင်ပါသည်။
“ညီမလေး။ မြန်မြန် စား”
“အစ်ကို... အစ်ကို စားပါ။ အစ်ကို အစစ်အမှန်သိုင်းဂိုဏ်းရဲ့ စမ်းသပ်မှုကို ဖြေဆိုနိုင်ဖို့ ဗိုက်ပြည့်နေဖို့ လိုတယ်လေ။ အဲ့ဒီနောက် အစ်ကို ညီမလေးကို ပေါင်မုန့် ဆယ်လုံး ပြန်ကျွေးပေါ့”
ကောင်လေးက ခေါင်းခါလိုက်သည်။ သူ ပေါင်မုန့်များကို မိန်းကလေးနှင့် အညီအမျှ ခွဲဝေ စားသုံးလိုက်ပြီး ထိုဆံပင်ဖြူပုံရိပ်ကို အမှတ်ရနေမိတော့သည်။
ဤကဲ့သို့သော မြင်ကွင်းများသည် အစစ်အမှန်သိုင်းမြို့တော်တွင် ထူးဆန်းသော အရာ မဟုတ်တော့ပေ။ လူတွေ ရိုးရိုးရှင်းရှင်း များလွန်းနေသည်။ အစစ်အမှန်သိုင်း တပည့်များသည် တရားစခန်း ထိန်းသိမ်းခြင်း၊ တပည့်သစ် စုဆောင်းမှုအတွက် ပြင်ဆင်ခြင်းတို့ဖြင့် အလုပ်ရှုပ်လွန်းနေကြပြီး အခြားကိစ္စရပ်များကို ဂရုစိုက်ရန် အချိန်မရှိကြတော့ပေ။
ခန်းမဆောင် တစ်ခုအတွင်း။
ဆံပင်ဖြူ မျက်နှာဖုံးစွပ်လူ (ချင်ယွင်) လက်ရန်းကို မှီ၍ ရပ်နေသည်။ ထိုစဉ်မှာ အနီးအနားမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာ၏။
“မိစ္ဆာဂိုဏ်းရဲ့ သူတော်စင်ဆက်ခံသူ တစ်ယောက်က ဒီလို ကြင်နာတတ်တဲ့စိတ် ရှိလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ဒါက ဒီ သူတော်စင်မလေးရဲ့ မိစ္ဆာဂိုဏ်းအပေါ် အမြင်ကို တကယ် ပြန်လည် ဆန်းသစ်စေတာပဲ”
ချင်ယွင်သည် တောင်ပိုင်းနယ်စပ် သူတော်စင်မလေးအား လှည့်မကြည့်။ သူ ဖြည်းညင်းစွာ ဆိုလိုက်သည်။
“သူတော်စင်မလေး ကျွန်တော့်ကို စောင့်ကြည့်လေ့လာဖို့ ဒီလိုစိတ်မျိုး ရှိနေမယ့်အစား ဒီ တပည့်သစ် စုဆောင်းမှုအတွင်းမှာ ကျွန်တော်တို့ လူတွေကို အစစ်အမှန်သိုင်းဂိုဏ်းထဲ ဘယ်လို ထည့်သွင်းရမလဲ ဆိုတာကို စဉ်းစားနေတာက ပိုကောင်းလိမ့်မယ်”
တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက ရယ်မောလိုက်သည်။
“အဟင်းဟင်း… တောင်ပိုင်းနယ်စပ်မှာ ကိုယ့်နည်းကိုယ့်ဟန် ရှိပြီးသားပါ။ ရှင်တို့ မိစ္ဆာဂိုဏ်းရဲ့ ကိစ္စတွေကိုတော့ ကျွန်မ စီမံမပေးနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် အစစ်အမှန်သိုင်းဂိုဏ်းက ဒီလောက် ပွင့်ပွင့်လင်းလင်း ခေါ်ယူနေမှတော့ တခြား အင်အားစုတွေဆီက သူလျှိုတွေ မလွဲမသွေ ရောနှော ဝင်ရောက်လာမှာပဲ။ ရှုပ်ထွေးမှု တချို့ရှိတာက စိတ်ဝင်စားစရာ ကောင်းတာပေါ့။ အကြီးအကဲဝမ်နဲ့ ချင်ပြည်နယ် အခြေစိုက်စခန်းကိစ္စက အစစ်အမှန်သိုင်းဂိုဏ်းရဲ့ လက်ချက်အမှန် ဟုတ်၊ မဟုတ် စမ်းသပ်ကြည့်ရုံ သက်သက်ပါပဲ”
ဤသို့ ပြောလိုက်ရင်း သူမ ရုတ်တရက် ခေါင်းလှည့်လာသည်။ သူမ၏ မျက်လုံးများတွင် ညှို့ရီသော ဆွဲဆောင်မှုအချို့ ပါဝင်နေ၏။
“စကားမစပ်... ကျွန်မ မှတ်မိသလောက်တော့ သူတော်စင် ဆက်ခံသူလောင်းချင်က တစ်ချိန်က အစစ်အမှန်သိုင်းဂိုဏ်းရဲ့ တပည့်ဟောင်း တစ်ယောက်ဆို။ ရှင် စိတ်မပါ လက်မပါ ဖြစ်မနေဘူးလား”
ထိုမေးခွန်းအား ကြားလိုက်ရသော် ချင်ယွင်က သူမအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“သူတော်စင်မလေးကို အောင်ပွဲ သေချာပြီလို့ မယူဆဖို့ ကျွန်တော် အကြံပေးချင်တယ်။ ကျွန်တော် ကျွန်တော့် အစ်ကိုကြီး (လော့ဝမ်ထျန်း) အကြောင်း ကောင်းကောင်းသိတယ်။ သူက ရိုးရှင်းပုံ ပေါက်ပေမဲ့ တကယ်တော့ အရမ်း သတိကြီးတဲ့လူ။ သူ ဂိုဏ်းတံခါး ဖွင့်ဖို့ ဆုံးဖြတ်လိုက်ကတည်းက သဘာဝအတိုင်း သက်ဆိုင်ရာ တန်ပြန် အစီအမံတွေ ရှိပြီးသား ဖြစ်လိမ့်မယ်။ သူတော်စင်မလေး ရှုံးနိမ့်မှုအတွက် ကြိုတင် ပြင်ဆင်ထားသင့်တယ်ဗျ”
“ကျွန်တော် ဒီနည်းလမ်းကို အစကတည်းက သဘောမတူခဲ့ဘူး။ ဒါက ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေကို ပိုပြီး ဖော်ထုတ်ပြလိုက်သလို ဖြစ်သွားနိုင်တယ်”
တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက မျက်မှောင်ကြုတ်လိုက်ပြီး နောက်ဆုံးတွင် ခပ်ဖွဖွ ရယ်မောလိုက်သည်။
“အဟင်း.. ကျွန်မကတော့ လွယ်လွယ် မယုံတတ်ဘူးရှင့်”
ချင်ယွင် ဘာစကားမှ ထပ်မဆိုတော့ချေ။ ဤအဆင့်တွင် သူ ၎င်းကို တားဆီး၍ မရနိုင်တော့။ လုပ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ခဲ့ပြီးပြီ။ ယခု သူသည် တစ်လှမ်းချင်းသာ ဆက်လှမ်းနိုင်တော့သည်။
...
ယခုအခါ တောက်ပအလင်း သိုင်းခန်းမဆောင် အတွင်း၌၊
နင်ချီနှင့် တာအိုဆရာလုံရှန်းတို့ မျက်နှာချင်းဆိုင် ထိုင်နေကြပါသည်။ သူတို့၏ ရှေ့တွင် စစ်တုရင်ခုံ တစ်ခုံ ရှိနေ၏။ ဆရာတပည့် နှစ်ဦးသည် သူတို့၏ ကျွမ်းကျင်မှုအဆင့်ဖြင့် ဂိုဏ်းတံခါးဝမှ စည်ကားလှုပ်ရှားနေမှုများကို သဘာဝအတိုင်း ခံစားသိရှိနိုင်သည်။ ထိုနေရာတွင် ပါဝင်ယှဉ်ပြိုင်မည့်သူ အများအပြား စုရုံးရောက်ရှိနေကြပြီး လော့ဝမ်ထျန်း တရားဝင် ကြေညာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေကြတော့သည်။
တာအိုဆရာလုံရှန်းက အနက်ရောင် စစ်တုရင်တစ်ရုပ်ကို ပေါ့ပေါ့ပါးပါး ချလိုက်ရင်း သက်ပြင်းချသည်။
“ဒီတစ်ခေါက် တပည့်ခေါ်ယူတာ ကောင်း၊ မကောင်း ဆရာ မသိတော့ဘူး။ ဒီလောက် မျက်လုံးတွေ ငါတို့အပေါ် စူးစိုက်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“ကိုးလေး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တိတ်တဆိတ် ပို့လာတဲ့ လျှို့ဝှက်စာအကြောင်း မင်း ဘယ်လို ထင်လဲ။ အမှန်လား အမှားလား”
သူ၏ မျက်လုံးများတွင် အေးစက်မှု အရိပ်အယောင် တစ်စ ထင်ဟပ်နေ၏။ လွန်ခဲ့သော ရက်အနည်းငယ်က လျှို့ဝှက်စာ တစ်စောင် တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။ ၎င်းတွင် ဝါကျ တစ်ကြောင်းတည်းသာ ပါဝင်၏။
'တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့နှင့် မိစ္ဆာဂိုဏ်းတို့ မဟာမိတ်ဖွဲ့လိုက်ကြပြီ။ အစစ်အမှန်သိုင်းဂိုဏ်းထဲသို့ စိမ့်ဝင် ထိုးဖောက်ရန် ရည်ရွယ်နေကြသည်' ဟူ၍။
ဤသတင်းသည် လူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။
နင်ချီသည် အဖြူရောင် စစ်တုရင်တစ်ရုပ်ကို ကိုင်ထားသော သူ၏ လက်လှုပ်ရှားမှုကို ခေတ္တ ရပ်တန့်လိုက်သည်။
“အမှန်ဖြစ်စေ အမှားဖြစ်စေ။ စမ်းသပ်မှုအတွင်းမှာ တပည့်တို့ သိရမှာပါ”
နင်ချီ၏ ရင်ထဲတွင် တွေးဆချက်များစွာ ရှိနေခဲ့သည်။ ချင်ပြည်နယ်ရှိ တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့၏ အခြေစိုက်စခန်းကို ရှင်းလင်းသုတ်သင် လိုက်ပြီးကတည်းက တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့ဘက်မှ မည်သည့်အရိပ်အယောင်မျှ မတွေ့ရတော့ပေ။ သူ ထင်ထားသည်မှာ သူတို့၏ အာရုံစိုက်မှုသည် မိစ္ဆာဂိုဏ်းဘက်သို့ အောင်မြင်စွာ လမ်းလွှဲနိုင်ခဲ့ပြီ သို့မဟုတ် အတုအယောင် ခြေရာတစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြ ဟူ၍။
သို့သော် အခုကြည့်ရတာ သူက သူတို့ကို အထင်သေးသွားခဲ့မိပုံပင်။ ပတ်ချာလည် လျှောက်သွားပြီးသည့်နောက် တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့က အစစ်အမှန်သိုင်းဂိုဏ်းကို သံသယဝင်နေတုန်းပင်။ မိစ္ဆာဂိုဏ်းနှင့်တောင် မဟာမိတ်ဖွဲ့လိုက်သေးသည်။
မည်သို့ပင်ဖြစ်စေ နင်ချီ အလွန်အကျွံ စိုးရိမ်ပူပန်မနေခဲ့ပါ။ ယခုအခါ မူလအမြုတေ နယ်ပယ်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ သူ၏ ကြီးစိုးသည့် အင်အားက သူ့အား လုံလောက်သော ယုံကြည်မှု ပေးစွမ်းနေခဲ့သည်။
သူ့ကို နောက်ထပ် တစ်နှစ်လောက် အချိန်ပေးလိုက်ပါ။ သူ ကောင်းကင်ဘုံလူသားနယ်ပယ်ကို တက်လှမ်းသွားသည့်အခါ တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့နှင့် မိစ္ဆာဂိုဏ်းက ပြဿနာ ရှာရဲသည်ဆိုလျှင် ဒါက သေလမ်းရှာတာပဲ ဖြစ်လိမ့်မည်။
“ဒါပေမဲ့ ဒီလျှို့ဝှက်စာကို ဘယ်သူ ပို့လိုက်တာပါလိမ့်”
နင်ချီ တီးတိုး ရေရွတ်လိုက်မိသည်။
တာအိုဆရာလုံရှန်းသည်လည်း တွေးဆနေခဲ့သည်။ သို့သော် သတင်းအချက်အလက် အလွန်နည်းပါးလွန်းနေခဲ့၏။
“ဖြစ်နိုင်တာက ဒီလျှို့ဝှက်စာက စမ်းသပ်ကြည့်တာ ဖြစ်နိုင်မလား။ သူတို့က မင်း ချင်ပြည်နယ် အခြေစိုက်စခန်းကို ရှင်းလင်းခဲ့တာ ဟုတ်၊ မဟုတ် မသေချာသေးတာ ဖြစ်နိုင်တယ်ကွ ကိုးလေး”
တာအိုဆရာလုံရှန်း၏ တွေးဆချက်ကို ကြားသောအခါ နင်ချီ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်လေသည်။