← Chapters

ဘဝသစ်

Vol. 4 Ch. 178

ဘဝသစ်

Vol. 4 Ch. 178

https://i0.wp.com/mmxianxia.com/wp-content/uploads/2025/11/1000142087.jpg

စားသောက်ဆိုင်မှာ စားသောက်ပြီးတော့ ညနက်လာပြီ ဖြစ်တဲ့အတွက်ကြောင့် ငှားထားတဲ့အဆောင်ကိုပဲ သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဆောင်ကို အဝေးကနေမြင်ရတဲ့ အခါကျတော့ စိတ်ဓာတ်တောင်ကျသွားတယ်။ စစ်ပြီး ကာလကဆောက်ထားတဲ့ အုတ်တိုက်အိမ်ကြီးလိုပဲ။ ဖြစ်သလိုလေးထောင့်တုံးကြီး။ နံရံတွေကိုလည်း အင်္ဂတေနဲ့မံမထားလို့ အရုပ်ဆိုးဆိုး မညီမညာ အုတ်ချပ်ကြီးတွေကို ဒီအတိုင်းမြင်နေရတာတော့တာ။

ပြီးတော့ မြို့ထဲမဟုတ်လို့လားမသိဘူး၊ အမှိုက်တွေ လမ်းမပေါ်မှာကျနေပြီး နှင်းတွေနဲ့ပေါင်းလိုက်တော့ စေးကပ်စေးကပ်နဲ့ ရွံစရာကြီး။

“ပါရီမြို့က လူပေါင်းစုံနဲ့ ညစ်ပတ်တယ်ကြားဖူးပေမဲ့ တကယ်ဖြစ်နေမယ် မထင်ခဲ့မိဘူး။”

ဖွန်တီနာမြို့က လူနည်းပြီးခေါင်တယ်ဆိုပေမဲ့ အများကြီးသန့်တယ်လေ။ ကျွန်မက ဘေးမှာ ရှိနေတဲ့ ပါစီဗယ်ကိုကြည့်လိုက်ပြီး

“အရိပ်ထဲ ပြန်ဝင်နေ။ ဒါက မိန်းကလေးသီးသန့် နေတဲ့အဆောင်နော်။ ကျွန်မကိုအသိမပေးဘဲ ထွက်လာမယ်မကြံနဲ့။ မီးပွင့်သွားမယ်။”

“ရော်ဂျာ...” ပါစီဗယ်က ကျွန်မကို စစ်တပ်ပုံစံအတိုင်း အလေးပြုလိုက်ပြီးနောက် ကျွန်မအရိပ်ထဲကို ဝင်နေ လိုက်ပါတယ်။

“ဟားဟားဟား....”

အဆောင်တံခါးကို ဖွင့်လိုက်တော့ ဧည့်ခန်းမကြီးထဲ ပွဲလုပ်နေတာ ကျွန်မတွေ့လိုက်ရတယ်။ အရွယ်စုံ၊ လူမျိုးစုံမိန်းကလေးတစ်စုက မွေးနေ့ကိတ်တစ်လုံးကို အလယ်မှာထားပြီး ခပ်ဝဝနဲ့မျက်မှန်တပ်ထားတဲ့ အာရှသားကောင်မလေးကို စနောက်နေကြတာ။

“အား... လူသစ်ရောက်တာထင်တယ်။ တစ်ခါတည်း ဝင်စားသွားပါဦးလား။ ဒီနေ့ နန်းဝေမွေးနေ့လေ။”

မွေးနေ့ရှင်ကောင်မလေးက ဖိတ်လိုက်ပေမဲ့ ဆိုင်မှာထိုင်စားလာတာကတစ်ကြောင်း၊ တစ်နေကုန် ပင်ပန်းနေတာကတစ်ကြောင်း အဆင်မပြေတဲ့အတွက် ငြင်းလိုက်မိပါတယ်။

“ရပါတယ်၊ ကျွန်မစားပြီးပြီမလို့ပါ။ ဒါနဲ့အခန်းတံခါးသော့က ဘယ်မှာထုတ်ရမှာလဲဟင်။”

“အခန်းနံပါတ်ဘယ်လောက်လဲ။” အဆောင်မှူးဖြစ်ပုံရတဲ့ လူမည်းအမျိုးသမီးက လူအုပ်ထဲကထွက်လာပြီး ကျွန်မကိုမေးတယ်။ အခန်းနံပါတ်ပြောလိုက်ပြီးနောက်တော့ သူကကျွန်မကို သော့ပေးလိုက်ပါတယ်။

ဒီလိုနဲ့ ဧည့်ခန်းကနေထွက်လာပြီး ကျွန်မအခန်းရှေ့ကို ရောက်တဲ့အခါမှာတော့ သက်ပြင်းချလိုက်မိပါတယ်။ အပြင်ဘက်က ကြည့်ကတည်းက အခန်းလေးတွေက ကျဥ်းကျဥ်းလေးတွေ။ တံခါးကိုဖွင့်လိုက်တော့ အတွင်းထဲမှာ ကျောတစ်ခင်းစာအိပ်ရာတစ်ခုနဲ့ ဗီရိုအသေးလေးတစ်ခုပဲ ရှိနေတာမြင်ရပါတယ်။ ပြတင်းပေါက်တောင် မပါဘူး။

“နောက်ဆုံးတော့လည်း ဟိုးအရင်က အတိုင်းပါပဲလား။”

ကျွန်မ နှုတ်ခမ်းကို ဖိကိုက်ထားလိုက်မိတယ်။ အခုလို နေရာမျိုးမှာ ကျွန်မနေခဲ့တာ မိဘမဲ့ဂေဟာကနေပြီး ထွက်လာချိန်ကတည်းကပါ။ ဒါပေမဲ့ နက်ဆန်နဲ့ရှိနေချိန် သူ့ရဲ့အလိုလိုက်မှုတွေကြောင့် ကျွန်မရဲ့အစစ်အမှန် ဘဝကိုကျွန်မ မေ့လျော့နေခဲ့တာ။

“နောက်လစာထုတ်မှ ပိုကောင်းတဲ့အခန်း ရှာကြည့်ဦးမယ်။”

ကျွန်မပစ္စည်းတွေကို နေရာချထားပြီးနောက်မှာ အနွေးထည်ကိုဖယ်လိုက်ပြီး အိပ်ရာပေါ်လှဲလိုက်တယ်။ အိပ်ဖို့ကြိုးစားပေမဲ့ ပါတီပွဲကလာနေတဲ့ သီချင်းဆိုသံနဲ့ ရယ်မောသံတွေကြောင့် အိပ်မရခဲ့ဘူး။

...

နက်ဆန်က ဖွန်တီနာစံအိမ်ရဲ့ဧည့်ခန်းထဲမှာ ထိုင်နေရင်း သူ့လက်ထဲမှာတော့ လမျက်နှာဖုံးကို ကိုင်ထားပါတယ်။ တစ်အိမ်လုံးတိတ်ဆိတ်နေပြီး အပြင်ဘက်ကနေ ကမ်းခြေကို လှိုင်းရိုက်တဲ့အသံ ကြားနေရပါတယ်။

အခန်းထဲမှာ မီးထွန်းထားပြီး ပြတင်းပေါက်ကနေ ကြယ်တွေစုံတဲ့ညမြင်ကွင်းကို မြင်တွေ့ရနိုင်ပါတယ်။

“ငါထပ်ပြီး စမ်းကြည့်သင့်လား....”

လမျက်နှာဖုံးက အမှောင်ကျောင်းတော်ရဲ့အမွေအနှစ် အထွတ်အမြတ်လက်နက်တစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာ နက်ဆန်လိုအပ်နေတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ သူ့လည်ပင်းကိုယ်သူစမ်းသပ်လိုက်ရင်း သက်ပြင်းကို အခါအခါချလို့။ အဲဒီနေ့က ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကို သူမမေ့သေးပါဘူး။

“သူ့ကိုကာကွယ်ပေးနိုင်ဖို့ ငါဒီမျက်နှာဖုံးကို အသုံးချမှဖြစ်မယ်။”

နက်ဆန်က မျက်နှာဖုံးကို သူ့မျက်နှာမှာတပ်လိုက်တယ်။ ဒီအထိက သာမန်ပဲဆိုပေမဲ့ သူ့နတ်ဘုရားခန္ဓာကိုယ်က စွမ်းအားတွေနဲ့ မျက်နှာဖုံးကို ပေါင်းစည်းဖို့ ကြိုးစားလိုက်ချိန်မှာတော့....

“......”

ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိ ကျသွားတာကို သူခံစားမိလိုက်ပါတယ်။ ခေါင်းကို ဘယ်ညာလှည့်ကြည့်ပေမဲ့ ဘာကိုမှမမြင်ရဘူး။ ပြီးတော့ သိပ်ကိုတိတ်ဆိတ်နေသလိုပဲ။

လူခြေတိတ်တဲ့ညတွေမှာတောင်မှ တောထဲမှာ ပိုးကောင်သံတွေကို ကြားရသလိုမျိုး ဖွန်တီနာအိမ်မှာ ကမ်းခြေကလှိုင်းသံတွေကို ကြားနေရသင့်တာ။ နက်ဆန် သူ့ပါးစပ်ကိုဟပြီး တစ်ခုခုပြောလိုက်ပေမဲ့ သူ့အသံကိုသူမကြားရဘူး။

“.....” သူ့အသံကြိုး တုန်ခါနေတာကို ခံစားရပေမဲ့၊ သူ့ပါးစပ်ကနေ စကားလုံးတွေထွက်ကျလာတာကို ခံစားမိပေမဲ့ ဘာသံမှသူမကြားရဘူး။

“.....”

သူ သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။ ဒါပေမဲ့ သူ့လက်သူ မမြင်ရဘူး။ တဖြည်းဖြည်းနဲ့ အထီးကျန်ဆန်တဲ့ ခံစားချက်က သူ့ရင်ထဲမှာ တိတ်တဆိတ် နေရယူလာနေတယ်။

မျက်နှာဖုံးရဲ့အမှောင်ထုထဲမှာ ရောက်နေတာကြာတာနဲ့ အမျှ သူ့ခန္ဓာကိုယ်ဟာ အေးခြင်းပူခြင်းနှစ်ခုလုံးကို ခံစားလို့မရနိုင်တဲ့အနေအထားကို ရောက်ရှိလာတယ်။

“......”

‘........’ တစ်ခုခုပြောဖို့ရော တွေးကြည့်ဖို့ရော ကြိုးစားပေမဲ့ ဘာအရာမှမရောက်ဘူး။ သူ့ခေါင်းက ဗလာဖြစ်လာနေပြီး ကြောက်ရွံစိတ်ကြောင့် မျက်နှာဖုံးကို ချွတ်ဖို့ကြိုးစားပေမဲ့ သူ့လက်တွေက ဗလာပြင်ကိုသာထိတွေ့မိသွားတယ်။

‘.......’ သူ့မျက်နှာ မရှိတော့တာလား။ သူ့လက်တွေ ပျောက်ကွယ်သွားတာလား။ သူမသိဘူး။ သူရုန်းကန်လို့မရဘူး။ တဖြည်းဖြည်းနဲ့ သူ့ရဲ့တည်ရှိမှု ကိုယ်တိုင်က တိတ်ဆိတ်လာနေတယ်။

သူ့ကိုယ်သူ ဘယ်သူလည်းစပြီး ပြန်တွေးကြည့်တယ်။ မှတ်ဉာဏ်တွေဟာ ဝေးကွာလှတဲ့အရာတစ်ခုလိုမျိုး ဖြစ်လာနေတယ်။ သူ့ကိုယ်သူဘယ်သူလဲ မသိတော့ဘူး။ သူ့နာမည်ဟာ အခုအချိန်မှာမှတ်မိရအခက်ဆုံး အရာတစ်ခုဖြစ်လာနေတယ်။

သူ့နှလုံးခုန်သံတွေ ရပ်တန့်သွားတယ်။ အသွေးအသား ဘယ်တုန်းကမှမရှိခဲ့ဖူးသလိုမျိုးပဲ။ နောက်တော့ တွေးတောခြင်းဆိုတာ ဘာလဲသူမေ့သွားခဲ့တယ်။ အဲဒီအချိန်မှာတော့ ‘သူ'ဆိုတဲ့ ဖြစ်တည်မှုဟာ ဘယ်တုန်းကမှ မရှိခဲ့သလိုပါပဲ။

နောက်ဆုံးတော့ ဗလာနယ်တစ်ခုသာ ကျန်ရစ်ခဲ့တယ်။

...

‘ဒုတ်.. ဒုတ်....’

ရုတ်တရက် တုန်ခါမှုတစ်ခုကြောင့် အတွေးစလေးတစ် ဖြစ်တည်လာတယ်။ ဒါပေမဲ့သိပ်ကို အားနည်းပြီးတော့ အဓိပ္ပါယ်ဖော်ဖို့တောင် မဖြစ်နိုင်လောက်အောင် တိုတောင်းတဲ့အရာတစ်ခု။

ဒုတ်... ဒုတ်...

တုန်ခါမှုက ပိုပြင်းထန်လာတယ်။ နှလုံးခုန်သံလို့ တွေးမိပြီးတဲ့နောက် နှလုံးဆိုတဲ့စကားလုံးကို သူသတိရလာတယ်။ သူ.... ဟုတ်တယ်၊ အဲဒီကနေ သူဆိုတဲ့စကားလုံးကို ပြန်ရှာတွေ့ခဲ့တာ။ ဒါပေမဲ့ သူဆိုတာဘာလဲ၊ လူသားတစ်ယောက်လား။ ဒါမှမဟုတ် အခြားတစ်ခုလား။

ဒုတ်ဒုတ်... ဒုတ်ဒုတ်...

နှလုံးခုန်ပြန်မှန်လာတာနဲ့အမျှ အတွေးပေါင်းများစွာက သူ့ဦးနောက်ထဲကို ပြန်စီးဝင်လာခဲ့တယ်။ နောက်တော့ သူ့ဖြစ်တည်မှုကိုယ်သူ ပြန်ခံစားလာနိုင်ခဲ့ပြီး နာမည် တစ်ခုကို ရေရွတ်လိုက်မိတယ်။

‘ဆယ်ဗီ....’

နက်ပြာရောင်ဆံပင်နဲ့လှပတဲ့ မိန်းကလေးရဲ့မျက်နှာကို သူတမ်းတမိတော့ အလိုလိုပြုံးလိုက်မိပါတယ်။ အထီးကျန်ဆန်လှတဲ့ ဒီဗလာနယ်ထဲမှာ မြင်တွေ့ခဲ့ရတဲ့ ပထမဆုံးအလင်းရောင်ပါပဲ။

ဒါပေမဲ့ အဲဒီအလင်းရောင်က အကြာကြီးမခံလိုက်ဘဲ ပျောက်ကွယ်သွားခဲ့တယ်။ ပြီးတာနဲ့ တစ်စုံတစ်ခုက သူ့အနားကိုချဥ်းကပ်လာနေတာကို သတိထားမိလိုက်ပြီး နက်ဆန်က ရှေ့ကိုတည့်တည့်ကြည့်လိုက်တယ်။

နောက်တော့ သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ သူ့မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာပြီး သွေးကြောတွေ စတင်ထောင်ထလာပါတော့တယ်။ ပြီးတဲ့နောက် သူ့ပါးစပ်ကိုဟလိုက်ပြီး....

“အား......” ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတော့တယ်။

...

တင်းတောင်....

အိုလီရာနာက အိမ်အပြင်ဘက်မှာရပ်နေရင်း တံခါးက လူခေါ်ဘဲလ်ကို တီးလိုက်ပါတယ်။ ဒါပေမဲ့အတော် ကြာတဲ့အထိ အထဲကနေ ဘာသံမှမကြားရတဲ့အတွက် နောက်တစ်ခါ ခလုတ်ကိုနှိပ်လိုက်လေရဲ့။

တင်းတောင်... တင်းတောင်....

“အိုနီး-ချန်ရေ၊ ညီမလေးပြန်ရောက်နေပြီနော်။ ပြီးတော့ အရှုပ်ထုတ်တစ်ယောက်လည်း ပါလာသေးတယ်။”

အိုလီရာနာက အခုလိုပြောလိုက်တော့ ဘေးမှာရပ်နေတဲ့ မိုနီကာက ဒေါသတကြီးနဲ့ ကောင်မစုတ်လေးခေါင်းကို ဆွဲဖမ်းပြီး ထုတော့တာပဲ။

“နာတယ်ဟဲ့...”

“နင်လူကြီးကို အဲဒီလိုပြောစရာလား...”

“လူသေးပေမဲ့ ငါက နင့်ထက် ပိုအသက်ကြီးတယ်ဟဲ့၊ စကူးဘတ်ကောင်မရဲ့။”

“ဂါး....”

နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် စနေရာကနေ တကယ်ထချတော့မယ့်ပုံစံမျိုး ဖြစ်နေပြီ။ ဒါပေမဲ့ ရုတ်တရက်ဖြစ်လာတဲ့ အဖြစ်အပျက်တစ်ခုက သူတို့နှစ်ယောက်ရဲ့ဖြစ်လုဆဲဆဲ တိုက်ပွဲကို ရပ်တန့် လိုက်ပါတော့တယ်။

“အား......”

ယောကျ်ားတစ်ယောက်ရဲ့အော်သံကြောင့် ပတ်ဝန်းကျင်မှာရှိနေတဲ့ ငှက်တွေပျံပြေးကုန်တယ်။ မိုနီကာနဲ့အိုလီရာနာနှစ်ယောက်လုံးလည်း ချက်ချင်း ထိတ်လန့်ကုန်ပါတယ်။

“သခင်....”

“ဒါလင်....”

သူတို့နှစ်ယောက်လုံးက ဘာမှစဥ်းစားမနေတော့ဘဲ အိမ်ရှေ့တံခါးကို ရိုက်ချိုးပြီး အခန်းထဲဝင်လိုက်တယ်။ ဒါပေမဲ့အိုလီရာနာက ချက်ချင်းပဲ မိုနီကာကိုဖမ်းဆွဲ လိုက်ပါတယ်။

“သတိထား.... သခင့်ရဲ့အမှောင်နတ်ဘုရားခန္ဓာက ထိန်းချုပ်မှုလွတ်နေပြီ။”

မိုနီကာလည်း သတိထားပြီးတော့ ဧည့်ခန်းထဲကို ကြည့်လိုက်တော့ နက်ဆန်ဟာအခန်းအလယ်မှာ လမျက်နှာဖုံးကိုဝတ်ထားပြီး သူ့မျက်နှာကိုသူ ဆုပ်ကိုင်ထားတယ်။ အရိပ်ခန္ဓာကိုယ်ကတော့ အထိန်းအကွပ်မဲ့စွာပြန့်ကျဲနေပြီး အိမ်တွင်းက ပရိဘောဂတွေအားလုံး ပျက်စီးနေပါပြီ။

“အဲဒီမျက်နှာဖုံးကို ခွာပေးမှရမယ်။”

မိုနီကာက ပြောလိုက်တော့ အိုလီရာနာက စိုးရိမ်နေတဲ့ လေသံနဲ့ပြောလိုက်ပါပြီ။ “သခင့်အရိပ်ခန္ဓာက ငါ့အတွက်စွမ်းအားကြီးလွန်းတယ်။ ငါမလုပ်နိုင်လောက်ဘူး။”

မိုနီကာက ဆုံးဖြတ်ချက်ပြတ်သားတဲ့အကြည့်တွေနဲ့ နက်ဆန်ကိုကြည့်လိုက်ရင်း...

“ငါလုပ်မယ်... နင်ကငါ့ကို နောက်ကနေကာကွယ်ပေး။”

မိုနီကာက အိုလီရာနာဆီက အဖြေကိုတောင်မစောင့်ဘဲ အရိပ်ခန္ဓာရဲ့သက်ရောက်တဲ့ အကွာအဝေးအတွင်းကို တိုက်ရိုက်ပြေးဝင်သွားတယ်။ အိုလီရာနာကလည်းပဲ သူ့နွယ်လက်တံတွေကိုအသက်သွင်းပြီး မိုနီကာကို အရိပ်ခန္ဓာရဲ့တိုက်ခိုက်ခံရမယ့်ဘေးကနေ ကာကွယ် ပေးလိုက်တာပေါ့။

ဘုန်း....

အရိပ်လက်တွေနဲ့နွယ်တွေထိမိပြီး အိမ်ကြီးလှုပ်ခါ သွားတယ်။

“မိုနီကာ... နင်ရူးနေပြီလား....”

“အ... “ အရိပ်လက်သည်းတစ်ဖက်က မိုနီကာရဲ့ဘယ်လက်မောင်းကို ကုတ်ခြစ်လိုက်ပြီး နံရံမှာသွေးတွေစွန်းသွားတယ်။

ဒါပေမဲ့ မိုနီကာက ရှေ့ဆက်နေဆဲပါ။

“ငါရှေ့ဆက်သွားလို့ရအောင် ကူညီပေး။” မိုနီကာက ပြောလိုက်တော့ အိုလီရာနာက ခေါင်းညိတ်ပြတယ်။

အိုလီရာနာက မိုနီကာကို နွယ်လက်တံတွေနဲ့ ကာထားပေးပေမဲ့ အထိန်းအကွပ်မဲ့နေတဲ့ အရိပ်က စွမ်းအားကြီးလွန်းတာကြောင့် တချို့တိုက်ကွက်တွေက မိုနီကာကို တိုက်ရိုက်ထိမှန်ပြီး ခဏအတွင်းမှာပဲ စကူးဘတ်မိန်းကလေးရဲ့ခန္ဓာကိုယ်​က သွေးအလိမ်းလိမ်းနဲ့ ဖြစ်နေပြီ။

ပခုံး၊ ခါး၊ ခြေသလုံး၊ လက်၊ လည်ပင်း၊ လက်ဖျံ တစ်နေရာမှ အကောင်းမရှိဘူး။

“ဒါလင်... ကျွန်မရှိတယ်... ရှင်ဘာမှမဖြစ်ဘူး....”

မိုနီကာကတော့ ဒဏ်ရာတွေကိုဂရုမစိုက်ဘဲ စုတ်ပြတ် နေတဲ့အဝတ်အစားတွေနဲ့ပဲ နက်ဆန်ရှေ့ကိုရောက်လာ ခဲ့ပြီးတော့ ဒူးထောက်ထိုင်ချလိုက်တယ်။

“အား...” နက်ဆန်ကတော့ စိတ်ရူးပေါက်ပြီး အော်ဟစ် နေဆဲပဲ။ မိုနီကာက ရုန်းကန်နေတဲ့နက်ဆန်ရဲ့ကိုယ်ကို ပွေ့ဖက်လိုက်ရင်းနဲ့ မျက်နှာဖုံးကိုထိတွေ့လိုက်တယ်။

နွေးထွေးတဲ့အထိအတွေ့ကြောင့်လားမသိပေမဲ့ နက်ဆန် အနည်းငယ်သတိဝင်လာပြီး မိုနီကာရဲ့ လက်ကို ဖမ်းဆွဲလိုက်ပါတယ်။

“ဆယ်ဗီ... မင်းလား....”

“ဟုတ်တယ်၊ ကျွန်မပါပဲ။”

မိုနီကာက အခုလိုပြောလိုက်ရင်း မျက်နှာဖုံးကို ဖယ်ရှားပစ်လိုက်တယ်။ နာမည်က သူ့နာမည်မဟုတ်ခဲ့ပေမဲ့ သူဂရုစိုက်မနေဘူး။

အထိန်းအကွပ်မဲ့နေတဲ့ အရိပ်က နက်ဆန်ရဲ့ကိုယ်ထဲ ပြန်ဝင်သွားခဲ့ပြီး နက်ဆန်ကိုယ်တိုင်လည်းငြိမ်ကျသွားခဲ့တယ်။ နောက်တော့ စက္ကန့်မခြားဘဲ သူအိပ်ပျော်သွား​လေရဲ့။

“ဒါလင်... ရှင်ကျွန်မကို အကြွေးထပ်တင်ပြန်ပြီနော်။”

မိုနီကာကတော့ နက်ဆန်ကိုပိုပြီးတင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ်။ သူ့ပါးပြင်ပေါ်ကို မျက်ရည်စက်တချို့ စီးကျလာခဲ့ပေမဲ့ သူကတော့ ပြုံးနေဆဲပါ။

All Chapters