အခန်း (၁၁၀)
Vol. 9 Ch. 110
သို့သော်လည်း လူတို့၏ အကြံအစည်သည် ကောင်းကင်ဘုံ၏ အကြံအစည်ကို မယှဉ်နိုင်ခဲ့ပေ။ မြို့တံခါးဝမှ ထွက်ခွာစဉ်တွင် သူတို့ကို ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာက မမျှော်လင့်ဘဲ ပိတ်ဆို့ထားခဲ့သည်။
"ဘယ်သူမဆို ထွက်သွားလို့ရတယ်၊ ဒါပေမဲ့ အန်းနိုင်ငံရဲ့ ဧကရာဇ်နဲ့ မိသားစုတော့ နေခဲ့ရမယ်"
ဤသူများသည် မဟာယွဲ့ နိုင်ငံ ဗိုလ်ချုပ်ကျောက် မှ စေလွှတ်လိုက်သော သူများဖြစ်သည်။ ရှေ့က ရှန်နိုင်ငံ၏ ဧကရာဇ် ထွက်ပြေးလွတ်မြောက်သွားသော အမှားမှ သင်ခန်းစာယူကာ တပ်များမချီတက်မီ ကြားဖြတ်ဟန့်တားရန် သူ၏ လူများကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
အန်းနိုင်ငံ၏ ဧကရာဇ်လည်း ဒေါသထွက်လာပြီး- "မင်းတို့ မဟာယွဲ့က လူတွေ အရမ်း အနိုင်ကျင့်လွန်းတယ် စစ်သူကြီးဝမ်၊ သူတို့ကို ငါ့အတွက် မောင်းထုတ်ပေး"
စစ်သူကြီးဝမ်သည် ဧကရာဇ်၏ ကိုယ်ရံတော်ဖြစ်ပြီး သဘာဝအတိုင်း ချီဖွဲ့တည်ခြင်းအဆင့်ရှိသော ကျွမ်းကျင်သူလည်း ဖြစ်သည်။
"အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး" စစ်သူကြီးဝမ်က အမိန့်ကို ခံယူလိုက်သည်။
ထိုအချိန်တွင် မဟာယွဲ့ နိုင်ငံမှ ကျွမ်းကျင်သူတစ်ဦးက- "စစ်သူကြီးဝမ်၊ ဒီကိစ္စကို မင်းဝင်မပါဖို့ ငါ အကြံပေးချင်တယ်။ မင်းရဲ့ မိသားစုအားလုံးက မြို့ထဲမှာပဲ ရှိသေးတယ်။ ပဋိပက္ခ ဖြစ်လာရင် မင်းမိသားစုရဲ့ လုံခြုံရေးကို အာမမခံနိုင်ဘူး။ မင်း လုပ်မယ့်အလုပ်ကို သေသေချာချာ စဉ်းစား"
စစ်သူကြီးဝမ်သည် မိသားစုကို အန္တရာယ်ထဲ မရောက်စေချင်သဖြင့် တုံ့ဆိုင်းသွားခဲ့သည်။
ဤအခြေအနေကို မြင်သောအခါ အန်းနိုင်ငံ၏ ဧကရာဇ်သည် ဝမ်းနည်းမှုနှင့် အားကိုးရာမဲ့မှုများ ပြည့်နှက်စွာဖြင့် ပြောလိုက်သည်- "ပြန်လှည့်ကြစို့"
လူတိုင်း နန်းတော်သို့ ပြန်လာခဲ့ကြသည်။
"ချီးလိုပဲ၊ ခွေးမသားတွေ၊ မဟာယွဲ့ နိုင်ငံက ငါတို့ကို ဒီလို လှည့်စားရဲတယ်"
အန်းနိုင်ငံ၏ ဧကရာဇ်သည် အလွန်ဒေါသထွက်ကာ ပတ်ဝန်းကျင်ရှိ ပစ္စည်းများကို အားရပါးရ ရိုက်ခွဲနေခဲ့သည်။ နောက်ဆုံးတွင် မောပန်းနွမ်းနယ်လာကာ ထိုင်ချလိုက်သည်။
ကိုယ်ရံတော် ဝမ်က ရှက်သလိုလို၊ အပြစ်ရှိသလိုလို ခံစားလိုက်ရကာ- "အရှင်မင်းကြီး"
အန်းနိုင်ငံ၏ ဧကရာဇ်က အင်အားချိနဲ့စွာဖြင့် လက်ပြလိုက်ပြီး- "စစ်သူကြီးဝမ်၊ မင်း ဘာမှပြောဖို့ မလိုဘူး၊ မင်းရဲ့ အခက်အခဲတွေကို ငါ နားလည်တယ်၊ မင်းကို အပြစ်မတင်ပါဘူး၊ မင်းရဲ့ မိသားစုကို ခေါ်ပြီး ဒီနေရာက ထွက်သွားပါ၊ ဒီနေရာက မင်းအတွက် ဘေးကင်းတော့မှာ မဟုတ်ဘူး"
"ဒါပေမဲ့ အရှင်မင်းကြီး၊ အရှင်မင်းကြီးကရော"
"ငါ အခု ထွက်ပြေးနိုင်သေးတယ်လို့ မင်းထင်လား" အန်းနိုင်ငံ၏ ဧကရာဇ်က ခါးသီးစွာ ပြောလိုက်သည်။
စစ်သူကြီးဝမ်လည်း လေးနက်စွာ သက်ပြင်းချလိုက်သည်။ ဤအချိန်တွင် ချီဖွဲ့တည်ခြင်းအဆင့် စွမ်းရည်ရှိသူပင်လျှင် အားအင်မဲ့နေရသည်။
"စစ်သူကြီးဝမ်၊ မင်း အခုပဲထွက် သွားရမယ်။ ဒါပေမဲ့ မင်းမသွားခင် ငါ မင်းကို နောက်ဆုံး ကူညီခိုင်းချင်တဲ့ ကိစ္စတစ်ခု ရှိတယ်" အန်းနိုင်ငံ၏ ဧကရာဇ်က ပြောလိုက်သည်။
စစ်သူကြီးဝမ်၏ စိတ်ဓာတ်များ တက်ကြွလာပြီး- "အရှင်မင်းကြီး၊ အမိန့်ပေးတော်မူပါ၊ အရှင်မင်းကြီးရဲ့ အမိန့်က မီးပင်လယ်၊ ဓားတောင်ပဲ ဖြတ်ရပါစေ၊ ကျွန်တော်မျိုး တာဝန်ကို ပျက်ကွက်မည် မဟုတ်ပါဘူး"
၎င်းသည် နောက်ဆုံးအနေဖြင့် သစ္စာရှိ ငယ်သားတစ်ဦး၏ တာဝန်ကျေမှု ဖြစ်ပေလိမ့်မည်။
အန်းနိုင်ငံ၏ ဧကရာဇ်သည် ကိုင်းညွတ်၍ တိုးတိုးလေး ကပ်ပြောလိုက်သည်- "စစ်သူကြီးဝမ်၊ မင်း ဘေးကင်းစွာ ထွက်သွားပြီးတာနဲ့ ချက်ချင်း မဟာရှ နိုင်ငံကို သွားပြီးတော့-"
ဧကရာဇ်၏ အမိန့်ကို ကြားလိုက်ရသည့်အခါ စစ်သူကြီးဝမ်၏ မျက်လုံးများက အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားခဲ့သည်။
ဧကရာဇ်၏ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော မျက်လုံးများကို ကြည့်ကာ ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြကာ အတည်ပြုလိုက်သည်။
သူ အိမ်ပြန်ပြီး မိသားစုကို ပစ္စည်းများ ထုပ်ပိုးရန် ညွှန်ကြားခဲ့သည်၊ ထို့နောက် အားလုံးသည် မြို့တော်မှ အတူတကွ ထွက်ခွာလာခဲ့ကြသည်။
မြို့တံခါးဝမှ ထွက်သောအခါ မဟာယွဲ့ နိုင်ငံမှ စေလွှတ်သော ကျွမ်းကျင်သူများက သူတို့ကို အသေးစိတ် စစ်ဆေးသည်။ အရာအားလုံး စနစ်တကျ ရှိကြောင်း အတည်ပြုပြီးမှသာ စိတ်အပြည့်အဝ ပေါ့ပါးသွားကြသည်။
မိသားစုကို နေရာချထားပြီးနောက် သူသည် ချက်ချင်း မဟာရှ နိုင်ငံ၏ မြို့တော်ဆီသို့ အလျင်အမြန် သွားရောက်ခဲ့သည်။
"အန်းနိုင်ငံ ဧကရာဇ်ရဲ့ ကိုယ်ရံတော်ဝမ်က မဟာရှ ဧကရာဇ်ကို ဝင်ရောက် ဖူးမျှော်ခွင့် တောင်းခံပါသည်"
လင်းပိုင်ဖန် အနည်းငယ် ကြောင်သွားခဲ့သည်။ ထို စစ်သူကြီးဝမ်က ချီဖွဲ့တည်ခြင်းအဆင့်တစ်ဦး ဖြစ်ပုံရပြီး အန်းနိုင်ငံ၏ ဧကရာဇ်ကို အမြဲတစေ အနီးကပ် စောင့်ရှောက်နေသူ ဖြစ်သည်။ အခု သူ ဒီကို ရောက်လာပြီဆိုတော့ အန်းနိုင်ငံရဲ့ ဧကရာဇ်မှာ တစ်ခုခု ဖြစ်နေပြီ ထင်ရသည်။
"သူ့ကို ဝင်ခွင့်ပြုလိုက်"
လက်ဖက်ရည် တစ်ခွက်သောက်ချိန်ခန့် ကြာပြီးနောက် စစ်သူကြီးဝမ်သည် နန်းတော် စာကြည့်ခန်းသို့ ဝင်ရောက်လာခဲ့သည်။
လင်းပိုင်ဖန်က လိုရင်းကို တိုက်ရိုက်မေးလိုက်သည်- "မင်း ငါတို့ဆီ လာတာ၊ ဘယ်လို အရေးတကြီး ကိစ္စများ ရှိလို့လဲ"
စစ်သူကြီးဝမ်က ခါးညွှတ်ကာ အရိုအသေပေးလိုက်ပြီး- "မဟာရှ ဧကရာဇ်အား လျှောက်တင်ပါသည်၊ မဟာယွဲ့က အန်းနိုင်ငံကို သိမ်းပိုက်ဖို့ တပ်များ ချီလာနေပါပြီ၊ သူတို့က အန်းနိုင်ငံရဲ့ မြို့တော်ကို ပိတ်ဆို့ဖို့ ကျွမ်းကျင်သူတွေကို စေလွှတ်ထားပြီး၊ ကျွန်တော်မျိုးတို့ရဲ့ အရှင်မင်းကြီးကို ပိတ်မိနေစေပါတယ်၊ အရှင်မင်းကြီးက အကူအညီ တောင်းခံဖို့ ကျွန်တော်မျိုးကို စေလွှတ်လိုက်တာပါ၊ အရှင်မင်းကြီးနဲ့ မိသားစုကို ကယ်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
လင်းပိုင်ဖန်က ပြုံးလိုက်ပြီး- "ဒါက မင်းတို့နဲ့ မဟာယွဲ့ကြားက ကိစ္စပဲ။ ငါတို့က ဘာကြောင့် ဝင်ပါရမှာလဲ"
"အရှင်မင်းကြီးက ဒီကိစ္စကို အောင်မြင်စွာ ဖြေရှင်းပြီးတာနဲ့ တန်ဖိုးကြီးတဲ့ ရတနာတစ်ခုကို ဆုအဖြစ် ပေးအပ်မယ်လို့ ပြောလိုက်ပါတယ်"
လင်းပိုင်ဖန်၏ စိတ်ဝင်စားမှုက တိုးလာခဲ့သည်- "တကယ်လား။ ဒီရတနာက ဘယ်လောက် တန်ဖိုးရှိလဲ"
စစ်သူကြီးဝမ်က အသံကျယ်လောင်စွာဖြင့် - "အတိအကျ ပမာဏကို ကျွန်တော်မျိုး မသိပါဘူး၊ ဒါပေမဲ့ အရှင်မင်းကြီးကို ကျေနပ်စေမှာ သေချာပါတယ်"
ရှိတယ်လို့ ယုံကြည်တာက မရှိဘူးလို့ ယုံကြည်တာထက် ပိုကောင်းသည်။
ဘာပဲဖြစ်ဖြစ်၊ လင်းပိုင်ဖန်သည် ဧကရာဇ် နှစ်ပါးထံမှ ကြီးမားသော အကျိုးကျေးဇူးများ ရရှိထားပြီးသား ဖြစ်သည်။
ဤလောကတွင် စစ်ပွဲများ မကြာခဏ ဖြစ်ပွားပြီး ဧကရာဇ်များ မကြာခဏ ပြောင်းလဲနေချိန်တွင်၊ သူတို့အားလုံးသည် အရန်ပစ္စည်းတစ်ခုခုကို သိမ်းဆည်းထားလေ့ရှိကြသည်။ ထို့ကြောင့် အန်းနိုင်ငံ၏ ဧကရာဇ်တွင်လည်း မရှိနိုင်စရာအကြောင်း မရှိပေ။
လင်းပိုင်ဖန်က လက်ခုပ်တီးလိုက်ကာ- "ကောင်းပြီ၊ ငါကိုယ်တော် မကြာခင် လူတစ်ယောက်ကို ကယ်ဆယ်ရေးအတွက် စေလွှတ်ပါ့မယ်၊ ကဲ.. အခု မင်းရဲ့ ကိစ္စကို ပြောကြစို့"
"ကျွန်တော်မျိုးရဲ့ ကိစ္စလား" စစ်သူကြီးဝမ်ခင်ဗျာ ရှုပ်ထွေးသွားခဲ့သည်။
လင်းပိုင်ဖန်က နွေးထွေးစွာ ပြုံးလိုက်ကာ- "မင်းမှာ အခု သွားစရာ နေရာ မရှိတော့ဘူး၊ ငါ့ဆီကို လာပြီး အမှုထမ်းဖို့ မစဉ်းစားဖူးလား၊ ငါ့ဆီမှာ အမှုထမ်းမယ်ဆိုရင် မင်း ထိုက်တန်တဲ့ နေရာကို ရရှိမှာဖြစ်ပြီး အန်းနိုင်ငံမှာ ရရှိတာထက် ပိုဆိုးမှာတော့ မဟုတ်ဘူး"
ကိုယ်ရံတော်ဝမ်သည် ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် လှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့သည်၊ သူ့တွင် တကယ်ပဲ သွားစရာ နေရာ မရှိတော့ပေ။
သူတစ်ယောက်တည်းဆိုလျှင် ကျယ်ပြောလှတဲ့ ဒီလောကထဲတွင် သွားလာလှုပ်ရှားရန် နေရာများစွာ ရှိသည်။
သို့သော် ကြီးမားသော မိသားစုကြီး တစ်ခုကို ခေါ်ဆောင်လာသောကြောင့် အတည်တကျ မရှိဘဲ လှည့်လည်သွားလာခြင်းသည် မဖြစ်နိုင်ပေ။ အနီးအနားတွင် တည်ငြိမ်ပြီး လုံခြုံသော ပတ်ဝန်းကျင်တစ်ခုကို ရှာဖွေပြီး အခြေချရန် လိုအပ်သည်။
ယခုအချိန်တွင် မဟာရှ နိုင်ငံသည် အရှိန်အဟုန် ကောင်းနေပြီး၊ စစ်အင်အားကြီးမားကာ အရပ်မျက်နှာအားလုံးတွင် ငြိမ်းချမ်းနေသောကြောင့် ဤအခြေအနေများနှင့် အံဝင်ခွင်ကျ ဖြစ်နေသည်။
ဒီကို လာခြင်းအားဖြင့် သူ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး ရနိုင်သေးသည်။
မဟာရှရဲ့ဧကရာဇ်က ဖိတ်ခေါ်ခဲ့ခြင်းကြောင့် သူ့အတွက် လက်ခံရန် ပြီးပြည့်စုံသော အကြောင်းပြချက်ကိုလည်း ပေးခဲ့သည်။
"အရှင်မင်းကြီးရဲ့ ကြီးမြတ်တဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်၊ အရှင်မင်းကြီးကို ကယ်ဆယ်ပြီး ဘေးကင်းအောင် လုပ်နိုင်ရင် ကျွန်တော်မျိုးဟာ အရှင်မင်းကြီးအတွက် ခွေးလို၊ မြင်းလို အမှုထမ်းဖို့ ဆန္ဒရှိပါတယ်"
လင်းပိုင်ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်ကာ- "သဘောတူပြီ"
ထို့နောက် လင်းပိုင်ဖန်သည် ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်ရန် ကျွမ်းကျင်သူများကို ချက်ချင်း စေလွှတ်လိုက်သည်။
အန်းနိုင်ငံ၏ နန်းတော်အတွင်း၌….
အန်းနိုင်ငံ၏ ဧကရာဇ်သည် ပြတင်းပေါက်ကို တစ်ခါတစ်ရံ ဖွင့်ပြီး အပြင်ဘက်ကို စိုးရိမ်စိတ်ဖြင့် ကြည့်နေသည်- "ဘာလို့ သူတို့ မလာသေးတာလဲ၊ သူတို့ မြန်မြန် မရောက်လာရင် မဟာယွဲ့ရဲ့ စစ်တပ်က မြို့တော်ကို ရောက်တော့မယ်။ ဒီ မိုက်မဲတဲ့ ဧကရာဇ်က ငါ့ကို စွန့်လွှတ်လိုက်ပြီလား မသိဘူး"
ယခုဆိုလျှင် သုံးရက်တာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဒီ သုံးရက်အတွင်းမှာ သူ့အနေနဲ့ သတင်းအစအနလေးတောင် မရရှိခဲ့ပေ။
မဟာယွဲ့မှ ကျွမ်းကျင်သူများက နန်းတော်ထဲသို့ ဝင်ရောက်လာပြီး နန်းတော်အား အတွင်းအပြင် သုံးထပ် ပတ်လည် ဝိုင်းရံထားကာ၊ သူ့ကို မိသားစုနှင့်အတူ နန်းတော်အတွင်း အကျယ်ချုပ် ချထားလိုက်ပြီး၊ မဟာယွဲ့ နိုင်ငံမှ ဗိုလ်ချုပ် ကျောက် ရောက်လာကာ အခြေအနေကို စစ်ဆေးမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
နောက်ထပ် တစ်ရက်အတွင်း မဟာယွဲ့ နိုင်ငံ၏ စစ်တပ်က ရောက်လာတော့မည်ဟု ကောလဟာလများ ကြားနေရသည်။
ထိုအချိန်ဆိုလျှင် ထွက်ပြေးဖို့ နောက်ကျလွန်းနေပြီဖြစ်သည်။
"ဟူး... ငါ အခု ဘာလုပ်ရမလဲ"
အန်းနိုင်ငံ၏ ဧကရာဇ်သည် သက်ပြင်းချလိုက်ပြီး လှည့်ကြည့်လိုက်သောအခါ ကြောက်လန့်တကြား အော်လိုက်သည်- "ဘယ်သူလဲ"
သူ့ရှေ့တွင် ရုတ်တရက် ဆံပင်များဖြူနေပြီး အဝတ်အစားများ အနည်းငယ် စုတ်ပြဲနေသော လူအိုတစ်ဦး ပေါ်လာခဲ့သည်။ ထိုသူက သူ့ကို လေးနက်ေသာ အကြည့်တို့ဖြင့် စိုက်ကြည့်နေသည်။
"မင်းက အန်းနိုင်ငံရဲ့ ဧကရာဇ် ဖြစ်ရမယ်၊ ဟုတ်တယ်မလား" ထိုလူအိုကြီးက မေးလိုက်သည်။
"ငါပဲ... မင်းက ဘယ်သူလဲ" အန်းနိုင်ငံ၏ ဧကရာဇ်က ကြောက်ရွံ့စွာ မေးလိုက်သည်။
"ကောင်းပြီ"
လူအိုက ကျယ်လောင်စွာ ရယ်မောလိုက်ကာ- "ငါက လက်ဗလာဆရာြကီးပဲ၊ မဟာရှနိုင်ငံက မင်းကို ကယ်ဖို့ စေလွှတ်လိုက်တာ"
အန်းနိုင်ငံ၏ ဧကရာဇ်လည်း ဝမ်းသာအားရ ဖြစ်သွားပြီး- "မင်းက မဟာရှကလား"
လက်ဗလာဆရာကြီးက ခေါင်းညှိတ်ပြလိုက်သည်။
အန်းနိုင်ငံ၏ ဧကရာဇ်သည် အလွန်ပျော်ရွှင်သွားပြီး- "ကောင်းလိုက်တာ မြန်မြန်လုပ်... ငါ မင်းတို့ကို သုံးရက်လုံးလုံး စောင့်နေရတာ ပန်းတွေတောင် ညှိုးနွမ်းကုန်ပြီ။ ခဏလေး၊ မင်း တစ်ယောက်တည်းလား"
လက်ဗလာဆရာြကီးက ထပ်ပြီး ခေါင်းညှိတ်ပြလိုက်သည်။
အန်းနိုင်ငံ ဧကရာဇ်၏ မျက်နှာက ချက်ချင်း ညှိုးကျသွားပြီး- "တစ်ယောက်တည်းနဲ့ ဘယ်လို ကယ်ဆယ်မှာလဲ"
လက်ဗလာဆရာြကီးက ကျယ်လောင်စွာ ရယ်မောလိုက်ကာ- "မင်းက ငါ့ကို အရမ်း အထင်သေးနေတာပဲ။ ငါ အဲဒီလောက် မစွမ်းဆောင်နိုင်ရင်တောင် အနည်းဆုံးတော့ ငါက ချီဖွဲ့တည်ခြင်းအဆင့် တစ်ယောက်ပဲ၊ ဒါ့အပြင် ငါ ဒီကို လာတာ ကယ်တင်ဖို့ပဲ၊ သတ်ဖို့ မဟုတ်ဘူး"
အန်းနိုင်ငံ ဧကရာဇ်က မေးလိုက်သည်- "ဘယ်လို ကယ်တင်မှာလဲ"
"ဘယ်သူမှ မသိအောင် ခိုးထုတ်သွားမယ်"
ထိုသို့ပြောပြီးနောက် သူသည် အန်းနိုင်ငံ ဧကရာဇ်ကို အိတ်တစ်လုံးကဲ့သို့ ပခုံးပေါ် ထမ်းလိုက်သည်၊ ထို့နောက် သူ့ပါးစပ်ကို အဝတ်စဖြင့် အုပ်ကာ လျင်မြန်စွာဖြင့် ခြေရာလက်ရာမရှိဘဲ ပျောက်ကွယ်သွားသည်။
မဟာယွဲ့၏ ကျွမ်းကျင်သူများစွာသည် ဘာကိုမှ သတိမထားမိကြပေ။
လက်ဖက်ရည်တစ်ဝက်ခန့် သောက်ချိန်အတွင်းတွင် နှစ်ဦးသား မြို့ပြင်ရှိ သစ်ပင်များကြားတွင် ပေါ်လာပြီး၊ ထိုနေရာတွင် ၎င်းတို့ကို ခေါ်ဆောင်ရန် မြင်းလှည်းများစွာ စောင့်ဆိုင်းနေသည်။
"အရှင်မင်းကြီး၊ အခု ဘယ်လိုခံစားရလဲ" စစ်သူကြီးဝမ်က ဝမ်းမြောက်စွာ မေးလိုက်သည်။
အန်းနိုင်ငံ ဧကရာဇ်သည် ပါးစပ်မှ အဖြူရောင်အဝတ်စကို ဆွဲထုတ်လိုက်ကာ နှစ်ကြိမ်ခန့် ချောင်းဆိုးပြီးနောက် "ငါ အဆင်ပြေပါတယ်၊ မင်းကို တွေ့လိုက်ရတော့ စိတ်သက်သာရာ ရသွားပြီ"
အသက်ရှူ မှန်သွားသောအခါ အန်းနိုင်ငံ ဧကရာဇ်က "သူရဲကောင်းကြီး၊ ငါ့ရဲ့ ဇနီးနဲ့ တခြားသူတွေ နန်းတော်ထဲမှာ ပိတ်မိနေသေးတယ်၊ သူတို့ကို ကယ်ထုတ်ပေးဖို့ ကူညီပါဦး"
"စိတ်ချပါ၊ တစ်ယောက်မှ ကျန်ခဲ့မှာ မဟုတ်ဘူး၊ ငါ ခဏနေရင် ပြန်လာခဲ့မယ်"
ထို့နောက် လက်ဗလာဆရာကြီးက မည်သူမျှ သတိမပြုမိလိုက်ဘဲ သူ့အလုပ်ကို ဆက်လုပ်နေခဲ့သည်။
နာရီဝက်ပင် မကြာလိုက်ပဲ သူသည် လူတိုင်းကို လျှို့ဝှက်စွာ ခိုးထုတ်ခဲ့ပြီးနောက် မဟာရှ နိုင်ငံသို့ အလျင်အမြန် ခရီးနှင်ခဲ့သည်။