← Chapters

အခန်း (၁၁၃)

Vol. 9 Ch. 113

အခန်း (၁၁၃)

Vol. 9 Ch. 113

ထိုအချိန်တွင် မဟာရှက စစ်တပ်ကိုဦးဆောင်ပြီး တိုက်ခိုက်နေသည်ဟူသော သတင်းသည် မဟာယန် နန်းတော်သို့ ရောက်ရှိနေပြီဖြစ်သည်။

မဟာယန်ဧကရာဇ်သည် ဒေါသတွေ အကြီးအကျယ် ထွက်လျက်- “မင်းတို့အားလုံးကို ကြည့်ကြစမ်း။ ငါ့ပိုင်နက်ထဲမှာ ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်တဲ့ စစ်တပ်တစ်ခု ပေါ်လာပြီး လုယက်သတ်ဖြတ်နေတာကို မင်းတို့တွေ ဘာသတင်းအချက်အလက်မှ မရကြဘူး။ သူတို့တွေ စိတ်ကြိုက် သတ်ဖြတ်နေကြတာ၊ မင်းတို့က ငါ့အတွက် ဘာအသုံးဝင်လဲ” ဟု အော်ဟစ်လိုက်သည်။

အရာရှိများသည်လည်း ကြောက်ရွံ့ တုန်လှုပ်နေကြသည်။ ၎င်းတို့အနက်မှ စစ်သူကြီးချုပ်က “အရှင်မင်းကြီး၊ ဒေါသကို ဖြေလျှော့တော်မူပါ။ ဖြစ်ရပ်က အရမ်းကို ရုတ်တရက်ဖြစ်ခဲ့လို့ ကျွန်တော်မျိုးတို့ လုံးဝ ကြိုတင်ပြင်ဆင်မှု မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်မျိုးတို့က ပတ်ဝန်းကျင်နိုင်ငံတွေကို စောင့်ကြည့်နေခဲ့တာ၊ သူတို့မှာ ဘာစစ်ရေးလှုပ်ရှားမှုမှ မရှိပါဘူး” ဟု လျှောက်တင်လိုက်သည်။

“ဒါဆို ဒီစစ်တပ်က ဘယ်ကရောက်လာတာလဲ” ဟု ဧကရာဇ်က ဒေါသတကြီး ဆက်မေးလိုက်သည်။

“အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်အရ၊ သူတို့က မဟာရှရဲ့ တပ်တွေဖြစ်နိုင်ချေများပါတယ်”

“မဟာရှရဲ့ တပ်တွေ”

မဟာယန်၏ဧကရာဇ် အံ့အားသင့်သွားခဲ့သည်။ “မဟာရှနဲ့ ငါတို့ကြားမှာ ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေရှိပြီး သားရဲတိရစ္ဆာန်တွေ ပြည့်နှက်နေတဲ့၊ သဘာဝမြေရိုင်းလိုဖြစ်နေတဲ့ ဟန်ဒွမ်တောင်တန်းက ကာဆီးထားတာလေ။ သူတို့တွေ ဘယ်လို ဖြတ်လာနိုင်တာလဲ”

“အရှင်မင်းကြီး၊ ကျွန်တော်မျိုး လူလွှတ်ပြီး စုံစမ်းခိုင်းထားပြီးပါပြီ၊ မကြာခင် သတင်းရပါလိမ့်မယ်”

တစ်နာရီခန့်ကြာသော် စစ်သားတစ်ဦးက သတင်းပို့လာခဲ့သည်။ ဟန်ဒွမ်တောင်တန်းတွင် လျှို့ဝှက်လမ်းကြောင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာဖွယ်ရှိပြီး ကြီးမားသော စစ်တပ်တစ်ခု ဖြတ်သန်းသွားထားသည့် ခြေရာများလည်း ရှိနေကြောင်း သိလိုက်ရသည်။

“အရှင်မင်းကြီး၊ အဲဒီကနေ ဖြတ်လာတာက မဟာရှရဲ့တပ်တွေပဲ ဖြစ်ရမယ်။ ကျွန်တော်မျိုးတို့ ပြင်ဆင်မှုမရှိတာကို အခွင့်ကောင်းယူပြီး ရုတ်တရက် တိုက်ခိုက်တာဖြစ်ပါတယ်၊ မြို့တွေ နယ်တွေကို သိမ်းပိုက်ပြီး မီးရှို့၊ သတ်ဖြတ်၊ လုယက်နေတာက တကယ်ကို ရွံရှာဖွယ်ကောင်းပါတယ်” ဟု စစ်သူကြီးချုပ်က အံကိုကြိတ်ပြီး လျှောက်တင်ခဲ့သည်။

“တကယ်ကို ရွံရှာဖွယ်ကောင်းတယ်” မဟာယန်ဧကရာဇ်က ခေါင်းညှိတ် ထောက်ခံလိုက်သော်လည်း သူ၏မျက်လုံးထဲတွင်တော့ စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။

သူသည် နယ်မြေကိုချဲ့ထွင်ပြီး မဟာယန်၏ နိုင်ငံအင်အားကို မြှင့်တင်ရန် တွေးနေခဲ့ပြီး၊ ရည်မှန်းချက်ကြီးသူ ဖြစ်သည်။

သို့သော် ပတ်ဝန်းကျင်ရှိ မင်းဆက်ကြီးတွေနှင့် မဟာနိုင်ငံကြီးတွေက သူ့နိုင်ငံထက် အင်အား မနိမ့်ကြသဖြင့် သူတို့နှင့် စစ်ဖြစ်ပါက အပြန်အလှန် ပျက်စီးခြင်းသာ ဖြစ်ပေါ်စေမည်ဖြစ်သည်။

ထို့ကြောင့် ဤအတွေးတွေကို သူ၏ရင်ထဲတွင်သာ အမြဲတစေ ဖိနှိပ်ထားခဲ့ရသည်။

ယခုအခါ ဤသို့ လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာခြင်းက သူ့ကို အခွင့်အရေးတစ်ခု ပေးနေသလိုပင် ဖြစ်သည်။

မဟာရှက သူတို့ကို တိုက်ခိုက်နိုင်လျှင် သူက ဘာလို့ ပြန်မတိုက်နိုင်ရမှာလဲ။

မဟာရှသည် မကြာသေးခင်ကမှ အင်အားကြီး မဟာနိုင်ငံအဆင့်သို့ တက်လာခြင်းဖြစ်၍ သူ၏ မဟာယန်ထက် အင်အား အများကြီး နိမ့်ကျသည်။

သူ့အနေဖြင့် စစ်တပ်ကို ဦးဆောင်ကာ နယ်မြေကို ချဲ့ထွင်နိုင်ပြီး သူ၏ ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်မည်မှာ သေချာနေသည်။

မဟာယန်၏ဧကရာဇ်မှာ စဉ်းစားလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်ပြီး ကျယ်လောင်စွာဖြင့်- “မဟာရှက ငါတို့ရဲ့ မြေကို ကျူးကျော်ပြီး ငါတို့ရဲ့ သယံဇာတတွေကို ခိုးယူရဲတယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ ဓားပြတွေနဲ့ မခြားနားဘူး၊ စစ်သူကြီးချုပ်၊ မောင်မင်းကို ငါကိုယိတော် အခုပဲ စစ်တပ် ငါးသိန်းကို ချက်ချင်း ဦးဆောင်ပြီး မဟာရှရဲ့ တပ်တွေကို နှိမ်နင်းဖို့နဲ့ တစ်ချိန်တည်းမှာပဲ ဟန်ဒွမ်တောင်တန်းကို ဖြတ်ကျော်ပြီး မဟာရှကို မြောက်ပိုင်းစစ်ဆင်ရေး ဆင်နွှဲဖို့ အမိန့်ပေးလိုက်တယ်။ ငါတို့ မဟာယန်ကို စော်ကားရင် ဘာဖြစ်မယ်ဆိုတာ သူတို့ကို သိသွားစေရမယ်”

“အမိန့်တော်ကို နာခံပါသည်” ဟု စစ်သူကြီးချုပ်က အမိန့်ကို လက်ခံလိုက်သည်။

ထို့နောက် သူသည် စစ်သည်များကို စုရုံးကာ ခမ်းနားထည်ဝါလှသော စစ်တပ် ငါးသိန်းကို ဦးဆောင်ပြီး ဟန်ဒွမ်တောင်တန်းသို့ ချီတက်ခဲ့သည်။

ထိုအချိန်တွင် မဟာရှရဲ့ စစ်တပ်ကတော့ မြို့ပေါင်း ၁၀ မြို့ကို သိမ်းပိုက်ခဲ့ပြီး ရတနာတွေ မရေမတွက်နိုင်အောင် သိမ်းဆည်းရမိခဲ့သည်။

လင်းပိုင်ဖန်သည် အင်ပါယာ မြေပုံမှ အချက်အလက်များကို စစ်ဆေးလိုက်သည်။

နယ်မြေဧရိယာ: စတုရန်းမိုင် ၇၈၀,၀၀၀ (စိုက်ပျိုးနိုင်သောမြေ စတုရန်းမိုင် ၅၂၀,၀၀၀)

ပြည်တွင်း သယံဇာတ: ငွေတေး ၁၉၂ သန်း (သံသတ္တုတွင်း ၄ ခု၊ ကျောက်မီးသွေးတွင်း ၅ ခု၊ ကြေးနီတွင်း ၂ ခု)

လူဦးရေ: ၈.၈၂ သန်း ( လူချမ်းသာ ၂%၊ သာမန်လူ ၄၆%၊ ဆင်းရဲသား ၅၂%)

စစ်အင်အား: ၈၀၀,၀၀၀ ( ချီဖွဲ့တည်ခြင်းအဆင့် ၈ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ၃၅၀ဦး)

စုစုပေါင်း နိုင်ငံတော် အင်အား: ၁၄၅၀ (အင်အားကြီး မဟာနိုင်ငံအဆင့်)

“ဒင်၊ ကစားသမား၏ နိုင်ငံတော် အင်အား တိုးတက်လာမှုကြောင့် သင်၏ ခွန်အားသည်လည်း တိုးတက်လာခဲ့သည်။ မြွေစိန်းနှစ်မွှာ ဓားသိုင်းပညာကို ချီးမြှင့်လိုက်သည်”

မြွေစိမ်းနှစ်မွှာဓားသိုင်းသည် ရှေးယခင် ဓားနတ်ဘုရားတစ်ဦး ဖန်တီးခဲ့သော ဓားပညာရပ်ဖြစ်သည်။ ၎င်းသည် ဓားဆန္ဒ နှင့် လှုပ်ရှားမှု နှစ်ခုလုံးကို အလေးထားပြီး၊ ခမ်းနားထည်ဝါကာ နဂါးတစ်ကောင်လို လူးလွန့်နေသည့် တိုက်ကွက်များ ပါဝင်နေသည်။ ၎င်းသည် ဓားပညာရပ်၏ ပုံရိပ်ဖြစ်ပြီး မည်သူမျှ မယှဉ်နိုင်ပေ။

လင်းပိုင်ဖန်သည် သူ၏မျက်လုံးများကို မှိတ်ပြီး ဓားပညာ၏ အနှစ်သာရကို လက်ခံယူလိုက်သည်။

ပြောရမည်ဆိုလျှင် ဤဓားပညာရပ်သည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းသည်။ ဓားတစ်သောင်းပြန်လာခြင်း နှင့် မြင့်မြတ်သော စိတ်ဝိညာဉ်ဓားသိုင်းတို့ထက် မနိမ့်သည်မှာ သေချာသည်။

လင်းပိုင်ဖန်သည် သူရလိုက်ခဲ့သော ဆုလာဒ်ကို အလွန် ကျေနပ်အားရမိသည်။

“မဟာယန်က ပြန်တုံ့ပြန်တော့မှာ သေချာတယ်၊ ဆုတ်ခွာဖို့ အချိန်တန်ပြီ”

လင်းပိုင်ဖန်ပင် သတိပေးစရာ မလိုဘဲ၊ ရှေ့တန်းရောက်နေသော ဝမ်ကျင့်ဟိုင်သည် မဟာယန်က စစ်တပ် ငါးသိန်းကို ဦးဆောင်ပြီး တိုက်ခိုက်လာကြောင်း သတင်းရရှိခဲ့ပြီးဖြစ်သည်။

နယ်မြေသည် သူတို့၏ အိမ်ကွင်းဖြစ်ပြီး အရေအတွက်ကလည်း အလွန်အမင်း များပြားနေခြင်းကြောင့် ဆက်လက်တိုက်ခိုက်ပါက အောင်ပွဲခံနိုင်မည့် အခွင့်အရေး မရှိတော့သည့်အတွက် သူသည် ဆုတ်ခွာရန် အမိန့်ကို မတွန့်ဆုတ်ဘဲ ထုတ်ပြန်လိုက်သည်။ သူတို့သည် ဟန်ဒွမ်တောင်တန်း၏ လမ်းကြောင်းအတိုင်း ပြန်ဆုတ်ကာ မဟာရှသို့ ပြန်လာခဲ့ကြသည်။

ထို့နောက် သူသည် သူ၏တပ်များကို ဦးဆောင်ပြီး လမ်းကြောင်းကို ပိတ်ဆို့ထားကာ သူတို့၏ ဖြတ်သန်းမှုကို တားဆီးရန် ပြင်ဆင်ခဲ့သည်။

မဟာယန်၏ စစ်သူကြီးချုပ်ကတော့ သူ၏တပ်များကို ဆက်လက်ဦးဆောင်ပြီး လမ်းကြောင်းသို့ တရစပ် ချီတက်လာခဲ့သည်။

“မဟာယန်ရဲ့ စစ်သည်တို့၊ မဟာရှက ငါတို့မြေကို ကျူးကျော်တယ်၊ ငါတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို လုယက်တဲ့ အတွက် နတ်ဘုရားတွေနဲ့ လူတွေကိုပါ မခံမရပ်နိုင်အောင် ဒေါသထွက်စေခဲ့ပြီ၊ ကောင်းကင်နဲ့ မြေပြင်ကပါ ခွင့်မလွှတ်နိုင်တော့ဘူး။ ဒါ့ကြောင့် ငါနဲ့အတူ တိုက်ပွဲဝင်ကြစို့။ မဟာယန်ရဲ့ ဂုဏ်သရေကို တည်ဆောက်ဖို့ အချိန်ရောက်ပြီ” ဟု စစ်သူကြီးချုပ်က သူ၏ဓားကို မြှောက်ကာ တိုက်ခိုက်ရန် အော်ဟစ်လိုက်သည်။

“တိုက်ကြ” မဟာယန်စစ်တပ်က အသံကုန်ဟစ်ပြီး နောက်ကနေ တရစပ် လိုက်ပါလာခဲ့ကြသည်။

“မင်းတို့နဲ့ ငါ ကစားလို့ ပြီးပြီ” လင်းပိုင်ဖန်က ပြုံးလိုက်ကာ နတ်ဘုရား၏ လက်ကို တစ်ဖန် အသုံးပြုလိုက်သည်။

ဒုန်း... ဒုန်း... ဒုန်း...

တောင်တန်းကြီး တုန်ခါသွားပြီး မိုးခြိမ်းသံများလည်း ထွက်ပေါ်လာခဲ့သည်။

မရေမတွက်နိုင်သော သားရဲတိရစ္ဆာန်ရိုင်းများကလည်း အသက်ဘေးမှ ထွက်ပြေးနေသကဲ့သို့ ပြေးထွက်လာကြသည်။

စစ်သူကြီးချုပ်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး- “ဒါ မကောင်းတော့ဘူး။ မြေနဂါးက နောက်တစ်ခါ ထပ်လှုပ်ပြန်ပြီ၊ အားလုံး အမြန်ဆုတ်ကြတော့၊ ဘေးကင်းတဲ့ နေရာကို ဆုတ်ကြတော့”

စစ်သူကြီးချုပ်၏ အော်သံကြောင့် စစ်သည်တိုင်း ထိတ်လန့်တကြား နောက်ပြန်ပြေးကြတော့သည်။

“ပြေးကြတော့၊ မြေနဂါးက နောက်တစ်ခါ ထပ်လှုပ်ပြန်ပြီ”

“အခု မပြေးရင် ငါတို့ အသက်တွေ ဆုံးရှုံးရလိမ့်မယ်”

“မြန်မြန် ပြေး၊ မြန်မြန် ပြေးကြတော့”

တုန်ခါသံက ပိုကျယ်လာခဲ့သည်။

ထို့နောက် မြေကြီးတွေ တုန်ခါလာပြီး၊ တောင်တွေလည်း လှုပ်ယမ်းလာခဲ့သည်။ ကျောက်တောင်တွေ ပြိုကျလာသည်မှာ ကမ္ဘာပျက်နေသကဲ့သို့ ဖြစ်နေသည်။

သူတို့ ခဏလောက် ပြေးထွက်သွားရုံပဲ ရှိသေးသည်၊ မြေငလျင်ကြောင့် ဖြစ်ပေါ်လာသော လမ်းကြောင်းက တဖြည်းဖြည်း ပိတ်ဆို့သွားခဲ့သည်။

မဟာယန်၏ စစ်သူကြီးနှင့် စစ်သားများသည် ပိတ်ဆို့သွားသော လမ်းကြောင်းကို ကြည့်ပြီး မျက်လုံးချင်း ဆုံမိလိုက်ကြသည်။ ငိုချင်လာသော်လည်း မျက်ရည်မကျနိုင်ပေ။

“အခု ဘာလုပ်ကြမလဲ”

“ပြန်လှည့်ဖို့က လမ်းမရှိတော့ဘူး၊ ဆက်တိုက်ကြဦးမလား”

“စစ်သူကြီး၊ တစ်ခုခု ပြောပါဦး”

ဤသို့ ရုတ်တရက် ဖြစ်လာသော အခြေအနေသည် တစ်ပြည်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းကို တုန်လှုပ်အံ့သြစေခဲ့သည်။

“အခြားသူတွေက မဟာရှနိုင်ငံနဲ့ မဟာယန်နိုင်ငံတို့ တကယ်ကြီး စစ်ဖြစ်နေကြတယ်လို့ ပြောနေကြတယ်။ သူတို့ကြားမှာ ဟန်ဒွမ်တောင်တန်းကြီးက ခြားနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် တိုက်လို့ရမှာလဲ”

“ငလျင်လှုပ်တဲ့အတွက် ဟန်ဒွမ်တောင်တန်းမှာ လမ်းကြောင်းတစ်ခု ပေါ်လာတယ်လို့ ပြောကြတယ်။ ဒါကြောင့် မဟာရှက တပ်တွေ စေလွှတ်ပြီး နယ်မြေတွေ သိမ်းပိုက်၊ လမ်းတစ်လျှောက် လုယက်ဖျက်ဆီးခဲ့တာတဲ့။ ပြီးတာနဲ့ သူတို့ အမြန်ပြန်ဆုတ်ခဲ့တာတဲ့”

“မဟာယန်က လက်စားချေဖို့ လုပ်ပေမယ့် စစ်တပ်ကို စေလွှတ်လိုက်တဲ့အခါ ငလျင်က နောက်တစ်ခါ ထပ်လှုပ်ပြီး ဟန်ဒွမ်တောင်တန်းက ပိတ်သွားလို့ လမ်းကြောင်း ပျောက်သွားတယ်တဲ့ဟ”

“F**k၊ ဒီတိုက်ပွဲက အရမ်းကို ထူးဆန်းတယ်။ ကောင်းကင်က မဟာရှကို သီးသန့်ကြီး ကူညီပေးနေသလိုပဲ”

“ဟုတ်တယ်၊ ထူးဆန်းတယ်။ မဟာရှက အကြီးအကျယ်ကို မြတ်သွားတာ၊ ဒါပေမယ့် မဟာယန်နိုင်ငံက မတရားခံလိုက်ရပြီး ဘာလုပ်ရမှန်းတောင် မသိဖြစ်နေတယ်။ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရပြီး လက်စားတောင် ပြန်မချေနိုင်ဘူး”

“ဟုတ်တယ်၊ ငါသာ မဟာယန်ဧကရာဇ်ဆိုရင် ဒေါသထွက်လွန်းလို့ သေနေလောက်ပြီ”

“ကံဆိုးလိုက်တဲ့ ဧကရာဇ်၊ ဟား….ဟား”

အဲ့ဒီအချိန်တွင် မဟာယန်ဧကရာဇ်မှာတော့ အမှန်တကယ်ပင် အရမ်းကို ဒေါသထွက်နေခဲ့သည်။

သူသည် မဟာရှ၏ အကြောင်းမဲ့ တိုက်ခိုက်မှုကို ခံလိုက်ရသော်လည်း လက်စားပြန်ချေလို့ မရခဲ့ပေ။ ရွှေ၊ ငွေ၊ ရတနာတွေ အပြည့်နဲ့ တစ်ဖက်လူက ဂုဏ်ယူဝင့်ကြွားစွာ ထွက်သွားတာကိုသာ သူ့အနေနဲ့ ကြည့်နေနိုင်ခဲ့သည်။

အခုဆို သူသည် တစ်ကမ္ဘာလုံးရဲ့ ရယ်စရာ ဖြစ်နေပြီဖြစ်သည်။

သူ့တစ်သက်တွင် ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။

သူ့အနေဖြင့် ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မလို ခံစားနေရသည်။

သူ၏ သွားများကို အံကြိတ်လျက် “မဟာရှ၊ မင်းတို့ ငါ့ကို စောင့်နေ။ ငါ ဒါကိုသာ လက်စားမချေရရင် လူမဟုတ်တော့ဘူးလို့ ကျိန်ဆိုတယ်” ဟု ကျိန်ဆိုလိုက်သည်။

All Chapters