← Chapters

အခန်း (၁၁၄)

Vol. 9 Ch. 114

အခန်း (၁၁၄)

Vol. 9 Ch. 114

သုံးရက်ကြာပြီးနောက် လက်ဗလာဆရာကြီးနှင့် သူ၏ အဖွဲ့သည် မြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

“အရှင်မင်းကြီး၊ ဤသည်မှာ နာမည်ကျော် ဒဏ္ဍာရီလာ ကိုးမျက်လုံး ကျောက်ဖြူကြာပန်း ရတနာ ဖြစ်ပါတယ်”

လင်းပိုင်ဖန်သည် လက်ဗလာဆရာကြီး လက်ထဲမှ ကျောက်စိမ်းသေတ္တာကို ယူကာ ဖွင့်၍ အတွင်းမှ ရတနာကို ဂရုတစိုက် စစ်ဆေးကြည့်ပြီး အံ့ဩစွာဖြင့် “ ဒီရတနာက အမှန်တကယ်ကို အံ့ဩဖွယ် ကောင်းလှပေတယ်” ဟု ပြောလိုက်သည်။

ကြာစေ့အိမ်တစ်ခုလုံးသည် ပကတိ ကျောက်စိမ်းဖြူ ကဲ့သို့ တောက်ပနေပြီး သန့်ရှင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေေလသည်။

သို့သော်လည်း ကြာစေ့တွေကတော့ မျက်လုံးများကဲ့သို့ မည်းနက်နေပြီး မည်သည့်ဘက်မှ ကြည့်သည်ဖြစ်စေ ထိုကြာစေ့ ကိုးစေ့သည် သူ့အား ပြန်ကြည့်နေသကဲ့သို့ ထင်ရပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ဖြစ်ပေါ်စေသည်။

“အံ့ဩဖွယ်ကောင်းရုံသာမကဘဲ အကျိုးသက်ရောက်မှုများစွာလည်း ရှိနေပါတယ်၊ ဒဏ်ရာရထားသူတွေအတွက် အနာကို အမြန် ကျက်စေပြီး ဒဏ်ရာမရှိသူတွေအတွက် ခွန်အားကို မြှင့်တင်ပေးပါတယ်၊ ဒါ့အပြင် အမှုန့်ကြိတ်ပြီး မျက်နှာကို လိမ်းမယ်ဆိုရင်တောင် အလှအပကို မြှင့်တင်ပေးတဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်၊ အမှန်တကယ်ပဲ ဒါဟာ သိုင်းလောကရဲ့ ရတနာပါပဲ” ဟု လက်ဗလာဆရာကြီးက အပြုံးဖြင့် ပြောလိုက်သည်။

“ဘယ်လောက်တောင် အံ့ဖွယ်ကောင်းလိုက်တဲ့ ရတနာလဲ၊ ဒီလိုရတနာကို မြန်မြန်ဆန်ဆန် အသုံးပြုသင့်တယ်”

လင်းပိုင်ဖန်က ကြာစေ့အိမ်ထဲမှ ကြာစေ့တစ်စေ့ကို ထုတ်ယူ၍ ဘေးနားမှ မိန်းမစိုးလျှူအား ပေးအပ်ရင်း ပြုံးကာ ပြောလိုက်သည်- “ဒီနှစ်တွေတစ်လျှောက်လုံး မိန်းမစိုးလျှူက ငါကိုယ်တော်ကို အနီးကပ် အလုပ်အကျွေးပြုပြီး၊ စောင့်ရှောက်ခဲ့တယ်၊ ရှေ့မှာရော နောက်ကွယ်မှာပါ မမောမပန်း အကာအကွယ် ပေးခဲ့တယ်၊ ဂုဏ်ကျေးဇူးတွေက အများကြီးရှိလှတယ်၊ ဒါကြောင့် ဒီပထမဆုံး ကြာစေ့ကို မောင်မင်းကို ဆုချလိုက်မယ်”

“အရှင်မင်းကြီး၏ ဆုလာဒ်အတွက် ကျေးဇူးတင်ပါတယ်” မိန်းမစိုးလျှူက မတွန့်ဆုတ်ဘဲ လက်ခံလိုက်သည်။

ပထမအချက်မှာ ၎င်းသည် ဧကရာဇ်မင်း၏ ယုံကြည်မှုနှင့် ချစ်ခင်မှုကို ပြသသည့် သင်္ကေတ ဖြစ်သည်။

ဒုတိယအချက်မှာ ဒီကြာစေ့ကို စားသုံးပြီးနောက် မိမိ၏ ခွန်အား တိုးလာမည်ဖြစ်ပြီး အရှင်မင်းကြီးကို ပိုမို လုံခြုံစွာ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

လူတိုင်းက မိန်းမစိုးလျှူ ကို မနာလိုသော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။

လက်ဗလာဆရာကြီးက အားကျစွာဖြင့် “မိန်းမစိုးလျှူ ဟာ နှစ်ပေါင်းများစွာ ချီဖွဲ့တည်ခြင်းနယ်ပယ်ရဲ့ အစစ်အမှန်ချီ အဆင့်မှာ နစ်မြုပ်နေခဲ့ပြီး၊ အသက်အရွယ်ကြောင့် သူ့ရဲ့အလားအလာ ကုန်ခန်းနေပြီး အဆင့်တက်ဖို့ လမ်းမရှိဘူး။ ဒါပေမဲ့ ဒီကြာစေ့ကို စားလိုက်တာနဲ့ သူ့ခန္ဓာကိုယ်ထဲက ချီနဲ့ သွေးကို လှုံ့ဆော်ပေးပြီး သူ့ကို ဘဝသစ်တစ်ခု ပေးစွမ်းနိုင်တယ်၊ အဆင့်တက်ပြီး ကြယ်တာရာချီအဆင့် ပညာရှင် ဖြစ်လာဖို့ အခွင့်အရေး အများကြီးရှိတယ်” ဟု ပြောလိုက်သည်။

မိန်းမစိုးလျှူက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး “ ကျုပ် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ရင် အားလုံးကို အရက်တိုက်ပါ့မယ်” ဟု ပြောလိုက်သည်။

“ကောင်းပြီ ကတိပဲ” လူတိုင်းကလည်း ရယ်မောခဲ့ကြသည်။

လင်းပိုင်ဖန်သည် ဒုတိယနှင့် တတိယ ကြာစေ့ကို ထုတ်ယူလိုက်သော်လည်း ၎င်းတို့ကို မိန်းမစိုးလျှူအား ပေးလိုက်သည်။

“မိန်းမစိုးလျှူ၊ ဒီကြာစေ့နှစ်စေ့ကို ဦးလေးချိုင်နဲ့ ဦးလေးရှောင်ကို ပေးလိုက်ပါ သူတို့နှစ်ဦးက သူတို့ရဲ့ ဘဝတစ်သက်တာနီးပါးကို မဟာရှ အတွက် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ပေးခဲ့ပြီး၊ နိုင်ငံတော်အတွက် သူတို့ရဲ့ဘဝတစ်ခုလုံးကို ပေးအပ်ခဲ့တယ်၊ ဒီကြာစေ့တွေက သူတို့နဲ့လည်း ထိုက်တန်တယ်”

“နာခံပါ့မယ် အရှင်မင်းကြီး” မိန်းမစိုးလျှူက ကြာစေ့နှစ်စေ့ကို ယူလိုက်သည်။

မည်သူမျှ ကန့်ကွက်စရာမရှိပေ။

ထိုလူအိုကြီး နှစ်ဦးသည် လင်းပိုင်ဖန်၏ အကြီးအကဲများ ဖြစ်ပြီး၊ သူ၏သစ္စာတော်ခံများဖြစ်ကာ နိုင်ငံတော်အတွက် များစွာပံ့ပိုးကူညီခဲ့သောကြောင့် ထိုသို့သော ဆုလာဘ်မျိုးကို ရရှိရန်မှာ ကျိုးကြောင်းဆီလျော်ပြီး သင့်လျော်လှသည်။

“အရှင်မင်းကြီး၊ ကျွန်မအဖေနဲ့ ဦးလေးရှောင် ကိုယ်စား ကျေးဇူးတင်ပါတယ်” ချိုင်ယွီရှင်းက ပျော်ရွှင်စွာ ပြောလိုက်သည်။

စတုတ္ထမြောက် ကြာစေ့အတွက်ကတော့...

လင်းပိုင်ဖန်က ပြုံးကာ- “ဒါက မင်းအတွက်ပဲ ယွီရှင်း၊ မင်းက ငါတို့နိုင်ငံရဲ့ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး တပ်ပေါင်းများစွာကို အမိန့်ပေးနေရတဲ့သူပဲ၊ နိုင်ငံတော်ရဲ့ ပြရုပ်တစ်ခုပဲ၊ မင်းရဲ့ ခွန်အားက မလုံလောက်ဘူးဆိုရင် နိုင်ငံတော်အတွက် ရှက်စရာ ဖြစ်လိမ့်မယ်”

“ကျွန်မလည်း ရတာလား…။ ကျေးဇူးအများကြီးတင်ပါတယ် အရှင်မင်းကြီး” ချိုင်ယွီရှင်း သည် ကြာစေ့ကို ဝမ်းမြောက်စွာ လက်ခံလိုက်သည်။

ဒီအပေါ်မှာလဲ တခြားသူတွေ ကန့်ကွက်စရာ မရှိကြပေ။

ချိုင်ယွီရှင်းဟာ အမှန်တကယ်ပဲ မဟာရှရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ဖြစ်ပြီး၊ များစွာသော ဂုဏ်တွေအပြင် ခွန်အားလည်း ကြီးမားသူဖြစ်သည်။ ဒါ့အပြင် အရှင်မင်းကြီးနဲ့ သူ့ရဲ့ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားရင် ဒီလိုဆုကို ရရှိတာ မဆန်းပေ။

ဒီပဉ္စမမြောက် ကြာစေ့အတွက်ကတော့...

လူအုပ်ရဲ့ အံ့ဩတကြီး အကြည့်တွေကြားထဲမှာ လင်းပိုင်ဖန်က ပိုင်ဇူရဲ့ လက်ထဲကို ထည့်လိုက်တယ်။

ပိုင်ဇူလည်း အံ့ဩသွားပြီး ဇဝေဇဝါ ဖြစ်ကာ- “အရှင်မင်းကြီး၊ ဘာလို့လဲ” ဟု မေးလိုက်သည်။

လင်းပိုင်ဖန်က ပြုံးလိုက်ပြီး- “ပိုင်ဇူ၊ မင်းရဲ့ ခွန်အားက အခု အစစ်အမှန်ချီ အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ၊ ကြယ်တာရာ ချီ အဆင့်ကနေ တစ်လှမ်းပဲ လိုတော့တယ်။ ဒီကြာစေ့က မင်းကို အဆင့်တက်အောင် ကူညီပေးလိမ့်မယ်။ မင်းရဲ့ ခွန်အား တိုးလာတာနဲ့အမျှ ငါကိုယ်တော်ကို ပိုကောင်းအောင် အလုပ်အကျွေး ပြုနိုင်လိမ့်မယ်။ ပြီးတော့ မင်းရဲ့ ခွန်အား တိုးလာတာနဲ့အမျှ မင်းရဲ့ လက်စားချေဖို့ အခွင့်အလမ်းတွေကလည်း ပိုများလာမှာ မဟုတ်ဘူးလား”

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး” ပိုင်ဇူသည် ကြာစေ့ကို လက်ခံလိုက်ပြီး မျက်လုံးထဲတွင် စိုစွတ်မှု အရိပ်အယောင်ဖြင့် တိုးတိုးလေး ပြောလိုက်သည်။

ဆဋ္ဌမမြောက် ကြာစေ့...

ထို့နောက် အားလုံး၏ အံ့အားသင့်နေသော အကြည့်တွေအောက်တွင် လင်းပိုင်ဖန်က ၎င်းကို လက်ဗလာဆရာကြီး၏ လက်ထဲသို့ ထည့်လိုက်သည်။

လက်ဗလာဆရာကြီးက အံ့ဩစွာဖြင့်- “အရှင်မင်းကြီး၊ ဒီဟာက...” ဟု ပြောလိုက်သည်။

သူသည် ကြာစေ့ကို လိုချင်သော်လည်း ၎င်းကို အမှန်တကယ် ရရှိရန် ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

ဘာပဲဖြစ်ဖြစ် သူသည် မဟာရှကို ဝင်ရောက်ပြီး လင်းပိုင်ဖန်ကို အလုပ်အကျွေးပြုရခြင်းရဲ့ အကြောင်းရင်းက ယာယီ အပေးအယူ မျှသာဖြစ်ပြီး အခြေအနေအရ လိုအပ်လို့သာ ဖြစ်သည်။

အမှန်တကယ်ပင် သူသည် လင်းပိုင်ဖန် ဒါမှမဟုတ် မဟာရှအပေါ် စစ်မှန်သော သစ္စာတရား မရှိပေ။

သုံးနှစ်အတွင်း သူ့ပစ္စည်းတွေကို ပြန်ရပြီးနောက် သူထွက်ခွာသွားဖို့က သေချာသလောက်ရှိသည်။

လင်းပိုင်ဖန်သည်လည်း ဤအချက်ကို သေချာပေါက် သိထားပေလိမ့်မည်။

သို့တိုင်၊ သူသည် ထိုသို့သော အဖိုးတန် ကြာစေ့ကို သူ့အား ပေးအပ်ခဲ့သည်။

လင်းပိုင်ဖန်က ထပ်ပြောလိုက်သည်- “မောင်မင်းက ငါကိုယ်တော်ကို ကောင်းကောင်း ခစားခဲ့တယ်၊ မောင်မင်းကို ငါကိုယ်တော် လုံးဝ မနစ်နာစေနိုင်ဘူးလေ။ ရွှေ၊ ငွေ၊ ရတနာတွေနဲ့ ရာထူးကြီးတွေလို သာမန်ရတနာတွေက မောင်မင်းအတွက်တော့ စိတ်ဝင်စားစရာ မရှိဘူးဆိုတာ သေချာတယ်လေ။ ဒါကြောင့် မောင်မင်းကို ဒီကြာစေ့ကို ငါကိုယ်တော် ပေးသနားလိုက်မယ်။ ဒီကြာစေ့နဲ့ဆိုရင် မောင်မင်း အဆင့်တက်နိုင်လိမ့်မယ် မဟုတ်လား”

“အသေအချာပါပဲ၊ ကျွန်တော်မျိုး ၁၀၀% ယုံကြည်ပါတယ်” လက်ဗလာဆရာကြီးလည်း မတွန့်ဆုတ်ဘဲ ပြောကြားလိုက်သည်။

လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး- “ ကောင်းတယ်။ ဒီနေ့ကစပြီး ဘယ်သူက မောင်မင်းရဲ့ ညံ့ဖျင်းတဲ့ သိုင်းပညာကို စနောက်ဝံ့တော့မလဲ”

လက်ဗလာဆရာကြီးလည်း အလွန်ကို ထိမိဂွိ သွားခဲ့သော်လည်း၊ စိတ်ခံစားမှုလွန်ကဲသော စကားလုံးများကို ထုတ်ဖော်ရန် ခက်ခဲသောကြောင့် “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး” ဟုသာ ပြောနိုင်ခဲ့သည်။

သူ့စိတ်ထဲမှာတော့ လင်းပိုင်ဖန်ကို အသိအမှတ်ပြုမှုများ တိုးပွားလာခဲ့သည်။

“အရက်ဓားဆရာကြီး၊ ဒီသတ္တမမြောက် ကြာစေ့ကတော့ သဘာဝအတိုင်း မောင်မင်းနဲ့ သက်ဆိုင်တယ်” လင်းပိုင်ဖန်က ကြာစေ့တစ်စေ့ကို လက်ဆင့်ကမ်းလိုက်သည်။

အရက်ဓားအင်မော်တယ်လည်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး- “အရှင်မင်းကြီးက ဒါနဲ့ လူတွေရဲ့ သစ္စာရှိမှုကို ရဖို့ ကြိုးစားနေမှန်း ကျွန်တော်မျိုးသိတယ်၊ ကျွန်တော်လည်း အရမ်းစိတ်လှုပ်ရှားသွားပါတယ်၊ ဒါပေမယ့်လည်း ဒီကြာစေ့ကို မြွေကြီးရဲ့ သည်းခြေနဲ့ လဲလှယ်လို့ ရမလား”

ဤသို့ဆိုပြီး သူသည် ကြာစေ့ကို လင်းပိုင်ဖန်ထံ ပြန်ပေးလိုက်သည်။

လင်းပိုင်ဖန်က စူးစမ်းလိုစိတ်ဖြင့်- “အဲဒီ မြွေသည်းခြေကို မောင်မင်း ဘာလုပ်မလို့လဲ” ဟု မေးလိုက်သည်။

အရက်ဓားအင်မော်တယ်၏ မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် တောက်ပနေပြီး- “ဒီမြွေကြီးဟာ ကြယ်တာယာချီအဆင့် ရောက်တဲ့အထိ ကျင့်ကြံထားတာ၊ သူ့ရဲ့ သည်းခြေဟာ အရက်စိမ်သောက်ဖို့ အကောင်းဆုံး ဖြစ်လိမ့်မယ်”

“ဒါကြောင့်ကိုး” လင်းပိုင်ဖန်လည်း ရုတ်တရက် နားလည်သွားပြီး ဤအရာသည် အရက်ဓားအင်မော်တယ်၏ ပုံစံအတိုင်းဖြစ်ကြောင်း အသိအမှတ်ပြုလိုက်သည်။

လက်ဗလာဆရာကြီးကလည်း ရယ်မောလိုက်ပြီး- “အရက်ဓားအင်မော်တယ်၊ မင်း တကယ်ကို မြင်တက်တာပဲ။ အဲဒီ မြွေရဲ့ သည်းခြေက သူ့ရဲ့ အနှစ်သာရဖြစ်ပြီး သူ့ရဲ့ ဆေးဖက်ဝင် အာနိသင်တွေက ကြာစေ့တွေထက် မနိမ့်ကျဘူး၊ တချို့ကဏ္ဍတွေမှာဆိုရင် ပိုတောင် သာလွန်သေးတယ်”

“ဟုတ်လား ဒါဆို ပိုကောင်းတာပေါ့” အရက်ဓားအင်မော်တယ်လည်း အားရပါးရ ရယ်မောလိုက်သည်။

လင်းပိုင်ဖန်က ပြုံးကာ- “ကောင်းပြီ၊ မောင်မင်း အဲဒီမြွေသည်းခြေကို လိုချင်ရင်လည်း ယူလိုက်” ဟု ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး” အရက်ဓားအင်မော်တယ်လည်း အလွန်ဝမ်းသာသွားသည်။

ထိုအချိန်တွင် လင်းပိုင်ဖန်က ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေသော ဝမ်ကျင့်ဟိုင်ကို ကြည့်ပြီး ပြုံးလိုက်သည်- “ဗိုလ်ချုပ်ဝမ်၊ ဒီတစ်ခါ မောင်မင်း မဟာယန်ကို စစ်ဆင်ရေး ထွက်ခဲ့ပြီး အောင်ပွဲခံပြီး ပြန်လာခဲ့တယ်။ မောင်မင်းရဲ့ ကြိုးပမ်းမှုတွေက ကြီးမားတယ်။ ဒါပေမယ့် မောင်မင်း ရရှိမယ့် ဆုလာဒ်က ဒီကြာစေ့တစ်စေ့ကို ဆုချဖို့လောက်ထိ မလုံလောက်သေးဘူး။ ဒါကြောင့် မောင်မင်းအတွက် တစ်စေ့ကို ချန်ထားပေးမယ်၊ မောင်မင်းရဲ့ အောင်မြင်မှုတွေ လုံလောက်တဲ့အခါမှ ငါကိုယ်တော် မောင်မင်းကို ဆုချမယ်”

“အရှင်မင်းကြီး၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါသည်” ဝမ်ကျင့်ဟိုင်ခင်ဗျာ ဝမ်းသာပီတိ ဖြစ်သွားခဲ့သည်။

ဤမျှ ရှားပါးလှသော ရတနာကို ရရှိရန် သူ့တွင် အခွင့်အရေးရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူ ယခု မရရှိသေးသော်လည်း ဧကရာဇ်မင်းက ပြောပြီးပြီဖြစ်ရာ သူ၏စကားသည် ရွှေနှင့် ကျောက်စိမ်းကဲ့သို့ အဖိုးတန်လှသည်။ သူပြောပြီးစကားကို ပြန်ပြင်မည် မဟုတ်မှာ သေချာသည်။

ကြာစေ့တစ်စေ့ကို သူ့အတွက် သီးသန့်ထားပြီးသား ဖြစ်သည်။ သူ၏ အောင်မြင်မှုတွေသာ လုံလောက်သရွေ့ ၎င်းကို ရရှိနိုင်မည်ဖြစ်သည်။

အဲ့ဒီနေ့ မကြာခင် ရောက်လာတော့မယ်လို့ သူ ယုံကြည်သည်။

သူ့စိတ်နှလုံးသည် အတိုင်းမသိ ဝမ်းမြောက်မှုတို့နှင့် ပြည့်နှက်နေခဲ့သည်။ မဟာရှသို့ လာခဲ့ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်ပင်ဖြစ်သည်။

“ကျန်တဲ့ နှစ်စေ့ကိုတော့ နောက်မှ အောင်မြင်မှုတွေ အပေါ် မူတည်ပြီး ဆုချမယ်” လင်းပိုင်ဖန်က ကျောက်စိမ်းသေတ္တာကို ပိတ်လိုက်သည်။

“အရှင်မင်းကြီး၊ အရှင်မင်းကြီးက မသုံးဘူးလား”

လက်ဗလာဆရာကြီးက အံ့အားသင့်စွာဖြင့်- “ဒီကြာစေ့က သိုင်းပညာ မကျင့်ကြံဖူးသူတွေ အတွက်လည်း အံ့ဖွယ်ဆေးတစ်လက်ပါပဲ။ ဒါကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကို သန်မာစေပြီး သိုင်းပညာ ကျင့်ကြံနိုင်မယ့် ပါရမီကိုတောင် နိုးထပေးနိုင်ပါတယ်၊ လူတစ်ဦးကို သိုင်းပညာရှင်တစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်” ဟု ပြောလိုက်သည်။

“ငါကိုယ်တော် မလိုအပ်ဘူး” လင်းပိုင်ဖန်က ပြုံးကာ ခေါင်းခါလိုက်သည်။

သူသည် သာမန်လူတစ်ယောက်လို ပုံပေါ်နေသော်လည်း အမှန်တကယ်တွင် ချီဖွဲ့တည်ခြင်းနယ်ပယ်ရဲ့ ဧကရာဇ် ချီအဆင့်၏ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။

ခန္ဓာကိုယ်တစ်ခုလုံးတွင် နတ်ဘုရားသိုင်းပညာများ၊ ကျွမ်းကျင်မှုများနှင့် ပြည့်နှက်နေပြီး သူသည် ကောင်းကင်နယ်ပယ် တစ်ဦးနှင့် တိုက်ခိုက်ရသည့်တိုင် မကြောက်ပေ။

ကြာစေ့၏ ထိရောက်မှုမှာ အကန့်အသတ်ရှိပြီး သူ့အတွက် အသုံးမဝင်တော့ပေ။

၎င်းကို ဖြုန်းတီးခြင်းသည် ရှက်စရာဖြစ်လိမ့်မည်။ ဂုဏ်ပြုထိုက်သော အရာရှိများကို ဆုချရန်နှင့် နိုင်ငံတော်၏ စွမ်းအားကို မြှင့်တင်ရန်အတွက် အသုံးပြုခြင်းက ပိုကောင်းပေလိမ့်မည်။

“ဟုတ်သားပဲ၊ ကြီးမားတဲ့ ဆုလာဘ်ကို ခံယူထိုက်တဲ့ နောက်ထပ်လူတစ်ယောက် ရှိသေးတယ်”

လင်းပိုင်ဖန်က ပြုံးလိုက်ကာ- “အန်းနိုင်ငံရဲ့ ဧကရာဇ်က ငွေတေး ၂ သန်း ပေးဆောင်ခဲ့ပြီး၊ ကိုးမျက်လုံး ကျောက်ဖြူကြာပန်းကိုလည်း ကျွန်ုပ်တို့ကို ရရှိနိုင်အောင် သတင်းပေးခဲ့တယ်၊ သူ၏ ပံ့ပိုးမှုကလည်း ကြီးမားတယ်၊ အမိန့်ထုတ်ပြန်လိုက်ပါ၊ သူ့ကို အန်းမြို့စားဘွဲ့ ပေးအပ်ပြီး မြို့စားတစ်ဦး၏ အခွင့်အရေးအားလုံးကို ခံစားခွင့်ပေးလိုက်ပါ” ဟု ပြောလိုက်သည်။

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”

လက်ဗလာဆရာကြီးက- “အရှင်မင်းကြီး၊ အဲဒီ မြွေကြီးရဲ့ ခန္ဓာကိုယ်လည်း ရှိပါသေးတယ်၊ အဲဒါကို ဖြုန်းတီးလို့မရပါဘူး၊ သူ့ရဲ့ အရေခွံ ကို သံချပ်ကာလုပ်ဖို့ သုံးနိုင်ပါတယ်၊ သူ့ရဲ့ သွားနဲ့ အရိုးတွေကို လက်နက်လုပ်ဖို့ သုံးနိုင်ပါတယ်၊ သူ့ရဲ့ အသားကို စား၊ သူ့ရဲ့ သွေးကို သောက်မယ်ဆိုရင် ဒါတွေက ယင်ကို အာဟာရဖြည့်ပေးပြီး ယန်ကို ဖြည့်စွက်ပေးတဲ့ အာနိသင်တွေ ရှိပါတယ်”

“ဟုတ်လား”

လင်းပိုင်ဖန်က ဝမ်းသာအားရဖြင့်- “ဒါဆိုရင် သူ့ကို ပိုင်းဖြတ်ပြီး မြွေသားဟင်းနဲ့ ပွဲတော်တစ်ခု ပြင်ကြစို့၊ အားလုံး ဝေမျှပြီး စားကြရင် ဘယ်လိုလဲ” ဟု အသံကျယ်လောင်စွာဖြင့် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး” လူတိုင်းက ပျော်ရွှင်စွာ အမိန့်ကို လိုက်နာခဲ့ကြသည်။

မြွေသားကို ပျော်ရွှင်စွာဖြင့် စားသုံးပြီးနောက် လူတိုင်းသည် ကြာစေ့တွေကို အသုံးပြုရန် ပြန်သွားကြပြီး၊ ၎င်းတို့၏ သိုင်းပညာ အဆင့်ကို မြှင့်တန်ရန် ကြိုးစားခဲ့ကြသည်။

သူတို့ထဲမှ ပိုင်ဇူနှင့် လက်ဗလာဆရာကြီးတို့သည် အစစ်အမှန် ချီအဆင့်၏ အထွတ်အထိပ်သို့ ရောက်နှင့်ပြီး ဖြစ်သည်။ ကြာစေ့ကို စားသုံးပြီးနောက် ၎င်းတို့သည် အောင်မြင်စွာ အဆင့်တက်ခဲ့ပြီး ကြယ်တာရာ ချီအဆင့် ကျွမ်းကျင်သူများ ဖြစ်လာခဲ့သည်။

ချိုင်ယွီရှင်း၊ ချိုင်ယူလန် နှင့် မိန်းမစိုးလျှူတို့မှာမူ အဆင့်မတက်ခဲ့သော်လည်း ၎င်းတို့၏ သိုင်းအဆင့်တွေကို များစွာတိုးတက်လာခဲ့သည်။ သူတို့အားလုံးသည် အစစ်အမှန် ချီအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ကြပြီး ၎င်းတို့၏ အဆင့်တက်ရန် မဝေးတော့ပေ။

အရက်ဓားအင်မော်တယ်သည်လည်း ကြာစေ့မဟုတ်ပဲ မြွေသည်းခြေကို ရရှိခဲ့ရာ၊ ၎င်းတွင် မြွေကြီး၏ အနှစ်သာရများ ပါဝင်နေပြီး ထူးခြားသော အာနိသင်များ ရှိနေသည်။

အရက်နှင့်အတူ တဖြည်းဖြည်းချင်း သောက်သုံးပြီးနောက်တွင် သူသည်လည်း အောင်မြင်စွာ အဆင့်တက်ခဲ့ပြီး ကြယ်တာရာ ချီအဆင့် ကျွမ်းကျင်သူ ဖြစ်လာခဲ့သည်။

ဤသို့ဖြင့် မဟာရှတွင် ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူများ၏ အရေအတွက်က မတိုးတက်လာခဲ့သော်လည်း အရည်အသွေးကတော့ အကြီးအကျယ်ကို တိုးတက်ပြောင်းလဲသွားပြီး နိုင်ငံတော်၏ အင်အားကို များစွာ အားကောင်းစေခဲ့သည်။

All Chapters