အခန်း (၁၁၅)
Vol. 9 Ch. 115
“ဒင်၊ ကစားသမားရဲ့ နိုင်ငံတော်အင်အား တိုးတက်လာမှုကြောင့် သင်၏ခွန်အားလည်း တစ်ချိန်တည်းမှာပဲ တိုးလာခဲ့သည်။ သင့်အား ကောင်းကင်တံခါးကို ဖြိုခွင်းသည့်ဓါး သိုင်းပညာကို ဆုချီးမြှင့်လိုက်သည်”
ဒီဓားသိုင်းပညာရပ်ကို အထွတ်အထိပ် ဓားနတ်ဘုရားတစ်ဦးက သူ့အသက်စွမ်းအင်တွေ ကုန်ဆုံးခါနီးအချိန်တွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဓားတစ်ချက်တည်းဖြင့် ကောင်းကင်တံခါးကို ဖွင့်လှစ်နိုင်သည့်အထိ တုနှိုင်းမဲ့စွမ်းအားကို ပိုင်ဆိုင်ပြီး ဓားသိုင်းပညာများထဲတွင် အဆုံးစွန်ဆုံးသော သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသည်။
လင်းပိုင်ဖန် မျက်လုံးမှိတ်လိုက်ကာ ဒီသိုင်းပညာရပ်ကို လက်ခံလိုက်သည်။
ထို့ကြောင့် သူ့၏ခွန်အားသည် တစ်ဖန် တိုးလာခဲ့သည်။
ထိုအချိန်တွင် အန်းတိုင်းပြည်၏ ဧကရာဇ်သည် မိမိအား မြို့စားရာထူးပေးအပ်ကြောင်း သတင်းကို ကြားသိလိုက်ရပြီး လျှို့ဝှက်စွာဖြင့် သက်ပြင်းချလိုက်မိသည်။
အာဏာနှင့် လွတ်လပ်မှုအချို့ကို ဆုံးရှုံးလိုက်ရသော်လည်း မိမိ၏ စည်းစိမ်ဥစ္စာနှင့် ဂုဏ်ပုဒ်တို့ကို ထိန်းသိမ်းနိုင်ခဲ့သည်။ သူသည် သာမန်လူတစ်ဦးလို ဝမ်းစာအတွက် ရုန်းကန်လုပ်ကိုင်ကာ ဝမ်းရေးတစ်နပ်အတွက် စိတ်ပူစရာ မလိုတော့ပေ။
သို့သော်လည်း သူ၏စိတ်ထဲတွင်မူ ရှုပ်ထွေးမှုတို့နှင့် တွေဝေမှုအချို့ ရှိနေဆဲဖြစ်ပြီး နောက် ဘာလုပ်ရမည်ကို မသေမချာဖြစ်နေခဲ့သည်။
ထို့ကြောင့် သူသည် ပျက်ဆီးသွားသော မိုနိုင်ငံ နှင့် ရှန်နိုင်ငံ တို့ရဲ့ ဧကရာဇ်ဟောင်းနှစ်ပါးထံမှ အတွေ့အကြုံများကို လေ့လာသင်ယူရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် သူသည် လက်ဆောင်ပဏ္ဏာများစွာဖြင့် ၎င်းတို့၏ နေအိမ်များသို့ ရောက်ရှိသွားသောအခါ မြို့စားနှစ်ဦးက အပြင်သို့ ခဏထွက်သွားခဲ့ပြီး ညနေမှသာ ပြန်လာနိုင်မည်ဖြစ်ကြောင်းကို သိလိုက်ရသည်။
အန်းနိုင်ငံဧကရာဇ်သည် လုံးဝရှုပ်ထွေးကာ အံ့အားသင့်သွားခဲ့သည်။ "ဒီလိုအချိန်မျိုးမှာ ဘယ်လိုလုပ်ပြီး ပျော်ဖို့အတွက် စိတ်ကူးက ရှိနေသေးတာလဲ"
လုံးဝကို စိတ်ရှုပ်ထွေးနေသည့် သူသည် အစားအသောက်လမ်းသို့ ရောက်သွားခဲ့ပြီး ထိုနေရာရှိ ဟော့ပေါ့ စားသောက်ဆိုင်တစ်ဆိုင်တွင် သူတို့ကို တွေ့လိုက်ရသည်။
သို့သော် သူတို့နှစ်ဦးကို မြင်လိုက်သည်နှင့် သူ့မျက်လုံးများ ပြူးထွက်မတတ်ဖြစ်သွားခဲ့သည်။
သူတွေ့ချင်လှသော ဧကရာဇ်ဟောင်းနှစ်ဦးမှာ ယခုအခါ အိုးတစ်လုံးကို ဝိုင်းရံကာ အစားအစာများကို ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြခြင်း ဖြစ်သည်။
စားနေရင်းနဲ့ သူတို့၏ ပါးစပ်များတွင် ဆီများဖြင့် ရွှဲနေပြီး၊ အချင်းချင်း ငြင်းခုန်ကာ စကားများနေကြသည်။
"ဆောင်းရာသီနဲ့ ဟော့ပေါ့ဆိုတာက တကယ်ကို ပြီးပြည့်စုံတဲ့ လိုက်ဖတ်မှုပဲ"
"ဘယ်သူက ငြင်းနိုင်မှာလဲ။ ငါတို့ရဲ့ အသက်တွေ နှစ်ပေါင်း ၄၀ ကျော်မှ ခုလို ဟော့ပေါ့ကို ရှာဖွေတွေ့ရှိခဲ့တာ၊ အသားပြားတွေကို ဟော့ပေါ့အိုးထဲမှာ ခဏလေးလှုပ်ရုံ၊ ရေနွေးနည်းနည်းနဲ့ တို့ရုံနဲ့ စားဖို့ အသင့်ဖြစ်ပြီ၊ လတ်ဆတ်ပြီး နူးညံ့နေတာပဲ။ အထူးသဖြင့် စပ်တဲ့ အရသာပဲ၊ စားလိုက်ရင် တစ်ကိုယ်လုံးချွေးတွေထွက်ပြီး အရမ်းကို လန်းဆန်းသွားတာပဲ"
"ငါကတော့ အကြည်ရည်ကို ပိုကြိုက်တယ်။ နှုတ်ခမ်းနဲ့ သွားတွေမှာ သင်းပျံ့တဲ့ ရနံ့တွေ ကျန်နေခဲ့ပြီး အရသာကို စိမ့်စိမ့်လေး ခံစားရတယ်"
"စပ်တာက ပိုကောင်းတာကွ၊ ယောက်ျားဆိုရင် စပ်တာစားရမှာပေါ့"
"ငါပြောတာ နားထောင်၊ အကြည်ရည်က ပိုကောင်းတယ်။ မင်းရဲ့စပ်တဲ့အရသာက ပါဝင်ပစ္စည်းတွေရဲ့ အရသာကို လွှမ်းမိုးသွားပြီ"
"ဘယ်လိုပဲဖြစ်ဖြစ် စပ်တာက ပိုအရသာရှိတယ်။ ထုံတာနဲ့ စပ်တာလည်း ကောင်းတယ်"
အန်းနိုင်ငံရဲ့ ဧကရာဇ်မှာမူ လုံးဝကို အံ့သြမှင်တက် သွားခဲ့သည်။ ဒီလူနှစ်ယောက်က ဘယ်လိုလုပ်ပြီးဧကရာဇ်တွေနဲ့ တူနေနိုင်မှာလဲ။
သူတို့မှာ ဂုဏ်သိက္ခာဆိုတာ လုံးဝမရှိဘဲ ရွာကသာမန်လင်ယောက်ျားတွေနဲ့ မခြားနားတော့ပေ။
ဘေးနားကလူတွေကသာ ထိုနှစ်ယောက်ဟာ သူရှာနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြောင်း အသိမပေးခဲ့ရင် သူ လှည့်ထွက်သွားမှာ သေချာသည်။
အန်းနိုင်ငံ၏ဧကရာဇ်သည် စိတ်ရှုပ်ထွေးစွာဖြင့် သူတို့အနားသို့ ချဉ်းကပ်သွားသည်။
ဧကရာဇ်နှစ်ပါးလည်း စကားများနေခြင်းကို ရပ်တန့်ကာ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
မိုနိုင်ငံဧကရာဇ်က မျက်လုံးကို မှေးကျဥ်းလိုက်ပြီး "မင်းက အန်းနိုင်ငံရဲ့ ဘုရင်ဟောင်း၊ အခု အန်းမြို့စား ဖြစ်မယ်ထင်တယ်၊ ဟုတ်တယ်မလား"
အန်းနိုင်ငံဧကရာဇ်က အလွန်အံ့အားသင့်စွာဖြင့် "ဘယ်လိုသိတာလဲ"
ရှန်နိုင်ငံဧကရာဇ်က "မင်း ငါတို့ကို လာရှာတာလား"
အန်းနိုင်ငံဧကရာဇ်က ထပ်မံအံ့အားသင့်စွာဖြင့် "ခင်ဗျားကလည်း ဘယ်လိုသိတာလဲ"
မိုနိုင်ငံရဲ့ ဧကရာဇ်က ဆက်ပြောလိုက်သည်- "မင်းအခု စိတ်ရှုပ်ထွေးနေပြီး ငါတို့ဆီက အကြံဉာဏ်တောင်းဖို့ လာတာမလား"
အန်းနိုင်ငံ၏ ဧကရာဇ်က နောက်တစ်ကြိမ် တုန်လှုပ်စွာဖြင့် "ဒါကိုရော ခင်ဗျား ဘယ်လိုသိတာလဲ"
ရှန်နိုင်ငံ၏ ဧကရာဇ်က ထပ်မံပြီး- "မင်း မဟာရှမှာ ဘယ်လိုကောင်းကောင်း ရှင်သန်ရမလဲဆိုတာကို သိချင်နေတာလား" ဟု မေးလိုက်သည်။
အန်းနိုင်ငံဧကရာဇ်သည် ထိတ်လန့်တုန်လှုပ်သွားပြီး မျက်နှာများပါ ဖြူဖျော့လာခဲ့သည်။ "ခင်ဗျားတို့ ဒါတွေ အကုန်လုံးကို ဘာလို့သိနေရတာလဲ"
ဧကရာဇ်နှစ်ပါးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဝမ်းသာအားရ ရယ်မောလိုက်ကြကာ တစ်ပြိုင်နက်တည်း ပြောလိုက်သည်- "ဘာဖြစ်လို့လဲဆိုတော့ ငါတို့လည်း ဒီလိုပဲ ဖြစ်ခဲ့ဖူးတယ်လေ"
သူတို့သည် ပန်းကန်လုံးနှင့် တူများကို ဘေးသို့ ချလိုက်ကာ အန်းနိုင်ငံ၏ ဧကရာဇ်ကို ဆွဲခေါ်လိုက်ကြသည်။
"ညီလေး၊ လာ ဒီကို။ မင်းရဲ့ အစ်ကိုကြီးတွေပြောတာကို နားထောင်။ မကြာခင် မင်းရဲ့ ရှုပ်ထွေးမှုတွေ ပျောက်သွားလိမ့်မယ်"
"ရှုပ်ထွေးနေတာတင်မကဘူး၊ မင်းပါ ငါတို့နဲ့ အမြန်ပူးပေါင်းပါဝင်လာလိမ့်မယ်"
အဆုံးမှာတော့ ဧကရာဇ်နှစ်ပါးနှင့် ရင်ထဲရှိ စကားများကို ပွင့်ပွင့်လင်းလင်း ပြောဆိုပြီးနောက် အန်းနိုင်ငံ ဧကရာဇ်သည် သူ ရှုံးနိမ့်ရခြင်း၏ အကြောင်းရင်း အမှန်နှင့် လင်းပိုင်ဖန် နှင့် သူ့ကြားရှိ ကွာဟချက်ကို နားလည်လာခဲ့သည်။
ဒီနေရာတွင် ကြောက်ရွံ့စွာနေထိုင်ရန် မလိုအပ်ကြောင်းကိုလည်း သူသိလိုက်ရသည်။
သူ့အနေဖြင့် စားသင့်တာကို စား၊ သောက်သင့်တာကို သောက်၊ ပျော်ချင်သလို ပျော်လို့ရသည်။ ဘာဖြစ်လို့လဲဆိုတော့ ထိုလူက သူ့ကို ဘယ်တုန်းကမှ အလေးအနက်မထားခဲ့လို့ပင် ဖြစ်သည်။
"အစ်ကိုကြီးတို့ နှစ်ယောက်ရဲ့ အကြံပေးမှုတွေအောက်မှာ ကျွန်ုပ် ဒီအဘိုးကြီးရဲ့ စိတ်ထဲမှာ အများကြီး ပေါ့ပါးသွားပါပြီ"
အန်းနိုင်ငံ၏ ဧကရာဇ်သည် လုံးဝကို စိတ်အေးချမ်းသွားပြီး၊ သူ့ရှေ့ရှိ မီးဖိုပေါ်တွင် ဆူပွက်နေသည့် အနီရောင်ဟင်းရည် တစ်ဝက်နှင့် ရေအကြည်တစ်ဝက်ပါသော အိုးကို ကြည့်လိုက်ရာ မွှေးကြိုင်သောအနံ့အျားကို ရလိုက်သည်။ သူသည် အလွန်သိချင်စိတ်ပြင်းပြစွာဖြင့် "ဒါက ဘာလဲ။ အရမ်းမွှေးတာပဲ" ဟု မေးလိုက်သည်။
"ညီလေး၊ ငါ မိတ်ဆက်ပေးမယ်" ဟု မိုနိင်ငံဧကရာဇ်က ရယ်မောကာ ပြောဆိုလိုက်သည်။
"ဒါကို ဟော့ပေါ့ လို့ခေါ်တယ်၊ စားသောက်တဲ့ နည်းလမ်းတစ်မျိုးပဲ၊ ငါလုပ်သလိုပဲ လိုက်လုပ်လိုက်၊ မင်း ဟော့ပေါ့ကို သေချာပေါက် စွဲလန်းသွားစေရမယ်လို့ ငါ အာမခံတယ်"
"ဟော့ပေါ့တင်မကသေးဘူး၊ ဒီမှာ တခြားအရသာရှိတဲ့ အစားအစာတွေ အများကြီး ရှိသေးတယ်။ အချိန်ရရင် ငါ မင်းကို လိုက်ပို့ပေးမယ်၊ အိမ်ပြန်ဖို့တောင် မေ့သွားပြီး၊ ဘုရင်လုပ်ချင်စိတ်တောင် ပျောက်သွားတဲ့အထိ ပျော်ရွှင်စေရမယ်လို့ အာမခံတယ်" ဟု ရှန်နိုင်ငံဧကရာဇ်ကလည်း ရယ်မောကာပြောဆိုလိုက်သည်။
"အစ်ကိုကြီးတို့ နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်"
အန်းနိင်ငံဧကရာဇ်သည် ကျေးဇူးလည်း တင်သလို၊ ရှက်လည်း ရှက်ရွံ့နေသည်။ "ကျွန်တော် အရင်က ခင်ဗျားတို့ကို ဆက်ဆံခဲ့တာတွေ ရှိခဲ့တာတောင် အတိတ်က အာဃာတတွေကို ဘေးဖယ်ထားပြီး ဒီလိုနွေးထွေးစွာ ဆက်ဆံပေးမယ်လို့ မထင်ထားခဲ့ဘူး၊ ကျွန်တော်..."
"ညီလေး၊ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ"
မိုနိုင်ငံဧကရာဇ်က လက်ကို ဝှေ့ယမ်းလိုက်ကာ- "ငါတို့တွေအားလုံးက အခုမှာ အခြေအနေတူတွေပဲ၊ ဒါကြောင့် အခုကစပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုစောင့်ရှောက်ရင်း ဒီနေရာမှာရှိတဲ့ အရသာရှိတဲ့ အစားအစာတိုင်းကို မြည်းစမ်းကြည့်ဖို့ ရည်မှန်းလိုက်ကြရအောင်၊ ဟား...ဟား"
"ကျေးဇူးတင်ပါတယ်၊ အစ်ကိုကြီးတို့!" ဟု အန်းနိုင်ငံဧကရာဇ်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
ထိုသုံးဦးသည် ကမ္ဘာ့အခြေအနေတွေအကြောင်း ဆွေးနွေးရင်း ဟော့ပေါ့ကို ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြသည်။
"မင်းပါ ဒီကို ရောက်လာပြီဆိုတော့ ဖန်နိုင်ငံက တစ်ယောက်လည်း မကြာခင် ရောက်လာတော့မယ်ထင်တယ်"
"ဟုတ်တယ်၊ မဟာယွဲ့က ဝံပုလွေတစ်ကောင်လို ရည်မှန်းချက်တွေရှိတယ်။ ရှန်တိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ပြီး၊ အန်းတိုင်းပြည်ကိုလည်း ဝါးမျိုချပစ်လိုက်ပြီ၊ တစ်ကမ္ဘာလုံးကိုတောင် ဝါးမျိုဖို့ အလားအလာက ပြနေပြီ၊ အနီးဆုံးမှာ ရှိတဲ့ ဖန်တိုင်းပြည်လို နိုင်ငံငယ်လေးက ထက်ဝက်လောက်ထိ ဝိုင်းထားခံနေရပြီ၊ ဘယ်လိုလုပ် မသိမ်းပိုက်ဘဲ နေနိုင်မှာလဲ"
"သူ ဒီကို ရောက်လာနိုင်ပါ့မလားဆိုတာကိုပဲ ကြောက်တာ၊ မဟာရှနဲ့ ဖန်နိုင်ငံကြားက နေရာက ဝေးကွာလွန်းတယ်... အရမ်းကို ဝေးလွန်းတယ်"
"ထားလိုက်ပါတော့၊ ဒီကိစ္စတွေက ငါတို့ စိုးရိမ်စရာ မဟုတ်တော့ဘူး။ ငါတို့ ဘယ်မှာ အရသာရှိတဲ့ အစားအစာ ရှာတွေ့မလဲဆိုတာပဲ ဆက်စဉ်းစားကြရအောင်"
"မင်းပြောတာ မှန်တယ်၊ ငါတို့က ဘုရင်တွေ မဟုတ်တော့ဘူးဆိုတော့ ကဗျာနဲ့ အချစ်ရေးအကြောင်း ပဲ ပြောကြရအောင်၊ နိုင်ငံရေးအကြောင်း မပြောကြနဲ့"
ထိုအချိန်တွင် ဧကရာဇ်သုံးပါးတို့ ပြောနေကြသည့် ဖန်တိုင်းပြည်၏ ဧကရာဇ်ကမူ စားလို့မဝင်၊ အိပ်လို့မပျော် ဖြစ်နေသည်။
သူသည် နေ့စဉ်နှင့်အမျှ ကြောက်ရွံ့ထိတ်လန့်ခြင်းတို့ဖြင့် နေထိုင်နေရပြီး သူ၏ တစ်ကိုယ်လုံးလည်း လွန်စွာ ပိန်ချုံး သွားခဲ့သည်။
ဒါတွေအားလုံးဟာ မဟာယွဲ့ကြောင့်ပင် ဖြစ်သည်။ မဟာယွဲ့ဟာ ရှန်တိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး၊ ဖြောင့်မတ်ခြင်းတရားကို လစ်လျှူရှုကာ အန်းနိုင်ငံကိုလည်း ဝါးမျိုခဲ့ပြီး သူရဲ့ ဖန်နိုင်ငံငယ်လေးကိုတောင် ဝိုင်းရံထားလိုက်ပြီဖြစ်သည်။
ရန်သူက ရည်မှန်းချက်ကြီးပြီး ဘယ်အချိန်မဆို တိုက်ခိုက်လာနိုင်သည်။
သူ့နိုင်ငံရဲ့ အင်အားက ဒီလောက် အားနည်းနေတာ၊ မဟာရှနဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကနေတောင် မထူထောင်နိုင်သေးတာ ဖြစ်သည်၊ မဟာယွဲ့ စစ်တပ်ရဲ့ အင်အားကို ဘယ်လို ရင်ဆိုင်တိုက်ခိုက်နိုင်မှာလဲ။
သူသည် ပြင်ပက အကူအညီတောင်းချင်ပေမယ့် သူ့ပတ်ဝန်းကျင်မှာ နိုင်ငံငယ်လေးတွေပဲ ရှိသည်။ သူတို့နှင့် အများအားဖြင့် တိုက်ခိုက်မှုတွေ ရှိခဲ့ကြပြီး၊ သူ ဒုက္ခရောက်နေချိန်တွင် ထပ်မံ ဒုက္ခမပေးတာတောင် ကံကောင်းနေပြီဖြစ်သည်။ ဘယ်လိုလုပ် အကူအညီပေးနိုင်မှာလဲ။
ဒါကြောင့် သူ့အနေဖြင့် ယခုအချိန်တွင် ကောင်းကင်ကို တက်ဖို့ လမ်းမရှိသလို၊ ငရဲသွားဖို့လည်း တံခါးမရှိ ဖြစ်နေကာ အကျပ်အတည်းထဲကို ရောက်နေပြီလို့ ပြောနေစရာတောင် မလိုတော့ပေ။
"ဟူး....၊ ငါ အခု ဘာလုပ်သင့်လဲ" ဟု ဖန်နိင်ငံဧကရာဇ်သည် စိတ်ပူပန်နေရပြီး သေခြင်းတရားကို စောင့်ဆိုင်းနေရသလို ခံစားနေရသည်။
ထိုအချိန်တွင် သူသည် မဟာရှတွင် ရှိနေသော ဧကရာဇ်သုံးဦးကို ရုတ်တရက် အားကျခဲ့သည်။
သူတို့သည် ပျက်ဆီးသွားသော နိုင်ငံ၏ ဘုရင်များ ဖြစ်လာခဲ့ကြသော်လည်း သူတို့၏ အသက်နှင့် မိသားစုများကို ကယ်တင်နိုင်ခဲ့ကြသည်။
သူတို့အနေဖြင့် မြို့စားများဖြစ်လာကာ ချမ်းသာကြွယ်ဝပြီး ဂုဏ်ပုဒ်လည်းရှိ၍ နိုင်ငံရေးအရှုပ်အထွေးများကို စိုးရိမ်စရာမလိုတော့ဘဲ၊ ပျော်ရွှင်စွာဖြင့် နေ့ရက်များကို ကုန်ဆုံးနေကြသည်။
"ငါသာ သူတို့လို ဖြစ်နိုင်ရင်... မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ ဘယ်လိုလုပ် ဒီလောက် အဆင့်နိမ့် နိုင်မှာလဲ"
ဖန်နိုင်ငံဧကရာဇ်သည် ရုတ်တရက် ခေါင်းခါလိုက်ပြီး- "ငါက နိုင်ငံတစ်ခုရဲ့ အုပ်ချုပ်သူပဲ။ ငါ့ကိုယ်ငါ တိုးတက်ဖို့နဲ့ ငါတို့ရဲ့ နိုင်ငံကို အားကောင်းအောင် လုပ်ဖို့ ကြိုးစားရမယ်၊ ဒါက ငါ့ရဲ့ တာဝန်ပဲ" ဟု ပြတ်သားစွာ ကြေညာလိုက်သည်။
ထို့နောက် သူ အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။ "တစ်ယောက်ယောက်၊ ငါ့အတွက် မဟာယွဲ့က ဗိုလ်ချုပ်ကျောက်ဆီ ပို့ဖို့ လက်ဆောင်ပဏ္ဏာ အမြောက်အမြား ပြင်ဆင်လိုက်စမ်း"
"အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး"
အမတ်ကြီး၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ဖန်နိုင်ငံဧကရာဇ်သည် အောင်မြင်မည်ဟု မျှော်လင့်နေရင်း၊ စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
ဗိုလ်ချုပ်ကျောက်အနေဖြင့် သူပို့လိုက်သည့် လက်ဆောင်ပဏ္ဏာများကို ထည့်သွင်းစဉ်းစားပြီး သူ၏ ဖန်နိုင်ငံကို ချမ်းသာပေးလိမ့်မည် ဟု မျှော်လင့်နေခဲ့သည်။