← Chapters

အခန်း (၁၁၆)

Vol. 9 Ch. 116

အခန်း (၁၁၆)

Vol. 9 Ch. 116

ထိုအချိန်တွင် မဟာယွဲ့နိုင်ငံ၏ စစ်သူကြီး ကျောက်ဆိုသည့် သူကတော့ အန်းနိုင်ငံ၏ နယ်မြေထဲ၌ သိမ်းယူရရှိခဲ့သော ပစ္စည်းများကို စာရင်းပြုစုနေသည်။

သို့သော် နေရာတိုင်းကို စေ့စေ့စပ်စပ် ရှာဖွေပြီးနောက်တွင် သူသည် အလွန်ပင် အံ့အားသင့်သွားခဲ့သည် ။

ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတို့မှာ တစ်ခုတစ်လေမျှပင် မရှိပေ။

တွင်းထွက်သယံဇာတများလည်း ဘာမှ မရှိပေ၊

ဆန်စပါးနှင့် ရိက္ခာတွေလည်း လုံးဝကို မရှိနေပေ။

တခြားအရာတွေဆိုလည်း ဘာဆိုဘာမှကို မရှိနေပေ။

သူ ဒေါသထွက်လွန်း၍- "ဒီနေရာက ရှန်နိုင်ငံလိုမျိုး ဘာဖြစ်လို့ ဘာမှမရှိနေတာလဲ" ဟု ရေရွတ်လိုက်သည်။

သူ စစ်ချီလာရခြင်းမှာ ယခင် ရှန်နိုင်ငံကို သိမ်းပိုက်စဉ်က မည်သည့် အကျိုးအမြတ်မျှ မရခဲ့သောကြောင့် ဧကရာဇ်မင်းမြတ်ကို ရှုံးနိမ့်မှုအကြောင်း ရှင်းပြရန် ခက်ခဲနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အရှုံးကို ပြန်လည်ကာမိစေရန်နှင့် ဂုဏ်သိက္ခာကို ကယ်ဆယ်ရန်အတွက် အန်းနိုင်ငံတွင် စားနပ်ရိက္ခာ ပျက်လတ်နေသည့် အခြေအနေကို အခွင့်ကောင်းယူကာ သိမ်းပိုက်ရန် သူ ကိုယ်တိုင် စစ်ချီလာခဲ့ခြင်းဖြစ်သည်။

သို့သော် နိုင်ငံကို သိမ်းပိုက်နိုင်ခဲ့သော်လည်း သူ လိုချင်သည့်အရာကို မရခဲ့ပြန်ပေ။ တန်ဖိုးရှိတဲ့အရာ ဘာပစ္စည်းတစ်ခုမှ မရှိချေ။ ကျန်နေသည့်အရာမှာ စပါးပင် စိုက်ပျိုးလို့မရသည့် မြေကွက်တစ်ခုသာ ဖြစ်သည်။

ဤမျှလောက်ထိ အားထုတ်ကာ ရက်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရသမျှ အချည်းနှီး ဖြစ်ခဲ့ရချေပြီ။

ဘာတစ်ခုမှ မရဘဲနဲ့ ဧကရာဇ်မင်းမြတ်ကို ဘယ်လိုများ ပြန်အစီရင်ခံရပါတော့မလဲ…၊

ဤရလဒ်သည် သူအတွက် လက်ခံနိုင်စရာမရှိသဖြင့် ဒေါသတကြီးဖြင့် -"ထပ်ပြီး စစ်ဆေးကြစမ်း၊ ဘာတစ်ခုမှ လုံးဝမရှိတာ သေချာလားဆိုတာ" ဟု အမိန့်ပေးလိုက်သည်။

"စစ်သူကြီး၊ တကယ်ပဲ ဘာမှမရှိပါဘူး။ ကျွန်တော်တို့ စစ်ပြီးတာ သုံးကြိမ်တောင် ရှိနေပါကြီ"

သတင်းပို့လာသူ အရာရှိက ကူရာမဲ့စွာဖြင့် ပြုံးကာ ပြောလိုက်သည်- "ကြားရတာကတော့ မဟာရှက အရင်က ဒီနိုင်ငံကို တိုက်ခိုက်ဖူးတဲ့အတွက် ရှိသမျှ အရာအားလုံးကို ယူဆောင်သွားခဲ့ပြီတဲ့"

ဒုန်း…..

စစ်သူကြီး ကျောက်သည် စားပွဲကို ဒေါသတကြီး ထုချလိုက်ပြီး သူ၏ ဒေါသများ ဆူပွက်လာကာ- ‘ ဒီမဟာရှ ပဲလား

မင်းတို့ ဘာလို့ ငါ့လမ်းကို ခဏခဏ လာပိတ်နေရတာလဲ၊ ငါ မင်းတို့ကို ဘာများ ဒုက္ခပေးဖူးလို့လဲ

ရှန်နိုင်ငံကို တိုက်ခိုက်ခဲ့တုန်းကလဲ အကောင်းဆုံး ပစ္စည်းတွေ အကုန်လုံးကို မင်းတို့ကပဲ သိမ်းယူသွားခဲ့တာပဲ

အခုလည်း အန်းနိုင်ငံကို သိမ်းပိုက်လိုက်ပြန်တော့လည်း မင်းတို့က ငါ့ထက် လက်ဦးသွားပြန်ပြီ။

မင်းတို့ဟာ ငါ့ရဲ့ မဟာ ရန်ဘက်တွေများလားကွာ’

ထိုအချိန်တွင် သူသည် သူ၏ စစ်တပ်ကို မဟာရှသို့ ဦးဆောင်ပြီး သူ၏ ရင်ထဲက မကျေနပ်ချက်တွေကို လက်စားချေချင်စိတ် ပြင်းပြနေမိခဲ့သည်။

"သတင်း၊ အရေးကြီးသတင်းပါ" စစ်သားတစ်ဦး အလောတကြီး ပြေးဝင်လာသည်။

စစ်သူကြီး ကျောက်သည် ဒေါသတကြီးဖြင့်- "ဘာလဲ"

"စစ်သူကြီးကို အစီရင်ခံပါသည်၊ မဟာရှမှ သတင်းရရှိထားသည်မှာ အန်းနိုင်ငံ၏ ဧကရာဇ်က မဟာရှသို့ ထွက်ပြေးပြီးနောက် အန်းနိုင်ငံရဲ့ မြို့စားဘွဲ့ကို ချီးမြှင့်ခြင်းခံလိုက်ရကာ မြို့စားတစ်ဦး၏ အခွင့်ထူးများကို ခံစားရမည်ဟု သိရပါသည်"

"ဒါက တော်တော်လွန်သွားပြီ၊ မဟာရှကပဲ အခွင့်အရေး ထပ်ယူသွားပြန်ပြီ" စစ်သူကြီး ကျောက်၏ ဒေါသတွေသည် ကောင်းကင်သို့ ထိုးထွတ်မတတ်တော့ပင် ဖြစ်လာခဲ့သည်။

မြို့စားဘွဲ့က ပေါ့ပေါ့တန်တန် ချီးမြှင့်နိုင်ခြင်း မဟုတ်ပေ၊ ၎င်းနှင့်အတူ ပါလာသည့် အခွင့်ထူးများကိုလည်း အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ပေးအပ်လို့လည်း မရပေ။ အန်းနိုင်ငံ၏ ဧကရာဇ်အနေဖြင့် မဟာရှထံမှ ဤမျှလောက်သော ကောင်းမွန်သည့် ရာထူးကို ရရှိရန်အတွက် ကြီးမားလှသည့် အဖိုးအခကို ပေးဆပ်ခဲ့ရမည်မှာ သေချာသည်။

အရင် ဧကရာဇ်နှစ်ပါးကိုပဲ ကြည့်လိုက်ပါ။ တစ်ဦးက ငွေတေး ၅ သန်း၊ အခြားတစ်ဦးက ၆ သန်း ပေးခဲ့သောကြောင့် ထိုမျှသော အဆင့်အတန်းနှင့် ရာထူးတွေကို ရခဲ့ခြင်းဖြစ်သည်။

အန်းနိုင်ငံ၏ ဧကရာဇ် ပေးအပ်လိုက်သည့်အရာတွေသည် လူသိရှင်ကြား မဖြစ်ခဲ့သော်လည်း အတော်လေး များပြားလှမည်ဟု ခန့်မှန်းလို့ရသည်။

စစ်သူကြီး ကျောက်သည့ ဒေါသလည်း ထွက်သလို နောင်တလည်း ရနေမိသည်။

သူသည် နောက်ထပ် ဧကရာဇ်တစ်ပါးကို လက်လွတ်ခံလိုက်ရပြန်ပြီ ဖြစ်ကာ၊ ကြီးမားသော အရှုံးနှင့် ရင်ဆိုင်လိုက်ရပြီး အကျိုးအမြတ်အားလုံးကို မဟာရှ၏ လက်ထဲသို့ ကျရောက်စေခဲ့သည်။

ဒေါသကြောင့် အခန်းထဲတွင် မြင်သမျှ အရာအားလုံးကို ရိုက်ခွဲကာ သူ၏ ဒေါသကို ဖြေလျော့လိုက်သည်။

ထိုအချိန်တွင် အခြားစစ်သားတစ်ဦး ဝင်လာပြီး သတင်းပို့ပြန်ခဲ့သည်။

"အခုရော ဘာဖြစ်ပြန်တာလဲ" စစ်သူကြီး ကျောက်က ဒေါသတကြီး အော်လိုက်သည်။

"စစ်သူကြီးကို အစီရင်ခံပါသည်..."

စစ်သားက ကြောက်လန့်တကြား တုန်ယင်စွာဖြင့် "ဖန်နိုင်ငံက သံတမန်တစ်ဦးက စစ်သူကြီးနဲ့ တွေ့ဆုံဖို့ လာရောက်ခဲ့ပြီး အပြင်မှာ စောင့်ဆိုင်းနေပါတယ်"

စစ်သူကြီး ကျောက်၏ စိတ်ထဲ လှုပ်ရှားသွားခဲ့သည်။ ဤလို အချိန်မျိုးတွင် ဖန်နိုင်ငံက လူလွှတ်ရသည့် ရည်ရွယ်ချက်ကား အဘယ်နည်း။

"ကောင်းပြီ၊ ခဏစောင့်ခိုင်းထားလိုက်။ လက်ဖက်ရည်တစ်ခွက် သောက်ချိန်လောက်ကြာရင် ငါ လာတွေ့မယ်!" ဟု စစ်သူကြီးက ပြောသည်။

"ဟုတ်ကဲ့ပါ၊ စစ်သူကြီး"

လက်ဖက်ရည်တစ်ခွက် သောက်ချိန်ခန့် ကြာပြီးနောက်တွင် စစ်သူကြီး ကျောက်သည် မိမိ၏ ဒေါသတွေကို ထိန်းချုပ်နိုင်လိုက်ပြီး မျက်နှာထား တင်းမာစွာဖြင့် ထွက်လာခဲ့သည်။

စစ်သူကြီး ကျောက်ကို မြင်သည်နှင့် ဖန်နိုင်ငံမှ သံတမန်က ချက်ချင်းပင် ပြုံးလိုက်ကာ- "ဂုဏ်ယူပါတယ် စစ်သူကြီး ကျောက်၊ နယ်မြေကို ထပ်မံ ချဲ့ထွင်နိုင်ခဲ့ပြီး နိုင်ငံတော်အတွက် ထာဝရအမွေအနှစ်ကို ထူထောင်နိုင်ခဲ့ပါပြီ"

"ကျေးဇူးတင်ပါတယ်။ ဒီတစ်ခါ လာရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ" စစ်သူကြီး ကျောက်က တိုက်ရိုက်ပင် မေးလိုက်သည်။

"တကယ်တော့ အရေးကြီးတာ ဘာမှမရှိပါဘူး။ အဓိကကတော့ အရှင်မင်းကြီးရဲ့ ဂုဏ်ပြုလွှာကို လာပို့တာပါ"

ဖန်နိုင်ငံမှ သံတမန်က မြေပေါ်ရှိ သေတ္တာကြီးတစ်လုံးကို လက်ညှိုးထိုး ညွှန်ပြလိုက်ပြီး ပြုံးကာ ပြောလိုက်သည်- "ဒါကတော့ အရှင်မင်းကြီးရဲ့ ဂုဏ်ပြုလက်ဆောင်ပါ။ လက်ခံပေးပါ"

စစ်သူကြီး ကျောက်က သေတ္တာကို ဖွင့်လိုက်တဲ့အခါ အတွင်းမှ ရွှေရောင်တွေ တောက်ပနေမှုကြောင့် မျက်လုံးတွေတောင် ကျိန်းစပ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အတွင်း၌ ရွှေများသာ ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။ ရွှေတွေကက ငွေအစအန အနည်းငယ်မျှတောင် မရောနေဘဲ တောက်ပနေသည်။ အနည်းဆုံး ခန့်မှန်းခြေအားဖြင့် ရွှေတေး တစ်သောင်း ခန့် ရှိမည်။

" ဒါ ဘာသဘောလဲ သင်တို့က ကျွန်ုပ်ကို ငွေနဲ့ လာဘ်ထိုးတာလား" စစ်သူကြီး ကျောက်က မျက်နှာထား တင်းမာစွာဖြင့် ပြောလိုက်သည်။

ဖန်နိုင်ငံမှ သံတမန်က အလျင်အမြန်ပဲ ရှင်းပြလိုက်သည်- "စစ်သူကြီး ကျောက်၊ အထင်လွဲတော်မမူပါနဲ့။ တကယ်ကို တခြား ရည်ရွယ်ချက် မရှိပါဘူး။ ရိုးရိုးလေး ဂုဏ်ပြုချင်ရုံ သက်သက်ပါ၊ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ နိုင်ငံနှစ်ခုရဲ့ ထာဝရတည်ရှိမယ့် မိတ်ဆွေဆက်ဆံရေးကို ဂုဏ်ပြုတာပါ"

"ကောင်းပြီ! ဒါဆို ဒီရွှေတွေကို..."

စစ်သူကြီး ကျောက်က သေတ္တာကို ပိတ်လိုက်ကာ- "ဒီက စစ်သူကြီး လက်ခံလိုက်မယ်၊ မင်းတို့ ဧကရာဇ်မင်းကို ငါ့ရဲ့ နှုတ်ခွန်းဆက်သလွှာကို ပို့ပေးလိုက်ပါ။ ဒီက စစ်သူကြီးက ဒီလက်ဆောင်ကို တော်တော် သဘောကျတယ်လို့ ပြောလိုက်ပါ"

"စစ်သူကြီး ကျောက်၊ စိတ်ချပါ။ အရှင်မင်းကြီးကို ကျွန်တော် မလွဲမသွေ သတင်းပါးလိုက်ပါ့မယ်" ဟု ဖန်နိုင်ငံမှ သံတမန်က အာမခံလိုက်သည်။

ထို့နောက် နှစ်ဦးသား ခဏတာ စကားစမြည် ပြောဆိုကာ လက်ဖက်ရည်တစ်ခွက် သောက်လို့ပြီးမှ ဖန်နိုင်ငံမှ သံတမန်က ထွက်ခွာသွားခဲ့သည်။

စစ်သူကြီး ကျောက်က သေတ္တာကို နောက်တစ်ကြိမ် ဖွင့်လိုက်ပြီး တောက်ပနေသည့် ရွှေများကို စိုက်ကြည့်နေရင်း မျက်လုံးများ တဖြည်းဖြည်းနဲ့ အရောင်တောက်လာကာ- "ရွှေတေး တစ်သောင်းကို ဒီအတိုင်း ပေးနိုင်တယ်ဆိုတော့...၊ ဖန်နိုင်ငံက တော်တော်ကို ချမ်းသာပုံရတယ်"

နှစ်ရက်ကြာသော် ဖန်နိုင်ငံ သံတမန်သည် ဖန်နိုင်ငံသို့ အလျင်အမြန် ပြန်ရောက်လာခဲ့သည်။

ဖန်နိုင်ငံ၏ ဧကရာဇ်မင်းက စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်- "ဘယ်လိုလဲ၊ စစ်သူကြီး ကျောက်က ဘာပြောလိုက်လဲ"

"အရှင်မင်းကြီးအား အစီရင်ခံပါသည်၊ စစ်သူကြီး ကျောက်ဟာ အရမ်းကို နွေးထွေးပြီး ဖော်ရွေလှပါတယ်။ ရွှေတွေကို လက်ခံရုံသာမကဘဲ ဒီက ကျွန်တော်မျိုးကို အရှင်မင်းကြီးထံ နှုတ်ခွန်းဆက်သလွှာ ပို့ပေးလိုက်ပြီး လက်ဆောင်ကို အလွန်ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်" ဟု ဖန်နိုင်ငံ၏ သံတမန်က အသံကျယ်လောင်စွာဖြင့် အစီရင်ခံလိုက်သည်။

"ဒါ ကောင်းတယ်" ဖန်နိုင်ငံ၏ ဧကရာဇ်က ဝမ်းသာအားရဖြင့် ရယ်မောလိုက်သည်။

"သူများပေးကမ်းတာကို လက်ခံရင် အလျော့ပေးရမယ်၊ သူများကျွေးမွေးတာကို စားရင် မျက်နှာချိုသွေးရမယ်” ဆိုတဲ့ စကားလိုပဲ။ စစ်သူကြီး ကျောက်က ငါ့လက်ဆောင်ကို လက်ခံပြီးမှ ငါတို့ကို တိုက်ခိုက်ဖို့ သတ္တိရှိပါ့မလား၊

ဖြောင့်မတ်ပြီး သမာဓိရှိသူတွေကတော့ ဒီလိုအလုပ်မျိုး လုံးဝလုပ်မှာ မဟုတ်ဘူး”

“မှူးမတ်၊ မင်း လုပ်ဆောင်တာ အရမ်းကောင်းတယ်။ မောင်မင်းကို ဆုလာဘ် ကောင်းကောင်း ပေးရမယ်"

ဖန်နိုင်ငံမှ သံတမန်သည် ဝမ်းသာအားရ ဖြစ်သွားပြီး- "ကျေးဇူးတင်လှပါတယ် အရှင်မင်းကြီး"

ထိုအချိန်တွင် စစ်သားတစ်ဦး အလောတကြီးဖြင့် ပြေးဝင်လာခဲ့သည်။

"အရေးကြီးသတင်း၊ အရေးကြီးသတင်းပါ"

ဖန်နိုင်ငံ၏ ဧကရာဇ်သည် ပြုံးနေရာမှ ရပ်တန့်ကာ မျက်နှာမသာမယာ ဖြစ်သွားပြီးတော့- "ဘာကိစ္စ ဒီလောက် လန့်စရာကောင်းနေတာလဲ" ဟု မေးလိုက်သည်။

စစ်သားက ဒူးထောက်လိုက်ကာ စိုးရိမ်တကြီးဖြင့် အသံကျယ်ဖြင့်- "အရှင်မင်းကြီးအား အစီရင်ခံပါသည်၊ မဟာယွဲ့နိုင်ငံရဲ့ စစ်သူကြီး ကျောက်က စစ်သည် ၄ သိန်းကို ဦးဆောင်ကာ အန်းနိုင်ငံဘက်ခြမ်းကနေ ကျွန်တော်မျိုးတို့ နယ်စပ်ကို ချိုးဖောက်ကာ ဝင်ရောက်လာပါပြီ။ ရှေ့တန်းစစ်မျက်နှာက အခြေအနေက စိုးရိမ်နေရပါပြီ"

ဖန်နိုင်ငံ၏ ဧကရာဇ်သည် ထိတ်လန့်တကြားဖြင့် ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး- "ဘာ မဟာယွဲ့စစ်တပ်က တိုက်ခိုက်နေတာလား"

"ဟုတ်ပါတယ်၊ အရှင်မင်းကြီး" စစ်သားက ခေါင်းငြိမ့်ပြလိုက်သည်။

"ဒီသတင်း အမှန်ပဲလား" ဖန်နိုင်ငံ၏ ဧကရာဇ်က ထပ်မံ မေးလိုက်သည်။

"အရှင်မင်းကြီး၊ ဒီသတင်းက အမှန်ပါပဲ။ မဟုတ်ခဲ့ရင် စစ်ဥပဒေနဲ့ အပြစ်ပေးတာ ခံယူဖို့ ကျွန်တော်မျိုး ဆန္ဒရှိပါတယ်"

ဖန်နိုင်ငံ၏ ဧကရာဇ်သည် ရုတ်တရက် ရောက်လာသည့် သတင်းကြောင့် တုန်လှုပ်ချောက်ချားသွားခဲ့သည်။

ကောင်းကင်ထိ ထိုးထွက်တော့မတတ် အမျက်ဒေါသများ ပေါက်ကွဲလာပြီး အော်လိုက်သည်- " ခွေးသတောင်းစား၊ အဲဒီ ကျောက်ဆိုတဲ့ကောင်က အသုံးမကျတဲ့သူပဲ၊ ငါ့ပိုက်ဆံကို လက်ခံပြီးမှ တိုက်ခိုက်ရဲသေးတယ်။ ရှက်စရာကောင်းလိုက်တာ၊ ဂုဏ်သိက္ခာမရှိလိုက်တာ၊ တိရစ္ဆာန်တွေထက်တောင်မှ ဆိုးရွားလိုက်တဲ့ကောင်"

"အရှင်မင်းကြီး၊ အခု ဘာလုပ်ကြမလဲ" ဖန်နိုင်ငံမှ သံတမန်သည်လည်း ထိတ်လန့်တကြား ဖြစ်နေသည်။

ဖန်နိုင်ငံ၏ ဧကရာဇ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်- "ဘာလုပ်စရာ ရှိသေးလို့လဲ၊ ချက်ချင်း စစ်သူကြီး မော့ကို ရှေ့တန်းစစ်မျက်နှာကို စစ်သည်တွေကို ဦးဆောင်ပြီး အကူအညီပေးဖို့ စေလွှတ်လိုက်။ ငါတို့ရဲ့ မြေကို ကာကွယ်ရမယ်၊ သူတို့ကို ချိုးဖောက်ဝင်ရောက်ခွင့် မပြုရဘူး"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"

ဖန်နိုင်ငံ၏ စစ်တပ်များလည်း လှုပ်ရှားလာခဲ့သည်။ နိုင်ငံနှစ်ခုကြား စစ်ပွဲသည် ရုတ်တရက် ပေါက်ကွဲလာခဲ့လေသည်။

ထိုအချိန်တွင် လင်းပိုင်ဖန်ကတော့ အသစ် တည်ဆောက်ထားသော အထည်အလိပ် အလုပ်ရုံကို သွားရောက် ကြည့်ရှုစစ်ဆေးနေလေသည်။

အထည်အလိပ်အလုပ်ရုံထဲတွင် အမျိုးသမီး အများစုဖြင့် ပြည့်နှက်နေပြီး အလုပ်များစွာဖြင့် ရှုပ်ယှက်ခတ်ကာ၊ သွားလာ လှုပ်ရှားနေကြသည်။ လူများပြားလှသော်လည်း လူတိုင်းက ကိုယ့်အလုပ်ကိုယ် လုပ်ကာ စနစ်တကျ ရှိနေကြသည်။ လင်းပိုင်ဖန်သည် အလွန် ကျေနပ်သွားပြီး "အမတ် ဟီ၊ မောင်မင်း ကောင်းကောင်း လုပ်ဆောင်ခဲ့တာပဲ။ ငါတို့ ပြန်ရောက်ရင် မောင်မင်းကို ဆုကောင်းကောင်း ပေးရမယ်"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ဟီရှန်းက ဦးညွတ်ကာ ကျေးဇူးတင်ရှိကြောင်း ပြောလိုက်သည်။

ထိုအချိန်တွင် သူတို့သည် အမှတ်မထင် အခန်းတွေစီသို့ ရောက်ရှိလာခဲ့သည်။

လင်းပိုင်ဖန်က "ဒီနေရာက ဘာနေရာလဲ" ဟု မေးမြန်းလိုက်သည်။

"အရှင်မင်းကြီး၊ ဒါကတော့ အဝတ်အထည်တွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တွေပါ" ဟီရှန်းက ရှင်းပြလိုက်သည်။

လင်းပိုင်ဖန် ဝင်ကြည့်လိုက်တော့ စင်များပေါ်တွင် အထည်အလိပ်များဖြင့် ပြည့်နှက်နေပြီး အခန်းအားလုံးလိုလို ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ အံ့အားသင့်စွာဖြင့် "ဒီလောက်တောင် များနေပြီလား" ဟု မေးလိုက်သည်။

"ဟုတ်ပါတယ် အရှင်မင်းကြီး"

ဟီရှန်းက ကူရာမဲ့စွာဖြင့် ပြုံးကာ ပြောလိုက်သည်- "ကျွန်တော်မျိုးတို့ရဲ့ အထည်အလိပ် အလုပ်ရုံထဲကို ဝင်ရောက်လာတဲ့ အမျိုးသမီး အလုပ်သမား အရေအတွက်ဟာ တစ်သန်း လောက်ထိကို ရောက်ရှိနေပါပြီ။ သူတို့ တစ်နေ့တာ ထုတ်လုပ်တဲ့ အထည်အလိပ် ပမာဏကလည်း များပြားလာတာက ပုံမှန်ပါပဲ။ ဒါ့အပြင် အရှင်မင်းကြီးက အလုပ်ကို ကြိုးစားပြီး လုပ်ရင် ဆုချမယ်လို့ ကတိပေးထားတော့ လူတိုင်းဟာ အစွမ်းကုန် ကြိုးစားနေကြပါတယ်။ ဒါကြောင့် အဝတ်အထည် ပမာဏက ဆက်တိုက် တိုးလာနေပြီး သိုလှောင်ဖို့တောင် နေရာမလောက်တော့ပါဘူး"

"နေရာ မလောက်တော့ဘူးဆိုရင် အချို့ကို ထုတ်ရောင်းလိုက်ကြတာပေါ့"

"အရှင်မင်းကြီး၊ ဆိုလိုတာက..."

လင်းပိုင်ဖန်က ပြုံးကာ ပြောလိုက်သည်- "ဒီအထည်အလိပ်တွေကို စျေးပေါပေါနဲ့ ရောင်းချပြီး ရန်ပုံငွေ တချို့ စုဆောင်းကြတာပေါ့"

ဟီရှန်းခင်ဗျာ တုန်လှုပ်သွားပြီး- "အရှင်မင်းကြီး၊ ဒီလို မလုပ်သင့်ပါဘူး၊ ကျွန်တော်မျိုးတို့က လုပ်ခလစာတွေ အမြင့်ကြီး ပေးထားရတာပါ။ ကုန်ကျစရိတ်တွေက ရှင်းရှင်းလင်းလင်းကို ရှိပါတယ်။ စျေးနှုန်း နည်းနည်းနဲ့ ရောင်းရင် အရှုံးပေါ်မှာ သေချာပါတယ်"

လင်းပိုင်ဖန်က ဆက်လက်ပြီး ပြုံးကာ ပြောလိုက်သည်- "ပိုက်ဆံ နည်းနည်းလောက် ရှုံးတော့ရော ဘာဖြစ်လဲ၊ ဒါကို သာမန်ပြည်သူတွေအတွက် အကျိုးခံစားခွင့်တစ်ခုလို့ သတ်မှတ်လိုက်ပါ။ ဒါ့အပြင် ဆောင်းရာသီလည်း ရောက်တော့မယ်ဆိုတော့ ပြည်သူတွေအနေနဲ့ အဝတ်အစားနဲ့ စောင်တွေ အရမ်း လိုအပ်နေကြပြီ။ သူတို့ကို ရောင်းပေးတာ ဘာများ မှားနေလို့လဲ၊ ငါကိုယ်တော်မှာ ပိုက်ဆံက အများကြီး ရှိနေတာပဲ။ ဒီလောက်ကို မထောက်ပံ့ပေးနိုင်စရာ အကြောင်း ရှိလို့လား"

ဟီရှန်းခင်ဗျာ ပြောစရာ စကားတောင်မှ ပျောက်ဆုံးသွားခဲ့သည်။ ဟုတ်ပါတယ်၊ အရှင်မင်းကြီးမှာ ပိုက်ဆံ ရှိတာက မှန်ပေမယ့် ဒီလိုမျိုး ဖြုန်းတီးပစ်စရာတော့ အကြောင်းမရှိဘူးလေ။ ဘယ်နိုင်ငံက ဧကရာဇ်က ဒီလိုမျိုး စီးပွားရေးလုပ်လို့လဲ။

အမ်.. အရှင်မင်းကြီးဆိုရင်တော့ လုပ်နိုင်တာပေါ့။

လင်းပိုင်ဖန်က လက်ကာပြလိုက်ကာ- "အမတ်ကြီး၊ ထပ်ပြီး နားချဖို့ မလိုတော့ဘူး။ ငါကိုယ်တော် ညွှန်ကြားတဲ့ အတိုင်းသာ လုပ်လိုက်ပါ"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး" ဟီရှန်းမှာတော့ ပြုံး၍ အမိန့်ကို လက်ခံရုံသာ တတ်နိုင်ခဲ့သည်။

All Chapters