← Chapters

အခန်း (၁၁၇)

Vol. 9 Ch. 117

အခန်း (၁၁၇)

Vol. 9 Ch. 117

ထို့ကြောင့် သတင်းကို ကြေညာလိုက်သည်မှာ - “အထည်များကို ဈေးပေါပေါဖြင့် ရောင်းချရန် အရှင်မင်းကြီးက ဆုံးဖြတ်လိုက်ပြီ” ဟူ၍ပင် ဖြစ်သည်။

‘ဘာ၊ အရှင်မင်းကြီးက အထည်တွေ ရောင်းတော့မှာလား’

‘ပြီးတော့ ဈေးပေါပေါနဲ့တောင် ရောင်းအုံးမယ် ဟုတ်လား’

‘အရှင်မင်းကြီးက အမျိုးသမီး အလုပ်သမားတွေကို အထည်ရက်ဖို့ ခေါ်ပြီး၊ အခုတော့ အထည်တွေကို ဈေးပေါပေါနဲ့ ရောင်းနေတယ်။ ဘာအကျိုးအမြတ်မှလည်း မရှိဘူး၊ ဒါဆို ဒီလုပ်ရပ်တွေအားလုံးက ဘာအဓိပ္ပာယ်ရှိလို့လဲ။

‘သူ့ဘာသာသူ ဘာပဲလုပ်လုပ်ပေါ့ကွာ၊ ငါတို့အတွက် အဆင်ပြေရင် ပြီးတာပဲ’

‘ဟုတ်တယ်၊ ငါ့မိသားစုမှာလည်း အဝတ်အစားတွေ လိုနေတာ။ အထည်လိပ် နည်းနည်းလောက် အရင်သွားဝယ်ထားရမယ်’

ပထမဆုံး လှုပ်ရှားခဲ့တဲ့ သူတွေကတော့ အထည်စက်ရုံမှ အမျိုးသမီး အလုပ်သမားများပင် ဖြစ်ကြသည်။

လင်းပိုင်ဖန်က လုပ်ခလစာတွေကို အတော်လေး များများစားစား ပေးထားသောကြောင့် ထိုအမျိုးသမီးတွေသည် အထူးပင် လုံ့လဝီရိယရှိစွာဖြင့် ကြိုးစားလုပ်ကိုင်ခဲ့ကြသည်။ ထို့ကြောင့် အထည်အလိပ်များ၏ အရည်အသွေးသည် စျေးကွက်ထဲတွင် လည်ပတ်နေသော အထည်များထက်ပင် ပိုမိုမြင့်မားကြောင်း အာမခံနိုင်ခဲ့သည်။

ယခုအခါ ဈေးနှုန်းများကို သက်သာစွာဖြင့် ဝယ်ယူရရှိနိုင်သည့်အတွက် ကြီးမားလှတဲ့ အထူးလျှော့စျေးကြီး တစ်ခုကို ကံအားလျော်စွာ တွေ့ကြုံလိုက်ရသလို ခံစားခဲ့ကြရသည်။

ထို့ကြောင့်၊ အလုပ်ဆင်းချိန် မတိုင်မီကပင်၊ ၎င်းတို့သည် ဂိုဒေါင်သို့ အလုံးအရင်းလိုက် ရောက်ရှိလာကြသည်။

"ကျွန်မကို အထည်နှစ်လိပ် အရင်ပေး"

"ကျွန်မ သုံးလိပ် ယူမယ်"

"ကျွန်မ ဆယ်လိပ် လိုချင်တယ်"

"အဲဒီလောက် အများကြီးက လိုအပ်လို့လား။ အကုန်လုံးကို သုံးနိုင်မှာမို့လို့လား"

“ဒီလို ကောင်းတဲ့အခွင့်အရေးမျိုး နောက်ထပ်ရဖို့ မသေချာဘူးလေ။ ဒါ့ကြောင့် အခုဝယ်ပြီး သိုလှောင်ထားတာ ပိုကောင်းတယ်”

"အဲဒါတော့ မှန်တယ်"

ထို့ကြောင့် လူတိုင်းသည် ပို၍ပင် ရူးသွပ်စွာ ဝယ်ခဲ့ကြသည်။

အထည်များကို စတင်ရောင်းချခြင်းမပြုရသေးခင်မှာပင်၊ ရှိသမျှ အထည်အားလုံး စက်ရုံတွင်းမှာတင် ကုန်သွားခဲ့သည်။

အခြားသူများစွာတို့ကလည်း အထည်အသစ်တွေကို စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေကြသည်။

သို့သော် နိုင်ငံရဲ့ ပြင်ပက လူတွေကမူ လင်းပိုင်ဖန်ကို လှောင်ပြောင်ဝေဖန်မှုများ စတင်ပြုလုပ်လာခဲ့ကြသည်။

‘ဒီ မိုက်မဲတဲ့ ဧကရာဇ်က သူ့စိတ်ကို ထိန်းမနိုင်တော့ဘူး ထင်တယ်’

‘အမျိုးသမီး အလုပ်သမားတွေကို သန်းနဲ့ချီ စုစည်းပြီး အထည်တွေ ထုတ်လုပ်ခိုင်းတယ်၊ ပြီးတော့ လုပ်အားခတွေ အများကြီးပေးပြီးမှ ထုတ်ကုန်တွေကို ဈေးပေါပေါနဲ့ ပြန်ရောင်းတယ်။ ဒီလို ကြိုးစားပမ်းစား လုပ်ပြီးတော့ အမြတ်တစ်ပြားမှလည်း မရခဲ့ဘူး’

‘အမြတ်မရတာထက်ကို ပိုဆိုးတယ်။ ဒါက တကယ့်ကို ရှုံးခံပြီးလုပ်နေတာပဲ။ လုပ်ခများရင် ကုန်ကျစရိတ်လည်း များလာမယ်၊ ဒါပေမယ့် ဈေးနှုန်းကတော့ အဲဒီအတိုင်းပဲ တက်မလာဘူး။ အထည်တစ်ထည် ရောင်းလိုက်တိုင်း သူက ပိုက်ဆံတွေဆုံးရှုံးနေတာ။ ဒီလိုအလုပ်မျိုးကို အရူးမှသာ လုပ်လိမ့်မယ်’

‘တကယ် ရူးနေတာပဲ။ မဟုတ်ရင် သူ့ကို ဘာလို့ အရူး ဧကရာဇ်လို့ ခေါ်ကြမှာလဲ’

လင်းပိုင်ဖန်ကတော့ အပြင်လောကမှ လှောင်ပြောင်မှုများကို မထီမဲ့မြင် ပြုလိုက်သည်။

" မင်းတို့လို အမြင်ကျဉ်းတဲ့သူတွေ အတွက်တော့ ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး၊ ငါကိုယ်တော်ကလည်း ရှင်းပြဖို့အတွက် စိတ်မဝင်စားဘူး"

ထိုအချိန်တွင် ယန်စန်းသည် လူငယ်နှစ်ဦးကို ခေါ်၍ ရောက်ရှိလာသည်။

ထိုသုံးဦးစလုံးက တစ်ပြိုင်နက်တည်း - "အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"

"ထပါ"

လင်းပိုင်ဖန်က ပြုံးလိုက်ကာ ထိုလူစိမ်းနှစ်ဦးကို လက်ညှိုးထိုးကာ ဆိုလိုက်သည် - "အမတ်ယန်၊ သူတို့က ဘယ်သူတွေများလဲ"

ယန်စန်းသည် စိုးရိမ်တကြီးဖြင့် လျှောက်တင်လိုက်သည် - "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးခြင်းကို ခံယူရပြီး အရေးကြီးတဲ့ တာဝန်တွေကို အပ်နှင်းခြင်းခံရတဲ့အတွက်၊ ကျွန်တော်မျိုးဟာ အရှင်မင်းကြီးရဲ့ မျှော်လင့်ချက်တွေကို မပြည့်မီမှာကို စိုးရိမ်ခဲ့ပြီး အလွန်ကို စိတ်ပူပန်ခဲ့ရပါတယ်။ ဒါကြောင့် ဒီရက်ပိုင်းအတွင်းမှာ၊ အရှင်မင်းကြီးရဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေဖို့အတွက် အရည်အချင်း ရှိတဲ့သူတွေကို ရှာဖွေခဲ့ပါတယ်။ စိတ်ရင်းသာမှန်ရင် သံနဲ့ကျောက်ကိုပါ အရည်ပျော်စေနိုင်တယ်ဆိုတဲ့ အတိုင်းပါပဲ၊ နောက်ဆုံးတော့ ကျွန်တော်မျိုးဟာ အရှင်မင်းကြီးကို အကူအညီပေးနိုင်မယ့် အရည်အချင်းရှိသူ နှစ်ဦးကို ရှာတွေ့ခဲ့ပါတယ်"

"သူတို့နှစ်ယောက်လား။ ကဲ… ကိုယ့်ကိုကိုယ် မိတ်ဆက်ကြပါဦး" လင်းပိုင်ဖန်က အလေးအနက်ထား၍ ပြောလိုက်သည်။

လူငယ်နှစ်ဦးအနက် တစ်ဦးက ပထမဆုံး စကား စပြောခဲ့သည် - "ဒီက ကျောင်းတော်သား နာမည်က ချောင်ချောင်ပါ ၊ရှင်မင်းကြီးအား ဖူးမြှော်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်"

လင်းပိုင်ဖန်သည် အံ့အားသင့်သွားခဲ့သည်။ နောက်ထပ် ရင်းနှီးပြီးသား ပုဂ္ဂိုလ်တစ်ဦး ရောက်လာပြန်သည်။

သမိုင်း ခေတ်ကာလတွင် သူသည် စွမ်းဆောင်ရည်ရှိပြီး အရည်အချင်းရှိသော ဝန်ကြီးဖြစ်ပြီး၊ ရှုပ်ထွေးသော ကာလများတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော သူရဲကောင်းတစ်ဦး ဖြစ်သည်။ ကောင်းကင်ရဲ့ သားတော်လို့ နာမည်ခံပြီး အိမ်ရှေ့စံကိုပင် အမိန့်ပေး စေခိုင်းနိုင်လောက်တဲ့ထိ သြဇာအာဏာကြီးမားခဲ့ပြီး၊ ဟန်မင်းဆက်ကိုပင် ဖြုတ်ချနိုင်သူ ဖြစ်သည်။

ထိုအခိုက်တွင် နောက်ထပ် လူငယ်တစ်ဦးက မိတ်ဆက်လိုက်သည် - "ဒီကကျောင်းသားနာမည်က ချင်းဟွေ့ပါ။ အရှင်မင်းကြီးကို ဖူးတွေ့ခွင့်ရလို့ ဂုဏ်ယူလှကြောင်းပါ"

လင်းပိုင်ဖန်ခင်ဗျာ တစ်ဖန် ထပ်မံ၍ တုန်လှုပ်သွားခဲ့ပြန်သည် - " ဒါကလည်း နောက်ထပ် ရင်းနှီးပြီးသား ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်"

ဆုန့်မင်းဆက်၏ အကျင့်ပျက်ဆုံး အရာရှိ၊ နိုင်ငံရေးတွင် လက်နက်ချရေးနှင့် အုပ်ချုပ်ရေးကို အားနည်းလာမှုကို ထောက်ခံသူအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ပြီး၊ နယ်မြေများကို စွန့်လွှတ်ရန်နှင့် လက်အောက်ခံအဖြစ် အခွန်ဆက်သရန် ထောက်ခံအားပေးခဲ့ပြီး၊ နိုင်ငံတော်၏ နယ်မြေအမြောက်အမြား ဆုံးရှုံးစေခြင်း၊ သစ္စာရှိသော အရာရှိများကို နှိပ်စက်ညှင်းပန်းခြင်းတို့ကြောင့် နှစ်ပေါင်း တစ်ထောင်ကျော်ကြာသည်အထိ နာမည်ပျက်ဖြင့် ကျော်ကြားခဲ့သူ ဖြစ်သည်။

လင်းပိုင်ဖန်သည် ယန်စန်းကို ဆွံ့အစွာ ကြည့်လိုက်ပြီး စဉ်းစားလိုက်သည်။ ငါကိုယ်တော်က မောင်မင်းကို အရည်အချင်းရှိတဲ့သူတွေ ခေါ်လာခိုင်းတာလေ၊ မင်းက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သစ္စာဖောက်နှစ်ဦးကို ငါ့ဆီ ပို့လိုက်တယ်ပေါ့…..

‘မောင်မင်း ငါ့အင်ပါယာကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား’

ထိုသုံးဦးစလုံး လင်းပိုင်ဖန်၏ စိုက်ကြည့်နေမှုအောက်တွင် စိတ်မသက်မသာ ဖြစ်လာကြသည်။

ချောင်ချောင်က စိုးရိမ်တကြီး မေးလိုက်သည် - "အရှင်မင်းကြီး၊ တစ်ခုခု မှားယွင်းနေလို့လား"

လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး၊ ဖော်ရွေစွာ ပြုံးကာ - "ဘာမှ မမှားပါဘူး၊ မောင်မင်းတို့နာမည်တွေကို ကြားရုံနဲ့တင် မောင်မင်းတို့ဟာ ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေဆိုတာ ငါကိုယ်တော် သိလိုက်တယ်။ ဒါပေမယ့် ငါကိုယ်တော် မောင်မင်းတို့ကို စမ်းသပ်ချင်သေးတယ်။ မောင်မင်းတို့မှာသာ အရည်အချင်းရှိရင်၊ ငါကိုယ်တော် သေချာပေါက် ကောင်းကောင်း အသုံးချမှာပါ"

ချောင်ချောင်နှင့် ချင်းဟွေ့တို့သည် ဝမ်းသာအားရ ဖြစ်သွားကြသည် - "အရှင်မင်းကြီး၊ ကျေးဇူးပြု၍ မေးခွန်းမေးတော်မူပါ"

"မောင်မင်းနဲ့ စမယ် "

လင်းပိုင်ဖန်သည် ချောင်ချောင်အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိထားသည်။ "အပြင်လောကက အခု ငါကိုယ်တော်ကို အထည်တွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချနေတဲ့အတွက်၊ ရှုံးနေတဲ့ စီးပွားရေးကို လုပ်နေတယ်ဆိုပြီး လှောင်ပြောင်နေကြတယ်။ မောင်မင်း ဒါကို ဘယ်လိုထင်လဲ"

"အရှင်မင်းကြီး၊ သူတို့တွေ အားလုံးဟာ အမြင်ကျဉ်းမြောင်းတဲ့ သူတွေပါ။ အရှင်ရဲ့ ဂရုစိုက်မှုနဲ့ မထိုက်တန်ပါဘူး" ချောင်ချောင်က မထီမဲ့မြင်ပြုသည့် လေသံဖြင့် ဆိုလိုက်သည်။

"ဘာလို့ အဲဒီလို ပြောရတာလဲ" လင်းပိုင်ဖန်က ပြုံးကာ မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ သူတို့အားလုံးဟာ အရှင်မင်းကြီးရဲ့ နက်ရှိုင်းတဲ့ ရည်ရွယ်ချက်တွေကို သတိမထားမိကြလို့ပါ"

ချောင်ချောင်သည် စကားကို လှပပြေပြစ်စွာဖြင့် ဆိုလိုက်သည် - "လူတို့ရဲ့ ဘဝမှာ ကျင်လည်နေတာက အဝတ်အစား၊ အစားအစာ၊ နေစရာ အိမ် နဲ့ သယ်ယူပို့ဆောင်ရေးတို့ပဲ ဖြစ်ပြီး၊ အရေးကြီးဆုံးကတော့ ပထမသုံးခုပါ - အဝတ်အစား၊ အစားအစာ၊ နေစရာ အိမ်တို့ပါပဲ။ ဒီပြဿနာ သုံးခုကို ဖြေရှင်းနိုင်ရင်၊ ပြည်သူလူထုရဲ့ ဘဝအရည်အသွေးကို အာမခံနိုင်ပါပြီ၊ ပြည်သူလူထုရဲ့ ဘဝအရည်အသွေး လုံခြုံသွားတာနဲ့အမျှ၊ နိုင်ငံတော်ရဲ့ အင်အားက သဘာဝအတိုင်း တိုးလာပါလိမ့်မယ်"

"အရင်တုန်းက၊ အရှင်မင်းကြီးဟာ အစားအစာနဲ့ နေစရာအိမ် ပြဿနာတွေကို ဖြေရှင်းပြီးသားပါ။ စားစရာနဲ့ လုပ်အားခတွေ ပေးပြီး၊ သန်းပေါင်းများစွာသော သာမန်ပြည်သူတွေကို သတ္တုတူးဖော်ဖို့၊ မြေရိုင်းတွေ ဖော်ထုတ်ဖို့၊ မြစ်တွေ တူးဖော်ဖို့ ခေါ်ယူခဲ့ပြီး၊ ပြည်သူတွေ စားဖို့ အစားအစာနဲ့ သုံးဖို့ ပိုက်ဆံ ရှိစေခဲ့ပါတယ်"

"နောက်ပိုင်းမှာ၊ အရှင်မင်းကြီးက ဘိလပ်မြေအိမ်တွေ ဆောက်လုပ်ပြီး၊ လျှော့စျေးနဲ့ ရောင်းချပေးခဲ့တာကြောင့် ပြည်သူတွေအတွက် နေစရာ အိမ် ပြဿနာကို ဖြေရှင်းပေးခဲ့ပါတယ်"

"နှစ် တစ်ဝက်တောင် မပြည့်သေးခင်မှာပဲ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် အစားအစာနဲ့ နေစရာ အိမ် ပြဿနာတွေကို ဖြေရှင်းပြီးသွားပြီ၊ ဒါဟာ သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အောင်မြင်မှုပါပဲ၊ အရှင်မင်းကြီးဟာ ရှေးခေတ်က ပညာရှိ ဘုရင်တွေနဲ့ အခု နှိုင်းယှဉ်နိုင်နေပါပြီ"

ချီးကျူးစကားတွေကို တိတ်တဆိတ်ပင် ထည့်သွင်းပြောဆိုလိုက်သည်။

လင်းပိုင်ဖန်သည်လည်း အလွန်ဝမ်းမြောက်စွာဖြင့် ပြုံးကာ - "ကောင်းတယ်၊ ဆက်ပြော"

" အစားအစာ ပြဿနာကို ဖြေရှင်းခဲ့ပြီးပြီ၊ နေစရာ အိမ် ပြဿနာကိုလည်း ဖြေရှင်းခဲ့ပြီးပြီ။ အခု ကျန်နေတာက အဝတ်အစား ပြဿနာပါပဲ"

"ဒါပေမယ့် အဝတ်အစားက ကျွန်တော်မျိုးတို့လိုချင်တိုင်း ထုတ်လုပ်လို့ မရပါဘူး၊ ကန့်သတ်ချက် အမျိုးမျိုးရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့ စွမ်းအားက အကန့်အသတ် ရှိတဲ့အတွက်၊ လူ့အဖွဲ့အစည်း တစ်ရပ်လုံး အတိုင်းအတာနဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ဖို့အတွက် နန်းတော်ရဲ့ အင်အားကို အသုံးပြုဖို့ လိုအပ်နေပါတယ်"

"အကယ်၍ ပစ္စည်းကိရိယာတွေ လိုအပ်ရင် အရှင်မင်းကြီးက ထောက်ပံ့ပေးမယ်၊ ပိုက်ဆံ လိုအပ်ရင် အရှင်မင်းကြီးကပဲ ထောက်ပံ့ပေးမယ်။ ဒီနည်းနဲ့ အရင်းအမြစ်တွေကို ပေါင်းစပ်လိုက်တာနဲ့ လူတိုင်းဟာ စိတ်အေးချမ်းသာစွာနဲ့ အလုပ်လုပ်နိုင်ပြီး ထုတ်လုပ်ရေးမှာ ကြိုးစားပမ်းစားနဲ့ လုပ်လာကြပါလိမ့်မယ်"

"နန်းတော်က အရှုံးပေါ်ကောင်း ပေါ်နိုင်ပေမယ့်၊ သာမန်ပြည်သူတွေအားလုံး ဝတ်ဖို့ အဝတ်အစားတွေ ရရှိသွားကြပါလိမ့်မယ်"

ချောင်ချောင်က လေးစားစွာဖြင့် - "အရှင်မင်းကြီးရဲ့ လုပ်ရပ်တွေက တကယ်ကို အများအကျိုးအတွက် ကိုယ်ကျိုးကို စွန့်လွှတ်ခြင်း၊ ကိုယ်ပိုင်ပိုက်ဆံကို စတေးပြီး သာမန်ပြည်သူတွေရဲ့ ငွေကြေးပြဿနာကို ဖြေရှင်းပေးနေခြင်းပါပဲ။ ရှေးခေတ်က ပညာရှိ အုပ်ချုပ်သူတွေတောင်မှ ဒီလို စွန့်လွှတ်နိုင်ခြင်းမျိုး မလုပ်နိုင်ခဲ့ပါဘူး၊ ကျွန်တော်မျိုး၊ ချောင်ချောင် အရှင်မင်းကြီးကို အလွန်ကို လေးစားမိပါတယ်"

လင်းပိုင်ဖန်သည်လည်း တစ်ဖန် အလွန်ဝမ်းမြောက်စွာဖြင့် ပြုံးလိုက်ကာ - "ပြောတာ အရမ်းကောင်းတယ် ။ မောင်မင်းက တကယ်ကို အရည်အချင်းရှိတဲ့သူ တစ်ယောက်ပဲ၊ ငါကိုယ်တော် မောင်မင်းရဲ့ အရည်အချင်းကို အရမ်းတန်ဖိုးထားတယ်။ လက်ရှိ ဝန်ကြီးဌာန ခြောက်ခုစလုံးမှာ ရာထူးလစ်လပ်မှုတွေ ရှိနေတယ်။ မောင်မင်း ဘယ်မှာ အမှုထမ်းချင်လဲ။ ငါကိုယ်တော် မောင်မင်းအတွက် စီစဉ်ပေးမယ်"

ချောင်ချောင်သည်လည်း အလွန်ဝမ်းသာအားရ ဖြစ်သွားပြီး၊ ဧကရာဇ်ရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီး၊ သူ့ရဲ့ အောင်မြင်တော့မယ့် နေ့ရက်တွေ ရောက်လာပြီလို့ ခံစားလိုက်ရသည်။

သူ့ရဲ့ အသိပညာတွေကို အကောင်းဆုံး အသုံးချနိုင်ဖို့အတွက် ဘယ်ဌာနကို ဝင်ရမလဲဆိုတာကို အလေးအနက် စဉ်းစားခဲ့သည်။

လက်ရှိ ဝန်ကြီးဌာန ခြောက်ခုထဲမှာ၊ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ဝန်ကြီးရာထူးကို ဟီရှန်းက ယူထားပြီးသား ဖြစ်သည်။

အလုပ်သမား ဝန်ကြီးဌာနရဲ့ ဝန်ကြီးရာထူးကတော့ လစ်လပ်နေသေးပေမယ့်၊ ဟီရှန်းကပဲ ဒီရာထူးကို ယာယီ ထမ်းဆောင်နေပြီး အရမ်းကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နေတာကြောင့် စဉ်းစားစရာ မလိုတော့ပေ။

ယဥ်ကျေးမှု ဝန်ကြီးဌာနရဲ့ ဝန်ကြီးရာထူးကိုလည်း ခန့်အပ်ထားခြင်း မရှိသေးပေမယ့်၊ လီလင်းဖူက ဒုတိယဝန်ကြီး ရာထူးကို တက်လှမ်းနေပြီး အလွန်ကောင်းမွန်စွာ လုပ်ဆောင်နေတာကြောင့် သူ့အနေဖြင့် ဝန်ကြီးဖြစ်လာဖို့ အခွင့်အရေးက အများကြီး ရှိနေသည်။ အခုမှ ရောက်လာသူ တစ်ယောက်အနေနဲ့ ချောင်ချောင်ဟာ သူ့နဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပေ။

ပြည်သူ့ဝန်ထမ်း ဝန်ကြီးဌာနရဲ့ ဝန်ကြီးရာထူးကတော့ လစ်ဟာနေပေမယ့်၊ ယန်စန်းက ပြည်သူ့ဝန်ထမ်း ဝန်ကြီးဌာနမှာ ရှိနေတာဖြစ်သည်။

သူ့ကို အကြံပြုပေးတဲ့သူဖြစ်ပြီး ကျေးဇူးလည်း ရှိနေတာကြောင့် သူ့နဲ့ လုံးဝ ယှဉ်ပြိုင်လို့ မရပေ။

ဒါဆို အခု တရားရေး ဝန်ကြီးဌာနနဲ့ စစ်ဘက် ဝန်ကြီးဌာနပဲ ကျန်တော့တာဖြစ်သည်။

နောက်ဆုံးတော့ သူ ရွေးချယ်လိုက်တာက ….

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ဒီကျွန်တော်မျိုးဟာ စစ်ဘက် ဝန်ကြီးဌာနကို သွားချင်ပါတယ်"

လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ကာ- "ကောင်းပြီ၊ မောင်မင်းကို စစ်ဘက် ဝန်ကြီးဌာနရဲ့ ကြီးကြပ်ရေးမှူး အဖြစ်၊ ပဉ္စမတန်း အရာရှိ ရာထူးကို ခန့်အပ်လိုက်တယ်၊ မောင်မင်းသာ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ရင် စစ်ဘက်ငှာနရဲ့ ဝန်ကြီး ရာထူးက မောင်မင်း အပိုင် ဖြစ်လာလိမ့်မယ်"

ချောင်ချောင်သည်လည်း အလွန်ဝမ်းသာအားရ ဖြစ်ကာ - "အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ဒီက ကျွန်တော်မျိုးဟာ အသက်ထက်ဆုံး အားထုတ်ပြီး သေသည်အထိ သစ္စာရှိစွာဖြင့် အမှုတော်ကို ထမ်းဆောင်ပါ့မယ်"

"ကောင်းကောင်း လုပ်ဆောင်ပါ၊ ငါကိုယ်တော် မောင်မင်းကို အများကြီး ယုံကြည်ထားတယ်"

လင်းပိုင်ဖန်သည် နောက်ထပ် လူငယ်တစ်ဦးကို ကြည့်လိုက်ပြီး၊ ဖော်ရွေစွာ ပြုံးကာ - "ချင်းဟွေ့၊ အခု မောင်မင်း အလှည့်ပဲ၊ ငါကိုယ်တော် မောင်မင်းကို မေးမယ်၊ အကယ်၍ ငါကိုယ်တော်က မောင်မင်းကို သစ္စာရှိပြီး၊ ဖြောင့်မတ်တဲ့ အရာရှိတွေကို စွပ်စွဲသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့မယ်ဆိုရင်၊ မောင်မင်း ဘယ်လို စီစဉ်မလဲ"

All Chapters