← Chapters

အခန်း (၁၁၈)

Vol. 9 Ch. 118

အခန်း (၁၁၈)

Vol. 9 Ch. 118

ချင်ဟွေ့ မှာ တုန်လှုပ်သွားခဲ့သည်။ ဤမေးခွန်းမှာ ဖြေဆိုရန် အလွန်ခက်ခဲလှသည်။

အကယ်၍ ဧကရာဇ်မင်းမြတ်က သူ၏ ကိုယ်ကျိုးအတွက် သစ္စာရှိသူတွေနှင့် ဖြောင့်မတ်မှန်ကန်သူတွေကို မဟုတ်မမှန် စွပ်စွဲခိုင်းပါက သူ့အနေဖြင့် မလွဲမသွေ လုပ်ဆောင်မည်သာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ့၏ကံကြမ္မာနှင့် အနာဂတ်ကို ဧကရာဇ်မင်းမြတ်ကသာ ဆုံးဖြတ်နိုင်ခြင်းကြောင့်ပင် ဖြစ်သည်။

အကယ်၍ သူသာ ပို၍မြင့်မားသောနေရာသို့ တက်လှမ်းလိုလျှင်၊ ပို၍ မြင့်မားသော အာဏာနှင့် ဂုဏ်ပုဒ်ကို ရရှိလိုလျှင် ဧကရာဇ်မင်းမြတ်ရဲ့ နှစ်သက်မှုကို ရအောင် လုပ်ဆောင်ပြီး၊ ဧကရာဇ်၏စကားကို နားထောင်ရမည်သာ ဖြစ်သည်။

အခြားသူတွေ သစ္စာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူဂရုမစိုက်နိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် လူတိုင်းက ကိုယ်ကျိုးအတွက်သာ ကြည့်သူများသာ ဖြစ်သည်။

သို့သော် သူသာ သစ္စာရှိသူတွေနှင့် ဖြောင့်မတ်မှန်ကန်သူတွေကို တကယ်တမ်း စွပ်စွဲသတ်ဖြတ်ခဲ့ပါမူ သူသည် မည်သည့်သူ ဖြစ်သွားမည်နည်း။

သစ္စာဖောက်တစ်ယောက် ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် အကြီးကျယ်ဆုံးသော သစ္စာဖောက်မှု ဖြစ်သွားပေလိမ့်မည်။

ဧကရာဇ်မင်းမြတ်က သူ့ကို မည်သို့ရှုမြင်မည်နည်း၊ နန်းတွင်းအရာရှိများနှင့် စစ်အရာရှိများကရော မည်သို့ ရှုမြင်လာမည်နည်း၊ သာမန်လူထုကရော မည်သို့ရှုမြင်နိုင်မည်နည်း။

သို့သော် သစ္စာရှိသူတွေကို ကာကွယ်ရန် ဧကရာဇ်မင်းမြတ်ကို ဆန့်ကျင်ပါကလည်း သူ၏အနာဂတ် အလားအလာကောင်းတွေလည်းပဲ အတူတူပင် ထိခိုက်ပေလိမ့်မည်။

ဤမေးခွန်းသည် သေဒဏ်ပေးလိုက်ခြင်းနှင့် တူနေ၏၊ မည်သို့ပင် ကိုင်တွယ်ဖြေရှင်းပါစေ ဧကရာဇ်မင်းမြတ်ကို အပြည့်အဝ စိတ်ကျေနပ်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

“အရှင်မင်းကြီးခင်ဗျာ ကျွန်တော်မျိုးကို မေးခွန်းမေးခွင့်ပြုပါ။ သစ္စာရှိပြီး ဖြောင့်မတ်မှန်ကန်တဲ့ အရာရှိကို မည်သို့ သတ်မှတ်ပါသနည်း” ဟု ချင်ဟွေ့ က အရိုအသေပေးပြီး မေးမြန်းလိုက်သည်။

လင်းပိုင်ဖန်က “နိုင်ငံတော်ကို သစ္စာရှိပြီး ပြည်သူလူထုရဲ့ အကျိုးကို ရှေ့တန်းထားတဲ့သူတွေကို သစ္စာရှိသူနှင့် ဖြောင့်မတ်မှန်ကန်သူလို့ ခေါ်ဆိုနိုင်သည်” ဟု ပြုံးကာ ပြောသည်။

“နိုင်ငံတော်ကို သစ္စာရှိပြီး ပြည်သူလူထုရဲ့ အကျိုးကို ရှေ့တန်းတင်တဲ့ သူတွေကို သစ္စာရှိသူတွေနှင့် ဖြောင့်မတ်သူလို့ ခေါ်ဆိုနိုင်လျှင် အရှင်မင်းမြတ် မေးသည့် မေးခွန်းက မရှိနိုင်တော့ပါ”

လင်းပိုင်ဖန်က “ဘာဖြစ်လို့ ဒီလို ပြောရတာလဲ” ဟု အံ့ဩစွာ မေးလိုက်သည်။

ချင်ဟွေ့ က အသံကျယ်လောင်စွာဖြင့်- “ဤကမ္ဘာကြီးက အရှင်မင်းမြတ်၏ အပိုင် ဖြစ်ပါသည်။ အရှင်မင်းမြတ်ထက် ဤကမ္ဘာကို ပို၍ဂရုစိုက်တဲ့သူ ရှိနိုင်ပါတော့မလား။ ပြီးတော့ ဒီက လူတွေကလည်း အရှင်မင်းမြတ်၏ လက်အောက်ငယ်သားတွေသာ ဖြစ်ပါသည်။ အရှင်မင်းမြတ်ထက် ပြည်သူကို ပိုပြီး ချစ်ခင်သူ ရှိနိုင်ပါ့မလား”

“ဒါ့ကြောင့်၊ နိုင်ငံတော်အတွက် အသက်ကို ပေးဆပ်ခြင်းနှင့် ပြည်သူလူထုအတွက် ရပ်တည်ခြင်းသည် အမှန်စင်စစ် အရှင်မင်းမြတ်ကို အမှုထမ်းခြင်းပင် ဖြစ်ပါသည်။ နိုင်ငံတော်အပေါ် သစ္စာရှိခြင်းနှင့် ပြည်သူလူထုအပေါ် သစ္စာရှိခြင်းကလည်း အနှစ်သာရအားဖြင့် အရှင်မင်းမြတ်အပေါ် သစ္စာရှိခြင်းသာ ဖြစ်ပါသည်”

“အရှင်မင်းမြတ်အပေါ် သစ္စာရှိပြီး အရှင်မင်းမြတ်၏ သစ္စာရှိ အစေခံဖြစ်တဲ့ အတွက်ကြောင့် အရှင်မင်းမြတ်က သူ့ကို ဘယ်လိုအကြောင်းနဲ့မှ စွပ်စွဲသတ်ဖြတ်မည် မဟုတ်ဘဲ အဲ့ဒီအစား အရည်အချင်းအလိုက် အပြည့်အဝ အသုံးပြုမည်သာ ဖြစ်ပါသည်၊ အရှင်မင်းမြတ်အပေါ် သစ္စာမရှိသူတွေကို သစ္စာရှိသူတွေနှင့် ဖြောင့်မတ်မှန်ကန်သူတွေလို့ ခေါ်ဆိုနိုင်မည် မဟုတ်ဘဲ သစ္စာဖောက်သူတွေနှင့် အကျင့်ပျက် အရာရှိတေွလို့သာ ခေါင်းစဥ်တပ်နိုင်ပါမည် ”

လင်းပိုင်ဖန်က လက်ခုပ်တီးလိုက်ကာ- “ပြောတာ ကောင်းတယ်၊ ငါတို့ရဲ့ မဟာရှမှာ မောင်မင်းလို သစ္စာရှိတဲ့ သူနဲ့ ဖြောင့်မတ်တဲ့ အရာရှိတွေ လိုအပ်တယ်။ ဝန်ကြီးဌာန ခြောက်ခုမှာ နေရာလွတ်တွေ အများကြီး ရှိနေတယ်။ မောင်မင်း နေရာတစ်ခုကို ရွေးချယ်လိုက်ပါ၊ ငါကိုယ်တော် စီစဉ်ပေးမယ်”

ချင်ဟွေ့ မှာ ဝမ်းသာအားရ ဖြစ်သွားပြီး “ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်” ဟု ကျယ်လောင်စွာ ပြောလိုက်သည်။

ထို့နောက် ချင်ဟွေ့က တရားစီရင်ရေးဝန်ကြီးဌာနကို ရွေးချယ်လိုက်သည်။ အကြောင်းရင်းမှာ ချောင်ချောင်း နှင့် ဆင်တူစွာပင် ထို နေရာရထားပြီးသော ပါရမီရှင်တွေကို ရှောင်ရှားရန်ပင်ဖြစ်သည်။

ကွဲပြားသည့် နယ်ပယ်သစ်တစ်ခုတွင်မှသာ အောင်မြင်မှုတွေကို ဖန်တီးနိုင်မည်ဖြစ်သည်။

“ကောင်းပြီ၊ မောင်မင်းကို တရားစီရင်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်ရေးမှူး အဖြစ် ခန့်အပ်လိုက်ပြီ၊ ငါကိုယ်တော် မောင်မင်းအပေါ်လည်း မျှော်လင့်ချက် ကြီးကြီးမားမား ရှိတယ်။ မောင်မင်းသာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ရင် တရားစီရင်ရေးဝန်ကြီး ရာထူးက မောင်မင်းအတွက်ပဲ”

ချင်ဟွေ့ မှာ ပျော်လွန်း၍ “အရှင်မင်းမြတ်၏ ကြီးမားသော မေတ္တာတော်အတွက် ကျေးဇူးတင်ပါသည်။ အရှင်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို ဆပ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားပါ့မည်”

ယန်စန်းမှ အကြံပြုခဲ့သော ထိုပါရမီရှင်နှစ်ဦးကို လင်းပိုင်ဖန် အလွန်ကျေနပ်ခဲ့သည်။

“အမတ် ယန်၊ မောင်မင်း ကောင်းကောင်း လုပ်ဆောင်ခဲ့တာပဲ။ မောင်မင်းကို ငွေတေး တစ်ထောင်နဲ့ ရာထူးတစ်ဆင့် တိုးပေးလိုက်တယ်။ ဒီလို ပါရမီရှင်မျိုးတွေကို ပိုပြီး များများ အကြံပြုပါ၊ များလေ ကောင်းလေပဲ၊ နောက်ထပ် ထပ်ခေါ်လာနိုင်ရင် မောင်မင်းကို အရပ်ဘက်ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ပေးမယ်”

ယန်စန်းမှာ ဝမ်းသာအားရ ဖြစ်သွားပြီး- “ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်”

သူလုပ်ခဲ့သည်မှာ မှန်ကန်တယ်လို့ စိတ်ထဲမှာ တွေးလိုက်မိသည်။

အားတက်သရောဖြင့် အတတ်နိုင်ဆုံး အရပ်ဘက် ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးရာထူး ရရှိရန် ပါရမီရှင်များကို စတင်ရှာဖွေတော့မည်ဟု ဆုံးဖြတ်လိုက်လေ၏။

ထိုသုံးဦးတို့သည် ရည်မှန်းချက် ကိုယ်စီတို့ဖြင့် ထွက်ခွာသွားခဲ့ကြသည်။

ထိုအချိန်တွင် ထုတ်လုပ်ထားသော အထည်အလိပ်များစွာတို့သည် ဆက်တိုက်ဆိုသလို ဝယ်လိုအား မြင့်တက်နေခဲ့သည်။ ထုတ်လုပ်ပြီးသည်နှင့် အသုတ်တိုင်း ရောင်းထွက်ကုန်သည်။

အိမ်တစ်အိမ်စီတွင် အထည်များ ရှိကြပြီး အနည်းဆုံး တစ်လိပ်မှ အချို့ဆိုရင် ဆယ်လိပ်ကျော်အထိပင် ရှိကြသည်။

လက်ထဲတွင် အထည်သာရှိနေပါက ကိုယ်တိုင်အတွက်ပဲ ဖြစ်စေ၊ မိသားစုဝင်တွေအတွက်ဖြစ်စေ အဝတ်အစားများ ချုပ်လုပ်ရန် အချိန်ရောက်ပြီဖြစ်သည်။

ထို့ကြောင့် သာမန်ပြည်သူများစွာတို့သည် အဝတ်အစားအသစ်များကို ဝတ်ဆင်ကာ လမ်းမများပေါ်တွင် လျှောက်သွားနေကြပြီး လုံးဝကို လန်းဆန်း တက်ကြွသော အသွင်အပြင်တို့ဖြင့် ရှိနေကြသည်။

ထိုအချိန်တွင် ရာသီဥတုသည် တဖြည်းဖြည်း အေးစိမ့်လာပြီး ဆောင်းရာသီ နီးကပ်လာပြီဖြစ်ကြောင်း အရိပ်အယောင် ပြနေသည်။

နှင်းများ မကျသေးသော်လည်း မြောက်ဘက်ကနေ လာသော လေက ပြင်းထန်စွာ တိုက်ခတ်နေပြီး အရိုးထဲထိ စိမ့်ဝင်အောင် အေးနေသဖြင့် လူများစွာတို့သည် အပြင်ထွက်ရန် တွန့်ဆုတ်နေကြသည်။

လင်းပိုင်ဖန်သည်လည်း ထိုနည်းတူပင်၊ နန်းတွင်းကိစ္စများ ပြီးစီးပြီးနောက် သူသည် အများအားဖြင့် နန်းတော်ထဲတွင်သာ ခိုအောင်းနေကာ မီးဖိုနားတွင် ထိုင်ကာ၊ စပျစ်ဝိုင်သောက်ရင်း စာအုပ်များစွာတို့ကို ဖတ်နေခဲ့ပြီး၊ အမှန်စင်စစ်ပင် အလွန်ကို သက်သောင့်သက်သာရှိသော ဘဝကို နေထိုင်နေလေသည်။

ထိုအချိန်တွင် သာယာဖွယ်ကောင်းသော အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်- “မိုက်မဲတဲ့ ဧကရာဇ်လေး၊ ရှင် အပျင်းထူနေပြန်ပြီလား”

ခေါင်းကို လှည့်ကြည့်လိုက်သောအခါ လင်းပိုင်ဖန်သည် ပြတင်းပေါက်နားတွင် ထိုင်နေသည့် ယောင်ယောင်ကို တွေ့လိုက်ရသည်။ သူမသည် ရင်းနှီးပြီးဖြစ်သော ပါးလွှာသည့် အနက်ရောင်အဝတ်အစားကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ခြေထောက်များကို လွှဲယမ်းနေကာ အပြုံးတို့ဖြင့် သူ့ကို ကြည့်နေသည်။

လင်းပိုင်ဖန်က “ယောင်ယောင်၊ မင်း ဒီလောက်ထိ အဝတ်အစားကို နည်းနည်းလေး ဝတ်ထားတာ မအေးဘူးလား” ဟု မေးလိုက်သည်။

ယောင်ယောင်က ခေါင်းခါလိုက်ပြီး- “ငါတို့ သိုင်းပညာရှင်တွေမှာ အအေးဒဏ်ကို ကာကွယ်ဖို့ အစစ်အမှန်ချီ ရှိတယ်။ ဒါကြောင့် မအေးဘူး”

“မင်းက မအေးဘူး ပြောနေပေမဲ့ မင်းရဲ့ ဝတ်စားထားတာကို မြင်တော့ ငါ စိုးရိမ်နေမိတယ်။ ဒီကိုလာပြီး နွေးထွေးသွားအောင် ထိုင်ပါဦး”

“ကောင်းပြီ”

ယောင်ယောင်က ပြုံးကာ သဘောတူလိုက်ပြီး ‘ဖျတ်’ ကနဲ လင်းပိုင်ဖန်ဘေးရှိ ထိုင်ခုံပေါ် ရောက်လာခဲ့သည်။ သူမ၏ လက်ကလေးများ၊ ခြေထောက်ကလေးများကို ဆန့်တန်းကာ သူနှင့်အတူ မီးဘေးတွင် အနွေးဓာတ်ကို ယူလိုက်သည်။

“ယောင်ယောင်၊ မင်း နေရာမှားထိုင်နေပြီ” ဟု လင်းပိုင်ဖန် က ပြောလိုက်သည်။

ယောင်ယောင်မှာ ရှုပ်ထွေးသွားပြီး “နေရာမှား ထိုင်နေတာလား။ ဒီနေရာမှာ မထိုင်ရင် ဘယ်မှာ ထိုင်ရမှာလဲ”

လင်းပိုင်ဖန်က လက်များကို ဖြန့်လိုက်ကာ “ငါ့ရင်ခွင်ထဲ လာနေ”

ယောင်ယောင်ကတော့ ဆက်လက် အံ့အားသင့်နေဆဲ ဖြစ်ပြီး “ဘာဖြစ်လို့လဲ”

လင်းပိုင်ဖန်က တည်ငြိမ်စွာဖြင့်-“အပြင်မှာ အရမ်း အေးနေတယ်၊ ဒါပေမဲ့ ငါ့ရဲ့ ရင်ခွင်ကတော့ နွေဦးလို နွေးထွေးတယ်။ ဒါကြောင့် မင်းမှာ ရွေးစရာ မရှိဘူး”

“တော်လိုက်တော့၊ မိုက်မဲတဲ့ ဧကရာဇ်လေး၊ ရှင်က ကျွန်မကို အခွင့်ကောင်းယူချင်နေတာ ရှင်းနေတာကို။ ဒီက ယောင်ယောင်လေးက ရှင့်ကို အာရုံမစိုက်တော့ဘူး” ယောင်ယောင်က နှာခေါင်းလေးကို ရှုံ့လိုက်ပြီး လင်းပိုင်ဖန်၏ ရင်ခွင်ကို အလွန်အမင်း မနှစ်သက်ကြောင်း ပြလိုက်သည်။ သို့သော်လည်း သူမကိုယ်တိုင်ကတော့ လင်းပိုင်ဖန် နှင့် ပို၍နီးကပ်စွာ ထိုင်လိုက်မိသည်။

သူမက- “မိုက်မဲတဲ့ ဧကရာဇ်လေး၊ ကျွန်မ လာတုန်းက တွေ့ခဲ့ရတာက ရှင့်ရဲ့ မဟာရှနိုင်ငံက တဖြည်းဖြည်းနဲ့ ပိုကောင်းလာတာကို သတိထားမိလိုက်တယ်။ အိမ်တွေ အများကြီး ပိုများလာတယ်၊ လူတွေကလည်း အဝတ်အစားအသစ်တွေ ဝတ်ဆင်ပြီး ပြုံးပျော်ရွှင်နေကြတယ်၊ မဟာရှက တိုးတက်တာ အရမ်းမြန်တယ်။ ကျွန်မပြန်လာတိုင်း ကမ္ဘာကြီး တုန်လှုပ်လောက်မဲ့ ပြောင်းလဲမှုတွေက ရှိနေတယ်”

“ဒါပေါ့၊ ဒီနိုင်ငံရဲ့ အုပ်ချုပ်က ဘယ်သူလို့ ထင်လို့လဲ” ဟု လင်းပိုင်ဖန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

“ပြီးတော့ သူတို့က...”

ယောင်ယောင်က မိန်းမစိုးလျှူ နှင့် အရိပ်ထဲတွင် ပုန်းကွယ်နေသည့် ပိုင်ဇူတို့ကို လက်ညှိုးထိုးပြီး အံ့ဩစွာဖြင့် ပြောလိုက်သည်- “သူတို့ရဲ့ ခွန်အားတွေက အရမ်းကို တိုးတက်လာတာပဲ၊ ယောင်ယောင်တောင်မှ သူတို့နဲ့ ယှဉ်နိုင်တော့မှာ မဟုတ်ဘူးလို့ ခံစားရတယ်”

သူမ အမှန်တကယ်ကို အံ့အားသင့်နေခဲ့သည်။ ဤလူတွေသည် အချိန်တိုအတွင်း၌ အဘယ့်ကြောင့် ထိုမျှလောက်ထိ တိုးတက်လာသည်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။

အထူးသဖြင့် အရိပ်ထဲတွင် ပုန်းအောင်းနေသည့် ပိုင်ဇူသည် သူမအတွက်တောင်မှ ကြီးမားလှတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။

“ယောင်ယောင်၊ သူတို့ရဲ့ ခွန်အားတွေ တိုးလာတာက အကြောင်းရင်း ရှိတယ်။ ဘာကြောင့်လဲ သိချင်လား” ဟု လင်းပိုင်ဖန်က မေးလိုက်သည်။

ယောင်ယောင်က စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်- “သိချင်တာပေါ့၊ သိချင်တာပေါ့”

“ဘာလို့လဲဆိုတော့ သူတို့အားလုံး ရတနာတစ်ခု ကို စားသုံးထားလို့ပဲ”

လင်းပိုင်ဖန်က လက်ခုပ်တီးလိုက်ကာ “ မိန်းမစိုးလျှူ၊ ပစ္စည်းကို ယူလာခဲ့ပါ”

“မှန်လှပါ အရှင်မင်းမြတ်” မိန်းမစိုးလျှူက ကျောက်စိမ်းသေတ္တာတစ်ခုကို ယူလာခဲ့သည်။

ဖွင့်လိုက်သောအခါ ယောင်ယောင် တုန်လှုပ်သွားခဲ့ပြီး “ဒါက ဘာလဲ။ မျက်လုံးတစ်လုံးလိုပဲ”

လင်းပိုင်ဖန်က ရယ်မောလိုက်ကာ- “ဒါက ဒဏ္ဍာရီလာ ကိုးမျက်လုံးကျောက်ဖြူကြာပန်းရဲ့ အစေ့ပဲ။ သဘာဝရတနာ တစ်ခုပေါ့။ ဒါကို စားလိုက်ရင် ဒဏ်ရာတွေကို ကုသနိုင်တယ်၊ ဒဏ်ရာမရှိရင် ခွန်အားကို မြှင့်တင်နိုင်တယ်။ အလွန်ရှားပါးတဲ့ ရတနာတစ်ခုပဲ၊ သူတို့ ခွန်အားတွေ ပိုပြီး မြင့်မားလာတာက ဒီကြာစေ့ကို စားသုံးထားလို့ပဲ”

“ဒီလိုကိုး၊ ဒီလို ရတနာမျိုး ကမ္ဘာပေါ်မှာ ရှိလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး” ယောင်ယောင်က အံ့ဩစွာဖြင့် ပြောလိုက်သည်။

အဲ့ဒီအချိန်တွင် လင်းပိုင်ဖန်က ကြာစေ့ကို ယောင်ယောင် ဘက်သို့ တွန်းပို့လိုက်ပြီး “ယောင်ယောင်၊ ဒီကြာစေ့ကို မင်းကို ပေးလိုက်မယ်”

“ငါ့အတွက်လား” ယောင်ယောင်မှာ တစ်ဖန် အံ့သြသွားခဲ့ပြန်သည်။

လင်းပိုင်ဖန်၏ မျက်လုံးများကို စိုက်ကြည့်ပြီး “ရှင်က ဒီလို အဖိုးတန်တဲ့ ကြာစေ့ကို ကျွန်မကို ပေးတော့မှာလား” ဟု မယုံနိုင်စွာဖြင့် မေးလိုက်သည်။

လင်းပိုင်ဖန်က ခေါင်းညှိတ်လိုက်ပြီး- “ယောင်ယောင်၊ မင်း ငါ့ကို ခက်ခဲတဲ့ အချိန်တွေမှာ အများကြီး ကူညီပေးခဲ့တယ်။ မင်းက မျိုးနွယ်စုကြီးတွေရဲ့ ပိတ်ဆို့မှုကို ဖြတ်ကျော်ပြီး ငါတို့ကို အစားအစာနဲ့ တခြား အရေးကြီးတဲ့ ပစ္စည်းအများအပြားကို ထောက်ပံ့ပေးခဲ့တယ်။ ငါတို့ မဟာရှနိုင်ငံ လျင်မြန်စွာ တိုးတက်လာမှုက မင်းအကူအညီတွေလည်း အများကြီး ပါခဲ့တယ်။ ဒါကြောင့် မင်းကို ဘယ်လို ပြန်ဆပ်ရမလဲ စဉ်းစားနေခဲ့တာ။ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတွေ ပေးရင်ကော ကောင်းမလား...”

ယောင်ယောင်၏ မျက်လုံးများက အရောင်တောက်သွားပြီး- “ ကောင်းတာပေါ့”

“ဒါပေမဲ့ အဲဒါတွေက အရမ်း သာမန်ဖြစ်လွန်းတယ်၊ လက်ဆောင်အဖြစ် ပေးဖို့ မထိုက်တန်ဘူး”

ယောင်ယောင်- “….”

“ဒါမှမဟုတ် မင်းရဲ့ လုံခြုံမှုအတွက် နတ်လက်နက်တချို့၊ ဒါမှမဟုတ် လျှို့ဝှက် သိုင်းပညာရပ်တွေ ပေးရင်ကော ကောင်းမလား...”

ယောင်ယောင်၏ မျက်လုံးများက တစ်ဖန် တောက်ပလာခဲ့ပြီး - “အဲဒါလည်း ကောင်းတာပဲ”

“ဒါပေမဲ့ ငါ မပေးချင်ခဲ့ဘူး”

ယောင်ယောင်- “……”

“ကံကောင်းထောက်မစွာနဲ့ ဒီတစ်ကြိမ်မှာ ကိုးမျက်လုံးကျောက်ဖြူကြာပန်းရဲ့ ကြာစေ့တွေကို ငါရခဲ့တယ်။ ဒါကြောင့် အဲဒီအစေ့တွေထဲက တစ်ခုကို မင်းကို ပေးလိုက်တာပဲ။ မင်း ကြိုက်မယ်လို့ မျှော်လင့်ပါတယ်”

ယောင်ယောင်က သေတ္တာထဲရှိ ကြာစေ့ကို ကြည့်ကာ၊ လင်းပိုင်ဖန်ကို တစ်ချက် ကြည့်ပြီး “ ရှင် ဒါကို စွန့်လွှတ်ရဲလို့လား။ ဒီလို ရတနာကို ရှင် တခြား ကျွမ်းကျင်သူတစ်ဦးကို လေ့ကျင့်ပေးဖို့ အသုံးပြုနိုင်တာပဲ”

“မစွန့်လွှတ်နိုင်စရာ ဘာရှိလို့လဲ။ ငါတို့နှစ်ယောက်ကြားမှာ ဒီလို ခွဲခြားခွဲခြား လုပ်ဖို့ လိုအပ်သေးလို့လား” ဟု လင်းပိုင်ဖန်က ရယ်မောကာ ပြောလိုက်သည်။

ယောင်ယောင်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားပြီး စိတ်ထဲ ထိရှမိသွားခဲ့သည်- “ရှင်...”

လင်းပိုင်ဖန်က လက်ကို ဆန့်တန်းကာ ယောင်ယောင်၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပြီး ချစ်ခင်မှု အပြည့်ဖြင့် ပြောလိုက်သည်- “ငါ့ ခန္ဓာကိုယ်ကိုတောင်မှ မင်းကို ပေးနိုင်တယ်”

ယောင်ယောင်- “….”

လင်းပိုင်ဖန်က ခေါင်းငုံ့လိုက်ပြီး နူးညံ့သိမ်မွေ့ပြီး၊ ရှက်ရွံ့နေသော အသံဖြင့် မေးလိုက်သည်– “ယောင်ယောင်၊ မင်း ဘယ်အချိန်မှာ လိုချင်လဲ”

ယောင်ယောင်- “…..”

“အခုဆိုရင်ရော ဘယ်လိုလဲ။ ချစ်ခြင်းမေတ္တာကို ဘယ်အရာကမှ ဟန့်တားလို့ မရနိုင်ဘူး”

ယောင်ယောင်- “…..”

ခဏအကြာတွင်……

လင်းပိုင်ဖန်- “အား….”

“ဟွန့် ဒီလက်ဆောင်ကို ကျွန်မ တကယ် ကြိုက်တဲ့အတွက် ဘာသံသယမှ မရှိဘဲ လက်ခံလိုက်မယ်”

ယောင်ယောင်က ရဲရင့်ပြတ်သားစွာြဖင့် ပြောလိုက်သည်- “ဒီကြာစေ့နဲ့ဆို ကျွန်မရဲ့ ခွန်အားက ကျိန်းသေကို ကြယ်တာယာချီအဆင့်ကို ရောက်ပီးတော့ အဲ့ဒီ မိန်းမကို ဖိနှိပ်ပစ်မယ်”

လင်းပိုင်ဖန်ကလည်း ဝမ်းသာအားရ ခေါင်းညှိတ်လိုက်ကာ- “ဟုတ်တယ်၊ ဟုတ်တယ်... မင်း သူ့ကို ဖိနှိပ်ပြီးရင် ငါ့အိပ်ရာဆီ ခေါ်လာခဲ့၊ ငါ သူ့ကို အောင်နိုင်အောင် ကူညီပေးမယ်”

ယောင်ယောင်က “မိုက်မဲတဲ့ ဧကရာဇ်လေး၊ ကျွန်မ အဲဒီလို လုပ်မယ်လို့ထင်လား။ ရှင့်ကို အလကား ကျွေးမွေးလိုက်သလို ဖြစ်သွားမှာပေါ့၊ တကယ်တော့ ရှင့်ကို လာတွေ့တာအပြင် တခြား အရေးကြီးတဲ့ ကိစ္စတစ်ခုလည်း ပြောပြစရာရှိသေးတယ်”

“ဘာလဲ” ဟု လင်းပိုင်ဖန်က မေးလိုက်သည်။

“မဟာလီ မင်းဆက်ရဲ့ ကိုးရောက်မြောက်မင်းသား၊ လီထျန်းချုံးက ရှင့်ရဲ့ မဟာရှနိုင်ငံကို လာနေပြီ”

လင်းပိုင်ဖန်က- “မင်းဆက်တစ်ခုရဲ့ မင်းသားတစ်ပါးက ငါ့ဆီ ဘာလုပ်ဖို့ လာတာလဲ” ရှုပ်ထွေးစွာ မေးလိုက်သည်။

“သူက ရှင့်ကို ဒုက္ခပေးဖို့ လာတာပေါ့”

ယောင်ယောင်က ပျော်ရွှင်စွာဖြင့်- “အဲ့ဒီ မင်းသားနဲ့ ချိုင်ယွီရှင်းတို့က ဆရာတစ်ဦးတည်းကပဲ။ သူက ချိုင်ယွီရှင်းရဲ့ ဆရာတူမောင် ဖြစ်ပြီး ချိုင်ယွီရှင်းကို အမြဲတမ်း သဘောကျနေခဲ့တာ၊ တနည်းအားဖြင့် ရှင်က သူ့ရဲ့ အချစ်ပြိုင်ဘက်ပဲ”

“ဪ၊ ဒီလိုကိုး။ ရိုးရိုး မင်းဆက်က မင်းသားတစ်ပါး သာသာလေးပါပဲ။ သူ့ကို လာခွင့်ပြုလိုက်ပါ။ ငါက သူ့ကို ကြောက်ရမှာလား” ဟု လင်းပိုင်ဖန်က ပေါ့ပေါ့တန်တန် သဘောထားကာ ပြောလိုက်သည်။

ယောင်ယောင်က ထိတ်လန့်တကြားဖြင့်- “ ရှင် အလျင်စလို မလုပ်သင့်ဘူး၊ ဘာပဲဖြစ်ဖြစ် သူက မင်းဆက်တစ်ခုရဲ့ မင်းသားတစ်ပါးပဲ၊ မြင့်မြတ်တဲ့ ဂုဏ်ပုဒ်ရှိသူပဲ၊ သူ့ကို စော်ကားတာက ရှင့်ကို ဒုက္ခတွေ အများကြီး သယ်ဆောင်လာလိမ့်တယ်၊ အထူးသဖြင့် ရှင်က အခု မဟာနိုင်ငံတစ်ခုရဲ့ ဧကရာဇ်လေး တစ်ပါးပဲလေ”

“စိတ်မပူပါနဲ့၊ ငါ အလျင်စလို လုပ်မှာမဟုတ်ပါဘူး။ သူ့ကို ငါမသတ်ခင်အထိ ငါဘယ်သူလဲ ဆိုတာကို သူ မသိစေရဘူး”

ယောင်ယောင်- “….”

သတိပေးချက်တွေနဲ့ အကြံဉာဏ်များစွာတို့ကို ပေးပြီးတဲ့နောက် ယောင်ယောင်သည် မချင့်မရဲဖြင့် ထွက်ခွာသွားခဲ့သည်။

All Chapters