← Chapters

အခန်း (၁၁၂)

Vol. 9 Ch. 112

အခန်း (၁၁၂)

Vol. 9 Ch. 112

“ဟုတ်တယ်၊ ဒါက အခွင့်အရေးပဲ”

လင်းပိုင်ဖန်က ပြုံးကာ- “အမတ်မင်းတို့၊ သေချာ စဉ်းစားကြည့်လိုက်။ ဟန်ဒွမ် တောင်တန်းကြီးက မဟာယန်နိုင်ငံနဲ့ မျက်နှာမူဘက်မှာ ရှိတယ်။ ငါတို့ရဲ့ တပ်တွေနဲ့ အဲ့ဒါကိုဖြတ်ပြီး မြို့တွေကို သိမ်းပိုက်၊ နယ်မြေကို ချဲ့ထွင်လို့ ရနိုင်တယ်”

အရပ်ဖက်နှင့် စစ်ဖက် အရာရှိတွေအားလုံး အလွန်ကို တုန်လှုပ်သွားကြပြီး ဧကရာဇ်၏ အကြံကို တားမြစ်ရန် စတင်ပြောဆိုလာခဲ့ကြတော့သည်။

“အရှင်မင်းကြီး၊ ဒီလိုလုပ်လို့ မဖြစ်ပါဘူး”

“ကျွန်တော်မျိုးတို့ နိုင်ငံရဲ့ အင်အားအရရော၊ စစ်ရေး အင်အားအရရော၊ မဟာယန်နိုင်ငံက ကျွန်တော်မျိုးတို့ထက် ပိုအားကောင်းနေပါတယ်။ သူတို့ကို အချိန်မတန်သေးဘဲ စတင် ရန်စလိုက်ရင် နိုင်ငံနှစ်ခုကြား စစ်ပွဲတွေဖြစ်လာနိုင်ပါတယ်။ ကျားနှစ်ကောင် ရန်ဖြစ်ရင် တစ်ကောင်ကတော့ အထိနာမှာ ဖြစ်ပြီး၊ အဲဒီတစ်ကောင်က ကျွန်တော်မျိုးတို့ မဟာရှ ဖြစ်ဖို့က အရမ်းကို များနေပါတယ်။ ကျွန်တော်မျိုးတို့ နိုင်ငံကို ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြီးမှ ရန်သွားစသင့်ပါတယ်”

“ဒါ့အပြင် ဟန်ဒွမ်တောင်တန်းကို ဖြတ်ကျော်လိုက်ရင် အတော်အတန် ဝေးကွာတဲ့ အကွာအဝေးကို ရောက်သွားပါလိမ့်မယ်၊ ကျွန်တော်မျိုးတို့ရဲ့ နယ်မြေမှာ တိုက်ခိုက်ရတဲ့ အားသာချက်မရှိတော့ဘဲ အောင်ပွဲခံဖို့ အခွင့်အလမ်းက သိပ်မများနေပါဘူး။ စစ်ရိက္ခာ ထောက်ပံ့ရေး ပြဿနာနဲ့ပါ ပေါင်းလိုက်ရင် ဒီတိုက်ပွဲကို အနိုင်ရဖို့ ကျွန်တော်မျိုးတို့ရဲ့ အခွင့်အရေးက အလွန်ကို နည်းပါးပါတယ်၊ ရေရှည်ခံနိုင်မှာ မဟုတ်ပါဘူး”

“ဒါ့အပြင် မဟာယန်နိုင်ငံကလည်း ကျွန်တော်မျိုးတို့ကို သူတို့ရဲ့ နယ်မြေတွေကို တိုက်ခိုက်သိမ်းပိုက်နေတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘဲ အင်အားကြီးမားတဲ့ တပ်ဖွဲ့ကို သေချာပေါက် စေလွှတ်လာပါလိမ့်မယ်”

“အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ သေသေချာချာ စဉ်းစားပြီးမှ လုပ်ဆောင်သင့်ပါတယ်”

“အမတ်မင်းတို့ကို ငါကိုယ်တော် မေးစရာ တစ်ခုရှိတယ်”

လင်းပိုင်ဖန်က ချောင်းဟန့်လိုက်ကာ- “ဒီလမ်းကြောင်း ရှိနေတာကိုသာ မဟာယန်ကို သိသွားခဲ့ရင် သူတို့က ငါတို့နိုင်ငံကို တိုက်ခိုက်ဖို့ တပ်တွေ စေလွှတ်မယ်လို့ မောင်မင်းတို့ ထင်လား”

“ဒီ…ဒီကိစ္စက…” အရာရှိတွေမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး မျက်နှာပျက်သွားကြသည်။

“မောင်မင်းတို့ ဖြေစရာ မလိုပါဘူး။ သူတို့ သေချာပေါက် လာတိုက်မှာပဲဆိုတာ ငါကိုယ်တော် သိပြီးသား”

လင်းပိုင်ဖန်က လေးနက်စွာနဲ့- “မဟာယန်က ကြီးမားတဲ့ မဟာနိုင်ငံတွေ၊ မင်းဆက်နိုင်ငံတွေနဲ့ပါ ဝန်းရံခံထားရတာကြောင့် အပြင်ဘက်ကို ချဲ့ထွင်ဖို့က အလားအလာ မရှိတော့ဘူး။ ဒါပေမယ့် မဟာယန်ရဲ့ ဧကရာဇ်ကတော့ ရည်မှန်းချက်ကြီးတယ်။ ဒါကြောင့် သူတို့ ဒီလျှို့ဝှက်လမ်းကြောင်းကို သိသွားတာနဲ့ တပ်တွေ စုစည်းပြီး ဟန်ဒွမ်တောင်တန်းကို ဖြတ်ကျော်ပြီး ငါတို့နိုင်ငဲကို တိုက်ခိုက်လာမှာ သေချာတယ်”

“ငါတို့ရဲ့ မဟာရှက သူတို့ မဟာယန်ထက် အားနည်းတဲ့အတွက် သူတို့က ငါတို့နိုင်ငံကို ကျိန်းသေ လာတိုက်လိမ့်မယ်။ ဒါကြောင့် ငါတို့ အသာစီးရအောင် အရင် မတိုက်ခိုက်သင့်ပေဘူးလား။ သူတို့ရဲ့ နယ်မြေကို မသိမ်းပိုက်နိုင်ရင်တောင်မှ အရင်းအမြစ် တချို့ကို သိမ်းယူနိုင်ရင် အကျိုးရှိမှာပဲ မဟုတ်ဘူးလား။ မောင်မင်းတို့ သဘောတူကြလား”

“ဒီ…ဒီကိစ္စက…” အရာရှိတွေဟာ တစ်ယောက်နဲ့တစ်ယောက် မသေချာတဲ့ အကြည့်တွေနဲ့ ထပ်မံ ဖလှယ်ခဲ့ကြပြန်သည်။

သူတို့အနေနဲ့ ပြောရမယ်ဆိုရင် လင်းပိုင်ဖန် ပြောတာက အတော်လေး ဆီလျော်လှသည်။ သူပေးတဲ့ ဆင်ခြေကြောင့် သူတို့ နည်းနည်းတော့ စိတ်ပါလာခဲ့သည်။

“ဗိုလ်ချုပ် လျှူ၊ ဟိုဘက်က လူတွေ ဒီလျှို့ဝှက်လမ်းကြောင်းကို ရှာတွေ့ပြီလား”

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ငလျှင် လှုပ်တုန်းက ကျွန်တော်မျိုး ကင်းလှည့်နေတာပါ။ ဒီအခြေအနေကို တွေ့တာနဲ့ စုံစမ်းဖို့ လူတွေကို ချက်ချင်း စေလွှတ်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီလျှို့ဝှက်လမ်းကြောင်းဟာ မဟာယန်ကို ဦးတည်နေတယ်ဆိုတာကို သိခဲ့ရတာပါ။ ဒီအခြေအနေကို ချက်ချင်း အရှင်မင်းကြီးထံ သံတော်ဦးတင်ခဲ့ပါတယ်၊ အခုအချိန် မဟာယန်က သေချာပေါက် မသိသေးပေမယ့် ရက်အနည်းငယ် ကြာရင်တော့ မသေချာဘူး”

“အမှန်ပဲ”

လင်းပိုင်ဖန်က လက်ခုပ်တီးကာ ရယ်မောလိုက်ပြီး- “သူတို့တွေ မတုံ့ပြန်နိုင်ခင် ငါတို့ ရုတ်တရက်ဆိုသလို တိုက်ခိုက်သင့်တယ်။ အဲဒီလိုမှသာ ငါတို့တွေအတွက် အကျိုးအမြတ်နဲ့ အားသာချက် အများဆုံးကို ရနိုင်မှာ။ ဝမ်ကျင့်ဟိုင်၊ မောင်မင်း အမိန့်တော် ခံယူဖို့ ရှေ့ထွက်ခဲ့”

ဝမ်ကျင့်ဟိုင်သည် မကြာသေးမီက မဟာရှကို လက်နက်ချခဲ့သည့် ချီဖွဲ့တည်ခြင်းအဆင့် တစ်ဦးဖြစ်ပြီး မူလက အန်းနိုင်ငံမှ ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။

“ကျွန်တော်မျိုး ရှိပါတယ်” ဝမ်ကျင့်ဟိုင်က ရှေ့ထွက်ကာ အသံကျယ်လောင်စွာဖြင့် ဖြေလိုက်သည်။

“ငါကိုယ်တော် ဒီနေရာကနေ မောင်မင်းကို တောင်ပိုင်း စစ်ဆင်ရေး ဗိုလ်ချုပ်အဖြစ် ခန့်အပ်ပြီး၊ စစ်သား နှစ်သိန်းကို ဦးဆောင်ပြီး ဟန်ဒွမ်တောင်တန်းကို ဖြတ်ကျော်ကာ မဟာယန်ကို တိုက်ခိုက်စေမယ်။ လျှင်လျှင်မြန်မြန်နဲ့ လမ်းတစ်လျှောက်က မြို့တွေကို သိမ်းပိုက်၊ နယ်မြေတွေကို သိမ်းယူပြီး တန်ဖိုးရှိသမျှကို ငါ့ဆီ ပြန်လည်ယူဆောင်လာခဲ့”

“ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါသည်” ဝမ်ကျင့်ဟိုင်က အလွန်ကို ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

မဟာရှကို အခုမှ ဝင်ရောက်လာပြီး တပ်တွေကို ဦးဆောင်ဖို့ အခုလို ရှားပါးတဲ့ အခွင့်အရေးကို ရလိုက်တဲ့အတွက် သူ့အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြနိုင်မည် ဖြစ်သည်။

နံနက်ခင်း အစည်းအဝေး ပြီးဆုံးပြီးနောက် လင်းပိုင်ဖန်က အရက်ဓားအင်မော်တယ်၊ လက်ဗလာဆရာကြီး၊ ချိုင်ယွီရှင်း နှင့် ပိုင်ဇူ အပါအဝင် ချီဖွဲ့တည်ခြင်းအဆင့်ရှိတဲ့ အဖွဲ့ကို ခေါ်ခဲ့သည်။

လင်းပိုင်ဖန်က အဓိက အချက်ကို တိုက်ရိုက်ပင်- “ ငါကိုယ်တော် ကောင်းကင်နဲ့ မြေပြင်ရဲ့ ဒဏ္ဍာရီလာ ရတနာဖြစ်တဲ့ ကိုးမျက်လုံး ကျောက်ဖြူကြာပန်း ကို ရှာဖွေတွေ့ရှိခဲ့တယ်၊ ဒီပစ္စည်းမှာ အာနိသင်က များစွာ ရှိပေမယ့် ဧရာမ မြွေကြီးတစ်ကောင်က စောင့်ရှောက်ထားတယ်။ ဒါကြောင့် မောင်မင်းတို့ကို မြွေကို သတ်ပြီး ရတနာကို ယူဆောင်လာစေချင်တယ်။ တိကျတဲ့ နေရာကိုတော့ လက်ဗလာဆရာကြီးက သိပြီးသားဖြစ်တဲ့အတွက် သူ့နောက် လိုက်သွားလိုက်ပါ”

“အရှင်မင်းကြီးရဲ့ အမိန့်အတိုင်းပါ” အဖွဲ့က ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် အရှင်မင်းကြီး၊ အဲဒီ ဧရာမ မြွေကြီးက အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ကြယ်တာယာချီအဆင့်ရဲ့ အထွတ်အထိပ်နယ်ပယ်မှာ ရှိနေပါတယ်။ ကျွန်တော်မျိုးတို့ရဲ့ စွမ်းရည်တွေနဲ့ဆိုရင်…” လက်ဗလာဆရာကြီးက သူ့ရဲ့ စိုးရိမ်နေမှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။

လင်းပိုင်ဖန်က ပြုံးကာ- “စိတ်ချပါ၊ ငါကိုယ်တော်ရဲ့ သူငယ်ချင်းကို အကူအညီ တောင်းထားပြီးသားပါ။ အချိန်တန်ရင် သူက ေမာင်မင်းတို့ကို အကူအညီ ပေးပါလိမ့်မယ်”

လူတိုင်းက တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။ ဓားသိုင်းပညာရှင်တစ်ယောက်ရဲ့ ကာကွယ်မှုကို ရရှိထားတာကြောင့် သူတို့ ပိုပြီး စိတ်အေးလက်အေး ဖြစ်သွားခဲ့ကြသည်။

“မောင်မင်းတို့ အားလုံး တောင်ပိုင်း စစ်ဆင်ရေးတပ်နဲ့အတူ ထွက်ခွာသွားလိုက်”

နောက်တစ်နေ့ မနက်မှာ လူတိုင်း ထွက်ခွာသွားခဲ့ကြသည်။

သုံးရက်ကြာပြီးနောက် ဝမ်ကျင့်ဟိုင်က စစ်တပ်ကို ဦးဆောင်ပြီး ဟန်ဒွမ်တောင်တန်းကို ဖြတ်ကျော်ကာ မဟာယန် နယ်မြေကို ကျူးကျော်ခဲ့သည်။

ဟန်ဒွမ်တောင်တန်းနားရှိ မဟာယန်နိုင်ငံသားများသည် ရုတ်တရက် ရောက်ရှိလာသော စစ်တပ်ကြီးကြောင့် အံ့အားသင့်သွားခဲ့ကြသည်။

“ဒီစစ်တပ်ကြီးက ဘယ်ကရောက်လာတာလဲ”

“တပ်တွေက အများကြီးပဲ၊ ဘယ်ကနေ ရောက်လာတာလဲ”

“သူတို့ ငါတို့ကို သတ်ဖို့ လာနေကြတာလား”

“ကယ်ကြပါဦး၊ မြို့တံခါးတွေကို အမြန် ပိတ်ကြ”

“အမြန်ဆုံး၊ နန်းတော်ကို အကူအညီတောင်းဖို့ သတင်းပို့ကြ”

မြို့တံခါးတွေကို ခိုင်မြဲစွာ ပိတ်ထားပေမယ့် သူတို့အနေနဲ့ ချီဖွဲ့တည်ခြင်းအဆင့် ရှိတဲ့ ဗိုလ်ချုပ်တစ်ဦး ဦးဆောင်တဲ့ စစ်တပ်ကြီးကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ။

တောင်ပိုင်းစစ်ဆင်ရေးရဲ့ ဗိုလ်ချုပ် ဝမ်ကျင့်ဟိုင် ကိုယ်တိုင် လှုပ်ရှားခဲ့ပြီး မြို့တံခါးတွေကို တစ်ချက်ချင်း ဖောက်ထွင်းဝင်ရောက်ခဲ့သည်။

မြို့တံခါးဝတွင် မတ်တတ်ရပ်လျက် ဝမ်ကျင့်ဟိုင်က ဓားကို ကိုင်မြှောက်၍ -“မင်းတို့ အားလုံး ငါနဲ့အတူ မြို့ထဲကို လိုက်ခဲ့ကြ၊ မြို့ကို သိမ်းပိုက်ပြီး၊ တန်ဖိုးရှိသမျှကို အကုန်ယူခဲ့ကြ၊ ဘယ်သူမဆို ခုခံခဲ့ရင် ညှာစရာမလိုပဲ သတ်ပစ်”

“ဟုတ်ကဲ့၊ ဗိုလ်ချုပ်”

မဟာရှရဲ့ အင်အားကြီးမားလှတဲ့ စစ်တပ်ကြီးဟာ မြို့ထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ကြသည်။

အဲ့ဒီအတောအတွင်း သူတို့က မြေပြင်ပေါ်တွင် ရှာဖွေနေချိန်မှာ လင်းပိုင်ဖန်ကတော့ မြေအောက်ကို ရှာဖွေနေခဲ့သည်။

“မြေအောက်မှာ ရွှေတွင်းတောင် ရှိနေတာပဲ၊ မဆိုးဘူးပဲ”

“ကျောက်မီးသွေး အရင်းအမြစ်တွေက အတော်လေး ပေါများတာပဲ၊ ယူရမှာပေါ့”

“ဒီ သံသတ္တုတွင်းကြီးကတော့ အခု ငါ့ပိုင်ပဲ”

“ဟား…ဟား၊ ချမ်းသာပြီဟေ့…”

သူ့အနေနဲ့ လစ်ဟင်းသွားတာမျိုး မရှိရလေအောင် မြေပြင်ပေါ်ကိုလည်း လိုက်လံ ရှာဖွေပေးသေးသည်။

“ဒီ မြို့စားက တကယ်ကို အကျင့်ပျက်တာပဲ၊ မြေအောက်မှာ ငွေသား တေး ၂ သိန်းကို ဝှက်ထားတာပဲ၊ ငါ့အတွက် ထီပေါက်တာပဲ”

“ဒီ ချမ်းသာတဲ့ ကုန်သည်က သူ့ဇနီးရဲ့ လက်အောက်မှာ နေရတာ သေချာတယ်၊ ရွှေအနည်းငယ်လေးကိုတောင် ခိုးဝှက်ထားရသေးတယ်။ အခုတော့ ဒါတွေက ငါ့ပိုင်ပဲ”

“ဒါကဘာလဲ၊ ဓားပြတွေရဲ့ ပုန်းခိုတဲ့ နေရာလား။ မင်းတို့ရဲ့ မတရား ရထားတဲ့ ပစ္စည်းတွေက အခုတော့ ငါ့ပိုင်ပဲ”

တန်ဖိုးရှိသမျှ ဘယ်အရာမှ သူ့ရဲ့ မျက်လုံးကနေ မလွတ်မြောက်နိုင်ခဲ့ပေ။

ဝမ်ကျင့်ဟိုင်ရဲ့ ဦးဆောင်မှုအောက်မှာ မဟာယန်ရဲ့ မြို့တွေဟာ တစ်မြို့ပြီးတစ်မြို့ ကျဆုံးခဲ့ရပြီး လင်းပိုင်ဖန် ရဲ့ အိတ်ကတော့ ပိုပြီး ဖောင်းပွလာခဲ့သည်။

အဲ့ဒီအချိန်မှာ လင်းပိုင်ဖန်က ဟန်ဒွမ်တောင်တန်းကို အာရုံစိုက်လိုက်သည်၊ ဘာဖြစ်လို့လဲဆိုတော့ လက်ဗလာဆရာကြီး နဲ့ တခြားသူတွေဟာ ရတနာရှိတဲ့ နေရာကို ရောက်ရှိနေလို့ပင် ဖြစ်သည်။

“ခင်ဗျားတို့ အားလုံး သတိထားကြရမယ်။ အဲဒီ ဧရာမ မြွေကြီးက ပေ ၇၀ ကနေ ပေ ၈၀ လောက် ရှည်တယ်၊ ပြီးတော့ သူ့ရဲ့ ဦးခေါင်းကလည်း မီးအိမ်တစ်လုံးထက်တောင်မှ ပိုကြီးတယ်။ အဲဒီ မြွေက တော်တော်ကို ကြောက်မက်ဖွယ် ကောင်းတယ်။ သူ့ရဲ့ ကြေးခွံတွေက ကြေးနီနဲ့ သံလိုမျိုး ခိုင်မာနေတာကြောင့် ဓားတွေနဲ့တောင်မှ မဖြတ်နိုင်ဘူး။ ဒါ့အပြင်ကိုမှ အဆိပ်ဓာတ်ငွေ့ကိုလည်း ထုတ်လွှတ်နိုင်သေးတယ်… အထူးသဖြင့် အဲ့ဒီအဆိပ်ငွေ့က ကျောက်တုံးကိုတောင် တိုက်စားနိုင်တယ်။ ဒါကြောင့် အဆိပ်သင့် မခံရအောင် သတိထားရမယ်”

ဂူရှေ့ကို ရောက်တာနဲ့ လက်ဗလာဆရာကြီးက စိုးရိမ်တကြီး သတိပေးလိုက်သည်။

“ကောင်းပါပြီ၊ ကျွန်တော်တို့ သတိထားပါ့မယ်” လူတိုင်းက ေလးနက်စွာနဲ့ ခေါင်းညိတ်လိုက်ကြသည်။

သူတို့ရဲ့ ဗျူဟာကို ဆွေးနွေးပြီးနောက် အဖွဲ့ထဲမှာ အစွမ်းအထက်ဆုံးဖြစ်တဲ့ အရက်ဓားအင်မော်တယ်က ဦးဆောင် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ချိုင်ယွီရှင်း နဲ့ ပိုင်ဇူ က ဘယ်ဘက်နဲ့ ညာဘက် အခြမ်းတွေကနေ အကူအညီပေးရမယ်၊ လက်ဗလာဆရာကြီးကတော့ နောက်မှာနေပြီး ကိုးမျက်လုံး ကျောက်ဖြူကြာပန်းကို ခိုးယူဖို့ အခွင့်အရေးကို ရှာဖွေရမယ်။

အရာအားလုံး အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ သူတို့ လေးယောက်ဟာ ဂူထဲကို ဝင်ရောက်ခဲ့ကြသည်။

ဧရာမမြွေကြီးက သူတို့ ရောက်ရှိနေတာကို ချက်ချင်း သိရှိသွားပြီး သူ့ရဲ့ လျှာကို ထုတ်ပြီး ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ချက်ချင်း ထွက်လာခဲ့သည်။

အရက်ဓားအင်မော်တယ်က တုံ့ဆိုင်းမနေဘဲ သူ့ဓားကို ဝှေ့ယမ်းချလိုက်သည်။

ဓားချီတွေက ဂူကို လင်းထိန်သွားစေခဲ့သည်။

သို့သော်လည်း ဓားဟာ ဧရာမမြွေကြီးကို ထိမှန်သွားပေမယ့် ခြစ်ရာတောင် မကျန်ခဲ့ဘဲ ၎င်းရဲ့ ဒေါသကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။

၎င်းရဲ့ ကြီးမားသော ပါးစပ်ကို ဖွင့်ပြီး အဆိပ်တွေကို ပန်းထုတ်လိုက်သည်။

“ငါတို့ အမြန် ရှောင်ရမယ်”

အဆိပ်ကို ရှောင်ရှားပြီးနောက် ကြောက်မက်ဖွယ်ရာ တိုက်ပွဲက ဆက်လက် ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် လက်ဖက်ရည်တစ်ခွက် သောက်ချိန်လောက် ကြာမြင့်သွားခဲ့သော်လည်း သူတို့ လေးဦးဟာ ဧရာမ မြွေကြီးကို တိုက်ခိုက်နေဆဲ ဖြစ်ပြီး အခြေအနေက မသာမယာ ဖြစ်နေကာ အန္တရာယ်များနဲ့ ဝန်းရံနေသည်။

ကိုးမျက်လုံး ကျောက်ဖြူကြာပန်း ကိုတော့ သူတို့ လုံးဝ မတွေ့ရသေးပေ။

လင်းပိုင်ဖန်က အချိန်ဖြုန်းမခံချင်တော့ဘဲ ဟင်းလင်းပြင်ကနေ ဓားချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။

အဲဒီ ဓားဟာ ကောင်းကင်ကနေ ကျလာသလို ဖြစ်နေပြီး ဧရာမ မြွေကြီးရဲ့ ဦးခေါင်းပေါ်ကို တိုက်ရိုက် ခုတ်ချလိုက်သည်။

မြွေကြီးရဲ့ နာကျင်စွာ ငိုကြွေးသံနဲ့အတူ ခေါင်းမှာ သူ့ခန္ဓာကိုယ်ကနေ ပြုတ်ကျသွားပြီး ချက်ချင်း သေဆုံးသွားခဲ့သည်။

ဘေးနားက လူလေးယောက်ခင်ဗျာ အသက်ရှူတောင် မှားသွားခဲ့ကြပြီး- “ဘယ်လောက်တောင်မှ အစွမ်းထက်လိုက်တဲ့ ဓားချက်လဲ”

သူတို့ လေးယောက်ပေါင်းပြီး တိုက်ခိုက်ခဲ့တာတောင်မှ ဧရာမ မြွေကြီးကို ခြစ်ရာတောင်မှ မရစေနိုင်ခဲ့ဘူး။

သို့သော်လည်း တစ်ဘက်လူက မျက်နှာတောင် မပြဘဲ ဓားတစ်ချက်တည်းနဲ့ မြွေကို ခေါင်းဖြတ်လိုက်သည်။

“ဓားချက် တစ်ချက်တည်းနဲ့ ကြယ်တာယာချီ အထွတ်အထိပ်မှာရှိတဲ့ ဧရာမ မြွေကြီးကို သတ်ပစ်လိုက်တာပဲ။ ဒီ ဓားသိုင်းပညာရှင်ရဲ့ ခွန်အားက ကောင်းကင်နယ်ပယ် မဟုတ်ရင်တောင်မှ တော်တော်ကို နီးစပ်နေရမယ်” အရက်ဓားအင်မော်တယ်က အံ့ဩစွာနဲ့ ပြောလိုက်သည်။

လူတိုင်းက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် သူတို့ဟာ ဟင်းလင်းပြင်ကို မျက်နှာမူကာ ဦးညွှတ် အရိုအသေ ပေးလိုက်သည်။

“အကြီးအကဲခင်ဗျာ၊ အကူအညီ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ပြန်လည်ဖြေကြားခြင်း မရှိသဖြင့် ထိုအကြီးအကဲ ထွက်သွားပြီဟု ယူဆကာ သူတို့သည် ဂူအတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြသည်။

ဂူအတွင်းပိုင်း၌ ကျောက်စိမ်းဖြူကဲ့သို့ ပုံသဏ္ဍာန် ရှိနေသော ကြာပန်းတစ်ပွင့် တိတ်ဆိတ်စွာ ပေါက်ရောက်နေပြီး တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်ကာ ဂူကို ထွန်းညှိပေးထားသဖြင့် အလွန်ကို လှပနေသည်။

သို့သော်လည်း ကြာဖူးထဲရှိ မျက်လုံးပုံသဏ္ဌာန် ကြာစေ့တွေကတော့ ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

“ဒါက ကိုးမျက်လုံး ကျောက်ဖြူကြာပန်းပဲ၊ ကောင်းကင်နဲ့ မြေပြင်ရဲ့ ဒဏ္ဍာရီလာ ရတနာပဲ၊ ဒီကြာစေ့တွေမှာ အံ့ဖွယ် အာနိသင်တွေ ရှိတယ်။ ဒဏ်ရာရရင် ကုသပေးနိုင်ပြီး ဘာဒက်ရာမှ မရှိရင် စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်တယ်။ ဒါဟာ သိုင်းလောကသားတွေ အားလုံးက လိုချင်တပ်မက်တဲ့ ရတနာပဲ”

လက်ဗလာဆရာကြီးဟာ စွဲလမ်းမှုနဲ့ ပြောလိုက်သည်၊ “ငါ ရတနာတွေ အများကြီးကို ခိုးဖူးတယ်၊ ဒါပေမယ့် ဒါနဲ့ ယှဉ်နိုင်တာတော့ မရှိခဲ့ဘူး”

“ကြည့်လိုက်တာနဲ့ ပစ္စည်းကောင်းဆိုတာ သိသာတယ်၊ ဒါပေမယ့် အဲဒီ ကြာစေ့တွေက လူ့မျက်လုံးနဲ့ တူနေတာတော့ နည်းနည်း ထူးဆန်းတယ်” အရက်ဓားအင်မော်တယ်က အရက်ကို တစ်ငုံ သောက်လိုက်ပြီး အေးအေးဆေးဆေး မှတ်ချက်ပေးလိုက်သည်။

“စကားတွေ တော်လောက်ပြီ၊ အရှင်မင်းကြီးက စိတ်မရှည်လောက်တော့ဘူး။ ငါတို့ မြန်မြန် ခူးပြီး ယူသွားရအောင်” ချိုင်ယွီရှင်းက တိုက်တွန်းလိုက်သည်။

လက်ဗလာဆရာကြီးက ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော သေတ္တာတစ်လုံးကို ထုတ်ယူကာ ကိုးမျက်လုံး ကျောက်ဖြူကြာပန်းကို ခူးယူပြီး ဂရုတစိုက် ထည့်ပြီးနောက် ဂူထဲကနေ ထွက်လာခဲ့သည်။

“ခဏလေး၊ ဒီမြွေကလည်း ရတနာပဲ”

လက်ဗလာဆရာကြီးရဲ့ မျက်လုံးတွေက တောက်ပလာပြီး ပြောလိုက်သည်၊ “ဒီ မြွေရဲ့ အရေခွံကို ချပ်ဝတ်တန်ဆာ လုပ်လို့ရတယ်၊ အစွယ်နဲ့ အရိုးတွေကို လက်နက်တွေ ထုလုပ်ဖို့ သုံးလို့ရတယ်၊ သွေးကိုတော့ ယင်နဲ့ ယန်ကို အားဖြည့်ဖို့ သောက်လို့ရတယ်၊ ပြီးတော့ မြွေသားကိုလည်း စားလို့ရတယ်၊ အရသာရှိရုံသာမကဘဲ ခန္ဓာကိုယ်အတွက်လည်း အကျိုးရှိတယ်”

“ဘာကို တုံ့ဆိုင်းနေတာလဲ။ ဒီမြွေကိုပါ ယူခဲ့ကြ။ ပြီးတော့ ဒီမှာရှိတဲ့ ရွှေ၊ ငွေနဲ့ ကျောက်မျက်ရတနာတွေကိုလည်း မမေ့နဲ့ဦး”

ဤသို့ဖြင့် လူတိုင်းသည် အိတ် အပြည့်ဖြင့် ပြန်လာခဲ့ကြသည်။

All Chapters