အခန်း (၁၉၁၁-၁၉၁၂)
Vol. 132 Ch. 1911-1912
အဆတစ်ရာစနစ် စာစဥ်(၁၃၂)
အခန်း(၁၉၁၁)
မဟာမြေရိုင်းနယ်မြေမှ မရေမတွက်နိုင်သော နယ်မြေနတ်ဘုရားများသည် လေထုထဲမှ ရွှေရောင်ပုံရိပ်ကို ကြည့်ကာ ၎င်းတို့၏ မျက်နှာထက်တွင် နှိုင်းယှဥ်၍ မရလောက်အောင် လေးစားသည့် အမူအရာများ ဖြစ်ပေါ်နေခဲ့ကြသည်။
မဟာမြေရိုင်းနယ်မြေ၏ တစ်ဦးတည်းသော နတ်ဘုရင် ဖြစ်သည့် မဟာမြေရိုင်းနတ်ဘုရင်သည် ရောက်ရှိလာခဲ့ချေပြီ။
“ဒါက နတ်ဘုရင်အဆင့်ရဲ့ စွမ်းအားလား.. တကယ်ကို ကြောက်စရာပဲ”
ကျန်းချန်က ကောင်းကင်ထက်ရှိ ရွှေရောင်ပုံရိပ်ကို ကြည့်ရင်း စိတ်ထဲတွင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
နတ်ဘုရင်အဆင့်၏ စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးနှင့် အဆင့်တူပြီး အတွေးတစ်ချက်တည်းဖြင့်ပင် နယ်မြေတစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။
နယ်မြေနတ်ဘုရားက မည်မျှပင် သန်မာနေစေကာမူ နတ်ဘုရင်အဆင့် ကျင့်ကြံသူ၏ ရှေ့တွင် ပုရွက်ဆိတ်နှင့် မခြားနားပေ။
မဟာမြေရိုင်းနတ်ဘုရင်သာ ဤနေရာရှိ ကျင့်ကြံသူ အားလုံးကို သတ်ဖြတ်ချင်လျှင် အတွေးတစ်ချက်တည်းဖြင့်ပင် ချက်ချင်းဆိုသလို ဖျက်ဆီးပစ်နိုင်မည် ဖြစ်သည်။
ယင်းအပြင် ကျန်းချန်သည် လေထုထဲရှိ ရွှေရောင်ပုံရိပ်က မဟာမြေရိုင်းနတ်ဘုရင်၏ ကိုယ်ပွားသာ ဖြစ်သည်ဟု ခပ်ရေးရေး ခံစားမိခဲ့သည်။
ကိုယ်ပွားတစ်ဦးကပင် ဤမျှလောက် ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားလျှင် မဟာမြေရိုင်းနတ်ဘုရင် ကိုယ်တိုင်သာ ဆိုလျှင် မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းလိုက်ပါမည်နည်း။
“ငါက မဟာမြေရိုင်းနတ်ဘုရင်ပဲ.. မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲရဲ့ ဒုတိယအဆင့်ကို ဒီနေရာမှာ ကျင်းပမယ်”
ကျန်းချန် အံ့အားသင့်နေစဥ်မှာပင် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေလောက်သော မဟာမြေရိုင်းနတ်ဘုရင်၏ အသံက လေထုထဲတွင် ပျံ့နှံ့သွားခဲ့သည်။
ထို့နောက်တွင် မဟာမြေရိုင်းနတ်ဘုရင်က ချက်ချင်းဆိုသလို သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲတွင် ရွှေရောင်လှိုင်းများ အလွှာလိုက် ဖြစ်ပေါ်လာခဲ့သည်။
“ဝုန်း..”
ကောင်းကင်ယံက တုန်ခါသွားခဲ့ပြီး လောကရှိ အရာအားလုံးသည် မဟာမြေရိုင်းနတ်ဘုရင်၏ ရွှေရောင်လှိုင်းလုံးထဲတွင် ဖိနှိပ်ခံထားရသကဲ့သို့ ဖြစ်နေခဲ့သည်။
တဖြည်းဖြည်းနှင့် လေထုထဲတွင် လှိုင်းထနေသော ရွှေရောင်လှိုင်းများသည် ရုတ်တရက် ရွှေရောင်အလင်းဖြင့် ဖုံးအုပ်ထားသော ကြီးမားသည့် ရင်ပြင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုရင်ပြင်ပေါ်တွင် ရွှေရောင် တောက်ပနေသော ရွှေပလ္လင်များ ထွက်ပေါ်လာကြ၏။
အဆုံးသတ်တွင် ကြီးမားသော ရင်ပြင်ပေါ်၌ အရွယ်အစားအမျိုးမျိုးရှိသော ရွှေပလ္လင် ၃၆လုံး ထွက်ပေါ်လာခဲ့သည်။
“မဟာမြေရိုင်းပါရမီရှင်ပြိုင်ပွဲရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ အထွတ်အထိပ်ပလ္လင် တိုက်ပွဲကို စတင်လိုက်ပြီ.. မဟာမြေရိုင်းတံဆိပ်ပြားကို လက်ဝယ်ရှိသေးတဲ့သူ အားလုံး ပြိုင်ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်”
မဟာမြေရိုင်းနတ်ဘုရင်က ရင်ပြင်အထက်တွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
သူ၏ အေးစက်စက် ခန့်ညားသော အသံသည် ကောင်းကင်နှင့်မြေကြီး တစ်ခွင် ပဲ့တင်ထပ်သွားခဲ့၏။
မဟာမြေရိုင်းနတ်ဘုရင်၏ စကားသံ အဆုံးသတ်သည်နှင့် ပြိုင်ပွဲ၏ ပထမအဆင့်တွင် မဟာမြေရိုင်းတံဆိပ်ပြားများကို ထိန်းသိမ်းထားနိုင်ခဲ့သော ပါရမီရှင်များသည် ကောင်းကင်ပေါ်သို့ တက်လာကြပြီး လေထုထဲရှိ ရင်ပြင် ဆီသို့ ပျံသန်းလာခဲ့ကြသည်။
မကြာမီမှာပင် ပထမအဆင့်ကို အောင်မြင်ခဲ့သည့် ပါရမီရှင် ၃၆ဦး စလုံးသည် လေထုထဲရှိ ရင်ပြင်ဆီသို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့က သူတို့ရှေ့ရှိ ရွှေပလ္လင် ၃၆လုံးကို စူးစိုက်၍ ကြည့်နေခဲ့ကြ၏။
ဤရွှေပလ္လင် ၃၆လုံးကို အနိမ့်မှ အမြင့်သို့ အတန်းများဖြင့် ခွဲခြားထားသည်။
အောက်ဆုံးတန်းရှိ ရွှေပလ္လင်၆ခုသည် သာမန်အကျဆုံး ဖြစ်ပြီး ကျန်သုံးတန်းတွင်မူ ရွှေပလ္လင် ၁၀ခုစီ ပါရှိသည်။
ရွှေပလ္လင်များသည် တစ်တန်းထက် တစ်တန်း ပိုမို လှပကာ ခမ်းနားကြ၏။
အထူးသဖြင့် ပထမတန်း၏ အလယ်ဗဟိုရှိ ရွှေပလ္လင်၃လုံးသည် ပို၍ပင် မြင့်မားပြီး လောကကို အပေါ်စီးမှ ကြည့်ရှုနေသည့် ဧကရာဇ်တစ်ပါး၏ အရှိန်အဝါကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။
ဤ ရွှေပလ္လင် ၃၆ခုသည် ယခု တစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် အဆင့်သတ်မှတ်ချက်များအား ကိုယ်စားပြုသည်မှာ ထင်ရှား၏။
အဆင့်သတ်မှတ်ချက်သည် ဂုဏ်အဆင့်အတန်း၏ သင်္ကေတမျှသာ မဟုတ်ဘဲ မဟာမြေရိုင်းနတ်ဘုရင် စားသောက်ပွဲနှင့်လည်း အတော်လေး ဆက်စပ်မှု ရှိနေခဲ့သည်။
မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတိုင်းတွင် မဟာမြေရိုင်းနတ်ဘုရင်သည် မဟာမြေရိုင်းပါရမီရှင် အဆင့်သတ်မှတ်ချက်တွင် ပါဝင်သော အထွတ်အထိပ် ပါရမီရှင်များအား ဧည့်ခံ ကျွေးမွေးလေ့ရှိသည်။
ယင်းမှာ မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် ပါဝင်သည့် အထွတ်အထိပ် ပါရမီရှင် အားလုံးအတွက် ကြီးမားသော အခွင့်အလမ်းလည်း ဖြစ်၏။။
ဆိုရလျှင် မဟာမြေရိုင်းပါရမီရှင် စာရင်းမှ ပါရမီရှင်များသည် မဟာမြေရိုင်းနတ်ဘုရင် ကိုယ်တိုင် ချီးမြှင့်မည့် အစားအစာကို စားသုံးနိုင်မည်ဖြစ်သောကြောင့်ပင်။
ဤအရသာရှိသော အစားအစာများကို မဟာမြေရိုင်းနတ်ဘုရင်သည် ကောင်းကင်နှင့်မြေကြီး၏ ရတနာများဖြင့် ပြုလုပ်ထားခြင်း ဖြစ်၍ တစ်ခုစီတိုင်းသည် အဖိုးမဖြတ်နိုင်ပေ။
ထို့အပြင် မဟာမြေရိုင်းနတ်ဘုရင်သည် အဆင့်သတ်မှတ်ချက်အပေါ်တွင် မူတည်၍ မတူညီသော အရသာရှိသည့် အစားအစာများကို ပေးအပ်မည်ဖြစ်ရာ အဆင့်မြင့်လေ အရသာပိုမို၍ ကောင်းလေ ဖြစ်သည်။
အထူးသဖြင့် မဟာမြေရိုင်းပါရမီရှင် အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာကို ရရှိသူများ မြည်းစမ်းရမည့် အစားအစာသည် နယ်မြေနတ်ဘုရားများကိုပင် သရေကျစေရန် လုံလောက်၏။
ထို့ကြောင့်လည်း အထွတ်အထိပ်ပလ္လင် တိုက်ပွဲသည် ဤနေရာရှိ လူတိုင်းအတွက် အလွန်တရာ အရေးပါနေခဲ့သည်။
ကျန်းချန်တို့ လူစုက သူတို့ရှေ့ရှိ ရွှေပလ္လင်များကို ကြည့်နေစဥ်မှာပင် မဟာမြေရိုင်းနတ်ဘုရင်၏ အောင်မြင်ခန့်ညားသော အသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။
“အထွတ်အထိပ်ပလ္လင်တိုက်ပွဲကို စတင်လိုက်ပြီ.. မင်းတို့ရဲ့ ကိုယ်ပိုင်ပလ္လင်ကို ရွေးချယ်ကြပေတော့”
အခန်း(၁၉၁၁)ပြီး၏။
အခန်း(၁၉၁၂)
ရင်ပြင်ပေါ်ရှိ ပါရမီရှင်၃၆ယောက်သည် မဟာမြေရိုင်းနတ်ဘုရင်၏ စကားကို ကြားလျှင် အနည်းငယ် အံ့အားသင့်သွားကြသည်။
မိမိတို့ ထိုင်ရမည့် ရွှေပလ္လင်များကို မိမိဘာသာ ရွေးချယ်ရပါမည်လော။
ဤအတွက် မည်သည့် စည်းမျဥ်းစည်းကမ်းမှလည်း ရှိမနေပုံရ၏။
“စည်းမျဥ်းတွေမရှိဘူး ဆိုမှတော့ တိုက်ကြတာပေါ့.. ဒီတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် စာရင်းရဲ့ ထိပ်ဆုံး ၁၀ဦးစာရင်းထဲမှာ ငါပါကို ပါရမယ်”
ခန္ဓာကိုယ် သန်မာထွားကျိုင်းသော လူငယ်တစ်ဦးက ပထမတန်းရှိ ရွှေပလ္လင် ၁၀ခုကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
ယင်းနောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ လေထုကိုပင် စုတ်ပြဲသွားစေနိုင်သည့် ကြောက်မက်ဖွယ် အနက်ရောင် မှော်စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။
သူက မြေပြင်ထက်တွင် ခြေဖဝါး တစ်ချက်ဆောင့်ကာ ရုန့်ရင်းသော သားရဲတစ်ကောင် ကဲ့သို့ ပထမတန်းရှိ ရွှေပလ္လင် ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။
သို့သော်လည်း ထိုအချိန်မှာပင် လူငယ်၏ ရှေ့တွင် တစ္ဆေကဲ့သို့ ပုံရိပ်တစ်ခုသည် ရုတ်တရက် ပေါ်လာခဲ့၏။
ထိုလူ၏ ခန္ဓာကိုယ်ကို နှိုင်းယှဥ်၍ မရလောက်အောင် တောက်ပသော အထွတ်အထိပ်နတ်အလင်းများက ဝန်းရံနေခဲ့သည်။
ထို့အပြင် ခန္ဓာကိုယ်ကနေလည်း တားဆီး၍ မရနိုင်သော မိုးကြိုးစွမ်းအားများကို ထုတ်လွှတ်နေခဲ့သည်။
ထိုသူက တခြားသူ မဟုတ်ပေ။ မဟာမြေရိုင်းနတ်ဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် မိုကျင့်လဲ့ပင် ဖြစ်၏။
“သွားစမ်း”
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် ကမ္ဘာ့စွမ်းအားသည် မျက်စိကျိန်းလောက်စရာ ရောင်စုံနတ်မိုးကြိုး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရပ်လေးမျက်နှာသို့ တိုက်ခတ်သွားခဲ့သည်။
“ဝုန်း.. ဝုန်း.. ဝုန်း..”
ပတ်ဝန်းကျင်မှ ပါရမီရှင်များစွာသည် အနှိုင်းမဲ့ ရောင်စုံနတ်မိုးကြိုးစွမ်းအားကြောင့် နောက်ဆုတ်သွားကြရ၏။
ဤသို့ဖြင့်ပင် မိုကျင့်လဲ့သည် လျင်မြန်စွာဖြင့် ပထမတန်း၏ အလယ်ဗဟိုရှိ ရွှေပလ္လင် ၃လုံး နားသို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့သည်။
သို့သော်လည်း မိုကျင့်လဲ့က မဟာမြေရိုင်းပါရမီရှင် စာရင်း၏ ပထမနေရာ ဖြစ်သော ရွှေပလ္လင်ပေါ်တွင် ထိုင်ရန် ပြင်လိုက်စဥ်မှာပင် ပုံရိပ်တစ်ခုသည် လေထဲတွင် တစ္ဆေကဲ့သို့ ဖျတ်ခနဲပေါ်လာခဲ့ပြီး သူ့ထက် ခြေတစ်လှမ်း စောစွာဖြင့် ရွှေပလ္လင်ပေါ်သို့ ဆင်းသက်လိုက်သည်။
“မင်းကိုး”
ရုတ်တရက် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် မိုကျင့်လဲ့၏ မျက်နှာထားသည် လေးနက်သွားခဲ့၏။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ညီနောင်မို...မဟာမြေရိုင်းပါရမီရှင်စာရင်းရဲ့ နံပါတ်(၁)ပလ္လင်မှာ ကျန်းချန်လည်း ထိုင်ကြည့်ချင်ပါတယ်...ကျွန်တော့်ကို တတ်နိုင်သမျှ ကြိုးစားခွင့်လေးပေးပါ”
“ကောင်းပြီ.. ခဏနေကျရင် ငါမင်းနဲ့ သေချာပေါက် ယှဥ်ပြိုင်မယ်”
မိုကျင့်လဲ့က ခေါင်းညိတ်လိုက်ပြီး ပြုံးရွှင်စွာဖြင့် ကျန်းချန်၏ နံဘေးရှိ ပလ္လင်တွင် ချက်ချင်းဆိုသလို ဝင်ထိုင်လိုက်သည်။
ထိုနေ့က ကျန်းချန်၏ အကူအညီသာ မရခဲ့လျှင် စည်းတံဆိပ်ကို ချောမွေ့စွာ အားဖြည့်နိုင်မည် မဟုတ်သလို ဖုတ်ကောင်များ၏ လက်ချက်ဖြင့်ပင် ကျဆုံးသွားနိုင်ခြေ ရှိသည်။
ဆိုရလျှင် ကျန်းချန်သည် သူ့အတွက်ရော မဟာမြေရိုင်းနတ်ဂိုဏ်း အတွက်ပါ ကျေးဇူးကြီးမားလှ၏။
မဟာမြေရိုင်းနတ်ဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် အနေဖြင့် မိုကျင့်လဲ့ မဟာမြေရိုင်းပါရမီရှင် စာရင်း၏ ထိပ်ဆုံးနေရာကို အလွယ်တကူ လက်လွှတ်မည် မဟုတ်သော်လည်း ကျန်းချန်နှင့် သူသေကိုယ်သေ ရင်ဆိုင်မည်တော့ မဟုတ်ပေ။
သိပ်မကြာခင် သူက ကျန်းချန်ကို ထပ်မံ စိန်ခေါ်ကာ မျှတစွာ ယှဥ်ပြိုင်၍ ပထမနေရာ အတွက် တိုက်ပွဲဝင်လျှင်လည်း နောက်ကျဦးမည် မဟုတ်ချေ။
“ထပ်တိုက်ရဦးမှာလား”
မိုကျင့်လဲ့၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။
အထွတ်အထိပ်ပလ္လင် တိုက်ပွဲသည် ပလ္လင်လုရုံမျှဖြင့် ပြီးဆုံးသွားခြင်း မဟုတ်ပုံရ၏။
မဟာမြေရိုင်းနတ်ဂိုဏ်းသည် မဟာမြေရိုင်းနယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစု ဖြစ်သည်။
နှစ်ထောင်ပေါင်းများစွာတိုင် မဟာမြေရိုင်းပါရမီရှင် စာရင်း၏ ပထမနေရာကို မဟာမြေရိုင်းနတ်ဂိုဏ်းကသာ စိုးမိုးထားခဲ့သည်။
ဤမဟာမြေရိုင်းပါရမီရှင် အဆင့်စာရင်း၏ ပထမနေရာသည် တစ်စိတ်တစ်ပိုင်းအားဖြင့် မဟာမြေရိုင်းနတ်ဂိုဏ်း၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုခြင်း ဆိုလည်း မမှားပေ။
ထို့ကြောင့် မိုကျင့်လဲ့သည် ကျန်းချန်ကို ခင်မင်သော်လည်း ပထမနေရာကို အလွယ်တကူ လက်လွှတ်မည်တော့ မဟုတ်ချေ။
မည်သို့ပင် ဖြစ်စေကာမူ ကျန်းချန်သည်လည်း မိုကျင့်လဲ့ကို သိပ်ဂရုစိုက်မနေခဲ့ပေ။
မိုကျင့်လဲ့က သန်မာသော်လည်း ကျန်းချန်က သူ့ကိုယ်သူ ယုံကြည်မှု ရှိသည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မတွေးတော့ဘဲ မဟာမြေရိုင်းပါရမီရှင် စာရင်း၏ ထိပ်ဆုံးနေရာဖြစ်သော ရွှေပလ္လင်ပေါ်တွင် ထိုင်လိုက်သည်။
ဤရွှေပလ္လင်ကို မဟာမြေရိုင်း နတ်ဘုရင်က မည်သည့်အရာဖြင့် ပြုလုပ်ထားမှန်း သူ မသိသော်လည်း ရွှေပလ္လင်သည် အတော်လေး နူးညံ့ပြီး လူအများကို အလွန်တရာပင် သက်သောင့်သက်သာ ခံစားရစေသည်။
ထိုအချိန်မှာပင် ရွှေပလ္လင်ကနေ ခပ်ဖျော့ဖျော့ အလင်းရောင်များ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ကို ဖုံးလွှမ်းသွားခဲ့သည်။
ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးနှင့် စိတ်ဝိညာဥ်သည် နက်နဲပြီး နူးညံ့သိမ်မွေ့သော စွမ်းအားဖြင့် လွှမ်းခြုံခံရပြီးနောက်တွင် ဖော်မပြနိုင်လောက်အောင် သက်သောင့်သက်သာ ရှိနေခဲ့သည်။
တစ်ချိန်တည်းမှာပင် စနစ်၏ ကျေနပ်စရာကောင်းသော အကြောင်းကြားချက်များသည် ကျန်းချန်၏ စိတ်ထဲတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
“ဒင်.. သင်က နတ်ဘုရင်လမ်းစဥ်ရဲ့ ကောင်းချီးပေးမှုကို ရရှိပြီး ဓားကမ္ဘာလမ်းစဥ် အတွေ့အကြုံရမှတ် သိန်း၃၀ကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က နတ်ဘုရင်လမ်းစဥ်ရဲ့ ကောင်းချီးပေးမှုကို ရရှိပြီး မီးကမ္ဘာလမ်းစဥ် အတွေ့အကြုံရမှတ် သိန်း၃၀ကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က နတ်ဘုရင်လမ်းစဥ်ရဲ့ကောင်းချီးပေးမှုကို ရရှိပြီး မိုးကြိုးကမ္ဘာလမ်းစဥ် အတွေ့အကြုံရမှတ် သိန်း၃၀ကို အဆ ၁၀၀ ရရှိပါတယ်”
“..........”
ကျန်းချန် ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။
မဟာမြေရိုင်းနတ်ဘုရင် ဖန်တီးထားသော အထွတ်အထိပ်ပလ္လင်များသည် ထူးခြားဆန်းကြယ်သည်မှာ အမှန်ပင်ဖြစ်ပြီး ၎င်းတို့တွင် နတ်ဘုရင်အဆင့်၏ စွမ်းအားများ ပါဝင်နေခဲ့၏။
“ကျူစစ်ကျွင်း.. ဒီနေရာက ငါ့အတွက်ပဲ.. ဖယ်စမ်း”
ထိုအချိန်မှာပင် လုချန်ချင်း၏ အေးစက်စက် ကြုံးဝါးသံသည် သူတို့၏ နံဘေးကနေ ထွက်ပေါ်လာခဲ့သည်။
လုချန်ချင်းနှင့် ကျူစစ်ကျွင်းတို့က တတိယပလ္လင် အတွက် တိုက်ခိုက်နေကြသည်ကို ကျန်းချန် မြင်လိုက်ရ၏။
နှစ်ဦးလုံးက ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်များကို ချိုးဖျက်ထားသော မဟာကောင်းကင်နတ်ဘုရားများ ဖြစ်၍ တိုက်ပွဲ၏ အကျိုးဆက်များသည် အလွန်ပင် ထိတ်လန့်စရာ ကောင်းနေခဲ့သည်။
မဟာမြေရိုင်းနတ်ဘုရင် ဖန်တီးထားသည့် ဤရင်ပြင်သည် စွမ်းအားများကို တစ်စိတ်တစ်ပိုင်း အားနည်းစေသော်လည်း သူတို့နှစ်ဦး၏ တိုက်ခိုက်မှုသည် စတုရန်းမီတာ ထောင်ပေါင်းများစွာရှိ နေရာလွတ်ကို မည်သူမှ မချဥ်းကပ်ဝံ့သော နေရာအဖြစ် ပြောင်းလဲပစ်လိုက်သည်။
သို့သော်လည်း နှစ်ဦးသား၏ တိုက်ခိုက်မှုက မည်မျှပင် ပြင်းထန်စေကာမူ ရင်ပြင်ပေါ်ရှိ အထွတ်အထိပ်ပလ္လင် ၃၆ခုကို ထိခိုက်မှု မရှိခဲ့ပေ။
မည်သည့် စွမ်းအားမျိုးပင် ဖြစ်စေကာမူ အထွတ်အထိပ်ပလ္လင် အနားသို့ ရောက်သည်နှင့် တန်ပြန် ကန်ထွက်သွားခဲ့ပြီး လေထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
နှစ်ဦးသား အကြိတ်အနယ် တိုက်ခိုက်ပြီးနောက်တွင် ကျူစစ်ကျွင်းသည် သူ၏ အရှိန်အဟုန် အားသာချက်ကို အားကိုးကာ တတိယပလ္လင် ပေါ်သို့ ဆင်းသက်လိုက်သည်။
လုချန်ချင်းက မကျေမနပ် ဖြစ်နေသော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။
အကြောင်းရင်းမှာ အထွတ်အထိပ်ပလ္လင်သည် တိုက်ခိုက်မှုအားလုံးမှ ကင်းလွတ်၍ ဖြစ်သည်။
လုချန်ချင်းက တတိယပလ္လင် ပေါ်တွင် ထိုင်နေသော ကျူစစ်ကျွင်းကို တိုက်ခိုက်၍ မရတော့သောကြောင့် မကျေမနပ် အမူအရာဖြင့်ပင် စတုတ္ထပလ္လင် ပေါ်တွင် ထိုင်လိုက်ရတော့၏။
အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းထားသော ပြိုင်ဘက်ကင်း ပါရမီရှင် လေးဦး နေရာယူပြီးနောက်တွင် အခြားသော ပါရမီရှင်များသည်လည်း ပြင်းပြင်းထန်ထန် ယှဥ်ပြိုင်ခဲ့ကြသည်။
ပါရမီရှင်များသည် အဆင့်မြင့်မားသော ပလ္လင်များကို ရရှိရန် သူတို့၏ စွမ်းရည်များကို အစွမ်းကုန် ထုတ်သုံးကာ ရင်ဆိုင်ခဲ့ကြသည်။
တုန်လှုပ် ချောက်ချားဖွယ်ရာကောင်းသော စွမ်းအင်ချင်းထိပ်တိုက် ဆုံတွေ့သော အသံများသည် ရင်ပြင်ထက်တွင် ဆက်တိုက် ဆိုသလို ထွက်ပေါ်နေခဲ့၏။
မကြာမီမှာပင် ပထမတန်းရှိ အထွတ်အထိပ် ပလ္လင် ၁၀ နေရာက လူပြည့်သွားခဲ့သည်။
ပထမတန်းမှ လူ၁၀ဦး အနက် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းထားသော ကျန်းချန်တို့ လေးဦး အပြင် ကျန်ခြောက်ဦးသည် နောက်ဆုံးအကြိမ်က ကျင်းပပြုလုပ်သည့် မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် ထိပ်ဆုံး ၁၀ဦး စာရင်း၌ မပါဝင်ခဲ့သော ပါရမီရှင်များ ဖြစ်ကြသည်။
ပထမတန်းရှိ အထွတ်အထိပ် ပလ္လင်များတွင် လူပြည့်သွားပြီဖြစ်သော်လည်း ရင်ပြင်ပေါ်ရှိ တိုက်ပွဲကမူ ဆက်လက် ဖြစ်ပွားနေဆဲပင်။
ဒုတိယတန်းနှင့် တတိယတန်းများ၏ ပလ္လင်တိုက်ပွဲများသည်လည်း အပြိုင်အဆိုင် အလွန်များ၏။
၁၅မိနစ်ခန့် ကြာပြီးနောက်တွင် အထွတ်အထိပ်ပလ္လင် ၃၆ခုလုံးတွင် လူအပြည့် ထိုင်နေကြပြီ ဖြစ်သည်။
ပါရမီရှင်များက အစောပိုင်းက တိုက်ပွဲတွင် ဒဏ်ရာရရှိကာ မျက်နှာများ ယောင်ယမ်းနေကြသော်လည်း အလွန်တရာပင် စိတ်လှုပ်ရှားနေခဲ့ကြသည်။
ကျန်းချန်က အနည်းငယ် အကဲခတ်လိုက်ရာ ကုန်းလင်နှင့် ယွဲ့ဝူရွှမ်းတို့က တတိယတန်းရှိ ပုလ္လင်တွင် ထိုင်နေသည်ကို တွေ့ရှိခဲ့၏။
ဤတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ဟန်ယွဲ့နန်းတော်မှ အဖွဲ့ဝင်သုံးဦးသည် မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် အဆင့်၃၀ အတွင်း၌ ပါဝင်နေခဲ့ကြသည်။
ထိုကဲ့သို့သော အောင်မြင်မှုမျိုးသည် မဟာမြေရိုင်းနယ်မြေတစ်ခုလုံးမှာပင် ရှားပါးသော အောင်မြင်မှုတစ်ခု ဖြစ်နိုင်ပေသည်။
အခန်း(၁၉၁၂)ပြီး၏။