← Chapters

အခန်း (၁၉၁၃-၁၉၁၄)

Vol. 132 Ch. 1913-1914

အခန်း (၁၉၁၃-၁၉၁၄)

Vol. 132 Ch. 1913-1914

အခန်း(၁၉၁၃)

လေထုအထက်ရှိ ရင်ပြင်တွင် ထိုင်နေကြသော ပါရမီရှင်၃၆ယောက်ကို ကြည့်ကာ အောက်ဘက်ရှိ မဟာမြေရိုင်းနယ်မြေမှ ကျင့်ကြံသူများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ပိုမို ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည့် အချို့သောအင်အားစုများကမူ သဘာဝကျစွာပင် အလွန်တရာ စိတ်လှုပ်ရှားနေခဲ့ကြ၏။

သို့သော် မျှော်မှန်းထားသည့် ပန်းတိုင်သို့ မရောက်ရှိခဲ့သော အချို့သော အင်အားစုများကမူ မျက်နှာအမူအရာ မကြည်မလင် ဖြစ်နေခဲ့ကြသည်။

ထိုအထဲတွင် အရှင်ဟောင်ယွဲ့သည် သံသယဖြစ်ဖွယ်ရာမရှိ စိတ်အလှုပ်ရှားဆုံး ဖြစ်နေခဲ့၏။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက စ၍ ဟန်ယွဲ့နန်းတော်တွင် ပြိုင်ဘက်ကင်း ပါရမီရှင် မထွက်ပေါ်ခဲ့သောကြောင့် မည်သူကမှ မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

နောက်ဆုံးအကြိမ်က ကျင်းပပြုလုပ်ခဲ့သည့် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ကုန်းလင်သာ အဆင့် ၃၂နေရာ မရရှိခဲ့လျှင် ဟန်ယွဲ့နန်းတော်သည် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲကို ပါဝင်ရန်ပင် ခွဲတမ်းနေရာ ရရှိမည်မဟုတ်ပေ။

ယခုတစ်ကြိမ်တွင်မူ မဟာမြေရိုင်းပါရမီရှင် စာရင်း၏ အဆင့်သတ်မှတ်ချက်တွင် ဟန်ယွဲ့နန်းတော်မှ သုံးဦး ပါဝင်လာခဲ့ပြီး ၎င်းတို့အနက် ကုန်းလင်နှင့် ယွဲ့ဝူရွှမ်းသည် ထိပ်ဆုံး၃၀ စာရင်းထဲကို ဝင်ရောက်နိုင်ခဲ့ကြသည်။

ကျန်းချန်ကမူ မိုကျင့်လဲ့ကိုပင် ဖိအားပေးကာ နံပါတ်(၁) ပလ္လင်တွင် ထိုင်နေခဲ့၏။

အပြောင်းအလဲများ ရှိလာနိုင်သော်လည်း ကျန်းချန်၏ ခွန်အားဖြင့် ဆိုလျှင် ထိပ်ဆုံး ၁၀နေရာကို တည်ငြိမ်အောင် ထိန်းထားနိုင်မည်မှာ သေချာသလောက်ပင်။

ထို့ကြောင့် မတော်တဆမှုများ မရှိသရွေ့ နောင်လာမည့် မဟာမြေရိုင်း ပါရမီရှင် ပြိုင်ပွဲအတွက် ဟန်ယွဲ့နန်းတော်သည် ခွဲတမ်းနေရာ၂၀ကို ရရှိတော့မည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် ဟန်ယွဲ့နန်းတော်၏ ဂုဏ်သိက္ခာသည် အမြင့်ဆုံးအဆင့် အထိ ရောက်ရှိလာနိုင်ပြီး အတိတ်ကာလက ကဲ့သို့ပင် ပြန်လည် ရောက်ရှိနိုင်ခြေ ရှိသည်။

“ဒီတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ဖျက်မြင်းတွေ အများကြီး ပေါ်လာတာပဲ.. ငါတို့ သူရိန် နန်းတော်ရဲ့ စွမ်းဆောင်ရည်က အရင်တစ်ကြိမ်ထက် ပိုဆိုးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“အမှန်ပဲ မဟာမြေရိုင်းနတ်ဂိုဏ်းက မိုကျင့်လဲ့ကိုတောင် ဖိအားပေးနိုင်တဲ့ ဖျက်မြင်း ပေါ်လာခဲ့ပြီ”

“ဒါက အတည်ယူလို့ မရသေးပါဘူး.. အထွတ်အထိပ်ပလ္လင်တိုက်ပွဲက မပြီးသေးဘူးဆိုတော့ ဒီကောင်လေးက မိုကျင့်လဲ့ကို အနိုင်ယူပြီး ပထမနေရာကို ရရှိဖို့ဆိုတာ မလွယ်လောက်ဘူး”

“.........”

ကျင့်ကြံသူများသည် ရင်ပြင်မှ အခြေအနေကို ကြည့်ကာ ပြောဆို ဆွေးနွေးနေခဲ့ကြသည်။

ပလ္လင်တွင် ထိုင်နေသူများ၏ နေရာသည် ယေဘုယျအားဖြင့် ၎င်းတို့ ရရှိသင့်သော နေရာထက် ပိုမိုမြင့်မားနေခဲ့သည်။

ကျင့်ကြံသူအများစုသည် အရှိန်အဟုန် နှေးကွေးခဲ့ခြင်းကြောင့် အဆုံးသတ်တွင် ပိုမိုကောင်းမွန်သော နေရာ အတွက် ယှဥ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။

မဟာမြေရိုင်းပါရမီရှင်စာရင်း၏ အဆင့်သတ်မှတ်ချက်သည် ခွန်အားနှ င့်ဂုဏ်သိက္ခာ၏ သင်္ကေတဖြစ်၍ လက်ရှိအဆင့်သည် မဟာမြေရိုင်းပါရမီရှင် စာရင်း၏ တိကျသောအဆင့်သတ်မှတ်ချက် ဖြစ်နိုင်မည် မဟုတ်ပေ။

လူတိုင်းက ပြောဆို ဆွေးနွေးနေကြစဥ်မှာပင် ရင်ပြင်အထက်ရှိ မဟာမြေရိုင်းနတ်ဘုရင်၏ အသံသည် တစ်ဖန် ပဲ့တင်ထပ်လာခဲ့သည်။

“ပလ္လင်ပေါ်မှာ ပါရမီရှင်၃၆‌ယောက်လုံး အသီးသီး နေရာယူပြီးပြီ ဆိုတော့ စိန်ခေါ်ပွဲကို စတင်တော့မယ်.. ပါရမီရှင်တွေအနေနဲ့ မဟာမြေရိုင်း တံဆိပ်ပြား ၁၀ခုကို သုံးစွဲပြီး တစ်ကြိမ် စိန်ခေါ်ခွင့်ကို ရရှိနိုင်တယ်.. စိန်ခေါ်ပွဲမှာ အနိုင်ရရင် တစ်ဖက်လူရဲ့နေရာကို အစားထိုးရရှိမယ်”

မဟာမြေရိုင်းနတ်ဘုရင်၏ ခန့်ညားသော အသံသည် ပတ်ဝန်းကျင်ရှိ အသံအားလုံးကို ချက်ချင်းဆိုသလို ဖိနှိပ်လိုက်သည်။

မဟာမြေရိုင်း နတ်ဘုရင်ထံမှ စည်းမျဥ်းများကို ကြားလျှင် ပလ္လင်ပေါ်ရှိ ပါရမီရှင် ၃၆ယောက်သည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

လက်ရှိ ရထားသော အဆင့်ကို မကျေနပ်သူ အချို့သည် ပိုမိုမြင့်မားသော အဆင့်ကို ရောက်ရှိရန် စိုင်းပြင်း နေခဲ့ကြသည်။

ပြိုင်ပွဲ၏ ပထမအဆင့်တွင် မဟာမြေရိုင်း တံဆိပ်ပြားကို အာရုံမစိုက်ခဲ့မိသူများသည် စိတ်နှလုံးထဲတွင် နောင်တအပြည့် ရရှိနေခဲ့ကြ၏။

မှန်ပါသည်။ ၎င်းတို့ထက် စိတ်ပျက်လက်ပျက် အားငယ်သူများမှာ ကံကောင်းထောက်မစွာဖြင့် မြင့်မားသော နေရာများကို ရရှိထားသူများ ဖြစ်ကြသည်။

သူတို့က စိန်ခေါ်ပွဲ စတင်သည်နှင့် သူတို့၏ နေရာကို ထိန်းထားရန် ခက်ခဲနိုင်ဖွယ် ရှိ၏။

မဟာမြေရိုင်း နတ်ဘုရင်၏ စည်းမျဥ်းများကိုကြားလျှင် ကျန်းချန်သည် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

သူက ဤစည်းမျဥ်းကို စိတ်ရင်းကနေ သဘောတူခဲ့၏။

ပြိုင်ပွဲ၏ ပထမအဆင့်တွင် မဟာမြေရိုင်း တံဆိပ်ပြား ၁၀ခုကို ရရှိထားသူသည် အားနည်းသူ မဟုတ်သည်မှာ သေချာ၏။

ဤလူများကို စိန်ခေါ်ခွင့် ပေးလိုက်ခြင်းဖြင့် မည်သူမှ ကံကောင်း၍ နေရာရနိုင်မည် မဟုတ်တော့ပေ။

ယင်းအပြင် မဟာမြေရိုင်းပါရမီရှင် စာရင်း၏ အဆင့်သတ်မှတ်ချက်သည်လည်း ပိုမို၍ တိကျလာနိုင်ဖွယ် ရှိသည် မဟုတ်ပါလော။

“ဟားဟား ထိပ်ဆုံး၁၀နေရာကို ရရှိဖို့ အခွင့်အရေးမရှိတော့ဘူးလို့ ထင်ခဲ့မိတာ.. ဒါပေမဲ့ ဘုရားသခင်က ငါ့ကို ကူညီခဲ့တာပဲ.. ဖန့်ချန်း မင်းက ငါ့ထက် ခြေတစ်လှမ်းစောပြီး အဆင့်၁၀ ပလ္လင်မှာ ထိုင်နိုင်တာနဲ့ပဲ အဲဒီနေရာက မင်းရဲ့အပိုင်လို့ ထင်မနေနဲ့.. မင်းကို စိန်ခေါ်ဖို့အတွက် မဟာမြေရိုင်း တံဆိပ်ပြား ၁၀ခုကို သုံးစွဲမယ်.. ချက်ချင်းထွက်လာပြီး ငါနဲ့တိုက်ခိုက်စမ်း”

ထိုအချိန်မှာပင် ၁၁ ခုမြောက် ပုလ္လင် နေရာမှ ဆံပင်ရွှေရောင်နှင့် လူငယ်သည် ဒုတိယတန်းကနေ ချက်ချင်းဆိုသလို ပျံသန်းလာခဲ့ပြီး ရင်ပြင်၏ အလယ်ဗဟို ဆီသို့ ဆင်းသက်လိုက်သည်။

သူ၏ မျက်ဝန်းများက တိုက်ခိုက်လိုက်စိတ်များဖြင့် ပြည့်နှက်နေခဲ့ပြီး ၁၀ခုမြောက် ပလ္လင်ပေါ်ရှိ ဝတ်စုံဖြူဝတ်ပုံရိပ်ဆီသို့ စူးရှစွာ ကျရောက်နေခဲ့သည်။

ဤဆံပင်ရွှေရောင်နှင့်လူငယ်သည် နာမည်ကျော်ကြားသော နယ်မြေနတ်ဘုရား အင်အားစုဖြစ်သည့် ကျင့်ရွှယ်မျိုးနွယ်စု၏ နံပါတ်(၁)ပါရမီရှင် ကျင့်ရှောင် ဖြစ်သည်။

သူစိန်ခေါ်ခဲ့သည့်လူမှာ ထျန်ဟဲဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင် ဖန့်ချန်း ဖြစ်သည်။

ကျင့်ရှောင်က သူ့ကို စိန်ခေါ်နေသည်အားမြင်လျှင် ဖန့်ချန်းသည် အပိုစကားများ ပြောမနေ‌တော့ဘဲ အဖြူရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲကာ ကျင့်ရှောင်၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။

“ကျင့်ရှောင်.. မင်းက ငါ့နေရာကို လိုချင်တာလား.. ကောင်းပြီလေ မင်းမှာ အဲလို စွမ်းရည်ရှိမရှိ ကြည့်ရသေးတာပေါ့”

ဖန့်ချန်းက အေးစက်စက် ရေရွတ်လိုက်သည်။

ယင်းနောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ်၏ အရှိန်အဝါသည် ရင်ပြင်တစ်ခုလုံးကို ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့သည်။

သူ၏ခန္ဓာကိုယ်မှ သန့်ရှင်းစင်ကြယ်သော စွမ်းအားများသည် အဆုံးသတ်တွင် သူ၏ ကျောဘက်၌ ဧရာမ ကြိုးကြာဖြူတစ်ကောင် အဖြစ် စုစည်းသွားခဲ့သည်။

ဖန့်ချန်းက တိုက်ပွဲနှင့်ပတ်သက်၍ မည်သည့် ဝှက်ဖဲများကိုမှ ထိန်ချန်ထားခြင်း မရှိခဲ့ဘဲ နတ်ခန္ဓာပုံရိပ်ကို ထုတ်ဖော်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကျင့်ရှောင်သည်လည်း ကြောက်မက်ဖွယ်ရာကောင်းသော ရွှေရောင်မိုးကြိုးကို ထုတ်ဖော်လိုက်၏။

“ဝုန်း..”

သန့်ရှင်းစင်ကြယ်သော အရှိန်အဝါများ ကိန်းအောင်းနေသည့် ကြိုးကြာဖြူနှင့် ကမ္ဘာကိုပင် ဖျက်ဆီးနိုင်လောက်သော စွမ်းအားများ ပါဝင်နေသည့် ရွှေရောင်မိုးကြိုးတို့က ထိပ်တိုက်ဆုံတွေ့သွားခဲ့ပြီး ကောင်းကင်ယံတွင် ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့သည်။

“နှစ်ယောက်လုံးက အရမ်းကို သန်မာတာပဲ.. မဟာမြေရိုင်းပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံး၁၀ နေရာ တိုက်ပွဲနဲ့ ထိုက်တန်ပါပေတယ်”

လူတိုင်းက သူတို့ အရှေ့မှ တိုက်ပွဲကို ကြည့်ရှုကာ ရေရွတ်လိုက်ကြသည်။

“မဟာမြေရိုင်းနယ်မြေရဲ့ ထိပ်တန်းပါရမီရှင်တွေက တကယ်ကို ထူးခြားတာပဲ”

ရင်ပြင်အလယ်ရှိ နှစ်ဦးမှ ပေါက်ကွဲထွက်လာသော စွမ်းအားကို မြင်တွေ့ရလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်သာ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်တွင် ရှိနေသေးလျှင် ထိုနှစ်ဦးကို အနိုင်ယူရန်အတွက် အတော်လေး အားထုတ်ရလိမ့်မည် ဖြစ်၏။

“ဟားဟား ထျန်ဟဲဂိုဏ်းရဲ့ ကြိုးကြာဖြူ နည်းစနစ်က နာမည်ကျော်ကြားသလောက်လည်း မဟုတ်ပါလား”

ကျင့်ရှောင်က ဖန့်ချန်း၏ နတ်ခန္ဓာပုံရိပ်ကို ရင်ဆိုင်ပြီးနောက်တွင် ခပ်ထေ့ထေ့ လှောင်ရယ်လိုက်သည်။

သူ၏ ကျယ်လောင်သော လှောင်ရယ်သံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

မကြာမီမှာပင် သူ၏ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီး ရွှေနဂါး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုရွှေနဂါးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို သယ်ဆောင်ကာ ပျံသန်းလာခဲ့၏။

ထိုမြင်ကွင်းကိုမြင်လျှင် ဖန့်ချန်း၏ မျက်နှာသည် လေးနက်သွားခဲ့၏။

သူ၏ ခန္ဓာကိုယ်ကနေ သန့်ရှင်းစင်ကြယ်သော အရှိန်အဝါများသည် လျင်မြန်စွာ‌ ပေါက်ကွဲထွက်လာခဲ့သည်။

ဤအချိန်တွင် သူ၏ မျက်ဝန်းသည် ရှေးနတ်ဘုရား တစ်ပါးကဲ့သို့ တောက်ပနေခဲ့၏။

ဖန့်ချန်းက သူတို့ ထျန်ဟဲဂိုဏ်း၏ နာမည်ကျော် လက်ဝါးသိုင်းဖြစ်သေ ကြိုးကြာနတ်ဘုရား လက်ဝါးသိုင်းကို ထုတ်ဖော်ကာ ကျင့်ရှောင်၏ ရွှေနဂါးကို ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ကြောက်မက်ဖွယ်ရာ ကောင်းသော အင်အားနှစ်ခုသည် ချက်ချင်းဆိုသလိုပင် ထိပ်တိုက် ဆုံတွေ့သွားကြပြီး အဖျက်စွမ်းအားသည် အရပ်လေးမျက်နှာသို့ ချက်ချင်းဆိုသလိုပင် တိုက်ခတ်သွားခဲ့သည်။

အခန်း(၁၉၁၃)ပြီး၏။

အခန်း(၁၉၁၄)

“ညီနောင်ကျန်းချန် ဘယ်သူနိုင်မယ်လို့ ထင်လဲ”

တိုက်ပွဲဝင်နေသည့် နှစ်ဦးကိုကြည့်ရင်း မိုကျင့်လဲ့က သူ၏ နံဘေးရှိ ကျန်းချန်ကို ပြုံးရွှင်စွာ မေးလိုက်သည်။

“နှစ်ဦးလုံးရဲ့ခွန်အားက တူညီသလောက်ပဲ ကျင့်ရှောင်က အသာစီးရနေပုံ ပေါ်နေပေမဲ့လည်း အချိန်တိုအတွင်း အနိုင်မရခဲ့ရင် ရှုံးနိမ့်လိမ့်မယ်လို့ ထင်တယ်”

ကျန်းချန်က သူ၏အမြင်ကို ထုတ်ဖော် ပြောဆိုလိုက်သည်။

ကျန်းချန်၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားလျှင် မိုကျင့်လဲ့၏ စိတ်ထဲတွင် ကျန်းချန်ကို ပို၍ပင် အရေးထားလာခဲ့သည်။

ကျင့်ရွှယ်မျိုးနွယ်စုမှ ကျင့်ရှောင်သည် အလွန်ပင်သန်မာပြီး ဓားပညာရပ်တွင် ကျွမ်းကျင်သည်။

သူက ဖန့်ချန်းကို အချိန်တိုအတွင်း လုံးဝအသာစီး ယူနိုင်ခဲ့သော်လည်း ထိုကဲ့သို့ ထိုးစစ်မျိုးသည် သူ့ကို ပိုမို၍ လျင်မြန်စွာ အားအင်ကုန်ဆုံးစေလိမ့်မည် ဖြစ်၏။

ထို့ကြောင့် ဖန့်ချန်းကို အချိန်တိုအတွင်း အနိုင်မယူနိုင်ခဲ့လျှင် ရှုံးနိမ့်သူမှာ ကျင့်ရှောင် ဖြစ်သွားနိုင်ပေသည်။

တကယ်လည်း ကျန်းချန် မှန်းဆထားသကဲ့သို့ပင် ကျင့်ရှောင်သည် ဖန့်ချန်းနှင့် တိုက်ခိုက်ရင်း တဖြည်းဖြည်း ခွန်အားကုန်ခမ်းလာခဲ့သည်။

အဆုံးသတ်တွင် ဖန့်ချန်း၏ ကြိုးကြာနတ်ဘုရား လက်ချက်သည် ကျင့်ရှောင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့ပြီး ကျင့်ရှောင်ကို ရှုံးနိမ့်သွားစေခဲ့သည်။

“ကျင့်ရှောင်.. မင်း ငါ့နေရာကို ယူဖို့ အရည်အချင်း မပြည့်မီသေးဘူး”

ဖန့်ချန်းက ကျင့်ရှောင်ကို မထီမဲ့မြင် ကြည့်ကာ ရေရွတ်လိုက်၏။

ထို့နောက်တွင် သူက ၁၀ ခုမြောက်ဘက် ပလ္လင်ထံသို့ ချက်ချင်းဆိုသလို ပြန်သွားခဲ့သည်။

ကျင့်ရှောင်က လက်သီးများကို တင်းကျပ်စွာ ဆုပ်လိုက်၏။

ထွက်ခွာသွားသော ဖန့်ချန်းကို ကြည့်နေသည့် သူ၏အကြည့်သည် မီးလျှံများ ထွက်လုမတတ်ပင် ဖြစ်နေခဲ့သည်။

သူက မကျေမနပ် အမူအရာဖြင့်ပင် ၁၁ခုမြောက် ပလ္လင်ထံသို့ ပြန်သွားခဲ့ရသည်။

စိန်ခေါ်ပွဲများက ဆက်လက် ဖြစ်ပေါ်လာခဲ့သည်။

ပြိုင်ပွဲ၏ ပထမအဆင့်တွင် မဟာမြေရိုင်းတံဆိပ်ပြား ၁၀ခု ရရှိထားသူများသည် တစ်ဦးပြီးတစ်ဦး စိန်ခေါ်ခဲ့ကြသည်။

တိုက်ပွဲအချို့ ပြီးစီးသောအခါတွင် အထွတ်အထိပ်ပလ္လင်၏ ဒုတိယတန်းနှင့် တတိယတန်း၏ အဆင့်သတ်မှတ်ချက်များသည် များစွာ ပြောင်းလဲသွားခဲ့၏။

အထူးသဖြင့် အေးခဲမြစ်ဂိုဏ်းမှ မိုကျိဟန်သည် အဆင့်၂၃ကနေ အဆင့်၁၈ နေရာသို့ တစ်ဟုန်ထိုး ရောက်ရှိလာခဲ့သည်။

စိန်ခေါ်မှုက အလွန်တရာ ပြင်းထန်သော်လည်း ဖန့်ချန်းကို ကျင့်ရှောင်က စိန်ခေါ်ခဲ့သည့် တစ်ကြိမ်မှ လွဲလျှင် ပထမတန်းရှိ ပလ္လင်ပေါ်မှ လူ၁၀ဦးသည် အခြေခံအားဖြင့် နေရာမရွေ့ဘဲ ရှိနေခဲ့သည်။

စင်စစ် ပထမတန်းမှာ ၁၀ဦးအနက် အထွတ်အထိပ်နတ်အလင်းတန်းကို စုစည်းထားသည့်ကျန်းချန်တို့ လေးဦးကလွဲလျှင် ကျန်ခြောက်ဦးစလုံးသည် မဟာမြေရိုင်းနယ်မြေအတွင်းရှိ နာမည်ကျော် ပါရမီရှင်များ ဖြစ်သောကြောင့် တစ်ဦးကိုတစ်ဦး စိန်ခေါ်ရန် အလွယ်တကူ မဝံ့ရဲခဲ့ကြပေ။

ထို့အပြင် ထို ၁၀ဦးအနက် ကျန်းချန်တို့ လေးယောက်မှလွဲလျှင် ကျန် ခြောက်ဦးစလုံးသည် ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ခွန်အားချင်းလည်း သိပ်မကွာခြားကြပေ။

စိန်‌ခေါ်မှုက ကံကောင်းထောက်မစွာဖြင့် အောင်မြင်သွားခဲ့လျှင်ပင် အဆင့် တစ်နေရာ သို့မဟုတ် နှစ်နေရာလောက် မြှင့်တင်ရန် အတွက် အဖိုးအခ ကြီးမားစွာ ပေးဆပ်ရလိမ့်မည်ဖြစ်၏။

မတော်တဆ ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး အခြားသူများ၏ စိန်ခေါ်ခြင်းကို ထပ်မံခံရလျှင် ထိပ်ဆုံး ၁၀နေရာကိုပင် မထိန်းသိမ်းနိုင်တော့ဘဲ အကျိုးထက် အပြစ်က ပိုမိုများပြားလာလိမ့်မည် မဟုတ်ပါလား။

မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပထမအဆင့်တွင် မဟာမြေရိုင်းတံဆိပ်ပြား ၁၀ခု စုဆောင်းနိုင်သူများသည် များများစားစား မရှိ၍ သိပ်မကြာခင်မှာပင် စိန်ခေါ်ပွဲက ပြီးဆုံးသွားခဲ့သည်။

မည်သူ တစ်ဦးတစ်ယောက်ကမှ ထပ်မံ စိန်ခေါ်ခြင်း မရှိတော့သည်ကို မြင်လျှင် စတုတ္ထ ပလ္လင်ပေါ်ရှိ လုချန်ချင်းသည် အဆုံးသတ်တွင် လှုပ်ရှားလာခဲ့သည်။

သူက အပြာရောင် ဓားအလင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရင်ပြင်၏ ဗဟိုတွင် ပေါ်လာခဲ့သည်။

ထို့နောက်တွင် ဓားကဲ့သို့ ထက်ရှသော မျက်ဝန်းများဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်၏။

သူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။

“ကျန်းချန်.. အထွတ်အထိပ်ပလ္လင်ရဲ့ ပထမနေရာက မင်းနဲ့မတန်ဘူး.. ထွက်လာပြီး ငါနဲ့ တိုက်ခိုက်စမ်း”

လုချန်ချင်း၏ စကားကိုကြားလျှင် လူတိုင်း၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားကြသည်။

လုချန်ချင်းသည် ယာယီ ပထမနေရာတွင် ရှိနေသော ကျန်းချန်ကို စိန်ခေါ်နေပါသလော။

လုချန်ချင်းက ပထမနေရာတွင် ယာယီရှိနေသည့် ကျန်းချန်အား စိန်ခေါ်နေသည်ကို မြင်လျှင် လူတိုင်းသည် အံ့အားသင့်သွားကြသည်။

ဤနှစ်ယောက်တွင် တစ်ယောက်က ချင်းမင်ဓားဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် ဖြစ်ပြီး လက်ရှိတွင် ယာယီ စတုတ္ထအဆင့်အဖြစ် သတ်မှတ်ခံထားရသည်။

နောက်တစ်ယောက်ကမူ မဟာမြေရိုင်းပါရမီရှင် ပြိုင်ပွဲ၏ အကြီးမားဆုံး ဖျက်မြင်း ဖြစ်ပြီး နံပါတ်(၁)နေရာကိုပင် ရယူရန် စိုင်းပြင်းနေသူ ဖြစ်သည်။

ထိုနှစ်ဦးစလုံးသည် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပထမအဆင့်တွင် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်ခဲ့သော ပါရမီရှင်များလည်း ဖြစ်ကြသည်။

ထို့ကြောင့် ဤတိုက်ပွဲသည် အလွန်ပင် စိတ်လှုပ်ရှားစရာကောင်းမည်မှာ သေချာသလောက်ပင်။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရင်ပြင်အလယ်ဗဟို ဆီသို့ ပထမ ပလ္လင်ကနေ ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့သည်။

သူက လုချန်ချင်းကို မထီမဲ့မြင်ကြည့်ကာ ခပ်ထေ့ထေ့ ပြောလိုက်သည်။

“လုချန်ချင်း မင်းက ငါ့ရဲ့လက်ထဲမှာ ရှုံးနိမ့်ခဲ့တဲ့ အရှုံးသမားတစ်ယောက်ပဲ.. ငါ့ကို စိန်ခေါ်ဖို့အတွက် ဘယ်ကနေ သတ္တိတွေရလာသလဲဆိုတာ ငါတကယ် သိချင်မိတယ်”

“ဘယ်လို”

လူတိုင်းက ကျန်းချန်၏ စကားကိုကြားလျှင် အသက်ရှူရပ်မတတ် ဖြစ်သွားကြသည်။

လုချန်ချင်းသည် ကျန်းချန်ထံတွင် ရှုံးနိမ့်ခဲ့ပါသလော။

ဤစကားသည် ပထမအဆင့်တွင် နှစ်ယောက်သား တိုက်ခိုက်ခဲ့ကြပြီး လုချန်ချင်းက ရှုံးနိမ့်ခဲ့သည်ဟု ဆိုလိုနေခဲ့သည်။

ကျန်းချန်၏ စကားကိုကြားလျှင် မိုကျင့်လဲ့ ပင်လျှင် အံ့အားသင့်သွားခဲ့သည်။

ကျန်းချန် ဒုတိယမြောက် နတ်အလင်းတန်းကို စုစည်းလိုက်စဥ်တွင် ကျန်းချန်နှင့် အခြားသူတစ်ယောက် တိုက်ခိုက်သည်ကို သူ သတိပြုမိခဲ့သည်။

ကျန်းချန်နှင့် တိုက်ခိုက်ခဲ့သူမှာ လုချန်ချင်း ဖြစ်နိုင်ဖွယ်ရှိသည်။

မိုကျင့်လဲ့သည် လုချန်ချင်းက ဓားလမ်းစဥ်တွင် မည်မျှ ပေါက်မြောက် အောင်မြင်ထားကြောင်း သိရှိထားခဲ့သည်။

သူ ကိုယ်တိုင်ပင်လျှင် လုချန်ချင်းကို အနိုင်ယူချင်လျှင် အားထုတ်မှုများစွာ လိုအပ်လိမ့်မည် ဖြစ်၏။

ထို့ကြောင့် ကျန်းချန်၏ ခွန်အားသည် သူထင်ထားသည်ထက်ပင် အနည်းငယ်ပို၍ အားကောင်းနေဖွယ် ရှိသည်။

“ကျန်းချန် အဲဒီနေ့က ငါထွက်မသွားခဲ့ရင် မင်း ငါ့ကို အလွယ်တကူ အနိုင်ယူနိုင်မယ်လို့ ထင်နေလား.. ဒီနေ့တော့ ငါလုချန်ချင်းက ငါ့ရဲ့ စစ်မှန်တဲ့ခွန်အားကို ပြသပေးမယ်”

လုချန်ချင်းက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

သူ၏ မဟာကောင်းကင်နတ်ဘုရား အရှိန်အဝါသည် လေထုတွင် ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့၏။

လုချန်ချင်းက ကမ္ဘာ့စွမ်းအား ၇မျိုးကို အကန့်အသတ် အထိ ထုတ်ဖော်လိုက်သောအခါ အပြာရောင်ကမ္ဘာ တစ်ခုသည် သူ၏ နောက်ကျောကနေ ထွက်ပေါ်လာခဲ့သည်။

တဖြည်းဖြည်းနှင့် ထိုအပြာရောင်ကမ္ဘာသည် ဆင့်ကဲပြောင်းလဲလာခဲ့ပြီး ဧရာမ အပြာရောင်ဓား အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဒါက နယ်မြေနတ်ဘုရားရဲ့ မူလဇာစ်မြစ် တစ်ပိုင်းပဲ”

အပြာရောင်ကမ္ဘာကြီး၏ ပြောင်းလဲမှုများကို ခံစားမိလျှင် လူတိုင်း၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

ကောင်းကင်နတ်ဘုရားအဆင့်တွင် ကမ္ဘာ့စွမ်းအား ၆မျိုးကို ပိုင်ဆိုင်ပြီးလျှင် ၎င်းတို့ကို တစ်ခုတည်း အဖြစ် စုစည်းကာ စွမ်းအားအသစ်ကို ဖန်တီးနိုင်မည် ဖြစ်သည်။

ထိုစွမ်းအားကို နယ်မြေနတ်ဘုရား၏ မူလဇာစ်မြစ်ဟု ခေါ်ဆိုကြ၏။

ထို့ကြောင့် နယ်မြေနတ်ဘုရား၏ မူလဇာစ်မြစ် ထွက်ပေါ်လာခြင်းသည် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ခြင်း၏ လက္ခဏာရပ်ပင် ဖြစ်သည်။

ယခုအခါတွင် လုချန်ချင်း၏ ကမ္ဘာ့စွမ်းအား ၇မျိုးသည် တဖြည်းဖြည်း ပေါင်းစည်းလာခဲ့ပြီး စွမ်းအားအသစ် အဖြစ်သို့ ပြောင်းလဲနေခဲ့သည်။

ဤပြောင်းလဲမှုသည် လုံးဝ ပြီးပြည့်စုံသောအဆင့်အထိ မရောက်ရှိသေးသော်လည်း ယင်းကို နယ်မြေနတ်ဘုရား၏ မူလဇာစ်မြစ်တစ်စိတ်တစ်ပိုင်းဟု ခေါ်ဆိုနိုင်နေပြီဖြစ်၏။

ဆိုရလျှင် လုချန်ချင်းသည် နယ်မြေနတ်ဘုရားအဆင့်သို့ တစ်လှမ်းဝင်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

သူ၏ နယ်မြေနတ်ဘုရား မူလဇာစ်မြစ်သာ ပြီးပြည့်စုံသော အဆင့်အထိ ပြောင်းလဲသွားခဲ့လျှင် နယ်မြေနတ်ဘုရား ကပ်ဘေး ဖြစ်ပေါ်လာပြီး လုချန်ချင်းသည် စစ်မှန်သော နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်လာနိုင်ပေသည်။

“လုချန်ချင်းက မူလဇာစ်မြစ် တစ်စိတ်တစ်ပိုင်းကိုတောင် ပြောင်းလဲပြီးပြီလို့ ငါမထင်ထားခဲ့ဘူး.. ဒီအတိုင်းဆို ညီနောင်ကျန်းချန် အခက်တွေ့ပြီထင်တယ်”

သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း မိုကျင့်လဲ့၏ မျက်ဝန်းထဲတွင် စိတ်ဝင်စားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

လက်ရှိအချိန်တွင် လုချန်ချင်းသည် စစ်မှန်သော နယ်မြေနတ်ဘုရားများထက် များစွာ အားနည်းသော်လည်း ကောင်းကင်နတ်ဘုရား အဆင့်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေပြီ ဖြစ်၏။

သူကိုယ်တိုင်ပင်လျှင် လုချန်ချင်းနှင့် ရင်ဆိုင်နေရလျှင် အဖိုးအခ ကြီးမားစွာ ပေးဆပ်ရပေလိမ့်မည်။

“ကျန်းချန် ငါက နယ်မြေနတ်ဘုရား အဆင့်ကို ခြေတစ်လှမ်းချထားပြီးပြီ.. ငါ့ရဲ့ ကမ္ဘာ့စွမ်အား ၇မျိုးနဲ့ စုစည်းထားတဲ့ နယ်မြေနတ်ဘုရားနဲ့ မူလဇာစ်မြစ် တစ်စိတ်တစ်ပိုင်းကို မင်းဘယ်လို ခုခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့”

လုချန်ချင်းက ကျန်းချန်ကို အေးစက်သော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်ကာ ရေရွတ်လိုက်၏။

ထို့နောက်တွင် သူ၏ ကျောဘက်မှ ဧရာမ အပြာရောင်ဓားသည် ကောင်းကင်ကိုပင် ပိုင်းဖြတ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအားကို သယ်‌ဆောင်ကာ ကျန်းချန်ဆီသို့ ဦးတည်လာခဲ့သည်။

အခန်း(၁၉၁၄)ပြီး၏။

All Chapters