အခန်း (၁၉၁၅-၁၉၁၆)
Vol. 132 Ch. 1915-1916
အခန်း(၁၉၁၅)
လုချန်ချင်းက နယ်မြေနတ်ဘုရား၏ မူလဇာစ်မြစ်ကိုပင် တစ်စိတ်တစ်ပိုင်း ပြောင်းလဲနိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။
ဤပုံအတိုင်းဆိုလျှင် ယခုတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင်စာရင်း၏ နံပါတ်(၁)နေရာကိုပင် ရရှိနိုင်ခြေ ရှိသည်။
လုချန်ချင်း၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် မဟာမြေရိုင်းနတ်ဂိုဏ်းမှ မိုကျင့်လဲ့ပင်လျှင် တားဆီးရန် မလွယ်ကူသည် ဖြစ်ရာ ထိုကောင်လေး ရှုံးနိမ့်မည်မှာ သေချာသလောက်ပင်။
လူတိုင်းက လုချန်ချင်း၏ တိုက်ခိုက်မှုကိုမြင်လျှင် ကျန်းချန်ကို ကရုဏာသက်သော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။
လုချန်ချင်းသည် လမ်းစဥ် ၇မျိုး၏ စွမ်းအားကို ပိုင်ဆိုင်ထားသော မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်၍ နယ်မြေနတ်ဘုရားနှင့်ပင် ယှဥ်နိုင်သော ခွန်အားရှိသည်။
ထို့အပြင် နယ်မြေနတ်ဘုရား၏ မူလဇာစ်မြစ်ကို တစ်စိတ်တစ်ပိုင်းအထိ ပြောင်းလဲထားနိုင်သောကြောင့် လုချန်ချင်း၏ တိုက်ခိုက်နိုင်စွမ်းသည် အဆပေါင်းများစွာ ကြောက်မက်ဖွယ်ကောင်းလာခဲ့ပြီး သာမန် နယ်မြေနတ်ဘုရားများ၏ စွမ်းအားထက်ပင် ကျော်လွန်နေခဲ့သည်။
ကျန်းချန်က ဤတစ်ကြိမ် ပြိုင်ပွဲ၏ အကြီးမားဆုံး ဖျက်မြင်းဖြစ်သော်လည်း လုချန်ချင်း၏ နယ်မြေနတ်ဘုရား မူလဇာစ်မြစ် တစ်စိတ်တစ်ပိုင်း စွမ်းအားဖြင့် တိုက်ခိုက်မှုကို ခုခံနိုင်လောက်မည် မဟုတ်ဟု လူတိုင်းက ခန့်မှန်းခဲ့ကြသည်။
ဤအချိန်တွင် ကျန်းချန်သည် လုချန်ချင်း၏ နယ်မြေနတ်ဘုရား မူလဇာစ်မြစ် တစ်စိတ်တစ်ပိုင်း စွမ်းအားဖြင့် ဖန်တီးထားသော ဓားကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။
ထို့နောက်တွင် သူ၏ ခပ်ထေ့ထေ့လှောင်ရယ်သံသည် ချက်ချင်းဆိုသလို ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
“ဟားဟား လုချန်ချင်း မင်းက နယ်မြေနတ်ဘုရား အဆင့်ကိုတောင် ခြေတစ်လှမ်း ချထားပြီးပြီကိုး.. ဒါက တကယ်ပဲ ငါ့ကို အံ့အားသင့်စေတယ်.. ဒါပေမဲ့ မင်းအနေနဲ့ စစ်မှန်တဲ့ နယ်မြေနတ်ဘုရားအဆင့်ကို ရောက်ရှိသွားရင်တောင် ငါက မင်းကို ဂရုစိုက်နေမှာ မဟုတ်ဘူး.. ဘာလို့လည်းဆိုတော့ ငါမင်းကို အရင်က နိုင်သလို အခုလည်း အနိုင်ရမှာ မို့လို့ပဲ”
စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ တောက်ပသော ရွှေရောင်အလင်းသည် နေမင်း၏ အလင်းရောင်ကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
ခဏအကြာတွင် အဆုံးမဲ့ မြင့်မြတ်သော စွမ်အားများကို ထုတ်လွှတ်နေသည့် ဧရာမ ရွှေရောင် ပန်းချီကားလိပ် တစ်ချပ်သည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် စုစည်းလာခဲ့သည်။
ထိုပန်းချီကားလိပ်ထဲတွင် ကျယ်ပြောပြီး ထာဝရတည်တံ့နေသော နတ်နဂါးမြို့တော် တည်ရှိနေ၏။
ထိုနတ်နဂါးမြို့တော်၏ အထက် လေထုတွင် မိုင်ထောင်ပေါင်းများစွာကို လွှမ်းမိုးထားသည့် ကြောက်မက်ဖွယ်ရာစွမ်းအားများကို ထုတ်လွှတ်နေသော ကမ္ဘာဦး မဟာနဂါးတစ်ကောင်က ပျံဝဲနေခဲ့သည်။
ထိုကမ္ဘာဦးမဟာနဂါး၏ ခန္ဓာကိုယ်ကနေ မည်သည့်အခါမှ မသေနိုင်သော ထာဝရ အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
ကျန်းချန်၏ ဦးခေါင်းအထက်မှ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်ကို မြင်လျှင် အောက်ဘက်ရှိ နယ်မြေနတ်ဘုရားများစွာသည် တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရသည်။
“မမျှော်လင့်ဘဲ မဟာမြေရိုင်းနယ်မြေထဲမှာ ထူးခြားတဲ့ပါရမီရှင်တစ်ယောက် ရှိနေပါလား”
ရင်ပြင်အထက်ရှိ လေထုထဲမှ မဟာမြေရိုင်းနတ်ဘုရင်သည် အောက်ဘက်မှ တိုက်ပွဲကို ကြည့်နေခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် အံ့သြသော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
နတ်ဘုရင်တစ်ပါး အနေဖြင့် မဟာမြေရိုင်းနတ်ဘုရင်၏ အမြင်အာရုံသည် အလွန်ပင် စူးရှသည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် ကျန်းချန် ထုတ်ဖော်ခဲ့သည်မှာ သိုင်းစွမ်းအားပုံရိပ်မှန်း မဟာမြေရိုင်းနတ်ဘုရင်က သိရှိခဲ့၏။
နတ်ဘုရားနယ်မြေတွင် အနည်းဆုံး နယ်မြေနတ်ဘုရားအဆင့်ကျင့်စဥ်များမှသာလျှင် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်နိုင်သည်။
နယ်မြေနတ်ဘုရားအဆင့် ကျင့်စဥ်များသည် သိုင်းစွမ်းအားပုံရိပ် တစ်ခုကိုသာ ထုတ်ဖော်နိုင်ပြီး နတ်ဘုရင်တစ်ပိုင်းအဆင့်ကျင့်စဥ်များသည် ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်နိုင်မည်ဖြစ်၏။
စစ်မှန်သော နတ်ဘုရင်အဆင့် ကျင့်စဥ်များကမူ တတိယမြောက် သိုင်းစွမ်းအား ပုံရိပ်ကို ထုတ်ဖော်နိုင်စွမ်း ရှိသည်။
သူ၏ မြင်နိုင်စွမ်းအရ ကျန်းချန် ထုတ်ဖော်လိုက်သည့် သိုင်းစွမ်းအားပုံရိပ်သည် တတိယမြောက် သိုင်းစွမ်းအားပုံရိပ် ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ကျန်းချန်ဟု ခေါ်သည့် ကောင်လေးသည် စစ်မှန်သည့် နတ်ဘုရင်အဆင့် ကျင့်စဥ်ကို ကျင့်ကြံထားခြင်းပင်။
ထို့အပြင် ထိုကောင်လေး ကျင့်ကြံထားသော နတ်ဘုရင်အဆင့် ကျင့်စဥ်သည် သူတို့ မဟာမြေရိုင်းနတ်ဂိုဏ်း၏ ဖျက်ဆီးခြင်း၈ပါး နတ်ဘုရင်အဆင့် ကျင့်စဥ်ထက်ပင် ပို၍ အစွမ်းထက်သော ကျင့်စဥ် ဖြစ်နေခဲ့သည်။
“ဖိနှိပ်စမ်း”
လူတိုင်းက ကျန်းချန် စုစည်းထားသည့် လျှို့ဝှက်ဆန်းကြယ်သောပုံရိပ်ကြောင့် အံ့သြထိတ်လန့်နေစဥ်မှာပင် ကျန်းချန်၏ ကြုံးဝါးသံသည် လေထုထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်သည် နတ်ဘုရင်အဆင့် အင်အားစုဖြစ်သည့် မဟာနဂါးနန်းတော်၏ အထွတ်အထိပ်ကျင့်စဥ် ဖြစ်သည်။
မဟာကောင်းကင်နတ်ဘုရား အဆင့်ကို မထိုးဖောက်မီက ကျန်းချန်သည် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်၏ သိုင်းစွမ်းအားပုံရိပ်ကို ဒုတိယအဆင့်အထိသာ ထုတ်ဖော်နိုင်ခဲ့၏။
ယခုအခါတွင် ကျန်းချန်သည် မဟာကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်ရှိသွားခဲ့ပြီး နယ်မြေနတ်ဘုရားနှင့်ပင် နှိုင်းယှဥ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ချေပြီ။
ထို့ကြောင့် သူက ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ တတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။
ပုံမှန်အားဖြင့် ကျန်းချန်သည် တတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို အသုံးပြုရန် မစဥ်းစားထားခဲ့ပေ။
သို့သော်လည်း လုချန်ချင်း၏ အစွမ်းထက်လှသော နယ်မြေနတ်ဘုရား မူလဇာစ်မြစ် တစ်စိတ်တစ်ပိုင်း စွမ်းအားနှင့် ရင်ဆိုင်ရသောအခါတွင်မူ ကျန်းချန်သည် တတိယမြောက် သိုင်းစွမ်းအား ပုံရိပ်ကို ထုတ်ဖော်ရန် ဆုံးဖြတ်လိုက်သည်။
“ဂရား..”
လောက တစ်ခုလုံးကို လွှမ်းမိုးသွားသော နဂါးဟိန်းသံသည် ရွှေရောင်ပန်းချီကားလိပ် ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဝုန်း..”
ယင်းနောက်တွင် ရွှေရောင်ပန်းချီကားလိပ်သည် ကမ္ဘာလောကကို ဖိနှိပ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအားကို သယ်ဆောင်ကာ လုချန်ချင်း၏ နယ်မြေနတ်ဘုရား မူလဇာစ်မြစ် တစ်စိတ်တစ်ပိုင်းကနေ ဖွဲ့စည်းထားသော ဧရာမ အပြာရောင်ဓားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ရင်ပြင်တစ်ခုလုံးသည် အဆုံးမဲ့ စွမ်းအားများဖြင့် ပြည့်နှက်သွားခဲ့ပြီး နေရာလွတ်များက ဆက်တိုက်ဆိုသလို ပြိုကျကာ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။
ဤရင်ပြင်သာ မဟာမြေရိုင်းနတ်ဘုရင် ဖန်တီးထားသော ရင်ပြင် မဟုတ်ခဲ့လျှင် မိုင်ထောင်ပေါင်းများစွာ နေရာလွတ်တစ်ခုလုံးသည် တစ်ခဏအတွင်း ဘာမှကျန်ရှိတော့မည်မဟုတ်ပေ။
“သိပ်ကိုကြောက်ဖို့ ကောင်းလိုက်တဲ့ ထိပ်တိုက် ရင်ဆိုင်မှုပါလား”
မဟာမြေရိုင်းနယ်မြေမှ ကျင့်ကြံသူများသည် တိုက်ပွဲကို ကြည့်ရှုကာ အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။
နှစ်ဦးစလုံးသည် မဟာမြေရိုင်းနယ်မြေ၏ ထိပ်တန်းပါရမီရှင်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်မှု ရှိကြသည်။
နယ်မြေနတ်ဘုရားများလျှင်ပင် ထိုနှစ်ယောက်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် အသာစီးယူခြင်းကို ခံရလောက်၏။
“ဒီကောင့်ရဲ့ ခွန်အားက ဒီလောက်အထိ သန်မာနေမယ်လို့ မထင်ထားခဲ့မိဘူး”
၂၅ခုမြောက် ပလ္လင်ပေါ်ရှိ ကုန်းလင်သည် လုချန်ချင်းနှင့် တိုက်ခိုက်နေသည့် ကျန်းချန်ကို ကြည့်ကာ ရင်ထဲတွင် ခါးသီးစွာ ပြုံးလိုက်သည်။
ဟန်ယွဲ့နန်းတော်မှ သိုင်းပြိုင်ပွဲတွင် သူက ကျန်းချန်ကို လုံးဝ အလေးအနက်မထားခဲ့ပေ။
သို့သော်လည်း ကျန်းချန်က သူ့ကို အပြတ်အသတ် အနိုင်ယူခဲ့ပြီး ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁)ပါရမီရှင် ဖြစ်သည့် သူ၏ နေရာကို အစားထိုးသွားခဲ့သည်။
ဤနောက်ပိုင်းတွင် သူက အပတ်တကုတ် ကြိုးစားလေ့ကျင့်ခဲ့ပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ထိုးဖောက်အောင်မြင်သွားခဲ့ရာ ကျန်းချန်နှင့် ရင်ဆိုင်ဖို့ လုံလောက်ပြီဟု ထင်မှတ်ခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် အေးခဲမြစ်ဂိုဏ်းမှ မိုကျိဟန်နှင့် တိုက်ခိုက်ခဲ့ပြီး မဟာကောင်းကင် နတ်ဘုရား၏ စွမ်းအားကို ထုတ်ဖော်ကာ မိုကျိဟန်၏ နယ်မြေနတ်ဘုရား သလင်းကျောက်ကိုပင် အနိုင်ယူခဲ့သည်။
ယခုအခါတွင်လည်း ကျန်းချန်သည် နယ်မြေနတ်ဘုရား၏ မူလဇာစ်မြစ် တစ်စိတ်တစ်ပိုင်းကို ပြောင်းလဲထားပြီ ဖြစ်သော လုချန်ချင်းနှင့် ရင်ဆိုင်ရာတွင် အောက်စည်းသို့ ရောက်မနေခဲ့ပေ။
ထို့ကြောင့် သူနှင့် ကျန်းချန်တို့ ကြားရှိ ခြားနားချက်မှာ မိုင်ပေါင်း တစ်သောင်းကျော်လောက် ဖြစ်နိုင်ခြေ ရှိသည်။
သို့သော်လည်း ကုန်းလင်သည် စိတ်ဓာတ်ကျမသွားဘဲ တိုက်ခိုက်လိုစိတ်များ အလွန်အမင်း ပြင်းပြလာခဲ့သည်။
ဤတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် သူသည် ပြိုင်ဘက်ကင်း ကျင့်စဥ် တစ်ခုကို ရရှိခဲ့သည်။
ထိုကျင့်စဥ်ကိုသာ လေ့ကျင့် အောင်မြင်ခဲ့လျှင် ကျန်းချန်ထံမှ သူ ဆုံရှုံးရသမျှကို ၁၀ဆ ပြန်လည်ရယူမည်ဟု တေးမှတ်ထားလိုက်သည်။
လူတိုင်းက ကျန်းချန်တို့နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုကြောင့် အံ့အားသင့်နေသော အချိန်မှာပင် လေထုထဲ၌ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သိပ်မကြာမီမှာပင် လုချန်ချင်း၏ နယ်မြေနတ်ဘုရား၏ မူလဇာစ်မြစ် တစ်စိတ်တစ်ပိုင်းကနေ စုစည်းထားသော ဧရာမအပြာရောင်ဓားသည် ကျန်းချန်၏ ပန်းချီကားလိပ်ကို အဆုံးသတ်တွင် ခံနိုင်ရည် မရှိတော့ဘဲ လေထုထဲ၌ တိုက်ရိုက်ပေါက်ကွဲထွက်သွားသည်ကို အားလုံးက မြင်လိုက်ရသည်။
“ဖူး..”
ဧရာမ အပြာရောင်ဓား ပေါက်ကွဲထွက်သွားပြီးနောက်တွင် လုချန်ချင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ကာ ပေရာပေါင်းများစွာအထိ လွင့်စင်သွားခဲ့သည်။
လုချန်ချင်းက သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို မနည်း တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်တွင် တအံ့တသြ ရေရွတ်လိုက်သည်။
“တတိယမြောက် သိုင်းစွမ်းအားပုံရိပ်ပါလား မင်း မင်းက တကယ်ပဲ စစ်မှန်တဲ့ နတ်ဘုရင်အဆင့် ကျင့်စဥ်ကို ကျင့်ကြံထားတယ်လား”
ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော လုချန်ချင်း၏ မျက်ဝန်းများတွင် မယုံကြည်နိုင်သည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
မကြာသေးမီက မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပထမအဆင့်တွင် သူက ကျန်းချန်နှင့် တိုက်ခိုက်ခဲ့သေးသည်။
ထိုတိုက်ပွဲတွင် ကျန်းချန်သည် သိုင်းစွမ်းအားပုံရိပ် နှစ်ခုကို ထုတ်ဖော်ခဲ့ပြီး သူ၏ သိုင်းစွမ်းအားပုံရိပ်ကို ချေဖျက်ခဲ့သည်။
ယခုတစ်ခေါက်တွင် ကျန်းချန် ထုတ်ဖော်ထားသော သိုင်းစွမ်းအားပုံရိပ်သည် ထိုအချိန်က ထုတ်ဖော်ခဲ့သော သိုင်းစွမ်းအားပုံရိပ်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေခဲ့၏။
သံသယဝင်စရာ မရှိလောက်အောင်ပင် ကျန်းချန် ယခုထုတ်ဖော်ခဲ့သော သိုင်းစွမ်းအားပုံရိပ်သည် နတ်ဘုရင်အဆင့်ကျင့်စဥ်မှသာ ထုတ်ဖော်နိုင်သည့် တတိယမြောက်သိုင်းစွမ်းအား ပုံရိပ်ပင် ဖြစ်သည်။
ဤအချိန်တွင် လုချန်ချင်းသည် ကျန်းချန်က သူ၏ နတ်ဘုရင်တစ်ပိုင်း အဆင့်ကျင့်စဥ် ဖြစ်သည့် ချင်းမင်ဓားကျမ်းမှ သိုင်းစွမ်းအားပုံရိပ်ကို အဘယ်ကြောင့် လွှမ်းမိုးနိုင်ခဲ့မှန်း နားလည်သွားခဲ့သည်။
စင်စစ် ကျန်းချန် လေ့ကျင့်ထားသည်မှာ စစ်မှန်သော နတ်ဘုရင်အဆင့် ကျင့်စဥ် ဖြစ်နေခဲ့ခြင်းကြောင့်ပင်။
အခန်း(၁၉၁၅)ပြီး၏။
အခန်း(၁၉၁၆)
“တတိယမြောက်သိုင်းစွမ်းအားပုံရိပ်ပါလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လူတိုင်းက ရင်ပြင်အလယ်ဗဟိုရှိ ကျန်းချန်ကို ကြည့်နေခဲ့ကြသည်။
သူတို့၏ မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
နတ်ဘုရင်အဆင့် ကျင့်စဥ်များသည် နတ်ဘုရားနယ်မြေမှာပင် အလွန်တရာ ရှားပါးလှသည်။
မဟာမြေရိုင်း နယ်မြေ တစ်ခုလုံးမှာပင် မဟာမြေရိုင်းနတ်ဂိုဏ်း တစ်ဂိုဏ်းတည်းသာ နတ်ဘုရင်အဆင့် ကျင့်စဥ်ကို ပိုင်ဆိုင်ထားခဲ့၏။
ချင်းမင်ဓားဂိုဏ်းနှင့် တာအိုပုစ္ဆာဂိုဏ်း ကဲ့သို့ အခြားသောထိပ်တန်း နယ်မြေနတ်ဘုရား အင်အားစုများပင်လျှင် နတ်ဘုရင်တစ်ပိုင်းအဆင့် ကျင့်စဥ်ကိုသာ ပိုင်ဆိုင်ထားခဲ့သည်။
ထို့ကြောင့် ကျန်းချန်၏ ကျင့်စဥ်က စစ်မှန်သော နတ်ဘုရင်အဆင့်ကျင့်စဥ် ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ကြပေ။
“လုချန်ချင်း.. ငါမင်းကို အရင်တစ်ခေါက်က အနိုင်ယူနိုင်ခဲ့သလို အခုလည်း အနိုင်ယူနိုင်တယ်လို့ ပြောခဲ့သားပဲ.. ဘယ်လိုလဲ.. မင်းငါနဲ့ ထပ်တိုက်ဦးမှာလား”
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာရပ်နေရင်း လုချန်ချင်းကို ထီမထင်ဟန်ဖြင့် မေးလိုက်သည်။
လုချန်ချင်း၏ မျက်နှာက သုန်မှုန်နေခဲ့ပြီး ကျန်းချန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ စတုတ္ထပလ္လင် ဆီသို့ ပြန်သွားခဲ့သည်။
ကျန်းချန်၏ ခွန်အားသည် သူစိတ်ကူးထားသည်ထက်ကို လုံးဝ ကျော်လွန်နေခဲ့၏။
သူက မူလဇာစ်မြစ် တစ်စိတ်တစ်ပိုင်း စွမ်းအားကို အသုံးပြုခဲ့သော်လည်း ကျန်းချန်ကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
သူကိုယ်တိုင်ကမူ ကျန်းချန်၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
ထို့ကြောင့် ဆက်လက် တိုက်ခိုက်နေလျှင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲရုံသာ ရှိလိမ့်မည် မဟုတ်ပါလား။
“နယ်မြေနတ်ဘုရားအဆင့်ကို ခြေလှမ်းတစ်ဝက်လောက် ခြေချထားတဲ့ လုချန်ချင်းကိုတောင် ကျန်းချန်က အနိုင်ယူသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
မဟာမြေရိုင်းနယ်မြေမှ ကျင့်ကြံသူ များစွာသည် ထိုမြင်ကွင်းကို မြင်လျှင် သက်ပြင်းချကာ ရေရွတ်လိုက်ကြသည်။
ထိုလူငယ်က ပြိုင်ပွဲ၏ အကြီးမားဆုံး ဖျက်မြင်း ဖြစ်သော်လည်း မဟာမြေရိုင်းပါရမီရှင်စာရင်း၏ နံပါတ်(၁)ပင် ဖြစ်လာနိုင်ဖွယ် ရှိနေ၏။
ကျန်းချန်က လူတိုင်း၏ အကြည့်ကို လျစ်လျူရှုလိုက်ပြီး ဒုတိယပလ္လင် ပေါ်ရှိ မိုကျင့်လဲ့ကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
“ညီနောင်မို.. ပထမနေရာအတွက် မင်းလွယ်လွယ်နဲ့လက်လျှော့မှာ မဟုတ်ဘူးလို့ ငါထင်တယ်.. ဘယ်လိုလဲ.. မင်းငါနဲ့ ယှဥ်ပြိုင်ဖို့ ဆန္ဒရှိလား”
“ဒါဆိုလည်း အားမနာတော့ဘူး ညီနောင်ကျန်းချန်”
မိုကျင့်လဲ့က စိတ်ရင်းဖြင့် ပြုံးလိုက်ပြီး ရင်ပြင်၏ အလယ်ဗဟို ဆီသို့ လျှောက်လာခဲ့သည်။
ဤအခိုက်အတန့်တွင် အားလုံး၏ အကြည့်သည် သူတို့နှစ်ဦးပေါ်သို့ ကျရောက်သွားခဲ့ကြသည်။
မိုကျင့်လဲ့သည် မဟာမြေရိုင်း နယ်မြေ၏ တစ်ဦးတည်းသော နတ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် မဟာမြေရိုင်းနတ်ဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင် ဖြစ်ပြီး ယခုနှစ် မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် ပထမ နေရာကို ရရှိနိုင်သည့် အလားအလာ အများဆုံးသူလည်း ဖြစ်သည်။
ကျန်းချန်ကမူ လုချန်ချင်း ကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင်ပင် မယှဥ်နိုင်သည့် ယခုတစ်ကြိမ် ပြိုင်ပွဲ၏ အကြီးမားဆုံး ဖျက်မြင်းတစ်ကောင် ဖြစ်၏။
ဆိုရလျှင် သူတို့နှစ်ဦး၏ တိုက်ပွဲသည် ဤတစ်ကြိမ် ကျင်းပပြုလုပ်သည့် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ အထွတ်အထိပ် ပြိုင်ပွဲ ဆိုလည်း မမှားပေ။
ကြီးမားသော ဖျက်မြင်း ဖြစ်သည့် ကျန်းချန်သည် မဟာမြေရိုင်းနတ်ဂိုဏ်းမှ နံပါတ်(၁) ပါရမီရှင် မိုကျင့်လဲ့ကို အနိုင်ယူကာ မဟာမြေရိုင်းပါရမီရှင် စာရင်း၏ ပထမနေရာကို ရယူနိုင်မနိုင် လူတိုင်းက သိချင်နေခဲ့ကြသည်။
မိုကျင့်လဲ့က ကျန်းချန်နှင့် မီတာ ၁၀၀ အကွာသို့ ရောက်လာပြီးနောက်တွင် ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
“ညီနောင်ကျန်းချန်.. ဂရုစိုက်ပါ.. မင်းက ငါ့အပေါ် ကျေးဇူးရှိပေမဲ့ ဒီမဟာမြေရိုင်းပါရမီရှင် စာရင်းရဲ့ ပထမနေရာကိုတော့ အလွယ်တကူ လက်လွှတ်ခံမှာ မဟုတ်ဘူး.. ပထမနေရာအတွက် ငါတို့တွေ ခွန်အားနဲ့ပဲ စကားပြောကြတာပေါ့”
ထိုစကားကိုကြားလျှင် ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့.. ပထမနေရာအတွက် ငါအစွမ်းကုန် ကြိုးစားမှာပါ”
“ကောင်းပြီ ဒါဆိုလည်း တိုက်ခိုက်ကြစို့”
စကားဆုံးသည်နှင့် မိုကျင့်လဲ့၏ မျက်ဝန်းထဲကနေ မိုးကြိုးနတ်အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးက ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး မရင်းနှီးသော နေရာတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
“ဒါက ဝိညာဥ်နယ်မြေလား”
သူက ဤနေရာတွင် ဝိညာဥ်ခန္ဓာကိုယ်ဖြင့် ပေါ်လာသည်ကို မြင်လျှင် ကျန်းချန် အနည်းငယ် အံ့အားသင့်ကာ ရေရွတ်လိုက်သည်။
“ဟုတ်တယ် ဒါက ငါဖန်တီးထားတဲ့ ဝိညာဥ်နယ်မြေပဲ.. ငါတို့ မဟာမြေရိုင်းနတ်ဂိုဏ်းမှာ ဝိညာဥ်နတ်ဘုရားစစ်မြေပြင် လို့ ခေါ်တဲ့ ပြိုင်ဘက်ကင်းနည်းစနစ် တစ်ခုရှိတယ်.. ဒီနည်းစနစ်ကို ထုတ်ဖော်လိုက်တာနဲ့ ပြိုင်ဘက်က ငါဖန်တီးထားတဲ့ ဝိညာဥ်နယ်မြေထဲကို ကျရောက်သွားမှာပဲ”
ထိုအချိန်မှာပင် မိုကျင့်လဲ့၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
သူက ကျန်းချန်ကို ပြုံး၍ ရှင်းပြလိုက်သည်။
“ဒီဝိညာဥ်နယ်မြေမှာ ဝိညာဥ် ခန္ဓာကိုယ်နဲ့ တိုက်ခိုက်မယ် ဆိုရင် ငါ့မှာ လုံးဝ အားသာချက်ရှိတယ်.. ညီနောင်ကျန်းချန် ဂရုစိုက်ပါ”
ထိုစကားကိုကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“စိတ်ဝင်စားစရာပဲ.. ငါတို့ စလိုက်ရအောင်”
“ကောင်းပြီ”
စကားဆုံးသည်နှင့် မိုကျင့်လဲ့၏ ခန္ဓာကိုယ်ကနေ အနက်ရောင်မိုးကြိုးများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကျန်းချန်ဆီသို့ ဦးတည်လာခဲ့သည်။
ထိုကြောက်မက်ဖွယ် အနက်ရောင်မိုးကြိုးသည် ကျန်းချန် ရှိနေသည့် နေရာလွတ်ကို ဖျက်ဆီးပစ်တော့မည့် အလား ဖြစ်နေခဲ့၏။
“ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်.. ဖျက်ဆီးစမ်း”
ကျန်းချန်က လက်ဟန်များကို ထုတ်ဖော်လိုက်ပြီး လူသားဧကရာဇ် စည်းတံဆိပ်ကို ထုတ်ဖော်လိုက်ရာ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ကောင်းကင်ယံကနေ ဆင်းသက်လာခဲ့ပြီး အနက်ရောင်မိုးကြိုးများကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ကျန်းချန်နှင့် မိုကျင့်လဲ့တို့က ဝိညာဥ်နယ်မြေတွင် ထိပ်တိုက်ရင်ဆိုင်နေကြသော်လည်း ပြင်ပကမ္ဘာတွင် သူတို့နှစ်ယောက်သည် မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားခဲ့ကြပြီး မလှုပ်မယှက် ရပ်နေခဲ့ကြသည်။
“ဘာလို့ သူတို့နှစ်ယောက်က မတိုက်ခိုက်ဘဲ ဒီအတိုင်း ရပ်နေကြတာလဲ”
ကျင့်ကြံသူများက သူတို့နှစ်ဦး၏ လုပ်ရပ်ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်နေခဲ့ကြသည်။
“သူတို့က ရင်ဆိုင် တိုက်ခိုက်နေကြပြီ.. ဒါပေမဲ့ သူတို့ တိုက်ခိုက်တာက ပုံမှန် တိုက်ခိုက်တာမျိုး မဟုတ်ဘူး”
နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ဦးက ကျန်းချန်တို့နှစ်ဦးကို အသေအချာ အကဲခတ်ပြီးနောက်တွင် လေးနက်စွာ ပြောလိုက်သည်။
“ငါသိထားသလောက် မဟာမြေရိုင်းနတ်ဂိုဏ်းမှာ ပြိုင်ဘက်ကင်းတိုက်ခိုက်ရေးနည်းစနစ် တစ်ခုရှိတယ်...အဲဒီနည်းလမ်းကို ဝိညာဥ်နတ်ဘုရားစစ်မြေပြင် လို့ခေါ်တယ်.. ဒီနည်းလမ်းကို ထုတ်သုံးလိုက်တာနဲ့ ပြိုင်ဘက်တွေကို ဝိညာဥ်နယ်မြေထဲ ဆွဲသွင်းပြီး အသာစီး ရယူတိုက်ခိုက်နိုင်တယ်”
“ဒါဆို သူတို့နှစ်ယောက်က ဝိညာဥ်ခန္ဓာကိုယ်နဲ့ တိုက်ခိုက်နေတာပေါ့”
လူတိုင်းက တအံ့တသြ ဖြစ်နေကြသည်။
ဝိညာဥ်ခန္ဓာကိုယ်ဖြင့် တိုက်ခိုက်မှုသည် ပုံမှန် တိုက်ခိုက်မှုထက် အဆပေါင်းများစွာ ပို၍ အန္တရာယ်ရှိသည်။
ယေဘုယျအားဖြင့် ကျင့်ကြံသူ အများအပြားသည် ဝိညာဥ်ခန္ဓာကိုယ်ဖြင့် တိုက်ခိုက်မှုမျိုးကို အလွယ်တကူ စတင်လေ့မရှိပေ။
သို့သော် မဟာမြေရိုင်းနတ်ဂိုဏ်းကမူ ကွာခြား၏။
မဟာမြေရိုင်းနယ်မြေတွင် သမိုင်းကြောင်း ရှည်လျားစွာရှိသည့် တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစုအနေဖြင့် မဟာမြေရိုင်းနတ်ဂိုဏ်း၏ အမွေအနှစ်သည် အလွန်တရာပင် ကြွယ်ဝသည်။
ဝိညာဥ်နတ်ဘုရား စစ်မြေပြင် တိုက်ခိုက်ရေး နည်းစနစ်သည် မဟာမြေရိုင်းနတ်ဂိုဏ်း၏ ထိပ်တန်း အမွေအနှစ်များထဲမှ တစ်ခု ဖြစ်သည်။
ဤပြိုင်ဘက်ကင်း တိုက်ခိုက်ရေးနည်းစနစ်သည် မဟာမြေရိုင်းနယ်မြေတွင် ပြိုင်ဘက်ကင်းသော နည်းစနစ်လည်းဖြစ်သည်။
ကျင့်ကြံခြင်း အဆင့်တူခြင်း ဆိုလျှင် မည်သူမဆို မဟာမြေရိုင်းနတ်ဂိုဏ်း၏ ဝိညာဥ်နတ်ဘုရားစစ်မြေပြင် ထဲသို့ ကျရောက်နေသမျှ ကာလပတ်လုံး အရှုံးနှင့်သာ သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။
ထို့ကြောင့် ကျန်းချန်သည် မိုကျင့်လဲ့ကို ဝိညာဥ်ခန္ဓာကိုယ်ဖြင့် အနိုင်ယူရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် ကျန်းချန်တို့ နှစ်ဦးသည် ရင်ပြင်အလယ်တွင် မျက်နှာချင်းဆိုင်ကာ မလှုပ်မယှက် ရပ်နေခဲ့ကြသည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး အချိန်မည်မျှ ကြာသွားမှန်းကိုပင် မသိတော့ပေ။
လှုပ်ရှားမှုမရှိဘဲ ရပ်နေသော နှစ်ဦးသည် အဆုံးသတ်တွင် အနည်းငယ် အပြောင်းအလဲ ဖြစ်လာခဲ့သည်။
သူတို့နှစ်ဦး၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်လာကြပြီး ဖြူဖျော့သော အမူအရာများသည် သူတို့၏ မျက်နှာထက်တွင် ပေါ်လာခဲ့သည်။
အဆုံးသတ်တွင် သူတို့နှစ်ဦးသည် ပြင်းထန်သော ထိုးနှက်ချက်ကို ခံစားလိုက်ရသကဲ့သို့ တစ်ချိန်တည်းမှာပင် နောက်ဆုတ်သွားခဲ့ကြသည်။
“ဖူး..”
မိုကျင့်လဲ့က ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ခြေဆယ်လှမ်းကျော်ခန့် နောက်ဆုတ်သွားခဲ့ရ၏။
ကျန်းချန်ကမူ ခြေသုံးလှမ်းခန့်သာ နောက်ဆုတ်ခဲ့ရသည်။
ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော မိုကျင့်လဲ့၏ မျက်ဝန်းထဲ၌ အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
“ငါ့ရဲ့ ဝိညာဥ်နတ်ဘုရား စစ်မြေပြင် တိုက်ကွက်ကို ချိုးဖျက်နိုင်တယ် ဆိုတော့ ညီနောင်ကျန်းချန်က တကယ့်ကို သာမန်မဟုတ်ဘူးပဲ”
မိုကျင့်လဲ့က ခေါင်းခါရမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
ထို့နောက် သူက ကျန်းချန်ကို ချီးကျူးသော အမူအရာဖြင့် ကြည့်ကာ စိတ်ရင်းဖြင့် ပြောလိုက်သည်။
“ညီနောင်ကျန်းချန်က တကယ်ကို အစွမ်းထက်ပါပေတယ်.. ဒီတိုက်ပွဲမှာ ငါ့ရဲ့အရှုံးကို ဝန်ခံပါတယ်”
အခန်း(၁၉၁၆)ပြီး၏။