အခန်း (၁၉၁၇-၁၉၁၈)
Vol. 132 Ch. 1917-1918
အခန်း(၁၉၁၇)
ဝိညာဥ်ခန္ဓာကိုယ်ဖြင့် တိုက်ခိုက်ပြီးနောက်တွင် မိုကျင့်လဲ့သည် ကျန်းချန်နှင့် ဆက်လက် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ပေ။
အဆုံးသတ်တွင် ဝိညာဥ်နတ်ဘုရားစစ်မြေပြင် နည်းစနစ်သည် မဟာမြေရိုင်းနတ်ဂိုဏ်း၏ ပြိုင်ဘက်ကင်း နည်းစနစ် ဖြစ်သည်။
ဤနည်းစနစ်ဖြင့် သူက ကျန်းချန်ကို ဝိညာဥ်နယ်မြေထဲ ဆွဲသွင်းခဲ့ပြီး အသာစီး တိုက်ခိုက်နိုင်မည့် အခွင့်အရေးအား ရယူထားခဲ့သည်။
သို့သော်လည်း ဤကဲ့သို့ အခြေအနေမျိုးပင် သူက အနည်းငယ်မျှ အသာစီး မရခဲ့ရုံသာမက ကျန်းချန်၏ တိုက်ခိုက်မှုကြောင့် သူဖန်တီးထားသည့် ဝိညာဥ်နယ်မြေသည်ပင် ပြိုကွဲသွားခဲ့ရသည်။
ဝိညာဥ်နတ်ဘုရားစစ်မြေပြင် ကဲ့သို့ တိုက်ခိုက်ရေးနည်းလမ်းဖြင့်ပင် ကျန်းချန်ကို ရှုံးနိမ့်ခဲ့လျှင် ပုံမှန်တိုက်ပွဲတွင် ကျန်းချန်ကို အနိုင်ရရန် အခွင့်အရေးသည် ၃၀ ရာခိုင်နှုန်းထက်ပင် မကျော်လွန်နိုင်ပေ။
ထို့ကြောင့် မိုကျင့်လဲ့က တိုက်ပွဲကို ဆက်လက် တိုက်ခိုက်ရန် မလိုအပ်တော့ဟု ဆုံးဖြတ်လိုက်ခြင်းပင်။
“ဘာ..”
“ဘယ်လို..”
“မိုကျင့်လဲ့က တကယ်ပဲ အရှုံးပေးလိုက်ပြီလား”
မိုကျင့်လဲ့က ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်သည်ကို မြင်လျှင် လူတိုင်းသည် သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လုနီးပါး ဖြစ်နေခဲ့ကြသည်။
မဟာမြေရိုင်းပါရမီရှင် စာရင်း၏ ပထမနေရာကို မဟာမြေရိုင်းနတ်ဂိုဏ်းမှ တပည့်များသာ အမြဲတစေ လွှမ်းမိုးထားခဲ့သည်။
သို့သော်လည်း ဤတစ်ကြိမ် ပြိုင်ပွဲတွင် ကျန်းချန်သည် အကြီးကျယ်ဆုံး ဖျက်မြင်းတစ်ကောင် ဖြစ်လာခဲ့ပြီး မဟာမြေရိုင်း ပါရမီရှင်စာရင်း၏ ပထမနေရာကိုပင် ရရှိခဲ့သည်။
“ဒါက အရမ်းကို မယုံကြည်နိုင်စရာပဲ”
အရှုံးကို ဝန်ခံလိုက်ပြီးနောက်တွင် မိုကျင့်လဲ့သည် ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုလိုက်သည်။
ကျန်းချန်သည် အဆင့်နိမ့်နယ်မြေမှ နတ်ဘုရားနယ်မြေသို့ ရောက်လာရာတွင် ပါရမီရှင်များစွာနှင့် ကြုံတွေ့ခဲ့ရဖူးသည်။
သို့သော်လည်း သူကြုံတွေ့ဖူးသမျှ ပါရမီရှင်ထဲတွင် သူ၏ ရှေ့မှ မိုကျင့်လဲ့သည် အစွမ်းအထက်ဆုံး ပါရမီရှင် ဖြစ်သည်။
မိုကျင့်လဲ့သည် ကဏ္ဍများစွာတွင် သူ့ထက်များစွာ နိမ့်ကျခြင်းမရှိပေ။
သူ၏ မျက်နှာထက်တွင် တည်ငြိမ် အေးဆေးနေသော်လည်း တကယ်တမ်းတွင် မိုကျင့်လဲ့နှင့် ဝိညာဥ်ခန္ဓာချင်း တိုက်ပွဲ၌ အစွမ်းကုန် တိုက်ခိုက်ခဲ့ရသည်။
ဝိညာဥ်ခန္ဓာချင်း တိုက်ပွဲတွင် မိုကျင့်လဲ့သည် သူ့ကို အခွင့်အရေး များစွာ မယူနိုင်ခဲ့ပေ။
အကြောင်းအရင်းမှာ သူ၏ လက်ထဲရှိ အသက်သစ်ကိုင်းကြောင့်ပင် ဖြစ်သည်။
သူက မိုကျင့်လဲ့၏ ဝိညာဥ်နယ်မြေထဲတွင် ရောက်ရှိသွားခဲ့သည့်တိုင် သူ၏ စွမ်းအားများကို ဆက်တိုက်ဆိုသလို ပြန်လည် ရရှိခဲ့သည်။
ထို့ကြောင့်လည်း မိုကျင့်လဲ့ကို တဖြည်းဖြည်း အသာစီးရလာခဲ့ကာ အဆုံးသတ်တွင် ဝိညာဥ်နယ်မြေကို ချိုးဖျက်နိုင်ခဲ့ခြင်းပင်။
“ညီနောင်ကျန်းချန်ရဲ့ ခွန်အားက တကယ်ကို ထူးခြားဆန်းကြယ်တာပဲ.. ဆက်ပြီးတိုက်ခိုက်နေလို့လည်း ငါ့အနေနဲ့ အနိုင်ရဖို့ အခွင့်အလမ်း မရှိဘူး”
မိုကျင့်လဲ့က ပြုံး၍ ပြောလိုက်သည်။
“ညီနောင်ကျန်းချန်.. တိုက်ပွဲလည်း ပြီးပြီဆိုတော့ ကိုယ့်နေရာကိုယ် ပြန်ကြရအောင်”
“ကောင်းပြီ”
ကျန်းချန်က ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။
ထို့နောက်တွင် သူတို့နှစ်ဦးသည် ဘေးချင်းယှဥ်၍ လျှောက်လာကြပြီး သက်ဆိုင်ရာ ပလ္လင်များ ဆီသို့ ပြန်သွားကြသည်။
ကျန်းချန်တို့ နှစ်ဦး၏ တိုက်ပွဲပြီးဆုံးသွားပြီးနောက်တွင် ရင်ပြင်တစ်ခုလုံးသည် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
ထပ်မံ စိန်ခေါ်မည့်သူများလည်း ထွက်ပေါ်မလာတော့ပေ။
အဆုံးသတ်တွင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပထမအဆင့်၌ မဟာမြေရိုင်း တံဆိပ်ပြားကို အရေအတွက် ၁၀ခုအထိ စုဆောင်းနိုင်သူများမှာ မများလှပေ။
ထိုသူအားလုံးသည် တစ်ကြိမ် စိန်ခေါ်ခဲ့ပြီးပြီ ဖြစ်သည်။
မှန်ပါသည်။ ပါရမီရှင် ၃၆ဦးတွင် မဟာမြေရိုင်း တံဆိပ်ပြားကို အရေအတွက် ၂၀ အထိ စုဆောင်းထားနိုင်သည့် နောက်ထပ်တစ်ကြိမ် စိန်ခေါ်ခွင့်ရှိသူများ မရှားပေ။
သို့သော်လည်း ၎င်းတို့သည် အဆင့်မြင့် နေရာများတွင် ရှိနေကြပြီးသား ဖြစ်၍ သူတို့ အဆင့်ထက်မှ ပြိုင်ဘက်များကို စိန်ခေါ်ရန် မဖြစ်နိုင်သလောက်ပင်။
ရင်ပြင်တစ်ခုလုံးက လုံးဝ တိတ်ဆိတ်နေခဲ့ပြီး ၁၅မိနစ်ခန့် ကြာပြီးနောက်တွင် မဟာမြေရိုင်းနတ်ဘုရင်၏ အောင်မြင်ခန့်ညားသော အသံသည် ရင်ပြင်အထက်ကနေ ပျံ့လွင့်လာခဲ့၏။
“မဟာမြေရိုင်းပါရမီရှင် ပြိုင်ပွဲ ပြီးဆုံးသွားပြီ.. ပါရမီရှင် ၃၆ဦးအတွက် စားသောက်ပွဲ တစ်ပွဲ အခုပဲ ငါကျင်းပပေးမယ်”
မဟာမြေရိုင်းနတ်ဘုရင်၏ အသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာသည်နှင့် အမျှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အံ့သြတုန်လှုပ်သွားခဲ့ကြသည်။
ပုံမှန်အားဖြင့် မဟာမြေရိုင်းနတ်ဘုရင် စားသောက်ပွဲသည် မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် ပါဝင်သော ပါရမီရှင် ၃၆ဦး အတွက် မဟာမြေရိုင်းနတ်ဘုရားမှ သီးသန့်တည်ခင်းဧည့်ခံသော စားသောက်ပွဲ ဖြစ်သည်။
မဟာမြေရိုင်းနယ်မြေမှ နယ်မြေနတ်ဘုရားများစွာပင် ထိုစားသောက်ပွဲကို မျက်မြင် မတွေ့ခဲ့ဖူးပေ။
ယခုတစ်ကြိမ်တွင်မူ တက်ရောက်လာကြသော ကျင့်ကြံသူအားလုံးသည် မဟာမြေရိုင်းနတ်ဘုရင် စားသောက်ပွဲကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရပေတော့မည်။
ဤအချိန်တွင် ပလ္လင်ပေါ်ရှိ ပါရမီရှင် ၃၆ဦး၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
“စတုတ္ထတန်းအတွက် တည်ခင်းပေးမယ်”
မဟာမြေရိုင်း နတ်ဘုရင်က သူ၏ လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ သူ၏ ကျောဘက်ရှိ နေရာလွတ်သည် ရုတ်တရက် ပုံပျက်သွားခဲ့ပြီး အဖြူရောင် လှိုင်းတွန့်များ ဖြစ်ပေါ်သွားခဲ့သည်။
ယင်းနောက်တွင် အဖြူရောင် လှိုင်းတွန့်များ ကြားကနေ အမျိုးအမည် မသိရသော ပစ္စည်းဖြင့် ပြုလုပ်ထားသော ကျောက်စိမ်းဗန်း ခြောက်ခုသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုကျောက်စိမ်းဗန်း တစ်ခုစီတွင် ကျောက်စိမ်းခွက် တစ်ခွက်စီ ပါရှိ၏။
ကျောက်စိမ်းဗန်းများသည် စတုတ္ထထပ်ရှိ ပါရမီရှင် ခြောက်ဦး၏ ရှေ့သို့ ပျံဝဲလာခဲ့သည်။
ကျန်းချန်က စိတ်ဝင်တစားဖြင့် ကျောက်စိမ်းဗန်း ပေါ်ရှိ ကျောက်စိမ်းခွက်ကို အကဲခတ်လိုက်သည်။
ကျောက်စိမ်းခွက်ထဲတွင် မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရသည့် ကြည်လင်သော အဖြူရောင်ဟင်းချို တစ်ဝက်ခန့် ရှိနေခဲ့သည်။
ဟင်းချိုကနေ ခပ်နွေးနွေး အငွေ့များ ပျံ့လွင့်နေခဲ့ပြီး ဟင်းချို၏ လန်းဆန်းသော ရနံ့သည် ရင်ပြင် တစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ကောင်းကင်နတ်ဘုရား အဆင့်သည် နတ်ဘုရားအဆင့်သို့ ကူးပြောင်းရောက်ရှိသွားပြီ ဖြစ်၍ မစားမသောက်ဘဲ နေလျှင်ပင် ပြဿနာမရှိပေ။
သို့သော်လည်း ဤကြည်လင်သော အဖြူရောင်ဟင်းချို၏ ရနံ့ကို ခံစားမိလျှင် ကျန်းချန်သည် အစာ စားချင်စိတ်ကို ခံစားခဲ့ရ၏။
“မဟာမြေရိုင်းပါရမီရှင် စာရင်းရဲ့ အဆင့် ၃၁ကနေ အဆင့် ၃၆ နေရာမှာရှိတဲ့ ပါရမီရှင်တွေ အတွက် မဟာလမ်းစဥ် ဟင်းချိုတစ်ခွက်စီ ချီးမြှင့်ပေးလိုက်တယ်.. ဒီမဟာလမ်းစဥ်ဟင်းချိုက မင်းတို့ရဲ့ ကမ္ဘာ့စွမ်းအားတွေထဲက တစ်မျိုးကို အခြေအနေတွေပေါ် မူတည်ပြီး ပြီးပြည့်စုံတဲ့ အဆင့်အထိ အလျင်အမြန် ရောက်ရှိအောင် ကူညီပေးနိုင်တယ်”
“ဘယ်လို”
“ဟင်းချိုတစ်ခွက်က ကမ္ဘာ့စွမ်းအား တစ်မျိုးကို ပြီးပြည့်စုံတဲ့အဆင့်အထိ ရောက်ရှိစေနိုင်တယ်လား”
လူတိုင်းက မဟာမြေရိုင်းနတ်ဘုရင်၏ ရှင်းပြချက်ကို ကြားလျှင် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။
သိထားရမည့်အချက်မှာ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ဦးအတွက် ကမ္ဘာ့စွမ်းအားကို ပြီးပြည့်စုံသောအဆင့်အထိ ကျင့်ကြံရန်မှာ မလွယ်ကူပေ။
သာမန် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများသည် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း ပြီးပြည့်စုံသော အဆင့်အထိ ရောက်ရှိအောင် မစွမ်းဆောင်နိုင်ကြပေ။
မဟာမြေရိုင်း နယ်မြေရှိ ထိပ်တန်း ပါရမီရှင်များပင် နှစ်ရာချီ ကျင့်ကြံသည့်တိုင် ကမ္ဘာ့စွမ်းအား တစ်မျိုး၊ နှစ်မျိုးလောက်ကိုသာ ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံနိုင်ကြသည်။
ဆိုရလျှင် ဤမဟာလမ်းစဥ် ဟင်းချိုတစ်ခွက်သည် ကျင့်ကြံသည့် အချိန်ကို ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်များစွာ သေချာပေါက် သက်သာစေမည် ဖြစ်၏။
ဤအချိန်တွင် မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် မဝင်ရောက်နိုင်ခဲ့ကြသော ပါရမီရှင်များသည် နောင်တများ ပြည့်နှက်နေခဲ့ကြသည်။
ကျန်းချန်နှင့် မဟာမြေရိုင်းပါရမီရှင် စာရင်းထဲမှ တခြားသောပါရမီရှင်များပင်လျှင် ဤမဟာလမ်းစဥ်ဟင်းချို၏ ဆွဲဆောင်မှုအား မရှောင်လွဲနိုင်ခဲ့ကြပေ။
သူတို့က မဟာလမ်းစဥ်ဟင်းချိုကို တပ်မက်နေခဲ့သော်လည်း သူတို့၏ နှလုံးသားထဲတွင် နောက်ထပ် တည်ခင်းဧည့်ခံမည့် ဟင်းပွဲကို မျှော်လင့်နေခဲ့ကြ၏။
အကြောင်းရင်းမှာ မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် အဆင့်ပိုမြင့်လေလေ ရရှိသော ဟင်းလျာများသည် ပို၍ အဖိုးတန်လေလေ ဖြစ်သောကြောင့်ပင်။
မဟာမြေရိုင်းပါရမီရှင် စာရင်း၏ နောက်ဆုံး ခြောက်ဦးအတွက် ချီးမြှင့်သည့် မဟာလမ်းစဥ်ဟင်းချိုသည်ပင် ဤမျှအထိ အာနိသင် ရှိနေလျှင် အခြားဟင်းလျာများသည် မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းလိုက်ပါမည်နည်း။
အခန်း(၁၉၁၇)ပြီး၏။
အခန်း(၁၉၁၈)
လူတိုင်း၏အကြည့်အောက်မှာပင် မဟာလမ်းစဥ်ဟင်းချိုကိုရရှိထားသည့် ပါရမီရှင် ၆ဦးသည် စိတ်လှုပ်ရှားစွာဖြင့်သောက်သုံးလိုက်ကြသည်။
“ငါ့.. ငါ့ရဲ့မီးကမ္ဘာ စွမ်းအား တိုးတက်သွားခဲ့ပြီ”
၃၂ခုမြောက် ပလ္လင်ပေါ်တွင် ထိုင်နေသော ပါရမီရှင်သည် မဟာလမ်းစဉ်ဟင်းချိုကို သောက်သုံးပြီးနောက်တွင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
သူ၏ မီးကမ္ဘာစွမ်းအားသည် မူလက အလယ်အလတ်အဆင့်တွင်သာ ရှိခဲ့သော်လည်း မဟာလမ်းစဉ်ဟင်းချိုကို သောက်သုံးပြီးနောက်တွင် ချက်ချင်းဆိုသလို အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ပို၍အရေးကြီးသည်မှာ မဟာလမ်းစဉ်ဟင်းချို၏ အာနိသင်သည် လုံးဝ ပျောက်ကွယ်မသွားသေးဘဲ သူ၏ မီးကမ္ဘာစွမ်းအားက ဆက်လက် တိုးတက်နေဆဲ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားနေရခြင်းပင်။
သူ့အနေဖြင့် မဟာလမ်းစဉ်ဟင်းချို၏ အာနိသင်ကို အပြည့်အဝ စုပ်ယူရန် အနည်းဆုံး၂ရက် သို့မဟုတ် ၃ရက်ခန့်ကြာမြင့်ပေလိမ့်မည်။
မဟာလမ်းစဉ်ဟင်းချို၏ စွမ်းအားကို အပြည့်အဝ စုပ်ယူပြီးသည်နှင့် သူ၏ မီးကမ္ဘာစွမ်းအားသည် ပြီးပြည့်စုံသောအဆင့်အထိ ရောက်ရှိသွားမည်မှာ သေချာသလောက် ဖြစ်၏။
ကျန်ပါရမီရှင် ၅ဦးသည်လည်း မဟာလမ်းစဉ်ဟင်းချိုကို သောက်သုံးပြီးနောက်တွင် တိုးတက်မှုများကို ကိုယ်စီ ရရှိခဲ့ကြသည်။
“မဟာမြေရိုင်းနတ်ဘုရင် ကိုယ်တိုင် ပြုလုပ်ထားတဲ့ ဟင်းချိုလို့မပြောရဘူး.. တကယ်ကို အစွမ်းထက်လွန်းတာပဲ အမှန်ပဲ.. ဘယ်လိုဆေးဝါးကမှ မဟာလမ်းစဉ်ဟင်းချို တစ်ခွက်ကို ယှဉ်လို့ရမှာ မဟုတ်ဘူး.. ဒီဟင်းချိုသာ သောက်သုံးခွင့်ရှိရင် အနှစ်တစ်ရာလောက် ကျင့်ကြံရမဲ့အချိန်ကို ခြွေတာနိုင်မှာပဲ”
မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် မပါဝင်နိုင်ခဲ့သည့် ပါရမီရှင်များသည် သက်ပြင်းချကာ ရေရွတ်လိုက်ကြပြီး နောင်တများ ရနေခဲ့ကြသည်။
မဟာမြေရိုင်းပါရမီရှင် စားသောက်ပွဲကို နှစ်တစ်ထောင်တွင်တစ်ကြိမ်သာ ကျင်းပသည်။
ဤတစ်ကြိမ်တွင် သူတို့သည် မဟာမြေရိုင်း ပါရမီရှင် စာရင်းတွင် အဆင့်မမီခဲ့၍ မဟာမြေရိုင်းနတ်ဘုရင် စားသောက်ပွဲတွင် ပါဝင်ရန် အရည်အချင်း မပြည့်မီခဲ့ကြပေ။
သူတို့အားလုံးက မဟာမြေရိုင်းနတ်ဘုရင် တည်ခင်းဧည့်ခံသည့် ဟင်းလျာများကို မက်မောကြသော်လည်း ပြဿနာမရှာရဲကြပေ။
အကြောင်းရင်းမှာ မဟာမြေရိုင်းနတ်ဘုရင် စားသောက်ပွဲကို မဟာမြေရိုင်းနတ်ဘုရင် ကိုယ်တိုင် ကျင်းပသောကြောင့် ဖြစ်သည်။
ရှင်းလင်းစွာပြောရလျင် ဤနေရာတွင်ရှိနေသော ကျင့်ကြံသူအားလုံး ပေါင်းလိုက်လျှင်ပင် မဟာမြေရိုင်းနတ်ဘုရင်ကို ယှဉ်နိုင်မည်မဟုတ်ပေ။
မဟာမြေရိုင်း နတ်ဘုရင် စားသောက်ပွဲတွင် ပြဿနာရှာခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးသည်နှင့် အတူတူပင် မဟုတ်ပါလား။
“ဒီတစ်ကြိမ်က ဒုတိယတန်းမှာရှိတဲ့ ပါရမီရှင်တွေ အတွက်ပဲ”
လူတိုင်းက မဟာလမ်းစဉ်ဟင်းချိုကို သုံးဆောင်ခဲ့ကြသည့် ပါရမီရှင် ၆ဦးကို အားကျနေသောအချိန်မှာပင် လေထုထဲရှိ မဟာမြေရိုင်းနတ်ဘုရင် ထံကနေ စကားသံ ထွက်ပေါ်လာခဲ့သည်။
မဟာမြေရိုင်းနတ်ဘုရင်၏ စကားကိုကြားလျှင် လူတိုင်း၏ အကြည့်သည် လေထုထဲရှိ မဟာမြေရိုင်းနတ်ဘုရင်ထံသို့ ရောက်ရှိသွားခဲ့ကြသည်။
အထူးသဖြင့် တတိယတန်းရှိ ပါရမီရှင် ၁၀ဦးသည် စိတ်လှုပ်ရှားလာခဲ့ပြီး အသက်ရှူနှုန်းများပင် မြန်ဆန်လာခဲ့၏။
ထို့နောက်တွင် မဟာမြေရိုင်းနတ်ဘုရင်၏ ကျောဘက်ရှိနေရာလွတ်တွင် နေရာလွတ်လှိုင်းများ ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ကျောက်စိမ်းဗန်း ၁၀ခုသည် တတိယတန်းရှိ ပါရမီရှင် ၁၀ဦးရှေ့သို့ ပျံဝဲလာခဲ့သည်။
ထိုကျောက်စိမ်းဗန်းထဲတွင် မုန့်တစ်ဖဲ့စီ ရှိနေသည်ကို မြင်လိုက်ရ၏။
ထိုမုန့်က အစိမ်းရောင် ဖြစ်ပြီး ၃လက်မခန့် အရွယ်အစား ရှိသည်။
အစိမ်းရောင် မြူခိုးများသည် ထိုမုန့်တစ်ဖဲ့ပေါ်တွင် ရစ်ပတ်ကာ လှုပ်ရှားနေခဲ့၏။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် လူပေါင်းများစွာသည် အသက်ရှူရပ်မတန့်ပင် ဖြစ်သွားခဲ့ကြသည်။
“ဒီမုန့်တစ်ဖဲ့က ဆန်းကြယ်လှချည်လား.. ဒါ သာမန် မုန့်တစ်ဖဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
“မဟာမြေရိုင်းပါရမီရှင် စာရင်းရဲ့ အဆင့်၂၁ကနေ ၃၀ထိ ဝင်တဲ့ ပါရမီရှင်တွေ အတွက် ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ် မုန့်တစ်ဖဲ့စီ ချီးမြှင့်မယ်.. ဒီမုန့်မှာပါဝင်တဲ့ အဓိကပစ္စည်းက ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်ပဲ.. ဒီမုန့်တစ်ဖဲ့က ပါရမီကိုတစ်ဟုန်ထိုး မြှင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ် အလားအလာကို ၅၀ရာခိုင်နှုန်းထိ ပြောင်းလဲပေးနိုင်တယ်”
မဟာမြေရိုင်းနတ်ဘုရင်က တည်ခင်းဧည့်ခံသော မုန့်နှင့် ပတ်သက်၍ မိတ်ဆက်ပေးလိုက်သည်။
ထိုမုန့်တွင် ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်ကို အသုံးပြုထားသည်ဟု ကြားလျှင် လူတိုင်းသည် အံ့အားသင့်သွားခဲ့ကြသည်။
ဤနေရာကို ရောက်ရှိနေသော ကျင့်ကြံသူ အားလုံးသည် မဟာမြေရိုင်းနယ်မြေရှိ နယ်မြေနတ်ဘုရား အင်အားစုများမှ ဖြစ်ကြ၍ အတွေ့အကြုံနှင့် ဗဟုသုတများ အလွန်ပင် ကြွယ်ဝသည်။
ထို့ကြောင့် သူတို့ အားလုံးနီးပါသည် ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ် ကဲ့သို့ ရတနာများ အကြောင်းကို ကြားဖူးကြ၏။
ရှေးကာလက နတ်ဘုရားကုန်းမြေ ကြီးမားစွာ ပြောင်းလဲသွားခဲ့ပြီးနောက်တွင် နတ်ဘုရား ကုန်းမြေတိုက်ကြီးသည် ဘီလီယံနှင့်ချီသော ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ထာဝရဟင်းလင်းပြင်တွင် ပျံ့နှံ့သွားခဲ့သည်။
ထာဝရဟင်းလင်းပြင်တွင် နေရာလွတ်သက်သက် မဟုတ်ဘဲ အချို့နေရာများတွင် ဟင်းလင်းပြင် တိုက်ကြီးများနှင့် ဟင်းလင်းပြင် ပင်လယ်များလည်း ရှိ၏။
ဆိုရလျှင် ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်သည် ဟင်းလင်းပြင်ပင်လယ်တွင် မွေးဖွားလာသော ကောင်းကင်နှင့် မြေကြီး၏ ရတနာတစ်ပါး ဖြစ်သည်။
ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်ကို မွေးထုတ်နိုင်သည့် ပတ်ဝန်းကျင်သည် အလွန်တရာပင် ရှားပါးပြီး အများအားဖြင့် ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်ကို ဟင်းလင်းပြင်ပင်လယ်၏ အောက်ခြေတွင်သာ ရှာဖွေနိုင်ကြမည် ဖြစ်၏။
ယေဘုယျအားဖြင့် ဟင်းလင်းပြင်ပင်လယ်သည် ဟင်းလင်းပြင်သားရဲများ စုဝေးရာ နေရာ ဖြစ်ပြီး အစွမ်းထက်ဟင်းလင်းပြင် သားရဲ အများအပြား ရှိသော နေရာလည်း ဖြစ်သည်။
နယ်မြေနတ်ဘုရားများ ပင်လျှင် ထိုနေရာသို့ မသွားရဲကြပေ။
သို့ဖြစ်ရာ ဟင်းလင်းပြင် ပင်လယ်အောက်ခြေသို့ သွား၍ ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်ကို ရှာဖွေရန်မှာ ပြောနေစရာပင် မလိုတော့ပေ။
“ဒါက ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်နဲ့ လုပ်ထားတဲ့ မုန့်ကိုး”
ကျန်းချန်က ကျောက်စိန်ဗန်း ပေါ်ရှိ မုန့်ကိုကြည့်ကာ အံ့အားသင့်သွားခဲ့သည်။
ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်သည် ဟင်းလင်းပြင်ပင်လယ်၏ အောက်ခြေ အနက်ပိုင်းတွင် တည်ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် ခရစ္စတယ် ဖြစ်သည်။
သူ သိထားသလောက် ဤခရစ္စတယ်၏ မာကြောမှုသည် အံ့မခန်းဖြစ်ပြီး မည်သူမျှ မချိုးဖျက်နိုင်ပေ။
သာမန် နယ်မြေနတ်ဘုရားအဆင့် လက်နက်ပင်လျှင် ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်ကို ချိုးဖျက်နိုင်မည် မဟုတ်ချေ။
ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်သည် ပါရမီနှင့် ခန္ဓာကိုယ်ကို ပြောင်းလဲပေးနိုင်သည့် အာနိသင် ရှိသော်လည်း အများအားဖြင့် လက်နက်များ တည်ဆောက်ရာတွင်သာ အသုံးပြုကြသည်။
သို့သော်လည်း မဟာမြေရိုင်းနတ်ဘုရင်ကမူ ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်ကို စားသုံးနိုင်သည့် မုန့်အဖြစ်ပင် ပြုလုပ်ခဲ့၏။
ဤသည်မှာ အလွန်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့သည်။
ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ် မုန့်တစ်ဖဲ့စီကို ရရှိခဲ့သောပါရမီရှင် ၁၀ဦးစလုံးသည် ကျောက်စိမ်းဗန်းထဲမှ မုန့်များကို တူများဖြင့် ညှပ်ယူလိုက်ပြီး ပါးစပ်ထဲသို့ လျင်မြန်စွာ ထည့်သွင်းလိုက်ကြသည် ။
မုန့်က ပါးစပ်ထဲတွင် ပျော်ဝင်သွားပြီးနောက်တွင် ပါရမီရှင် ၁၀ ဦးသည် လန်းဆန်းသော မုန်တိုင်းတစ်ခုက သူတို့၏ ခန္ဓာကိုယ်ကို တိုက်ခတ်သွားခဲ့ပြီး ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းကို သန့်စင်ဆေးကြောပေးနေသည်ဟု ခံစားလိုက်ရ၏။
ချက်ချင်းဆိုသလိုပင် အထွတ်အထိပ်ပလ္လင် အတွက် တိုက်ပွဲဝင်ရာကနေ သူတို့ ရရှိခဲ့သော ဒဏ်ရာအားလုံးသည် အံ့အားသင့်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ပြန်လည် ကောင်းမွန်လာခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့ ၁၀ဦးစလုံးသည် သူတို့၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
ထို့အပြင် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည်လည်း သိသိသာသာ ပြောင်းလဲသွားခဲ့၏။
အထူးသဖြင့် ဆံပင်အနီရောင်နှင့် အမျိုးသားတစ်ဉီး၏ ခန္ဓာကိုယ်ကနေ အနီရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်။
ထိုအနီရောင်အလင်းများသည် သူ၏ နောက်ကျောတွင် စုဝေးလာခဲ့ပြီး အဆုံးသတ်တွင် မီးလျှံများဖြင့် စုဖွဲ့ထားသော ဧရာမကြာပန်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဒါက ကြာပန်းနီ မီးခန္ဓာကိုယ်ပဲ”
ဆံပင်အနီနှင့် အမျိုးသား၏ အပြောင်းအလဲကို မြင်လျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်သည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို ပြောင်းလဲနိုင်သည့် ရတနာဟု ကျော်ကြားသည်မှာ မဆန်းတော့ပေ။
၎င်းသည် ဆံပင်အနီနှင့် လူငယ်ကို ကြာပန်းနီ မီးခန္ဓာကိုယ်အား ပိုင်ဆိုင်စေခဲ့သည်။
ကြာပန်းနီ မီးခန္ဓာကိုယ်သည် မီးနတ်ဘုရား ခန္ဓာကိုယ်များထဲမှ တစ်ခု ဖြစ်သည်။
ဤကဲ့သို့သော ခန္ဓာကိုယ်သည် သဘာဝ နတ်ခန္ဓာကိုယ်နှင့် နှိုင်းယှဥ်လျှင် အနည်းငယ် အားနည်းသော်လည်း သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ အစွမ်းထက်သော ခန္ဓာကိုယ်တစ်ခု ဖြစ်နေဆဲပင်။
ကြာပန်းနီ မီးခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားပြီးနောက်တွင် ဆံပင်အနီနှင့် အမျိုးသား၏ ခန္ဓာကိုယ်သည် အဆများစွာ တိုးတက်လာမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
“လခွမ်း.. ဒီဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်မုန့်က တကယ်ကို အစွမ်းထက်လွန်းတာပဲ”
လူတိုင်းက အလွန်တရာပင် အံ့အားသင့်နေခဲ့ကြသည်။
နယ်မြေနတ်ဘုရားများပင် မနာလိုစိတ်များ ဖြစ်လာကြ၏။
ဤဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်မုန့်သည် သူတို့ နယ်မြေနတ်ဘုရားများ အတွက်ပင် အာနိသင်များစွာ ရှိ၏။
လူတိုင်း၏ စိတ်ဝင်တစား အကြည့်အောက်မှာပင် ပါရမီရှင် ၁၀ဦးသည် ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်မုန့်ကို အလျင်အမြန်ပင် စားသုံးခဲ့ကြသည်။
ဤအချိန်တွင် ပါရမီရှင် ၁၀ဦး၏ ခန္ဓာကိုယ်များသည် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သည်။
ကြာပန်းနီမီးခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲသွားသော ဆံပင်အနီရောင်နှင့် အမျိုးသားမှ လွဲ၍ ထို၁၀ဦး ထဲတွင် ၃ဦး၏ ခန္ဓာကိုယ်သည် အထူးခန္ဓာကိုယ် နီးနီး တိုးတက် ပြောင်းလဲလာခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်သည် တစ်စုံတစ်ရာကို နားလည်သွားခဲ့သည်။
ပါရမီရှင်များ ရရှိသော ဟင်းလျာများသည် တူညီကြသော်လည်း အလေးချိန်နှင့် အာနိသင်ကမူ သိသိသာသာပင် ကွာခြားသည်။
ဥပမာအားဖြင့် ဟင်းလင်ပြင် ပင်လယ်ခရစ္စတယ်မုန့်ကို ရရှိခဲ့သည့် ပါရမီရှင် ၁၀ဦးတွင် အဆင့်မြင့်ဆုံး သူများသည် အကျိုးကျေးဇူးများကို သိသိသာသာပင် ပိုမို ရရှိခဲ့ပြီး အဆင့်နိမ့်သူများကမူ ၎င်းတို့လောက် အကျိုးကျေးဇူး မရရှိခဲ့ပေ။
“ဒီတစ်ကြိမ်က ဒုတိယတန်းက ပါရမီရှင် ၁၀ယောက် အတွက်ပဲ”
လူအုပ်ကြီးက ဟင်းလင်းပြင် ပင်လယ်ခရစ္စတယ်ကြောင့် ဖြစ်ပေါ်လာသော အံ့အားသင့်မှုထဲတွင် နစ်မျောနေသည့် အချိန်မှာပင် မဟာမြေရိုင်း နတ်ဘုရင်သည် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
သူ၏ ကျောဘက်တွင် နေရာလွတ်လှိုင်းများက တွ့န်လိမ်သွားခဲ့ပြီး ကျောက်စိမ်းဗန်း ၁၀ဗန်းသည် ဒုတိယတန်းရှိ ပါရမီရှင် ၁၀ဦး၏ ရှေ့သို့ ပျံဝဲလာခဲ့၏။
အခန်း(၁၉၁၈)ပြီး၏။