အခန်း (၁၉၁၉-၁၉၂၀)
Vol. 132 Ch. 1919-1920
အခန်း(၁၉၁၉)
လူတိုင်း၏ အကြည့်သည် ဒုတိယတန်းရှိ ပါရမီရှင် ၁၀ယောက်၏ ရှေ့တွင် ရှိနေသော ကျောက်စိမ်းဗန်းဆီသို့ ရောက်ရှိသွားခဲ့ကြသည်။
ကျောက်စိမ်းဗန်းပေါ်တွင် မွှေးကြိုင်စွာ ပြုတ်ထားသော ဆန်ပြုတ် တစ်ပန်းကန် ရှိနေခဲ့၏။
ထိုဆန်ပြုတ်ထဲတွင် မတူညီသော အလင်းရှစ်ခုသည် ရစ်ပတ်၍ ရှိနေကြသည်။
ယင်းက ဆန်ပြုတ်၏ အရောင်အသွေးကို ပို၍ပင် ခမ်းနားကာ လျှို့ဝှက်ဆန်းကြယ်စေခဲ့သည်။
“မဟာမြေရိုင်းပါရမီရှင် စာရင်းရဲ့ အဆင့် ၁၁ နေရာကနေ အဆင့်၂၀ နေရာက ပါရမီရှင်တွေ အတွက် ရတနာရှစ်ပါး ဥာဏ်အလင်းပွင့် ဆန်ပြုတ်တစ်ပန်းကန်စီ ချီးမြှင့်လိုက်တယ်.. ဒီဆန်ပြုတ်ကို ရှားပါးတဲ့ ရတနာရှစ်မျိုးနဲ့ ပြုလုပ်ထားတယ်.. ဒီဆန်ပြုတ်က နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ဖို့အတွက် အထောက်အပံ့ ပေးနိုင်တယ်.. မတော်တဆမှုတွေ မရှိသရွေ့ နှစ်တစ်ထောင် အတွင်းမှာ နယ်မြေနတ်ဘုရားအဆင့်ကို သေချာပေါက် ထိုးဖောက်နိုင်လိမ့်မယ်”
မဟာမြေရိုင်းနတ်ဘုရင်၏ စကားကိုကြားလျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အံ့သြတုန်လှုပ်သွားခဲ့ကြသည်။
“ရတနာရှစ်ပါး ဥာဏ်အလင်းပွင့် ဆန်ပြုတ်တစ်ပန်းကန်က နှစ်တစ်ထောင် အတွင်းမှာ နယ်မြေနတ်ဘုရားအဆင့်ကို သေချာပေါက် ထိုးဖောက်နိုင်မယ်တဲ့လား”
ကောင်းကင်နတ်ဘုရားအဆင့်နှင့် နယ်မြေနတ်ဘုရားအဆင့်တို့၏ ကြားတွင် ကျော်လွှား၍ မရသော ချောက်နက်ကြီး တစ်ခုရှိသည်။
မဟာမြေရိုင်းနယ်မြေမှ ထိပ်တန်း ပါရမီရှင်များပင် နှစ်တစ်ထောင်အတွင်း နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။
ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် ကျင့်ကြံသူ အများစုသည် ၎င်းတို့၏ တစ်သက်တာလုံး ကြိုးစားကျင့်ကြံပင်လျှင် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန် မဖြစ်နိုင်သလောက်ပင်။
သို့သော်လည်း ဤရတနာရှစ်ပါး ဥာဏ်အလင်းပွင့် ဆန်ပြုတ် တစ်ပန်းကန်သည် နှစ်တစ်ထောင်အတွင်း နယ်မြေနတ်ဘုရားအဆင့်ကို အမှန်တကယ် ထိုးဖောက်နိုင်စေမည် ဖြစ်၏။
ထိုကဲ့သို့ ဆန်းကြယ်သော အာနိသင်သည် နယ်မြေနတ်ဘုရား သလင်းကျောက်ထက်ပင် ကောင်းကင်ကို ဆန့်ကျင်နေခဲ့သည်။
ဒုတိယတန်းမှ ပါရမီရှင် ၁၀ဦးသည် မဟာမြေရိုင်းနတ်ဘုရင်၏ စကားကိုကြားလျှင် အလွန်တရာ စိတ်လှုပ်ရှားလာကြသည်။
သူတို့အားလုံးက သူတို့ရှေ့မှ ရတနာရှစ်ပါး ဥာဏ်အလင်းပွင့်ဆန်ပြုတ်ကို စတင် စားသုံးခဲ့ကြပြီး တစ်စက်တစ်လေ ကျန်ရှိမည်ကိုပင် စိုးရိမ်နေခဲ့ကြသည်။
ခဏအကြာတွင် ဒုတိယတန်းမှ ပါရမီရှင် ၁၀ဦးသည် ရတနာရှစ်ပါး ဥာဏ်အလင်းပွင့် ဆန်ပြုတ်ကို စားသုံး၍ ပြီးသွားခဲ့ကြသည်။
ရတနာရှစ်ပါး ဥာဏ်အလင်းပွင့်ဆန်ပြုတ်၏ ကောင်းချီးအောက်တွင် သူတို့ ၁၀ဦး၏ ခွန်အားသည် သိသိသာသာပင် တိုးတက်လာခဲ့သည်။
အထူးသဖြင့် နံပါတ်၁၁ ပလ္လင်ပေါ်ရှိ မဟာမြေရိုင်းနတ်ဂိုဏ်း၏ တပည့်သည် နယ်မြေနတ်ဘုရား၏ မူလဇာစ်မြစ်ကို တစ်စိတ်တစ်ပိုင်း ဖွဲ့စည်းနိုင်ခဲ့ပြီး နယ်မြေနတ်ဘုရားအဆင့်၏ အရေးကြီးဆုံးသော ခြေလှမ်းကို လှမ်းနိုင်ခဲ့သည်။
သူ့ကိုသာ နောက်ထပ် အချိန် အနည်းငယ် ပေးလိုက်လျှင် ကမ္ဘာ့စွမ်းအား ၆မျိုးကို စုစည်းကာ နယ်မြေနတ်ဘုရား မူလဇာစ်မြစ် တစ်စိတ်တစ်ပိုင်းကို ပြီးပြည့်စုံသော အဆင့်အထိ တဖြည်းဖြည်း ပြောင်းလဲနိုင်လိမ့်မည် ဖြစ်သည်။
အချိန်တန်လျှင် ထိုတပည့်သည် နယ်မြေနတ်ဘုရား ကပ်ဘေးကို ဆင့်ခေါ်ကာ ကပ်ဘေးကို ကျော်လွှား၍ နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်လာနိုင်ပေသည်။
“နောက်ဆုံးတော့ ငါတို့အလှည့်ကို ရောက်လာပြီ”
ဒုတိယတန်းမှ ပါရမီရှင်များ စားသုံးပြီးစီးသွားသည်ကို မြင်လျှင် ကျန်းချန် အပါအဝင် ပထမတန်းမှ ပါရမီရှင်များ၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူတို့က မဟာမြေရိုင်းနတ်ဘုရင် သူတို့အတွက် ပြင်ဆင်ပေးထားသော ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် အစားအစာက မည်သည့်အစားအစာ ဖြစ်မည်ကို သိလိုနေခဲ့ကြသည်။
“ဒီတစ်ခေါက်တော့ ပထမတန်းက ပါရမီရှင်တွေ အတွက်ပဲ”
မဟာမြေရိုင်းနတ်ဘုရင်က ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ ပထမတန်းမှ ပါရမီရှင်များ ဆီသို့ ကျောက်စိမ်းဗန်း ၁၀ဗန်းကို ပို့လွှတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းဗန်း ၁၀ခုသည် ကျန်းချန်တို့ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ရုတ်တရက် ပြင်းရှသော အသားနံ့သည် ကျောက်စိမ်းဗန်း ၁၀ခုကနေ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားခဲ့သည်။
ရင်ပြင် အပြင်ဘက်မှ လူများပင်လျှင် လန်းဆန်းသော အသားနံ့၏ ဆွဲဆောင်ခြင်းကို ခံခဲ့ရ၏။
ဤအချိန်တွင် ပတ်ဝန်းကျင်မှ တံတွေးမျိုချသံများ အစီအရီ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်တို့ ပါရမီရှင် ၁၀ဦးကမူ သူတို့ရှေ့မှ ကျောက်စိမ်းဗန်းကို စိတ်ဝင်တစား ကြည့်ရှုလိုက်ကြသည်။
သူတို့က ကျောက်စိမ်းဗန်းပေါ်တွင် လက်တစ်ဝါးစာ အရွယ်အစား အသားတစ်ပိုင်းကို မြင်လိုက်ရသည်။
ထိုအသားသည် ကြည်လင်တောက်ပနေပြီး သွေးရောင်အလင်းကိုပင် ထုတ်လွှတ်နေကာ သွေးရောင် ခရစ္စတယ်နှင့်ပင် ဆင်တူနေခဲ့သည်။
ထိုအသားကနေ ထွက်ပေါ်နေသော အသားနံ့သာ မရှိခဲ့လျှင် ယင်းက အသားတစ်ပိုင်း ဖြစ်ကြောင်း မည်သူမှ ပြောနိုင်မည်မဟုတ်ပေ။
ထိုအသားတုံးက သူတို့ထံ ဖိအား တစ်စုံတစ်ရာကို သယ်ဆောင်လာသလို ခံစားလိုက်ရသည်။
“ဒါ ဒါက ဘယ်လို အသားမျိုးလဲဟ”
ကျန်းချန်တို့ ၁၀ယောက်က သူတို့ရှေ့မှ အသားကိုကြည့်ကာ တံတွေးများကို တိတ်တဆိတ် မျိုချလိုက်ပြီး မျက်နှာထက်တွင် အံ့သြသော အမူအရာများ ဖြစ်ပေါ်နေခဲ့ကြသည်။
သူတို့ ၁၀ဦးစလုံးသည် မဟာမြေရိုင်းနယ်မြေ၏ လူငယ်မျိုးဆက်ထဲတွင် အသန်မာဆုံး ပါရမီရှင် ၁၀ဦး ဖြစ်သည်။
အထူးသဖြင့် မဟာကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သော ကျန်းချန်တို့ လေးဦး ဖြစ်၏။
သာမန် နယ်မြေနတ်ဘုရားများပင်လျှင် သူတို့ကို အရှိန်အဝါဖြင့် ဖိနှိပ်ရန် မစွမ်းဆောင်နိုင်ပေ။
သို့သော်လည်း သူတို့ရှေ့မှ အသားတစ်ပိုင်းထံကနေ သူတို့လေးယောက်သည် ဖိအားကို ခံစားခဲ့ရသည်။
ထို့ကြောင့် ဤအသားတစ်ပိုင်း၏ ဇာစ်မြစ်က မည်မျှ ထိတ်လန့်စရာ ကောင်းမည်မှာ စိတ်ပင် မကူးနိုင်တော့ပေ။
“လွန်ခဲ့တဲ့ နှစ်၈၀၀ အကြာက တခြား နယ်မြေတစ်ခုကို ငါခရီးထွက်ခဲ့တယ်.. အဲဒီခရီးမှာ နတ်ဘုရင်တစ်ပိုင်းအဆင့်နဲ့ နှိုင်းယှဥ်နိုင်တဲ့ ငရဲကိုးပါးနဂါးသားရဲက ငါ့ကို အနှောင့်အယှက်ပေးတဲ့အတွက် ငါသတ်ဖြတ်ခဲ့တယ်.. မဟာမြေရိုင်းပါရမီရှင်စာရင်းရဲ့ အဆင့်(၁)ကနေ အဆင့် ၁၀ အတွင်းက ပါရမီရှင်တွေကို ငရဲကိုးပါးနဂါးသားရဲရဲ့ အသားတစ်ပိုင်းစီ ချီးမြှင့်လိုက်တယ်.. ဒါ့အပြင် ဒီအသားကို ငါက ရှားပါးရတနာ ပစ္စည်း ၁၀မျိုးကျော်နဲ့ ပေါင်းစပ်ထားတယ်.. ဒီရတနာပစ္စည်း ၁၀မျိုးကျော်မှာ ကောင်းကင်ဝိညာဥ် ကျောက်စိမ်းအရည်လိုမျိုး အဖိုးထိုက်တန်တဲ့ ရတနာတွေပါဝင်တယ်.. ဒီအသားကို စားလိုက်တာနဲ့ ခန္ဓာကိုယ်ကို အားကောင်းစေမယ့်အပြင် ကံကြမ္မာနဲ့ ပါရမီကို မြှင့်တင်ပေးနိုင်တယ်.. အထူးအာနိသင်ကတော့ ဝိညာဥ်လမ်းစဥ်ရဲ့ မူလစွမ်းအားကိုလည်း အမြန်ဆုံး ဆုပ်ကိုင်နိုင်စေတဲ့ အာနိသင်ပဲ”
မဟာမြေရိုင်းနတ်ဘုရင်က သူတို့ရှေ့မှ အသားနှင့် ပတ်သက်၍ မိတ်ဆက်ပေးခဲ့သည်။
မဟာမြေရိုင်းနတ်ဘုရင်၏ မိတ်ဆက်ပေးမှုကို ကြားလျှင် ပတ်ဝန်းကျင်မှ လူတိုင်းသည် မှင်တက်ရာကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရ၏။
နတ်ဘုရင်တစ်ပိုင်း အဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သည့် ငရဲကိုးပါးနဂါးသားရဲနှင့် ဟင်းလျာထဲတွင် ပါဝင်သည့် ဆန်းကြယ်သည့် ပါဝင်ပစ္စည်းများကို မဟာမြေရိုင်းနယ်မြေမှ နယ်မြေနတ်ဘုရားများစွာပင် မကြားဖူးသလို မမြင်ဖူးခဲ့ပေ။
ဤအချိန်တွင် ကျန်းချန်တို့ ထိပ်တန်း ပါရမီရှင် ၁၀ဦးဖြစ်စေ၊ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများ ဖြစ်စေ အားလုံးသည် ငရဲကိုးပါးနဂါး သားရဲ၏ အသားတစ်ပိုင်းကို စိုက်ကြည့်နေခဲ့ကြသည်။
ခန္ဓာကိုယ်ကို အားကောင်းစေခြင်း၊ ကောင်းကင်ကိုပင် ဆန့်ကျင်၍ ကံကြမ္မာကို ပြောင်းလဲနိုင်ခြင်း၊ ပါရမီကို မြှင့်တင်နိုင်ခြင်း၊ ဝိညာဥ်လမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားကို အလျင်အမြန် ဆုပ်ကိုင်နိုင်ခြင်း စသည့် အာနိသင်တို့ကြောင့် ငရဲကိုးပါးနဂါးသားရဲ၏ အသားတစ်ပိုင်း အာနိသင်သည် ကောင်းကင်ကိုပင် အဆုံးစွန်အထိ ဆန့်ကျင်နေသည်ဟု ဆိုနိုင်ပေသည်။
အထူးသဖြင့် ဝိညာဥ်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို အလျင်အမြန် ဆုပ်ကိုင်နိုင်စေမည့် အာနိသင်သည် သူတို့၁၀ဦးကို အလွန်အမင်း စိတ်လှုပ်ရှားစေခဲ့သည်။
ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ဦးသည် ကောင်းကင်နတ်ဘုရား အဆင့်သို့ ဝင်ရောက်သည်နှင့် ပါရမီက အလွန်တရာပင် အရေးပါသည်။
ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူများစွာသည် သူတို့၏ ဘဝတစ်လျှောက်လုံး ကြိုးစားကျင့်ကြံသည့်တိုင် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို မတက်လှမ်းနိုင်သည့် အဓိက အကြောင်းအရင်းမှာ ပါရမီ အကန့်အသတ် ရှိနေသောကြောင့် ဖြစ်သည်။
ပါရမီက အကန့်အသတ်သာ ရှိ၍ ဒုတိယမြောက် ကိုယ်ခံပညာလမ်းစဥ်၏ မူလစွမ်းအားကို နားလည်ရန်မှာ ခက်ခဲလိမ့်မည်မဟုတ်ပါလော။
ပါရမီကို ပြောင်းလဲရန် အခွင့်အရေး မရှိသရွေ့ ၎င်းတို့သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တစ်သက်တာလုံး ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပေ။
သူတို့ ၁၀ဦးသည် မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် ထိပ်ဆုံး၁၀ဦး စာရင်းထဲမှဖြစ်၍ သူတို့၏ အရည်အချင်းသည် သာမန် ကျင့်ကြံသူများထက် များစွာ သာလွန်သည်။
သို့သော်လည်း သူတို့လို အထွတ်အထိပ် ပါရမီရှင်များမှာပင် ပါရမီသည် အကန့်အသတ် ရှိသည်။
အများစု၏ အကန့်အသတ်သည် လမ်းစဥ် ၆မျိုး၏ ကမ္ဘာ့စွမ်းအားကိုသာ နားလည်နိုင်စွမ်း ရှိသည်။
မဟာမြေရိုင်းနတ်ဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင် ဖြစ်သည့် မိုကျင့်လဲ့ ပင်လျှင် လမ်းစဥ် ၇မျိုး၏ ကမ္ဘာ့စွမ်းအားကိုသာ နားလည်ခဲ့သည်။
ဆိုရလျှင် ကောင်းကင်ကိုပင် ဆန့်ကျင်သည့် အခွင့်အရေး မရရှိသရွေ့ မိုကျင့်လဲ့သည် လမ်းစဥ် ၈မျိုး၏ မူလစွမ်းအားကို နားလည်နိုင်မည် မဟုတ်ဘဲ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပေ။
ယခု မဟာမြေရိုင်းနတ်ဘုရင် သူတို့အတွက် ပြင်ဆင်ပေးထားသော ငရဲကိုးပါးနဂါးသားရဲ၏ အသားတစ်ပိုင်းသည် ကံကြမ္မာကို ပြောင်းလဲကာ ထိုအတားအဆီးများကို ချိုးဖျက်နိုင်စေတော့မည် ဖြစ်သည်။
တစ်နည်းပြောရလျှင် ကျန်းချန်တို့ မဟာကောင်းကင်နတ်ဘုရား လေးပါးသည် ငရဲကိုးပါးနဂါးသားရဲ၏ အသားတစ်ပိုင်းကို စားသုံးခြင်းဖြင့် ဝိညာဥ်လမ်းစဥ်၏ မူလစွမ်းအားကို ဆုပ်ကိုင်နိုင်ပြီး အထွတ်အထိပ် နတ်ဘုရားအဆင့်ကို ရောက်ရှိနိုင်မည် ဖြစ်သည်။
ကျန်ခြောက်ဦးသည်လည်း လမ်းစဥ် ၇မျိုး၏ မူလစွမ်းအားကို ပိုင်ဆိုင်သည့် မဟာကောင်းကင်နတ်ဘုရား ဖြစ်လာရန် အခွင့်အရေး ရှိနေခဲ့သည်။
ဆိုရလျှင် ဤငရဲကိုးပါး နဂါးသားရဲ၏ အသားတစ်ပိုင်းသည် သူတို့၏ ကံကြမ္မာကို ပြောင်းလဲရန်အတွက် ကြီးကျယ်သော အခွင့်အရေးတစ်ခုပင်။
ပါရမီရှင် ၁၀ဦးလုံးသည် သူတို့၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ တူများကို ကောက်ကိုင်လိုက်ကြပြီး သူတို့ ရှေ့မှ ငရဲကိုးပါးနဂါးသားရဲ၏ အသားတစ်ပိုင်းကို စတင် စားသုံးလိုက်ကြသည်။
အခန်း(၁၉၁၉)ပြီး၏။
အခန်း(၁၉၂၀)
ကျန်းချန်က တူကို ကောက်ကိုင်လိုက်ပြီး ငရဲကိုးပါးနဂါးသားရဲ၏ အသားတစ်ဖဲ့ကို ပါးစပ်ထဲ ထည့်လိုက်သည်။
ငရဲကိုးပါးနဂါးသားရဲသည် နတ်ဘုရင်တစ်ပိုင်းအဆင့် သားရဲဖြစ်သောကြောင့် ၎င်း၏ အသားထဲတွင် ပါဝင်သော စွမ်းအားသည် အလွန်ပင် ထိတ်လန့်စရာကောင်း၏။
သေးငယ်သော အသားတစ်ဖဲ့သည်ပင် သူတို့၏ ကောင်းကင်နတ်ဘုရား အမြုတေကို ပေါက်ကွဲသွားစေရန် လုံလောက်သည်။
ထို့ကြောင့် ပုံမှန်အချိန်သာ ဆိုလျှင် ကျန်းချန်သည် ငရဲကိုးပါးနဂါးသားရဲ၏ အသားတစ်ဖဲ့ကို စားသုံးရဲမည် မဟုတ်ပေ။
ယခုအခါတွင်မူ မဟာမြေရိုင်းနတ်ဘုရင် ကိုယ်တိုင် ထိုအသားကို သူတို့လူစုအား ချီးမြှင့်ခဲ့သည် ဖြစ်ရာ ထိုကဲ့သို့သော ပြဿနာမျိုး ရှိနိုင်မည် မဟုတ်ပေ။
သို့မဟုတ်လျှင် သူတို့ ပါရမီရှင် ၁၀ဦးသည် အသားတစ်ဖဲ့ကို စားသုံးရင်းဖြင့်ပင် အသက်သေဆုံးသွားနိုင်ခြေ ရှိသည်။
မဟာမြေရိုင်းနတ်ဘုရင် ကိုယ်တိုင် ဆန်းကြယ်သော ရတနာများဖြင့် ပေါင်းစပ် ပြုလုပ်ပေးထားသည့် ငရဲကိုးပါးနဂါးသားရဲ၏ အသားသည် အလွန်တရာပင် နူးညံ့ပြီး ပါးစပ်ထဲသို့ ရောက်သည်နှင့် ရှောရှောရှူရှူပင် ဗိုက်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ယင်းနောက်တွင် အပူ အအေး ခံစားချက်များသည် သူ၏ ခန္ဓာကိုယ်တွင် အလှည့်ကျ ဖြစ်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ဆေးကြောပေးကာ မွေးညှင်းပေါက်များကနေ အညစ်အကြေးများ ထုတ်ပစ်လိုက်ပြီး အလွန်ပင် သက်တောင့်သက်သာ ဖြစ်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် စနစ်၏ သတိပေးချက်များသည် ကျန်းချန်၏ စိတ်ထဲတွင် ဆက်တိုက်ဆိုသလို မြည်လာခဲ့သည်။
“ဒင်.. သင်က ငရဲကိုးပါးနဂါးသားရဲရဲ့ အသားတစ်ဖဲ့ကို စားသုံးပြီး သင့်ရဲ့ နတ်ခန္ဓာပုံရိပ်က အဆ ၁၀၀ ပိုမိုအားကောင်းလာပါပြီ”
“ဒင်.. သင်ရဲ့ နတ်ခန္ဓာပုံရိပ်က အဆင့်မြင့်အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ”
“ဒင်.. သင်က ငရဲကိုးပါးနဂါးသားရဲရဲ့ အသားတစ်ဖဲ့ကို စားသုံးပြီး ဝိညာဥ်လမ်းစဥ် ဥပဒေသ မူလစွမ်းအား အတွေ့အကြုံရမှတ် ဆယ်သန်းကို အဆ ၁၀၀ ရရှိပါတယ်”
စနစ်၏ ဆက်တိုက်ဆိုသလို သတိပေးချက်များကို ကြားလျှင် ကျန်းချန်သည် အသက်ရှူရပ်မတတ်ပင် အံ့အားသင့်သွားခဲ့သည်။
မဟာမြေရိုင်းနတ်ဘုရင် ချီးမြှင့်သည့် ငရဲကိုးပါးနဂါးသားရဲ၏ အာနိသင်က အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းမည်ဟု သူ မျှော်လင့်ထားပြီ ဖြစ်သော်လည်း ကောင်းကင်ကိုပင် ဆန့်ကျင်နေလောက်သည် အထိ ဖြစ်နေလိမ့်မည်ဟု သူ မထင်ခဲ့ပေ။
ငရဲကိုးပါးနဂါးသားရဲ၏ အသားတစ်ဖဲ့သည်ပင် သူ့ကို နဝမမြောက် ကိုယ်ခံပညာလမ်းစဥ် ဥပဒေသ ဖြစ်သည့် ဝိညာဥ်လမ်းစဥ်ကို မူလစွမ်းအား အဆင့် အထိ နားလည်စေခဲ့သည်။
သူသာ ဝိညာဥ်လမ်းစဥ်၏ မူလစွမ်းအားကို ပြီးပြည့်စုံသောအဆင့်အထိ နားလည်သွားခဲ့လျှင် ဝိညာဥ်လမ်းစဥ်၏ ကမ္ဘာ့စွမ်းအားကို စုစည်းနိုင်မည်ဖြစ်ပြီး လမ်းစဥ် ၈မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်သော အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ဖြစ်လာပေလိမ့်မည်။
ထို့အပြင် သူ၏ နတ်ခန္ဓာပုံရိပ်သည်လည်း အဆင့်မြင့်အဆင့်အထိ ရောက်ရှိလာခဲ့သည်။
နတ်ခန္ဓာပုံရိပ်ကို စတင် ပိုင်ဆိုင်ပြီးကတည်းကပင် ကျန်းချန်သည် သူ၏ နတ်ခန္ဓာပုံရိပ်က တိုးတက်ရန် အလွန်ခက်ခဲကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
သူက ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် ရေတွက်၍မရနိုင်သော ရှေးဟောင်းနဂါး အဆီအနှစ်နှင့် သွေးများကို စားသုံးခဲ့သည့်တိုင် သူ၏ နတ်ခန္ဓာပုံရိပ်ကို အလယ်အလတ် အဆင့်ထိသာ မြှင့်တင်နိုင်ခဲ့သည်။
ထိုအချိန်မှစ၍ ကျန်းချန်၏ ခွန်အား တိုးတက်လာသည်နှင့်အမျှ နတ်ခန္ဓာပုံရိပ်က ပိုမို အားကောင်းလာသော်လည်း အဆင့်တက်နိုင်ခြင်း မရှိခဲ့ပေ။
ယခုအခါတွင်မူ ငရဲကိုးပါးနဂါးသားရဲ၏ အသားတစ်ဖဲ့ကို စားသုံးပြီးနောက်တွင် သူ၏ နတ်ခန္ဓာပုံရိပ်သည် အဆုံးသတ်၌ အဆင့်မြင့် အဆင့်အထိ ထိုးဖောက် အောင်မြင်သွားခဲ့၏။
ဤ ငရဲကိုးပါးနဂါးသားရဲသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် အာနိသင် ရှိရုံသာမက ပြိုင်ဘက်ကင်းသော အရသာလည်း ရှိသည်။
သံသယဝင်စရာမရှိလောက်အောင်ပင် ဤ ငရဲကိုးပါးနဂါးသားရဲသည် ကျန်းချန် တစ်သက်တာတွင် စားဖူးသမျှ အရသာအရှိဆုံး အစားအစာ ဖြစ်သည်မှာ သေချာ၏။
သူက မသိစိတ်ဖြင့် ငရဲကိုးပါးနဂါးသားရဲ၏ အသားတစ်ဖဲ့ကို တူဖြင့်ညှပ်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။
“ဒင်.. သင်က ငရဲကိုးပါးနဂါးသားရဲရဲ့ အသားတစ်ဖဲ့ကို စားသုံးပြီး သင်၏ နတ်ခန္ဓာပုံရိပ်က အဆ ၁၀၀ ပိုမိုအားကောင်းလာခဲ့ပါပြီ”
“ဒင်..သင်က ငရဲကိုးပါး နဂါးသားရဲရဲ့ အသားတစ်ဖဲ့ကို စားသုံးပြီး ဝိညာဥ်လမ်းစဥ်ဥပဒေသ မူလစွမ်းအား အတွေ့အကြုံရမှတ် ဆယ်သန်းကို အဆ ၁၀၀ ရရှိပါတယ်”
“..........”
“ဒင်.. သင့်ရဲ့ ဝိညာဥ်လမ်းစဥ် ဥပဒေသ မူလစွမ်းအားက ပြီးပြည့်စုံသော အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ”
သာယာနာပျော်ဖွယ်ကောင်းသော သတိပေးချက်များ ဆက်တိုက် ဆိုသလို ထွက်ပေါ်လာသည်နှင့်အမျှ ကျန်းချန်သည် ကျောက်စိမ်းဗန်းပေါ်ရှိ ငရဲကိုးပါးနဂါးသားရဲ၏ အသားများကို လျင်မြန်စွာ စားသောက်လိုက်သည်။
ဤ ငရဲကိုးပါးနဂါးသားရဲ၏ အသားတစ်ပိုင်း အာနိသင်သည် စနစ်၏ အဆ ၁၀၀ တိုးမြှင့်မှုကြောင့် သူ၏ ဝိညာဥ်လမ်းစဥ်ဥပဒေသ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ တိုက်ရိုက် ရောက်ရှိသွားစေခဲ့၏။
ငရဲကိုးပါးနဂါးသားရဲကို စတင်စားသုံးချိန်မှစ၍ ရေတွက်လျှင် အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းစာ အချိန်အတွင်း ကျန်းချန်သည် ဝိညာဥ်လမ်းစဥ် ဥပဒေသကို ပြီးပြည့်စုံသောအဆင့်အထိ တစ်ထိုင်တည်း နားလည်သွားခဲ့သည်။
တစ်နည်းအားဖြင့် ကျန်းချန်သည် မည်သည့် အချိန်တွင်မဆို ဝိညာဥ်လမ်းစဥ်၏ ကမ္ဘာ့စွမ်းအားကို စုစည်းကာ လမ်းစဥ် ၈မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်သော အထွတ်အထိပ်ကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်သည် ဟူသော အဓိပ္ပါယ်ပင်။
ယေဘုယျအားဖြင့် မဟာကောင်းကင်နတ်ဘုရားများသည် အဆင့်နိမ့် နယ်မြေနတ်ဘုရားများနှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိသည်။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရားများကမူ အလယ်အလတ်အဆင့် နယ်မြေနတ်ဘုရားများနှင့်ပင် ယှဥ်နိုင်စွမ်း ရှိ၏။
တစ်နည်းအားဖြင့် ကျန်းချန်၏ လက်ရှိခွန်အားဖြင့် သူ၏ အစွမ်းအစကို အပြည့်အဝ အသုံးပြုလျှင် မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးမှာပင် သူ့ကို ယှဥ်နိုင်သည့် နယ်မြေနတ်ဘုရား အရေအတွက်သည် လက်ချိုးရေတွက်၍ ရနေချေပြီ။
“မဟာမြေရိုင်းနတ်ဘုရင် ကျင်းပတဲ့ နတ်ဘုရင် စားသောက်ပွဲဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်”
ကျန်းချန်က သူ၏ရှေ့မှ ကျောက်စိမ်းဗန်း အလွတ်ကို ကြည့်ကာ လက်ထဲမှ တူကို ဝမ်းနည်းစွာဖြင့် ချလိုက်သည်။
ပထမတန်းရှိ အခြားသော ပါရမီရှင် ကိုးဦးသည်လည်း ထို့အတူပင် သူတို့၏ရှေ့မှ ကျောက်စိမ်းဗန်းအလွတ်ကို စိုက်ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ကြသည်။
သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်မှ အသွေးအသားများသည် ငရဲကိုးပါးနဂါးသားရဲ၏ လွှမ်းမိုးမှုအောက်တွင် အသွင်ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းနှင့် သူတို့၏ ဝိညာဥ်ပင်လျှင် များစွာ အဆင့်မြှင့်တင်ခံခဲ့ရပြီး ရှင်းပြ၍ မရနိုင်သော သက်တောင့်သက်သာ ရှိမှုမျိုးကို ခံစားနေရသည်။
“ဝိညာဥ်လမ်းစဥ်ဥပဒေသရဲ့ မူလစွမ်းအားပါလား.. ငါတကယ်ပဲ ဝိညာဥ်လမ်းစဥ်ရဲ့ မူလစွမ်းအားကို နားလည်လာလိမ့်မယ်လို့ မထင်ထားမိဘူး”
ထိပ်တန်းပါရမီရှင် ၁၀ဦးထဲမှ တစ်ဦးသည် မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
သူ၏ ပါရမီက အကန့်အသတ် ရှိသဖြင့် သတ္တမမြောက် ကိုယ်ခံပညာလမ်းစဥ် ဥပဒေသကို နားလည်ရန် အခွင့်အရေးမရှိခဲ့ပေ။
ယခုအခါတွင်မူ ငရဲကိုးပါးနဂါး အသား၏ ကောင်းချီးပေးမှုအောက်တွင် သူက ကောင်းကင်ကိုပင် ဆန့်ကျင်ကာ သူ၏ ပါရမီကို ပြောင်းလဲနိုင်ခဲ့ပြီး ဝိညာဥ်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို နားလည်သွားခဲ့သည်။
အခြားသော ပါရမီရှင်များသည်လည်း ထို့အတူပင် ငရဲကိုးပါးနဂါးသားရဲ၏ အသားကို စားသုံးပြီးနောက် ဝိညာဥ်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားများကို နားလည်သွားခဲ့ကြသည်။
သို့သော်လည်း သူတို့တွင် ကျန်းချန်ကဲ့သို့ အဆ ၁၀၀ စနစ်မရှိ၍ ပြီးပြည့်စုံသော အဆင့်အထိ နားမလည်ခဲ့ကြပေ။
အထူးသဖြင့် မိုကျင့်လဲ့၊ ကျူစစ်ကျွင်းနှင့် လုချန်ချင်း တို့သည် မဟာမြေရိုင်း ပါရမီရှင်စာရင်းတွင် အဆင့်အတန်းမြင့်မားကြ၍ သူတို့ ရရှိသော ငရဲကိုးပါး နဂါးသားရဲ၏ အာနိသင်သည် ကျန်းချန်ထက် အနည်းငယ်ပင် နိမ့်ကျသည်။
သူတို့ သုံးယောက်၏ ဝိညာဥ်လမ်းစဥ် ဥပဒေသ မူလစွမ်းအားသည် ၅၀ ရာခိုင်နှုန်းအထိပင် ရောက်ရှိခဲ့သည်။
အချိန်တစ်ခု ပေးလိုက်သည်နှင့် သူတို့သည် ဝိညာဥ်လမ်းစဥ်၏ မူလစွမ်အားကို ပြီးပြည့်စုံသော အဆင့်အထိ နားလည်နိုင်မည် ဖြစ်ပြီး အထွတ်အထိပ် ကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်မည် ဖြစ်၏။
“မဟာမြေရိုင်း နတ်ဘုရင် စားသောက်ပွဲက တကယ်ကို မျက်စိပွင့်နားပွင့် ဖြစ်စေတဲ့ ပွဲတော်ပဲ”
ရေတွက်၍ မရနိုင်သော မဟာမြေရိုင်းနယ်မြေမှ ကျင့်ကြံသူများသည် သူတို့ရှေ့မှ အခြေအနေကို ကြည့်ရှုကာ မျက်ဝန်းများတွင် အံ့အားသင့်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။
မဟာမြေရိုင်းပါရမီရှင် စာရင်းမှ ပါရမီရှင် ၃၆ဦးလုံးသည် မဟာမြေရိုင်း နတ်ဘုရင်၏ အစားအသောက် ချီးမြှင့်ခြင်းကို ခံခဲ့ရသည်။
အထူးသဖြင့် ထိပ်ဆုံး ၁၀ဦးသည် ငရဲကိုးပါးနဂါးသားရဲအသား၏ လွှမ်းမိုးမှုအောက်တွင် အံ့အားသင့်ဖွယ် ပြောင်းလဲမှုကို ရရှိခဲ့ကြသည်။
“မဟာမြေရိုင်းနတ်ဘုရင် စားသောက်ပွဲ ပြီးဆုံးပြီ”
ကျန်းချန်တို့ ၁၀ဦး ငရဲကိုးပါးနဂါးသားရဲ အသားကို စားသုံးပြီးနောက်တွင် မဟာမြေရိုင်းနတ်ဘုရင်သည် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ကာ ကျောက်စိမ်းဗန်းများကို ပြန်လည်သိမ်းဆည်းလိုက်သည်။
ထို့နောက်တွင် ကျန်းချန်တို့ ပါရမီရှင် ၃၆ဦးလုံးသည် အတူတကွ မတ်တတ်ရပ်လိုက်ပြီး မဟာမြေရိုင်းနတ်ဘုရင်ကို တလေးတစား အရိုအသေ ပြုလိုက်ကြ၏။
ဤတစ်ကြိမ် မဟာမြေရိုင်းနတ်ဘုရင် စားသောက်ပွဲတွင် မဟာမြေရိုင်းနတ်ဘုရင် သူတို့ကို ချီးမြှင့်သည့် အခွင့်အလမ်းသည် အလွန်ပင် ကြီးမားလွန်းလှ၏။
“အားလုံးပဲ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲနဲ့ မဟာမြေရိုင်းနတ်ဘုရင် စားသောက်ပွဲက အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ.. ဒီတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲရဲ့ ပထမအဆင့်မှာ မတော်တဆမှုအချို့ ဖြစ်ပွားခဲ့တယ်.. ဒီအတွက်ကြောင့် ငါ့အနေနဲ့ အရေးပေါ် အမိန့်တစ်ခုကို ကြေညာမယ်”
ထိုအချိန်မှာပင် မဟာမြေရိုင်း နတ်ဘုရင်၏ ခန့်ညားသော အသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
မဟာမြေရိုင်းနတ်ဘုရင်၏ စကားကိုကြားလျှင် ကျန်းချန်၏ စိတ်နှလုံးသည် တုန်လှုပ်သွားခဲ့၏။
မဟာမြေရိုင်းနတ်ဂိုဏ်းသည် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပထမအဆင့်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို အပြည့်အစုံ သိရှိထားပုံရ၏။
ဤတစ်ကြိမ် မဟာမြေရိုင်းနတ်ဘုရင် ကိုယ်တိုင် ကြွလာခြင်းသည် မဟာမြေရိုင်းနတ်ဘုရင် စားသောက်ပွဲကို ကျင်းပရန်အပြင် စန်းယိုနတ်ကျောင်း၏ ကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်နိုင်သည်ဟု သူခန့်မှန်းခဲ့သည်။
အခန်း(၁၉၂၀)ပြီး၏။